Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၅.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ဧပြီ ၁ ရက်နေ့မှ စတင်၍ နိုင်ငံဝန်ထမ်းများအား ထောက်ပံ့ကြေး ၃၀၀၀၀ တိုးမြှင့်ပေး
  2. မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ကိစ္စ ဘင်္ဂလားဒေ့ရှ် အနိုင်ရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြန်မာနိုင်ငံအား မိတ်ဖက်နိုင်ငံအဖြစ် တိုးမြှင့်ရန် အမေရိကန်ဆုံးဖြတ်ချက် ချမှတ်
  2. မြန်မာ့နိုင်ငံရေး နောက်ပြန်လှည့်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး
  3. NLD  အားထောက်ခံသည့် အနုပညာရှင်များ လေးရက်အတွင်း မြို့လေးမြို့သို့ စည်းရုံးရေး ခရီးထွက်မည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ဧပြီ ၁ ရက်နေ့မှ စတင်၍ နိုင်ငံဝန်ထမ်းများအား ထောက်ပံ့ကြေး ၃၀၀၀၀ တိုးမြှင့်ပေး

၂၀၁၂ ဧပြီလ ၁ ရက်နေ့မှ စတင်၍ နိုင်ငံဝန်ထမ်းများအား အပိုထောက်ပံ့ကြေးငွေအဖြစ် ကျပ် ၃၀၀၀၀ကို တိုးမြှင့်ခံစားခွင့် ပြုတော့မည်ဖြစ် ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရုံးမှ အမိန့်ကြော်ငြာစာအမှတ်(၁၀၀/၁၀၁၂)ကို ၂၀၁၂ မတ်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် နိုင်ငံတော်အတွင်း နိုင်ငံတာဝန် ထမ်းဆောင်လျက်ရှိသည့် ၀န်ထမ်းများ၊ တပ်မတော် ကြည်း၊ ရေ၊ လေတပ်များမှ ဝန်ထမ်းများအားလုံး စားဝတ်နေရေး သက်သာချောင်လည်မှုရရှိနိုင်စေရန် လက်ရှိလုပ်ခ လစာသာမက အပို ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လကျပ် ၃၀၀၀၀ တိတိကို အပိုတိုးမြှင့် ခံစားခွင့် ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အစိုးရဌာနများနှင့် လူမှုရေးအဖွဲ့အစည်းများနှင့် အဖွဲ့အစည်း အသီးသီးရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကိုလည်း အလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသည့် ကျပ် ၁၁၀၀တိတိသာမက  အပိုထောက် ပံ့ကြေးငွေအဖြစ် ကျပ် ၁၀၀၀ တိတိကို ထပ်မံခံစားခွင့် ပြုမည်ဖြစ်ပြီး နေ့စားအလုပ်သမားများအတွက် အပိုထောက်ပံ့ကြေးငွေအဖြစ် တစ်နေ့လျှင် ကျပ် ၂၁၀၀တိတိ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ပညာသင်ကြားခွင့်ဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ စေလွှတ်ခြင်းခံရသော ဝန်ထမ်းများနှင့် ပညာသင်ခွင့် စည်းကမ်းချက်များဖြင့် နိုင်ငံခြားသို့ သွားရောက်ပညာသင်ကြားနေကြသည့် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ တိုးမြှင့်ခံစားခွင့်ပြုသည့် အပိုထောက်ပံ့ကြေးကို ရရှိမည်မပာုတ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ကိစ္စ ဘင်္ဂလားဒေ့ရှ် အနိုင်ရ

မတ်လ ၁၄ရက်နေ့တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ အငြင်းပွားမှုဖြစ်နေခဲ့သည့် နှစ်နိုင်ငံကြား ရေပိုင်နက်ကိစ္စအား နိုင်ငံတကာ ပင်လယ် ရေကြောင်းတရားရုံးမှ ဂျာမနီနိုင်ငံမြောက်ပိုင်း ဟမ်းဘတ်မြို့နယ်ရှိ နိုင်ငံတကာ ပင်လယ် ရေကြောင်း တရားရုံးမှ တရားသူကြီး ပရိုဆေးလူးဝစ် ဂျီးဆပ်မှ နှစ်နာရီကြာဆုံးဖြတ်၍ စီရင်ချက်ချမှတ်ခဲ့သည်ဟု သတင်း များအရ သိရသည်။

ယင်းစီရင်ချက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တောင်းဆိုထားသည့် အချက်များအတိုင်း ရေမိုင် ၂၀၀အထိ ရရှိခဲ့ပြီး ယင်းမိုင် ၂၀၀ အပြင်ဖက် တွင်လည်း နှစ်နိုင်ငံဝင်ရောက်ခွင့်ရခဲ့သည်ဟု သတင်းများအရ သိရသည်။

ထိုကိစ္စရပ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဒီပူမူနီမှ “ဒီရလဒ်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုချောမွေ့လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံလုံးအတွက်လည်း ကောင်းပြီး ဒီအငြင်းပွား မှုများနဲ့ ပတ်သက်ပြီးလည်း အတိတ်တွင် ချန်ထားခဲ့ နိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်”ဟု ၎င်း၏ ဘီဘီစီသတင်းဌာန၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။

ယခုအခါတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယင်းရေပိုင်နက်တွင် သွားရောက်၍ ကမ်းလွန်ရေနံသဘာဝဓာတ်ငွေ့များ သွားရောက်ရှာဖွေနိုင်မည် ဖြစ်ပြီး ထိုအမှုနှင့်ပတ်သက်၍လည်း အယူခံဝင်ခြင်းမပြုဟုလည်း သတင်းများအရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဘက်မှ ကိုယ်စားလှယ်ခေါင်းဆောင်ဖြစ်သည့် ရှေ့နေချုပ် ဒေါက်တာထွန်းရှင်မှလည်း ယင်းစီရင်ချက်နှင့် ပတ်သက်၍ နှစ်နိုင်ငံ အတွက် အလားအလာများ ကောင်းမွန်ကြောင်းနှင့် ပူးပေါင်း၍ ပိုမိုလုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟုလည်း သတင်း ဖော်ပြချက်များအရ သိရသည်။

ယင်းရေပိုင်နက်အငြင်းပွားမှုကိစ္စရပ်မှာ ၂၀၀၉ခုနှစ်မတိုင်ခင်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေနံနှင့် သဘာဝဓါတ်ငွေ့အား သွားရောက်ရှာဖွေ ရာမှ မြန်မာနိုင်ငံမှ ယင်းရေပိုင်နက်မှာလည်း ၎င်းတို့နှင့် တစ်စိတ်တစ်ပိုင်း ပတ်သက်ဆက် နွယ်မှုရှိနေကြောင်း ပြောဆိုအငြင်းပွားကြရာမှ ၂၀၀၉ခုနှစ်တွင် ဟမ်းဘတ်ခုံရုံးမှ ဝင်ရောက်၍ ယင်းအငြင်းပွားနေသည့် ကိစ္စရပ်အား ကြားမှဝင်ရောက်ဖြေရှင်းပေးရန် သဘောတူညီမှုရရှိခဲ့ပြီး ၂၀၁၀ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် ယင်းကိစ္စနှင့်ပတ်သက်၍ အထောက်အထားများတင်ပြခဲ့ကြပြီး ၂၀၁၂ခုနှစ် မတ်လ ၁၄ရက်နေ့တွင် စီရင်ချက်ချခဲ့ခြင်းဖြစ်သည်ဟု သတင်း ဖော်ပြချက်များအရ သိရှိရသည်။

ATM

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာနိုင်ငံအား မိတ်ဖက်နိုင်ငံအဖြစ် တိုးမြှင့်ရန် အမေရိကန်ဆုံးဖြတ်ချက် ချမှတ်

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအား မိတ်ဖက်နိုင်ငံအဖြစ် တိုးမြှင့်ဆက်ဆံသွားရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ဆုံးဖြတ်ချက်ချခဲ့ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Derek Mitchell မှ မတ်လ ၁၃ ရက်နေ့၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“လက်ရှိမြန်မာနိုင်ငံရဲ့ အစိုးရသစ်က သိသာထင်ရှားတဲ့အပြောင်းအလဲတွေ လုပ်ဆောင်နေတာကို တွေ့ရပါ တယ်။ ဒါကြောင့် အမေရိကန်-မြန်မာ ဆက်ဆံရေးကလည်း အရင်ကထက် ပိုကောင်းလာခဲ့ပါတယ်။ ပြီးတော့ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း မိတ်ဖက်နိုင်ငံအဖြစ် တိုးမြှင့် သွားဖို့အတွက် အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဆုံးဖြတ်ခဲ့ပါတယ်”ပာု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်လ်က ပြောကြားသည်။

မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအား မိတ်ဖက်နိုင်ငံအဖြစ်သို့ တိုးမြှင့်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည့် အဓိက အကြောင်းရင်းများမှာ မြန်မာနိုင်ငံရှိ အစိုးရသစ်၏ သိသာထင်ရှားသော အပြောင်းအလဲများကို လုပ်ဆောင်ပြသမှုကို အသိအမှတ်ပြုခြင်းနှင့် မြန်မာ လွှတ်တော်၏ တိုးတက် ပြောင်းလဲမှုများ၊ ကြိုးစားဆောင်ရွက်မှုများမှာ အမေရိကန်နိုင်ငံမှ အသိအမှတ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ လွှတ်တော်က နိုင်ငံရဲ့လူမျိုးအတွက် တကယ်ကို လက်တွေ့အလုပ်လုပ်နေတာကို တွေ့ရလို့ ဖော်မပြနိုင်အောင် ဝမ်းမြောက် မိပါတယ်။ ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်နေတဲ့အချိန်မှာ အစိုးရရဲ့ စီမံအုပ်ချုပ်ရေးပိုင်း၊ ဥပဒေပြူရေးအပိုင်းတို့ Debate လုပ်ရတာတွေ အမေရိကန်မှာလည်းရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိသွားနေတဲ့ လမ်းပာာ မမှားပါဘူး”ပာု ဒဲရစ်မစ်ချယ်လ်က ဆိုသည်။

မြန်မာနိုင်ငံသည် အမည်ခံ အရပ်ဘက်အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်း လဲမှုများကို လုပ်ဆောင်ပြသခဲ့သည့် အတွက် အမေရိကန်နိုင်ငံမှ အသိအမှတ်ပြုသည့်အနေဖြင့် နှစ်ပေါင်းများစွာပိတ်ဆို့ ထားသော စီးပွားရေးပိတ်ဆို့မှုများထဲမှ အချို့ကို ပြန်လည်ဖြေလျော့ ပေးခဲ့ပြီး မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို သံအမတ်ကြီးအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့နိုင်ငံရေး နောက်ပြန်လှည့်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး

မြန်မာ့နိုင်ငံရေး လမ်းကြောင်းသည် ရုတ်တရက် နောက်ပြန်လှည့်သွားနိုင်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု၏ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ် ချယ်နှင့် မတ်လ ၁၄ရက်နေ့ တွှေ့ဆုံအပြီးတွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်မစ္စတာ ဒဲရစ်မစ်ချယ်တို့သည် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အချိန် တစ်နာရီခွဲကြာ တွေ့ဆုံခဲ့သည်။

“အန်တီက အခုထိ ပြည်သူတွေက ခမောက်နဲ့ NLD ကိုခွဲမမြင်သေးတာတွေရှိတယ်၊ဒါကြောင့် မီဒီယာတွေ အနေနဲ့ ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းဖို့ ကူညီပေးကြပါလို့ ပြောသွားတယ်”ဟု ပြည်တွင်း  ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောကြားသည်။

လက်ရှိ ပြည်တွင်း သတင်းဂျာနယ်အချို့ ကြုံတွေ့နေရသည့် အစိုးရဌာနတို့၏ တရားစွဲဆိုမှုများကိုလည်း မီဒီယာများ ဘက်မှ ရပ်တည်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သိရသည်။

မစ္စတာ ဒဲရစ်မစ်ချယ်၏ မြန်မာနိုင်ငံသို့ လာရောက်သည့်ခရီးစဉ်မှာ ခြောက်ကြိမ်မြောက်ဖြစ်ပြီး မတ်လ ၁၁ရက်နေ့၌် ရောက်ရှိခဲ့ကြောင်း သိရသည်။

KP

---------------------------------------------------------------------------------------------------------------------

NLD  အားထောက်ခံသည့် အနုပညာရှင်များ လေးရက်အတွင်း မြို့လေးမြို့သို့ စည်းရုံးရေး ခရီးထွက်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ရပ်များအပေါ် အားပေးထောက်ခံသည့် ဂီတအနုပညာရှင်များသည် မတ်လ ၂၇ ရက်မှ စတင်ကာ မြန်မာပြည် အလယ်ပိုင်းရှိ မြို့လေးမြို့သို့ စည်းရုံးရေး ခရီးထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

ရုပ်ရှင်၊ဂီတ အနုပညာနယ်ပယ်မှ အနုပညာရှင် ၂၀ ကျော်ပါဝင်သည့် အဖွဲ့သည် မတ်လ ၂၇ ရက်နေ့တွင် ပြင်ဦးလွင်မြို့၌လည်းကောင်း၊ ၂၈ရက် နေ့တွင် စစ်ကိုင်းမြို့၌ လည်းကောင်း၊ ၂၉ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့၌ လည်းကောင်း၊၃၀ရက်နေ့တွင် ပခုက္ကူမြို့၌ လည်းကောင်း၊ တေး ဂီတနှင့် ပြဇာတ်ဖျော်ဖြေမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းကိစ္စရပ်နှင့် ပတ်သက်၍ စီစဉ်နေသူ Metal Zone မှ ဦးဇော်ဝင်းက ဆိုသည်။

“ဘာအကျိုးအမြတ်လိုချင်လို့မှ လုပ်တာ မဟုတ်ပါဘူး။ လုပ်သင့်တယ်ထင်လို့ လုပ်လိုက်တာပါ။ အန်တီနဲ့တွေ့တုန်းက သူမသွားနိုင်တဲ့ ဒေသတွေကို အနုပညာရှင်တွေ သွားပေးဖို့ စီစဉ်ပေးပါလို့ ဆိုတဲ့အတွက် ဒီကိစ္စက အကောင်အထည် ပေါ်လာတာပါ”ဟု ဦးဇော်ဝင်းက ပြောကြားသည်။

အဆိုပါ ဂီတဖျော်ဖြေမှု ခရီးစဉ်တွင် လင်းလင်း၊ ချစ်သုဝေ၊ ဂျေမောင်မောင်၊ လူမင်း၊ ထွန်းအိန္ဒြာဗိုလ်နှင့် အခြား သော အနုပညာရှင်များ ပါဝင်မည် ဖြစ်သည်။

ယင်းစီစဉ်တင်ဆက်မှု၏ ကုန်ကျစားရိတ်အားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျခံခြင်းဖြစ်ကြောင်း NLD မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်သည် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ပတ်သက်သည့် သီချင်း ၁၆ ပုဒ် ပါဝင်သည့်  စီးရီးတစ်ခွေကို မကြာမီ ရက်ပိုင်းအတွင်း မြန်မာပြည်တစ်ပြည်လုံးသို့ ဖြန့်ချိရန်ရှိကြောင်း  သိရသည်။

KP

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

 “ကျွန်တော်အနေနဲ့ ထင်တာပြောရရင် အခုကြားဖြတ်ရွေးကောက်ပွဲက Free and Fairဖြစ်မယ်ဆိုရင် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားဖို့ ရှိတယ်လို့ ပြောထားတာရှိတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ Free and Fair ဖြစ်ဖို့က တစ်ယောက် တည်း လုပ်လို့မရဘူး။ အားလုံးဝိုင်းပြီးလုပ်ရမှာပါ။ ဒါပြီးရင် EUရဲ့ ပိတ်ဆို့ရုပ်သိမ်းမယ်။ နိုဝင်ဘာလောက်ဆို အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေလည်း ရုပ်သွားနိုင်တဲ့ အလားအလာရှိတယ်။ ဒါဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေအ နေနဲ့ နိုင်ငံတကာနဲ့ ကုန်သွယ်ရေးလုပ်တဲ့အခါ စင်ကာပူကနေတစ်ဆင့် ငွေပေးငွေ ယူလုပ်စရာမလိုတော့ဘူး။ ဒီတော့ Transaction Cost လျှော့ချပြီး ကုန်ထုတ်လုပ်သူတွေ အကျိုးရှိလာနိုင်တယ်။ နောက်ကြားဖြတ်ရွေးကောက်ပွဲအပြီး နောက်ပိုင်းကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေမှာ FDI Law တွေ တခြား Lawတွေ ပေါ်ထွက်လာနိုင်တယ်။ ဒီတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးတော့ရှိလာနိုင်တဲ့ အလားအလာတွေ ရှိတယ်”

မတ် ၁၄ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၁၁) တွင်ပါသည့် “ကြားဖြတ်ရွေးကောက်ပွဲအလွန်တွင် မြန်မာနိုင်ငံအပေါ်  ပိတ်ဆို့မှု အချို့ရုပ်သိမ်းပေးဖွယ်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုမြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများသုံးသပ်” သတင်းဆောင်းပါးမှ ဦးလှမောင် ရွှေ(ဒုဥက္ကဋ္ဌ၊ UMFCCI)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“Cruruption နဲ့ ပတ်သက်လို့ မှတ်မှတ်ရရ အရေးယူတာမျိုး မရှိသေးဘူး။ လာဘ်ပေးလာဘ်ယူလုပ်တဲ့သူကို ခြစားနေတဲ့ သူက နှိမ်နင်းလို့မရဘူး။ ဒါက မျိုးဆက်နဲ့ချီပြီးတော့ ရှင်းရမယ်။ ငှက်ပျောခြံကို မျောက်တွေသွား စောင့်ခိုင်းနေသမျှတော့ ငှက်ပျောသီးတွေ ပျောက်နေမှာပဲ။ မျောက်ကို မရှင်းမချင်း ငှက်ပျောသီးတွေ ဆက် ပျာက်နေမှာပဲ”

မတ် ၁၅ ထုတ် Venus News အတွဲ (၃) အမှတ် (၃၅) တွင်ပါသည့် “နိုင်ငံအဆင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းရေး လွှတ်တော်တွင် ဆွေးနွေးမည်” သတင်းမှ ဒေါက်တာမောင်မောင်စိုး၏ ပြောကြာချက်အပေါ် ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

“သမ္မတကြီးပြောခဲ့သလိုပင် လုပ်စရာတွေက အများကြီးဖြစ်သည်။ ပညာရေးဆိုပါစို့။ မူသစ်တွေချပြီး ပညာရေးကို မြှင့်တင်နေသည့် တစ်ချိန်တည်းမှာပင် တက္ကသိုလ် ကောလိပ် ၁၅၀ ကျော်မှ ထွက်လာမည့် ဘွဲ့ရများအတွက် အလုပ် အကိုင် နေရာချထားပေးဖို့ စက်ရုံ အလုပ်ရုံတွေ တည်ကြရဦးမည်။ နိုင်ငံခြားမှ မှာယူသုံးစွနေရသော လူ့အသုံးအဆောင် ပစ္စည်းတော်တော်များများကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ကြိုးစားလျှင် ပြဿနာတွေ တော်တော်များများ ပြေလည်မည့်အပြင် ၂၀၁၅တွင် အသက်ဝင်မည့် အာဆီယံအသိုက်အဝန်း စီမံချက်အတွက်လည်း အံဝင်လာမည်။ ရှစ်လမ်းသွား ကွန်ကရစ်လမ်းမ အသစ်ကြီးတွေ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်တွေက လောလောဆယ် မလုပ်သေးဘဲ ရပ်ထားလျှင်ရသည်။ ရှိတာနှင့် လုံလောက်သည်။ တကယ်တော့ တံတားဦးလေဆိပ်သည် အကျိုးအမြတ် အလွန်နည်းသည်။ ကျောက်ဆည်အတွက်သာ အဆင်ပြေပြီး မန္တလေးခရီးသည် တွေက အငှားကားခ နှင့်ပင် ကျောကော့နေကြရသည်။ လူထုအတွက် အဆင်မပြေ။ ပျဉ်းမနားလူထုလည်း ဘူတာအသစ်ကြီးမှာ အတော်ကသီလင်တ ဖြစ်ပြီး မလိုအပ်ဘဲ ကုန်ကျခဲ့ရတာတွေရှိသည်။ အစိုးရအသစ်က စေတနာရှေ့ထားပြီး ပျဉ်းမနားမှာ ရထားတချို့ရပ်ခွင့်ပြန်ပေးလိုက်၍သာ ဆင်းရဲသားတွေ ဟင်းချနိုင်သွား သည်။ လူမှုဆက်ဆံရေးတွင် ယဉ်ကျေးမှုဆိုသည်မှာ သူများဘက်မှ စတင် စဉ်းစားပေးတတ်ခြင်းကို ခေါ်သည်”

မတ် ၁၅ ထုတ် Venus News အတွဲ (၃) အမှတ် (၃၅) တွင်ပါသည့် ဆောင်းပါးရှင် ကျော်စောမင်း၏ “ခါတပေါင်းမှာ ညှညောင်းကြွေရန်” ဆောင်းပါးမှ ကောက်နှုတ်ချက်

**************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment