Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၃.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. စွမ်းအင်ရောင်းချမှုတွင် အစိုးရ ပွင့်လင်းမှုမရှိသေးဟု ဆို

(Reuters မှ 22 March 2012 ရက်စွဲပါ Myanmar still not open on oil, gas wealth- activists ကို ဘာသာ ပြန်ဆိုသည်)

  1. ရွေးကောက်ပွဲအလားအလာ ကောင်းလိမ့်မည်ဟု ကုလအကြီးအကဲ မျှော်လင့်

(Evening Echo News မှ 22 March 2012 ရက်စွဲပါ UN Chief hopeful of successful Burma poll သတင်းကို ဘာသာ ပြန်ဆိုသည်)

***************************************************

စွမ်းအင်ရောင်းချမှုတွင် အစိုးရ ပွင့်လင်းမှုမရှိသေးဟု ဆို

(Reuters မှ 22 March 2012 ရက်စွဲပါ Myanmar still not open on oil, gas wealth- activists ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအရပ်ဘက်အစိုးရသည် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကြိုးပမ်းလျက် ရှိသော်လည်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ရောင်းဝယ်မှု ဆိုင်ရာ အရေးကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိကြောင်း ထုတ်ဖော်ပြသရန် ကြိုးပမ်းခြင်းမရှိသေးကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံအတွက် အဓိကအများဆုံးသော ဝင်ငွေရရှိစေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော် ရောင်းချသည့် အခန်းကဏ္ဍမှ ရရှိသော အခွန်ဘဏ္ဍာငွေနှင့် ပတ်သက်၍ ယခင်စစ်အစိုးရလက်ထက်က အတိုင်းပင် လက်ရှိအရပ်သားအစိုးရက အများပြည်သူတို့ တရားဝင်သိရှိနိုင်ရန် အသေးစိတ် ထုတ်ပြန် ကြေညာခြင်း မရှိကြောင်း Arakan Oil Watch အဖွဲ့၏ အဆိုအရသိရသည်။ "စစ်အစိုးရခေါင်းဆောင်များသည် အဆိုပါ ရင်းမြစ်များကို ဆယ်စုနှစ် တစ်ခုကျော်ကြာမျှ ပြည်ပသို့ တင်ပို့ရောင်းချခဲ့ရာ ပြည်သူများမှာ စွမ်းအင်ပြတ်လပ်မှုကို ဆိုးရွားစွာခံစားခဲ့ကြရပြီး မြန်မာပြည်သည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး အဆင့်သို့ ရောက်ရှိခဲ့ရသည်" ဟု အဆိုပါအဖွဲ့က "ကျိန်စာသင့် မြန်မာ့ရင်းမြစ်" ဟူသော ခေါင်းစဉ်ဖြင့်ထုတ်ပြန်သော အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။

အဆိုပါ အဖွဲ့က အစီရင်ခံစာကို ပြုစုရာတွင် ယခုအခါ ပြည်ပတွင် နေထိုင်လျက်ရှိသည့် မြန်မာအစိုးရ အငြိမ်းစားဝန်ထမ်းများထံမှ ရရှိသည့် သတင်း အချက်အလက် အသေးစိတ်ကို ရယူခဲ့ကြပြီး မြန်မာအစိုးရအနေဖြင့် စွမ်းအင်ရောင်းချမှုဖြင့် အခွန်ဘဏ္ဍာ မည်မျှအတိုင်းအတာအထိ ရရှိခဲ့သည် ဟူသော အချက်နှင့် ယင်းအခွန်ဘဏ္ဍာများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည် ဟူသောအချက်တို့ကို စုစည်းတင်ပြထားသည်။ (အဆိုပါ သတင်း အချက်အလက်များကိုမူ ရိုက်တာသတင်းဌာန အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ)

နိုင်ငံခြားကုမ္ပဏီကြီးများက သဘာဝဓာတ်ငွေ့ ဝယ်ယူရောင်းချမှုအတွက် ပေးချေသောငွေများမှာ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ မရောက်ရှိဘဲ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက် (UMEHL) ၏ နိုင်ငံခြားဘဏ်စာရင်းထဲသို့ ရောက်ရှိသွားကြောင်း Arakan Oil Watch အဖွဲ့က စွပ်စွဲရေးသားသည်။ အိမ်နီးချင်းနိုင်ငံများ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့က စွမ်းအင်လုပ်ကွက်များတွင် အဆမတန် တူးဖော်မှုများပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းချငွေများမှာ ယခုနှစ်ပိုင်းအတွင်း သိသိသာသာ မြင့်တက်လာခဲ့သည်ဟု ယုံကြည်ရသည်။ အဆိုပါ နိုင်ငံများ၌လည်း ၎င်းတို့၏ စီးပွားရေးပမာဏ ကြီးမားလာသည့်နည်းတူ စွမ်းအင်လိုအပ်ချက်လည်း မြင့်တက်လျက် ရှိသည်။ မြန်မာနိုင်ငံတွင် လျှို့ဝှက်မှုများနှင့် တာဝန်ခံမှုမရှိခြင်းတို့ကြောင့် အဂတိလိုက်စားမှုကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်ခဲ့သည်။

စွမ်းအင်ရှာဖွေရေး နိုင်ငံခြားကုမ္ပဏီကြီးများက အစိုးရထံသို့ ငွေကြေး မည်မျှအတိုင်းအတာအထိ ပေးချေသည် ဟူသောကိစ္စ၊ အကျိုးအမြတ် ခွဲဝေ ယူသည့်ကိစ္စ၊ အခွန်ပေးဆောင်သည့်ကိစ္စ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှ ရရှိသည့် အမြတ်အစွန်းကိစ္စ အစရှိသည်တို့နှင့် ပတ်သက်၍ သတင်း အချက်အလက် ထုတ်ပြန်မှုမရှိခြင်း အပေါ် Arakan Oil Watch အဖွဲ့က ပြစ်တင်ဝေဖန်သည်။ ယင်းအဖွဲ့၏ ခန့်မှန်းချက်အရ M-9 သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်မှ အသားတင်အမြတ် ၃ ဒဿမ ၈၆ ဘီလီယံအထိရရှိခဲ့ကြောင်းသိရသည်။ လာမည့် ၂၀၁၃ ခုနှစ်တွင် ပြီးဆုံးမည့် တရုတ် တောင်ပိုင်းသို့ သွယ်တန်းသည့် ရွှေဓာတ်ငွေ့ပိုက်လိုင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ၂၉ ဘီလီယံဒေါ်လာ ရှာဖွေရရှိနိုင်မည် ဖြစ်ကြောင်း၊ ပိုက်လိုင်း ဖြတ်သန်းခ အဖြစ်လည်း နှစ်စဉ် ဒေါ်လာ သန်း ၁၅၀ ရရှိမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ခန့်မှန်းသည်။

မြန်မာနိုင်ငံသည် ကုန်းတွင်းနှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ၌ လာရောက် ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြား လုပ်ငန်းကြီးများကို ဖိတ်ခေါ်ထားရာ အာရှနိုင်ငံများမှ ကုမ္ပဏီများသာ အခွင့်အရေးများစွာ ရရှိကြသည်။ အနောက်နိုင်ငံ ကုမ္ပဏီများမှာမူ စီးပွားရေးပိတ်ဆို့အရေးယူမှုများကြောင့် လာရောက်နိုင်ခြင်း မရှိပေ။ သို့သော် မကြာမီကာလအတွင်း ပိတ်ဆို့အရေးယူမှုများကို အနောက်နိုင်ငံများက ဖယ်ရှားပေးလာနိုင်ကြောင်း သံတမန်ကြီးများက ခန့်မှန်းထားသည်။ မြန်မာ့စွမ်းအင်ဝန်ကြီးဌာနက မြန်မာပြည်တွင်း အရန်ဓာတ်ငွေ့ပမာဏ ၂၂ ဒဿမ ၅ ထရီလီယံ ကုဗလက်မထိ ရှိကြောင်း ဇန်နဝါရီလအတွင်း ထုတ်ပြန် ကြေညာခဲ့သည်။

***********************************************

ရွေးကောက်ပွဲအလားအလာ ကောင်းလိမ့်မည်ဟု ကုလအကြီးအကဲ မျှော်လင့်

(Evening Echo News မှ 22 March 2012 ရက်စွဲပါ UN Chief hopeful of successful Burma poll သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမှ လက်ရှိ ပြုပြင်ပြောင်းလဲမှုများသည် လာမည့်လ ကြားဖြတ်ရွေးကောက်ပွဲများ ပွင့်လင်းမြင်သာမှု ရှိအောင် ကောင်းစွာ အထောက်အကူ ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

ကြားဖြတ် ရွေးကောက်ပွဲများ အပြီးတွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် စဉ်းစားနေသည်ဟုလည်း မစ္စတာ ဘန်က ပြောသည်။ မြန်မာနိုင်ငံ၌ ပြီးခဲ့သော နှစ်အတွင်း လစ်လပ်သွားသော လွှတ်တော်အမတ် ၄၈ နေရာကို ပြန်ဖြည့်ရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲကို စီစဉ်ခြင်း ဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများကို ယုံကြည် လေးစားဖွယ် ကောင်းအောင်၊ ဒီမိုကရေစီ နည်းလမ်းကျအောင်၊ ပွင့်လင်း မြင်သာအောင်၊ လွတ်လပ်မျှတအောင် ကျင်းပစေရန်အတွက် သက်ဆိုင်သူများနှင့် ဆွေးနွေးလျက်ရှိသည်ဟု မနေ့က မလေးရှားတွင် သတင်းထောက်များအား မစ္စတာဘန်က ရှင်းလင်းပြောကြားသည်။

မစ္စတာဘန်က မြန်မာ့ ပြုပြင်ပြောင်းလဲမှုများအပေါ် များစွာ အားတက် ကျေနပ်မိကြောင်း၊ နိုင်ငံခြား ရွေးကောက်ပွဲ အကဲခတ်အချို့ကို ခွင့်ပြုမည့် အစီအစဉ်ကို လတ်တလော ထုတ်ပြန်ကြေညာခဲ့ခြင်းသည်လည်း ကြိုဆိုရမည့် သတင်းကောင်းတစ်ခု ဖြစ်ကြောင်း ဆက်လက် ဆိုသည်။

မြန်မာအာဏာပိုင်များ၏ ပြုပြင် ပြောင်းလဲမှုများသည် နိုင်ငံတကာ အသိုင်းအဝိုင်းအား ကျေနပ်လောက်ဖွယ် မျှော်လင့် မှန်းဆမှုများကို ပေးခဲ့သည်ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။

************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment