Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၇.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မဲရုံ မဲရုံကိုဗျာ တူယှဉ်ကာ သွားကြပါစို့

****************************************

ဆောင်းပါးကဏ္ဍ

မဲရုံ မဲရုံကိုဗျာ တူယှဉ်ကာ သွားကြပါစို့

ကျော်စောမင်း

(မတ် ၂၉ Venus News အတွဲ (၃) အမှတ် (၃၇) မှ ထုတ်ယူဖော်ပြသည်)

 (၁)

ရွေးကောက်ပွဲတစ်ခု ကျင်းပရတာ မလွယ်ပါ။ အလုပ်သိမ်များပြီး တိုင်းပြည်ဘဏ္ဍလည်း သိပ်ကုန်ပါတယ်။ တချို့ တိုင်းပြည်တွေမှာ နှစ် ၂၀ ကျော် ကြာသည်အထိ ရွေးကောက်ပွဲရယ်လို့မရှိတာ အလုပ်များမှာစိုးလို့ရယ် တိုင်းပြည်ရဲ့ဘဏ္ဍာကို မကုန်စေချင်လို့ရယ်ဖြစ်မယ်လို့ ပြောကြတာမျိုးကတော့ တမင်ငေါ့တာပါ။

ပါလီမန်ခေတ်ရဲ့ နောက်ဆုံးရွေးကောက်ပွဲကို မြင်ဖူးခဲ့ပါတယ်။ မဲပုံးတွေက လွယ်လွယ်နဲ့ မပျက်စီးနိုင်တာမျိုးတွေ။ ခတ်တဲ့သော့ကျတော့ စက်ဘီး စပုတ်တံလို သံမဏိချောင်းနဲ့ အသေခတ်ထားတဲ့သော့မျိုးတွေ။ နှိပ်ပြီးခတ်လိုက်ပြီးရင် ပြန်ဖွင့်လို့မရဘူး။ ဖွင့်စရာ သော့လည်းမရှိဘူး။ သော့ခလောက် အိမ်မှာ သော့ပေါက်လည်း မပါဘူး။ မဲအရာရှိရဲ့ရုံးကို ရောက်တော့ မှ Cutter အကြီးစားနဲ့ ဖြတ်ပစ်ရတာ။ မဲပုံးကတော့ လေးပုံးထောင်ထားမယ်။ တည်မြဲ၊ သန့်ရှင်း၊ ပမညတ၊ တစ်သီးပုဂ္ဂလ စသည်ဖြင့် ကိုယ်စားလှယ်လေးယောက်ရှိရင်ပေါ့။ မဲဆန္ဒရှင်တစ်ဦးတွက် မဲပြားတစ်ပြား (ကတ်ထူပြားသေးသေး) ရမယ်။ အဲဒါကို ကိုယ်ကြိုက်တဲ့ပုံးထဲ ထည့်ရုံပဲ။သိပ်ရိုးသိပ်ရှင်းပါတယ်။ မဲရွေးချယ်ရေးတာဝန်ခံတွေကသာ ဒီအမတ်လောင်းရဲ့ပုံးကိုဖွင့်ပြီး ဟိုအမတ်လောင်းရဲ့ အပုံထဲလောင်းထည့်ဆိုတာမျိုး မလုပ်ဘဲ သိက္ခာရှိရှိ မှန်မှန်ကန်ဆောင်ရွက်ရင်အလွန် တရားမျှတနိုင်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ ကျိန်းသေပါတယ်။ အဲဒီ တုန်းက တာဝန်ယူခဲ့ကြတဲ့ မဲရုံလူကြီးတွေ၊ရွေးကောက်ပွဲ အရာရှိတွေကလည်း ပြည်သူ့ဝန်ထမ်းပီပီ သိက္ခာထိန်းကြတယ်လို့ ကြားဖူးပါတယ်။

ရွေးကောက်မှုအတွက် စာရင်းပြုစုကြတာ သိပ်အရေးကြီးပါတယ်။ ရပ်ကွက်မဲရုံတွေမှာချထားတဲ့ မဲပုံးတွေကို သက်သေတွေရှေ့မှာ ချိပ်ပိတ်ပြီး မြို့နယ်ရုံးကို စာရင်းနဲ့တကွပို့၊ မြို့နယ်ရုံးမှာ သက်သေတွေအားလုံးရှေ့မှာ ရေထွက်ပြီး ရလဒ်ကို ပုံစံဖြည့်သွင်းစာရင်းပြုစုပြီး အထက်သက်ဆိုင်ရာကို ဆက်ပို့ပါတယ်။ အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် စာရင်းတင်ရပါတယ်။ တချို့တိုင်းပြည်တွေမှာကျတော့ မဲရုံမှာပဲ ပါတီကိုယ်စားလှယ်တွေ၊ ရပ်ကွက် ကိုယ်စားလှယ်တွေ သက်သေတွေ ရှေ့မှာ ရေတွက်ပြီးစာရင်းသွားရပါတယ်။ သက်သေတွေကါပ လက်မှတ်ထိုးပေးဖို့လိုအပ်ရပါမယ်။

ကြားဖြတ်ပြီး ပညာရေးဌာနက မသမာသူတချို့လုပ်လေ့ရှိတာကို ပြောပြရဦးမယ်။ ကျောင်းသားတွေ ဘယ်လိုဖြေထားထား ဆရာမက သူပေးချင် သလို အမှတ်ပေးပါတယ်။ ဘာသာအားလုံးရဲ့အမှတ်ကိုပေါင်းတော့လည်း သူပေါင်းချင်သလို ပေါင်းပါတယ်။ လိုတိုးပိုလျှော့တွေ လုပ်ပါတယ်။ ပထဝီမှာ တစ်ချက်မှမမှားအောင် ဖြေထားလို့ဆိုပြီး အမှတ် ၁၀၀ ရမယ့် ကလေးဟာလည်း လက်ရေးသိပ်မဝိုင်းလို့ဆိုပြီး ၈၀ ဖြစ်ချင်ဖြစ်သွားပါတယ်။ သူပေးချင်တဲ့ ကျောင်းသားကျတော့ ၆၀ ဟာ ၉၀ ဖြစ်သွားပါတယ်။

တချို့နိုင်ငံတွေရဲ့ မဲစနစ်မှာ အဲဒီလိုလုပ်ကွက်တွေ ချန်ထားတတ်တယ်။ ရပ်ကွက်မှာ မျက်နှာစုံညီသက်သေစုံညီ မဲရေတွက်ပြီး စာရင်းပြုစုပေး လိုက်ပေမယ့် မြို့နယ်တို့ ဗဟိုတို့မှာ စာရင်းသွင်းတော့ အကဲခတ်သူ၊ စောင့်ကြည့်သူသက်သေတွေ ရှိနေစရာမလိုဘူး။ ကြိတ်ပြီးစိတ်ကြိုက် ရေးသွင်းလိုက်လို့ ရတယ်။ တတိယကမ္ဘာက အာဏာရှင်နိုင်ငံ တစ်နိုင်ငံမှာဆိုရင် ဖွဲ့စည်းပုံဥပဒေအသစ်အတွက် မဲပေးကြရာမှာ မဲရုံတွေမဖွင့်မီကပဲ ဗဟိုက ကြေညာချက် ပြင်ဆင်ပြီးနေပါပြီ။ ကိုးဆယ်ရှစ် ဒသမ ဘယ်လောက်က ထောက်ခံမဲပေးကြောင်း ထုတ်ပြန်လိုက်သည်ဆိုတာမျိုး။ Check and Counter Check ကို တမင်ဟထားတဲ့ ပညာပါပါလုပ်ကွက်ကြီး ဖြစ်ပါတယ်။

ဒါတွေကို ကျော်လွှားဖို့က လွယ်ပါတယ်။ မဲရုံတိုင်း မွန်းလွဲ ၄ နာရီမှာ ပိတ်၊ ၄နာရီခွဲမှာ မျက်နှာစုံညီရေတွက်ပြီး စာရင်းသွင်း၊ ပြီးရင်အွန်လိုင်း တင်လိုက်ရုံပါပဲ။ မြို့နယ်ရုံးကိုလည်း ချိပ်ပိတ်စာအိတ်နဲ့ တစ်စုံပို့တဲ့အပြင် အွန်လိုင်းကပါ လှမ်းပို့ပေးမယ်။ ရွေးကောက်ပွဲအတွက် ခါတော်မီ အထူးပြုလုပ် ထားတဲ့ Website ရှိနေရင် ကိစ္စပြတ်ပါတယ်။ သန်းခေါင်ကျမှရောက်လာတဲ့ နောက်ကျမဲတို့ ကြိုတင်မဲတို့ မရှိနိုင်တော့ဘူးပေါ့။ ကျင်းပပေးရတဲ့ ရွေးကောက် ပွဲကော်မရှင်လည်း မျက်နှာပူစရာမကြုံတော့ဘူးပေါ့။

(၂)

အတွေ့အကြုံတစ်ခု ပြောပြချင်ပါတယ်။ မဖြစ်ခဲ့ဖူးတဲ့ အတွေ့အကြုံမျိုး တမင်ရေးပြတယ်လို့ထင်ရင်တော့ အကောင်းဆုံးပါ။ ကျွန်တော်ကိုယ်တိုင် လည်း ဒီအဖြစ်အပျက်ဟာ တကယ်မဖြစ်ခဲ့ဘူးလို့ ယုံချင်ပါတယ်။

မဲရုံပိတ်ခါနီးမှာ ကျွန်တော်မဲရုံကို သွားတယ်။ ပေးသူကျန်သူ အခြေအနေကို အကဲခတ်ချင်လို့ပါ။ အတော်ကြီးပျက်ကွက်ကြတာ တွေ့ပါတယ်။ တချို့ စာမျက်နှာတွေမှာ တစ်ယောက်နှစ်ယောက်ပဲ မဲပေးထားကြတာ တွေ့ရတယ်။ No Vote ဆိုတဲ့ လှုံ့ဆော်မှုရဲ့ အကျိုးသက်ရောက်မှုပဲလားမသိဘူး။ Not Vote ဆိုတာလှည့် ကွက်ကြီးတစ်ခုပါ။ Not Vote အတွက် လှုပ်ရှားကြတယ်ဆိုတာ အဲဒီတုန်းကတော့ တရားမဝင်/အခုတော့ တရားဝင် နိုင်ငံရေးပါတီကြီး တစ်ခုနဲ့ လားလားမှ မသက်ဆိုင်တဲ့အကြောင်း အတော်များများက ရိပ်မိကြပါတယ်။

မဲပေးဖို့အတွက် ကျွန်တော်က CD ဓာတ်ပြားတွေပေါ်မှာရေးတဲ့ Maker Pen အရောင်တစ်ချောင်း ယူလာခဲ့ပါတယ်။ အဲဒါကိုထုတ်တော့ မဲရုံဝက အမျိုးသမီးက အဲဒါနဲ့ မရေးရဘူး၊ ချပေးထားတဲ့ ဘောပင်နဲ့ရေးပါတဲ့။ ဘာဖြစ်လို့လဲ မေးတော့ဒီဘောလ်ပင်နဲ့ပဲ ရေးရမယ်၊ အဲဒါကြီးနဲ့ရေးရင် ပယ်မဲဖြစ် သွားလိမ့်မယ်တဲ့။ ဟုတ်ပြီ၊ မဲရုံကပေးထားတဲ့ ဘောလ်ပင်နဲ့ပဲ ရေးရမယ်၊ ကိုယ်ပိုင် ခြစ်စရာရေးစရာ ဘောလ်ပင်တို့ မာကာပင်တို့နဲ့ရေးရင် ပယ်မဲလို့ သတ် မှတ်မယ်ဆိုတဲ့ ရွေးကောက်ပွဲ ဥပဒေပြပါဆိုတော့ မပြနိုင်ဘူး။ ကျွန်တော်က သူတို့ရှေ့မှာပဲ သူတို့လိုလားနေတဲ့ ကိုယ်စားလှယ်လောင်းရဲ့ဘေးမှာ Marker နဲ့ အမှန်ခြစ်ခြစ်ပြီးမှ မဲရုံထဲဝင် မဲထည့်လိုက်ပါတယ်။ အပယ်မခံရတာတော့ကျိန်းသေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမဲရုံမှာ အဲဒီပါတီအတွက် ပယ်မဲ တစ်မဲတောင် မှတ်တမ်းတင်ထားတာ မတွေ့ရလို့ပါဘဲ။

အနီရောင်နဲ့ ခြစ်တာတို့ ခဲတံနဲ့ ခြစ်တာတို့ဆိုရင် ပယ်မဲအဖြစ် သတ်မှတ်မယ်လို့ပြောတာ အဓိပ္ပယ်ရှိတယ်။ ဒါတောင် ရွေးကောက်ပွဲဥပဒှော ထည့် သွင်းပြဋ္ဌာန်းထားမှသာ တရားဝင်တယ်။ တကယ်လို့ အဲဒီလို ခြစ်တော့မယ်လုပ်ရင်လည်း မဲရုံတာဝန်ရှိသူတွေအနေနဲ့ တားဆီးရမယ်ဆိုတာမျိုး ပြဋ္ဌာန်းချက် မရှိတတ်ပါဘူး။ ပြဋ္ဌာန်းခွင့်ရှိမယ်လို့လည်း မထင်ပါဘူး။

သူတို့ချပေးထားတဲ့ တစ်ချောင်းတည်းသော ဘောလ်ပင်နဲ့ခြစ်မှ တရားဝင်မယ်လို့ ပြောတာက ရှင်းပါတယ်။ သူတို့ ရှေ့မှာခြစ်စေချင်လို့ပါ။ တက္ကသိုလ်တွေမှာ မဲပေးကြသလိုပေါ့။ ဆရာကြီး ဆရာမကြီးတွေရဲ့မျက်စိအောက်မှာခြစ်ကြရတာ။ ဆရာကြီး ဆရာမကြီးတွေခမျာလည်း ခိုင်းထားလို့သာ မျက်နှာပူပူနဲ့ လုပ်ကြရတာ။ သူတို့ကို “အောင်မှတ်လောက် မလိုချင် ဘူး၊ ဂုဏ်ထူးထွက်တာလိုချင်တယ်” လို့လာပြီး မှာကြားထားတယ်လို့ သိလိုက်ရတော့ စဉ်းစားစရာတွေ များလာရပါတယ်။ အမျိုးမှန် အဖိုးတန်တဲ့ ပတ္တမြားသာ ဆိုရင်ဘာမှ ဒီလိုဒီပုံတွေ ကြိုတင်စီမံစရာမလိုဘူးပေါ့။

                အခုမှ ထုတ်ရေးချပြတာကတော့ အားလုံးသိတဲ့အတိုင်း အခုမှပဲ ရေးခွင့်ပွင့်လင်းလာလို့ပါ။ ရေးလိုက်တာက အများကြီး မဟုတ်ပါဘူး။ သိထားတာ ကတော့ အများကြီးပါ။

********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment