Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၉.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. သမ္မတအတွက် မှတ်တိုင်အဖြစ် တိုင်းရင်းသားများနှင့် တွေ့ဆုံ

(Reuters မှ 7 April 2012 ရက်စွဲပါ Myanmar president holds landmark talks with rebels ကို ဘာသာ ပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည်ကို အသက်ကယ်ဆယ်ခဲ့ဖူးကြောင်း ဦးခင်ညွန့် ထုတ်ဖော်ပြောဆို

(Bangkok Post မှ 8 April 2012 ရက်စွဲပါ Myanmar Ex-PM claims he saved Suu Kyi's life ကို ဘာသာ ပြန်ဆိုသည်)

  1. ရွေးကောက်ပွဲမသမာမှုများ ရှိသည်ဟု ပြည်ခိုင်ဖြိုးပါတီ ကန့်ကွက်တိုင်ကြား

(AFP သတင်းမှ 6 April 2012 ရက်စွဲပါ Myanmar Ruling Party claims poll irregularities ကို ဘာသာ ပြန်ဆိုသည်)

  1. သူရဲကောင်းများနှင့် ဗီလိန်များအတွက် စိန်ခေါ်မှုများ

(The Age မှ 7 April 2012 ရက်စွဲပါ Challenge ahead for heroes and villains ကို ဘာသာ ပြန်ဆိုသည်)

**********************************************

သမ္မတအတွက် မှတ်တိုင်အဖြစ် တိုင်းရင်းသားများနှင့် တွေ့ဆုံ

(Reuters မှ 7 April 2012 ရက်စွဲပါ Myanmar president holds landmark talks with rebels ကို ဘာသာ ပြန်ဆိုသည်)

သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများတွင် တစ်ခု အပါအဝင်ဖြစ်သော KNU နှင့် သမိုင်းဝင် တွေ့ဆုံမှု တစ်ခုကို စနေနေ့က ပြုလုပ်ခဲ့ကြောင်း စေ့စပ်ညှိနှိုင်းပေးသူတစ်ဦးက ပြောကြားခဲ့သည်။ ယင်းသည် ထာဝရငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသော အစိုးရသစ်အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။

သမ္မတက တက်ရောက်သော ကရင်ကိုယ်စားလှယ် အဖွဲ့အား အစိုးရအဖွဲ့သည် KNU တို့အား ၁၉၄၉ ကတည်းက တိုက်လာသော သူပုန်ဟု မမြင်ဘဲ ညီအစ်ကိုများ အဖြစ်သာ မြင်ကြောင်း ပြောခဲ့သည်။

ယခုကဲ့သို့ နေပြည်တော်တွင် တွေ့ဆုံမှုသည် ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်ရှိသူ သမ္မတကြီးက ပြီးခဲ့သည့် ဩဂုတ်က တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များအား ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

"သမ္မတကြီးက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် သဘောထား ပြောင်းလဲလာတာတွေကို ရှင်းပြခဲ့ပါတယ်" ဟု အစည်းအဝေးသို့ တက်ရောက်သော အမည်မဖော်လိုသူ ကြားဝင် စေ့စပ် ညှိနှိုင်းပေးသူ တစ်ဦးက တယ်လီဖုန်းဖြင့် Reuters သို့ ပြောကြားခဲ့သည်။ "သူက စစ်သား ဖြစ်ခဲ့တုန်းကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ရန်သူလို မြင်ခဲ့ပေမဲ့ အခု သမ္မတ ဖြစ်လာတော့ အသိုင်းအဝိုင်း တစ်ခုတည်းက တိုင်းရင်းသား တွေအဖြစ်သာ မြင်တော့တယ်လို့ ပြောပါတယ်" ဟု ယင်းက ဆိုသည်။

တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ရရှိရေးကို လက်ရှိတွင် မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှုများကို ပြန်လည် သုံးသပ်နေသော အနောက်နိုင်ငံများ ကလည်း တောင်းဆိုထားကြသည်။ သမ္မတ၏ ယခုတွေ့ဆုံမှုမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကြားဖြတ်ရွေးကောက်ပွဲများအပြီး တစ်ပတ်ခန့် အကြာတွင် ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာက ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည်ဟု အသိအမှတ် ပြုကြပြီး အချို့အစိုးရများက အရေးယူမှုအချို့ကို ယခုလ အတွင်း ရုတ်သိမ်းနိုင်ဖွယ် ရှိသည်ဟု ပြောလျက် ရှိနေသည်။ အစိုးရသစ်သည် လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လျက် ရှိရာ နောက်ပြန် လှည့်စရာ မရှိတော့ကြောင်းလည်း ဆိုသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးအတွက် အဓိကကျသော ပိတ်ဆို့မှုများ ရုတ်သိမ်းရေးကိုလည်း ကြိုးစားလျက် ရှိသည်။

အစိုးရဘက်မှ ညှိနှိုင်းဆွေးနွေးသူများနှင့် KNU တို့သည် သောကြာနေ့က ရန်ကုန်တွင် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ KNU အနေဖြင့် အမျိုးသား နိုင်ငံရေးလမ်းကြောင်းပေါ်သို့ မည်သို့ ဝင်ရောက်နိုင်မည် ဆိုသည်ကို ဆွေးနွေးရန် လုပ်ငန်းစဉ်၏ ဒုတိယအဆင့်ကို စတင်ခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိန်နှင့် KNU အဖွဲ့တို့ စနေနေ့က တွေ့ဆုံရာတွင် တက်ရောက်ခဲ့သော အဆိုပါ ကြားဝင် စေ့စပ် ညှိနှိုင်းပေးသူက သမ္မတကြီးက တိုင်းရင်းသား အုပ်စုများ နိုင်ငံရေးအရ ကိုယ်စားပြုနိုင်ရန် အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ကြောင်း ညွှန်းဆိုခဲ့သည်ဟု ပြောကြားခဲ့သည်။ "တိုင်းရင်းသားတွေ ကိုင်ထားတဲ့ လက်နက်တွေဟာ အချင်းချင်း တိုက်ဖို့မဟုတ်ဘဲ တိုင်းပြည်ကို ကာကွယ်ဖို့သာ ဖြစ်သင့်ပါတယ်" ဟု သမ္မတကြီးက KNU ကို ပြောကြားခဲ့သည်ဟု ယင်းကပင် ကိုးကားပြောဆိုခဲ့သည်။

"နိုင်ငံသားတွေ ညီရင် အခြေခံ ဥပဒေကို ပြင်လို့ ရပါတယ်လို့ သမ္မတကြီးက ပြောပါတယ်" ဟု ယင်းက ပြောကြားခဲ့သည်။

******************************************

ဒေါ်အောင်ဆန်းစုကြည်ကို အသက်ကယ်ဆယ်ခဲ့ဖူးကြောင်း ဦးခင်ညွန့် ထုတ်ဖော်ပြောဆို

(Bangkok Post မှ 8 April 2012 ရက်စွဲပါ Myanmar Ex-PM claims he saved Suu Kyi's life ကို ဘာသာ ပြန်ဆိုသည်)

လွန်ခဲ့သော ၉ နှစ်ခန့်က ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို မိမိသဘောနှင့် မိမိ ဆုံးဖြတ် ကယ်တင်ခဲ့ဖူးသည်ဟု ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က အင်တာဗျူးအစီအစဉ် တစ်ခုတွင် ထုတ်ဖော် ပြောဆိုလိုက်သည်။

၂ဝဝ၃ မေ ၃ဝ က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဖြစ်ပွားသော အစိုးရထောက်ခံသူ လူအုပ်ကြီး၏ ခြုံခို တိုက်ခိုက်ခဲ့မှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို မိမိကယ်ဆယ်ခဲ့သည်ဟု ထောက်လှမ်းရေး အကြီးအကဲဟောင်းလည်း ဖြစ်သော ဦးခင်ညွန့်က အင်တာဗျူးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်း ပြည်ပ၌ ဖုံးမနိုင် ဖိမရဖြင့် နာမည်ပျက်ခဲ့သော ဒီပဲယင်း လုပ်ကြံမှုမှ သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသော်လည်း ယင်း ခြုံခို တိုက်ခိုက်ခံရမှုတွင် လူ ၅ဝ ခန့် သေဆုံးခဲ့သည်ဟု NLD က ထုတ်ဖော် ပြောဆိုထားသည်။ "အဲဒီညက သူ့ (ဒေါ်အောင်ဆန်းစုကြည်)ကို ကယ်ထုတ်ဖို့ ကျွန်တော့်လူတွေကို လွှတ်ခဲ့ပါတယ်။ ကျွန်တော့်လူတွေက သူ့ကို ဘေးကင်းအောင် စောင့်ရှောက်ပြီး အနီးအနားက တပ်ရင်းတစ်ခုဆီကို ခေါ်သွားခဲ့တာပါ" ဟု တနင်္ဂနွေနေ့က ဘန်ကောက်ပို့စ်နှင့် ပြုလုပ်သော အင်တာဗျူးတွင် ဦးခင်ညွန့်က ပြောကြားသည်။

မိမိသည် ဒေါ်အောင်ဆန်းစုကြည်ကို နှမငယ်တစ်ဦးအဖြစ် သဘောထားပြီး သူမ၏ စိတ်ဓာတ် ခိုင်မာမှုကို နှစ်နှစ်ကာကာ လေးစားမှု ရှိခဲ့သည် ဟုလည်း ယင်းက ပြောသည်။

********************************************

ရွေးကောက်ပွဲမသမာမှုများ ရှိသည်ဟု ပြည်ခိုင်ဖြိုးပါတီ ကန့်ကွက်တိုင်ကြား

(AFP သတင်းမှ 6 April 2012 ရက်စွဲပါ Myanmar Ruling Party claims poll irregularities ကို ဘာသာ ပြန်ဆိုသည်)

ဧပြီလဆန်း ကြားဖြတ် ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီ နိုင်ငံရေးသမားများကို အကြီးအကျယ် ရှုံးနိမ့်သွားသော ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲ မူမမှန်မှုများကို တရားဝင် တိုင်ကြားစာ တင်တော့မည်ဟု သောကြာနေ့က ထုတ်ဖော် ပြောကြားလိုက်သည်။

ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်စဉ် မဲရုံအနီးကပ်၍ မဲဆွယ်ခြင်းအပါအဝင် အချို့ ကိစ္စရပ်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ သို့မဟုတ် သူမကို ထောက်ခံသူများ ပါဝင် ပတ်သက်ခဲ့ကြသည်ဟု ပြည်ခိုင်ဖြိုးက ဆိုသည်။

ယင်းသို့ စွပ်စွဲမှုများသည် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်သော ကော့မှူး မဲဆန္ဒနယ် အနီးတဝိုက်နှင့် ရန်ကုန်မြို့ကို ဗဟိုပြု ပြောဆိုခြင်း ဖြစ်သော်လည်း စွပ်စွဲမှု အများစုမှာ NLD ကို တိတိကျကျ တိုက်ရိုက် ရည်ညွှန်းထားခြင်းမျိုးကား မရှိချေ။

မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ယခုကဲ့သို့ တိုင်ကြားခြင်းသည် ရွေးကောက်ပွဲ၏ ယုံကြည် စိတ်ချရမှုကို မေးခွန်း ထုတ်ခြင်း မဟုတ်ဟု ပြောကြားထားသည်။ "ကျွန်တော်တို့ ကန့်ကွက်တာက ရွေးကောက်ပွဲ ကျင်းပပုံ လုပ်ငန်းစဉ်ကိုပါ။ အတိုက်အခံ ပါတီကို မဟုတ်ပါဘူး" ဟုလည်း ဆိုသည်။

လစ်လပ် လွှတ်တော် အမတ်နေရာ ၄၅ နေရာအနက် ၄၃ နေရာကို NLD ပါတီက အနိုင်ရရှိခဲ့သော်လည်း NLD ကို ဆန့်ကျင် ဟန့်တားသည့် မသမာမှုများကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ထုတ်ဖော် ပြောဆို ကန့်ကွက်ထားသည်။ ယခု ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ဝင်မပြိုင်သော အမတ်နေရာ တစ်နေရာကိုသာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ကော့မှူးမဲဆန္ဒနယ်တွင် ရှုံးနိမ့်ခဲ့သော ပြည်ခိုင်ဖြိုး အမတ်လောင်း ဦးစိုးမင်းက ရွေးကောက်ပွဲနေ့တွင် ကော့မှူးမြို့နယ်ရှိ ယင်း၏ ရုံးရှေ့၌ လူအချို့က NLD အလံကို ဝှေ့ယမ်းခဲ့ကြကြောင်း၊ သို့သော် ပါတီဝင်တွေလား ထောက်ခံသူတွေလား ဆိုသည်ကို သေချာ မသိကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ မဲရုံ တာဝန်ခံတွေက မဲပေးသူ ကိုယ်စားအမှတ်ခြစ် ပေးလိုက်တဲ့ အထောက်အထား နှစ်ခုကို ခိုင်ခိုင်မာမာ ရရှိထားပါတယ် ဟု ယင်းက ဆက်လက် ဆိုသည်။ အခြား တိုင်ကြားမှုများတွင် မဲဆန္ဒရှင် ဆန္ဒ မပါဝင်သော ကြိုတင် မဲပေးမှုများ ပါဝင်သည်။

အီးယူတာဝန်ရှိသူ တစ်ဦးကမူ သူမတို့အား အကန့်အသတ်နှင့် ခွင့်ပြုခဲ့သော လေ့လာရေး ခရီးစဉ်တွင် ရွေးကောက်ပွဲအတွက် အားတက်စရာ ကောင်းသော လက္ခဏာများ တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ နိုင်ငံတကာကလည်း ယခု ကြားဖြတ် ရွေးကောက်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံ ကြိုဆိုခဲ့ကြသည်။

ယခုကဲ့သို့ မသမာမှု နည်းပါးအောင် တားဆီး ကျင်းပခဲ့သော ရွေးကောက်ပွဲများကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တားမြစ်ချက်များကို ဖြေလျှော့ပေးတော့မည်ဟု ဝါရှင်တန်က ကတိပေးလိုက်ပြီး အီးယူကလည်း ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် စီစဉ်နေပြီဟု ဘရပ်ဆဲမှ အီးယူ သံတမန်တစ်ဦးက AFP သို့ ပြောကြားသည်။

***************************************

သူရဲကောင်းများနှင့် ဗီလိန်များအတွက် စိန်ခေါ်မှုများ

(The Age မှ 7 April 2012 ရက်စွဲပါ Challenge ahead for heroes and villains ကို ဘာသာ ပြန်ဆိုသည်)

လွန်ခဲ့သော တစ်ပတ်ကျော်က မြန်မာ့ နိုင်ငံရေးမှာ သာမန်သာ ဖြစ်ခဲ့သည်။ ယခင် စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲ ဆင်နွှဲနေပြီး လူအများစုကို ထောက်လှမ်းခြင်း၊ ဖမ်းချုပ်ခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။ တိုင်းပြည် သယံဇာတများကိုလည်း ပြည်တွင်းမှ လူတစ်စုနှင့် တရုတ်များ၏ အရင်းအနှီးများဖြင့် မသမာမှု ပြုကာ အလွဲသုံးစား ပြုလုပ်ခဲ့ကြသည်။ အခြားတစ်ဖက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုနှင့် အသိုင်းအဝိုင်းကို စွန့်ခွာလျက် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ရာ ပြည်သူလူထုအတွက် နိုင်ငံရေးဘုရားတစ်ဆူသဖွယ် ဖြစ်လာခဲ့သည်။

ထို့နောက် လွန်ခဲ့သော တစ်ပတ်စွန်းစွန်း ကာလတွင် အဖြစ်အပျက်များက ပြောင်းလဲသွားခဲ့သည်။ အနောက်နိုင်ငံ မျက်စိထဲတွင် ဗိုလ်ချုပ်များကို သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော ပြုပြင် ပြောင်းလဲရေးသမားများနှင့် ရှေ့ဆက် မသွားလိုသော အကျင့်ပျက် ခြစားသူများ ဟူ၍ နှစ်ပိုင်း ကွဲနေသည်ဟု ရှုမြင်ထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေရာမှာလည်း လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် သူမက ဒီမိုကရေစီမကျဟု ဝေဖန်ခဲ့သော စနစ်အတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူမအနေဖြင့် ယခင်အတိုင်း ရဲရဲဝံ့ဝံ့ လက်တွေ့ကျကျနှင့် မပြောင်းမလဲ ရှိနေရမည် ဖြစ်သည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အောင်နိုင်မှုသည် စစ်တပ်သာအမိ စစ်တပ်သာ အဖဟု ဆိုသူများ၏ မျက်နှာကို လက်နှင့် ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သည်ဟု သူမကို ထောက်ခံသူများက ဆိုသည်။ သို့သော် သမ္မတဦးသိန်းစိန်က ပြောကြားရာတွင် ကြားဖြတ် ရွေးကောက်ပွဲသည် မရိုးသားသော သံသယ ဖြစ်ဖွယ် အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲဖြင့် တက်လာသော လက်ရှိ အစိုးရနှင့် လွှတ်တော်ကို တရားဝင်မှု ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

အစိုးရက ရွေးကောက်ပွဲ ရလဒ်များကို ချက်ချင်း ကြေညာပေးခဲ့ရာ ၄၅ နေရာ ရှိသည့်အနက် NLD က နေရာ ၄ဝ အနိုင်ရခဲ့သည်။ ထိုအတွက် ရလဒ်ကလည်း မြန်ဆန်လှသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံအပေါ် အရေးယူမှု အချို့ကို ဖြေလျှော့ကြောင်း ကြေညာခဲ့ပြီး ယခု လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲသည် အိုဘားမားအစိုးရအတွက် အောင်ပွဲလည်း ဖြစ်သည်ဟု ပြောကြားသွားသည်။

ထိုမတိုင်မီက အမေရိကန်တို့သည် ဥရောပအား အရေးယူမှုများကို ဦးစွာ ရုတ်သိမ်းစေပြီး အမေရိကန် အနေဖြင့်မူ ယခင်အတိုင်း ဆက်လက် ထားရှိရန် ရည်ရွယ်ခဲ့သည်။ သို့သော် ယခုအခါ ဝါရှင်တန်သည် ရှေ့မှ ဦးဆောင်၍ ပိတ်ဆို့မှု အချို့ကို ရုတ်သိမ်းခဲ့ပြီး တရုတ်နှင့် ချိန်ခွင်ညှာ ညှိရေးအတွက် အရှေ့တောင်အာရှမှ ဗဟိုချက် ဖြစ်သော မြန်မာနှင့် သေသပ်စွာ လုပ်ဆောင်ခဲ့သည်။

အမေရိကန်က မြန်မာနိုင်ငံတွင် နိုင်ငံခြား စီးပွားရေး ပါဝင် ပတ်သက်မှုနှင့် သက်ဆိုင်သော အတားအဆီးကြီး နှစ်ခုကို ဖယ်ရှားပေးခဲ့သည်။ အမေရိကန် ဒေါ်လာနှင့် စာရင်း ပြောင်းမှုများကို ခွင့်ပြုခဲ့ပြီး ကုန်သွယ်မှုဆိုင်ရာ ငွေအသွား အပြန်များကိစ္စအတွက် တတိယငွေကြေးတစ်ခုမှ တစ်ဆင့် ငွေကုန်ကြေးကျခံသွားရသော အဆင့်ရှိတော့မည် မဟုတ်ဘဲ နိုင်ငံခြားသားများ ခရက်ဒစ်ကတ် သုံးခွင့် ရတော့မည် ဖြစ်သည်။

ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေး၊ ဘဏ်နှင့် တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍများတွင် ဘဏ်များနှင့် အခြား အဖွဲ့အစည်းများက ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုမည် ဖြစ်ပြီး ကျောက်မျက် ရတနာ၊ သစ် စသည့် တိုင်းရင်းသား ဒေသများတွင် ရှိနေသည့် ကိစ္စရပ်များကို ရှောင်ရှားရမည် ဖြစ်သည်။ မြန်မာ့ ကမ်းလွန်တွင် ရှိပြီး မြန်မာနိုင်ငံ၏ ငွေသိုက်၊ ရေနံနှင့် ဓာတ်ငွေ့ ကိစ္စကိုမူ ဖော်ပြခြင်း မရှိပေ။

"အစကတော့ ကျွန်တော်က အမေရိကန်ရဲ့ မပြတ်သားတဲ့ တုံ့ပြန်မှုကို ဝေဖန်နေတာ၊ တကယ်တမ်းတော့ ပြတ်သားသာပဲဗျ" ဟု ဒေသတွင်း လုပ်ငန်းရှင် တစ်ဦးက စာရေးသူအား ပြောပြသည်။ "ငွေကြေးကဏ္ဍက ပထမဆုံး ဖြေလျော့ရမှာလို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုလို နှစ်ရက် အတွင်း ဖြစ်လာလိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူး" ဟု ယင်းက ဆိုသည်။ "ဥရောပကလည်း အခုလကုန်ရင် လက်နက်ရောင်းတာကလွဲလို့ အကုန် ရုတ်သိမ်းတော့မှာ" ဟုလည်း ဆိုသည်။

စီးပွားရေးပညာရှင် ရှောင်တာနဲက မကြာခင်အချိန်တွင် အမေရိကန်တို့သည် ခေတ်နောက်ပြန်ဆွဲသော အစိတ်အပိုင်းများကိုသာ စာရင်းပြု အရေးယူမှု ပြုလုပ်ထားသော ဩစတြေးလျ၏ အနေအထားနှင့် နီးစပ်လာတော့မည်ဟု ပြောသည်။ ဩစတြေးလျဘဏ်များသည် ပို၍ သတိထား ကြသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံတွင်း၌မူ ဦးသိန်းစိန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD အကြား ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ အသိအမှတ်ပြုခံရရေး ပြိုင်ဆိုင်မှုများ ကြီးထွားလျက်ရှိသည်။ အစိုးရသည် လာမည့် ၃ နှစ်အတွင်း ဝင်ငွေများနှင့် အခြားလူမှုရေးများ သိသာစွာ တိုးတက်လာရေးအတွက် ရင်းနှီး မြှုပ်နှံမှုများ ဝင်လာရေး မျှော်လင့်ထားပြီး ဦးသိန်းစိန်၏ ဝန်ကြီးများသည် ပြင်ပတွင် အလွတ်သဘောဖြင့် ရလဒ်ကောင်းရရန် ဖိအားပေး ခံနေရမှုကို ညည်းတွားလျက်လည်း ရှိသည်။

စီးပွားရေး လုပ်ငန်းအများစုသည် မြန်မာနိုင်ငံသို့ သွားပြီး အမြီးကုတ်ပြန်လာရခြင်းများ ရှိကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရင်းနှီးမြှုပ်နှံမှုအတွက် အခြေခံ သတ်မှတ်ချက်များတွင် မြေယာပိုင်ဆိုင်ခွင့်နှင့် အမြတ်များ ပြန်လည်ထုတ်ယူသွားခွင့်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိကြောင်း ရှောင်တာနဲက ဆိုသည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ သွားရောက်ရေးမှာ သဘာဝမကျလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

အစိုးရအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် ခြေကုန်လက်ပန်းကျသွားရန် မျှော်လင့်ထားမည် ဖြစ်သည်။ အသက် ၆၇ နှစ် ရှိပြီ ဖြစ်သော သူမသည် စည်းရုံးရေး ကာလများက အားအင်ကုန်သွားခဲ့သည်။ အကယ်၍ ၂ဝ၁၅ တွင် လွှတ်တော်နေရာ ၃၃ဝ သို့ ဝင်ရောက်မည် ဆိုပါက NLD သည် ယခုကဲ့သို့ အမျိုးသမီး တစ်ကိုယ်တော် တီးဝိုင်းတစ်ခု အဖြစ်ထက် ပိုမို၍ ကပြရန် လိုအပ်ပါသေးသည်။

******************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment