Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၆.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံ့ အနာဂတ်

****************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံ့ အနာဂတ်

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံ၏ အနာဂတ်ကိုမျှော်ကြည့်တိုင်းလူငယ်တို့ အရေးဆိုသည်ကိုထည့်သွင်းရေးသား၊ ပြောဆိုမှုများ မီဒီယာမျက်နှာစာများတွင် တွေ့မြင် နေရသည်။ ခေတ်ပြောင်း၊ စနစ်ပြောင်းဖြစ်လာချိန်မှာ ထိုခေတ်၊ စနစ်ကို ပုံဖော်ပြောင်းလဲသွားအောင် တာဝန်ထမ်းဆောင်သွားကြမည့် လူငယ်တို့၏ ပညာ ရေးအခန်းကဏ္ဍကို အလေးထားပြောကြားလာကြသည်။ ဘာဖြစ်လို့လဲဆိုတော့ ပညာရေးစနစ်၏ အကောင်း၊ အဆိုးဟာ မျိုးဆက်တစ်ဆက်လုံးပေါ်ကို သက်ရောက်နိုင်မှုအား ကြီးမားလို့ပဲဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးပြီးနိုင်ငံများကိုကြည့်လျှင် ပညာရေးစနစ်ကောင်းများ ရှိကြသည်။ ပညာရေးစနစ်ကောင်းမှ စွမ်းဆောင်ရည်ပြည့် လူသားအရင်းအမြစ်များ ထွက်ပေါ်လာနိုင်ပြီး ထိုလူသားအရင်းအမြစ်များဖြင့် နိုင်ငံတည်ဆောက်ရေးကို ထိထိရောက်ရောက် လုပ် ဆောင်နိုင်မည် ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် ပညာရေးစနစ်ကောင်းရှိဖို့ ပညာရေးအင်စတီကျူးရှင်းများက စဉ်ဆက်မပြတ် တီထွင်ကြံဆနေရမြဲ ဖြစ်သည်။ ပညာရေးတွင် ထိပ်တန်း၌ ရပ်တည်နေသော အမေရိကန်လို လူ့အဖွဲ့အစည်းတွင်တောင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် တိုက်တွန်းနေမှုများ ရှိသည်။ ဆောင်းပါးတစ်ပုဒ်တွင် အမေရိကန်တွင်ရှိသော ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် ဟားဗတ်ထွက်ဘွဲ့ရများ၏ ၄၀ရာခိုင်နှုန်းမှာ ဘဏ္ဍရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း ဖော်ပြထားပြီး အမေရိကန်အစိုးရမှလည်း လူထုရေးရာမူဝါဒဖြင့် ဘွဲ့ရသူများကို ယခင် ဆယ်စုနှစ်များထက် ပိုမိုခေါ်ယူခဲ့ကြောင်း ရေးသားထားသည်။ သို့သော် စမတ်ကျလှပါသည်ဟူသော ယင်းလူသားအရင်းအမြစ်များဖြင့် နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကို ကျော်လွှားသွားနိုင်ခြင်း မရှိခဲ့သည့်အတွက် ပညာရေးစနစ်တွင် ပြုပြင်စရာများ ရှိနေသေးသည်ဟု ဆောင်းပါးရှင်က ထောက်ပြသည်။ အမေရိကန်လို ထိပ်သီးတက္ကသိုလ်များ ပေါများသည့် နိုင်ငံမျိုးတွင်တောင် ဤသို့သော အကျပ်အတည်းမျိုးနှင့် ကြုံတွေ့ရလျှင် မြန်မာနိုင်ငံလို ပညာရေးအရည်အသွေး နိမ့်ကျသည့် နိုင်ငံမျိုးတွင်  ကြုံတွေ့နေရသော ပြဿနာအရပ်ရပ်ကို ကျော်လွှားနိုင်မည်လောဟု စိုးရိမ်မိသည်။

ထိုသို့ ပညာရေးစနစ်ကောင်း မရှိရသည့်အပြင် မြန်မာနိုင်ငံမှာ ဦးနှောက်ယိုစီးမှုပြဿနာ ကြီးကြီးမား ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံမှ နှစ်ပေါင်း များစွာ လေ့ကျင့်ပျိုးထောင်ပေးလိုက်သည့် ဆရာဝန်များ၊ အင်ဂျင်နီယာများသည် ဘဝတက်လမ်းအတွက် အခြားနိုင်ငံများသို့ ထွက်ခွာသွားကြသည်။ နိုင်ငံ အတွက် ဆုံးရှုံးမှုဟု ဆိုရမည်ဖြစ်သော်လည်း လူ့သဘာဝအရ ဘဝတက်လမ်းအတွက် ရေကြည်ရာ မြက်နုရာ နေရာဒေသကို ရှာဖွေထွက်ခွာသွားမြဲ ဖြစ် သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းတရုတ်နှင့် အိန္ဒိယနိုင်ငံများသည်လည်း မြန်မာနိုင်ငံကဲ့သို့ ဦးနှောက်ယိုစီးမှုကို ကြီးကြီးမားမား တွေ့ကြုံခဲ့ဖူးသည်။ တရုတ် နိုင်ငံကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးခေါင်းဆောင် တိန်ရှောင်ဖိန်သည် တရုတ်လူငယ်များကို အနောက်နိုင်ငံသို့ အစု လိုက် အပြုံလိုက် ပညာတော်သင်များ စေလွှတ်ခဲ့သည်။ ပညာသင်ပြီး ပြန်ရောက်လာသူ အနည်းအကျဉ်းသာ ရှိသော်လည်း ဤသည်ပင်လျှင် တရုတ်နိုင်ငံ အတွက် အမြတ်ပဲဟု သဘောထားနိုင်သူဖြစ်သည်။

အန္ဒိယနိုင်ငံကိုလည်း ကြည့်ပါဦး။ လွတ်လပ်ရေးရပြီး အန္ဒိယဝန်ကြီးချုပ် နေရှုးသည် အနောက်နိုင်ငံများ၏ ဖွံ့ဖြိုးမှုကို အမီလိုက်နိုင်ရန် ပညာရေး စနစ် ပြုပြင်ပြောင်းလဲမှုများကို ထက်ထက်သန်သန် လုပ်ဆောင်ခဲ့ရာ အန္ဒိယတွင် ကမ္ဘာ့အဆင့်ရှိသည့် နည်းပညာတက္ကသိုလ်များ၊ စီမံခန့်ခွဲမှုတက္ကသိုလ်များ ပေါ်ပေါက်ခဲ့သည်။ သို့သော် အန္ဒိယနိုင်ငံ၏ စီးပွားရေးမှာ အမိန့်ပေးစီးပွားရေးစနစ် ဖြစ်သောကြောင့် ယင်းတက္ကသိုလ်များမှ ဘွဲရများကို မက်လုံးပေး၍ ဆွဲ ဆောင်နိုင်ခြင်းမရှိသလို အလုပ်အကိုင် အခွင့်အလမ်းများလည်း ရှားပါးခဲ့သည်။ ထို့ကြောင့် ယင်းတက္ကသိုလ်ဘွဲ့ရများသည် အခွင့်အလမ်းပေါများသော အနောက်နိုင်ငံများသို့ ထွက်ခွာသွားခဲ့ကြသဖြင့် အန္ဒိယအတွက် ကြီးမားသည့် ဦးနှောက်ယိုစီးမှုကြီးဖြစ်သည်။ ထိုသို့ တရုတ်နှင့် အိန္ဒိယနိုင်ငံမှ ထွက်ခွာ သွားခဲ့ကြသည် ပညာတတ်များ မည်မျှများသနည်းဟုဆိုရလျှင် အမေရိကန်နိုင်ငံအဆင့်မြင့် နည်းပညာ (High-teach)ကဏ္ဍ၏ အင်ဂျင်ဖြစ်သော ကယ်လီ ဖိုးနီးယားပြည်နယ် စီလီကွန် (Silliconvally)ရှိ အလုပ်အင်အားစု ထက်ဝက်မျှပင် ရှိသည်အထိ ဖြစ်သည်။ သို့သော် တရုတ်နှင့် အန္ဒိယနိုင်ငံတွင် အခွင့် အလမ်းများ ပေါ်လာသောအခါ အဆိုပါ ဒိုင်ရာစပိုရာအီလစ် (Diaspora elites)များသည် အမိနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ပြန်လာခဲ့ကြ သည်။ မြန်မာနိုင်ငံသည်လည်း နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများကို လုပ်ဆောင်နေလျက်ရှိလေရာ အခွင့်အလမ်းများပေါ်လာလျှင် အမိနိုင်ငံသို့ ပြန် လည် ရောက်ရှိလာကြမည့်သူ များနိုင်သည်။

ဧပြီ ၂၆ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၉၁)တွင်ပါသည့် ဒေါက်တာမင်းသန့်အောင် (သွားဆရာဝန်-မိတ္ထီလာ)၏ “သုံးနာရီနဲ့တော့ မလုံလောက်ပါ” ဆောင်းပါးကို ဖတ်လိုက်ရသည်။ ဆောင်းပါးရှင်သည် လက်ရှိပညာရေးစနစ်၌ လွဲမှားနေသည့် အချက်ငါးချက်ကို ထောက်ပြထားသည်။

၁။ တစ်ဘဝတွင် တစ်ကြိမ်သာ ကြိုးစားခွင့်ပြု၍ ထပ်မံကြိုးစားခွင့်မပြုခြင်း။ (ဆယ်တန်းစာမေးပွဲ)

၂။ သုံးနာရီအချိန်အတွင်းဘာမဆိုဖြစ်နိုင်၍ ကြွေတစ်လှည့် ကြက်တစ်ခုန်ဆိုသကဲ့သို့ လောင်းကစားဆန်နေခြင်း။

၃။ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုသည် အခြားပညာရပ်တစ်ခုထက် သာလွန်မြင့်မြတ်သည်ဟု အထင်ရောက်စေခြင်း။

၎။ ဝါသနာပါသည့် ပညာရပ်နှင့် တတ်မြောက်သည့် ပညာရပ်တို့ မတူကွဲပြားခြင်းနှင့် မိမိတတ်မြောက်သည့် ပညာရပ်များကို အသုံးမချနိုင်ခြင်း။

၅။ အခြေခံပညာရပ်များနှင့် မမျှတလောက်အောင်ပင် မိဘများမှ ငွေကြေးအလွန်အကျွံ သုံးစွဲနေရခြင်း။

အလေးထား စဉ်းစားသုံးသပ်သင့်သည့် အချက်များဖြစ်သည်။ ဥပမာအချက် (၃)ဆိုလျှင် ပညာရပ် တစ်ခုနှင့်တစ်ခုကို အဆင့်ခွဲခြားထားမှု ရှိနေ ခြင်းကို မီးမောင်ထိုးပြထားခြင်း ဖြစ်သည်။ စာရေးသူနိုင်ငံတွင် ဝိဇ္ဖာ၊ သိပ္ပံတံတိုင်းကာမှု အတော်ကြီးသည်။ ထိုတံတိုင်းကာမှုအပြင် သိပ္ပံပညာရပ်များသည် လူမှုဝိဇ္ဖာပညာရပ်များထက် ပိုမိုအရေးပါသည်ဟူသော အသိမှာ လူငယ်များအပေါ် အတော်လွှမ်းမိုးထားလျက် ရှိသည်။ အခြားနိုင်ငံများသို့ အဆင့်မြင့် ပညာရပ်များ သင်ကြားနေသည့် လူငယ်များမှာ တွက်ချက်ရသည့် သိပ္ပံပညာရပ်များတွင် သင်ကြားမှုအခက်အခဲ ကြီးကြီးမားမား မရှိသော်လည်း လူမှုဝိဇ္ဖာ ပညာရပ်များတွင် အတော်လေး ကြိုးစားသင်ယူနေရသည်။ နောက်ခွဲခြားမှုမှာ ဘာသာရပ်ပေါ်တွင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း၌ အမှတ်အများဆုံးရသည့်သူမှာ ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဆေးတက္ကသိုလ်တက်ကြသည်က များသည်။ အမှတ်အနည်းဆုံးရရှိသည့် သူမှာ လည်း ဝါသနာအလျှောက်မဟုတ်ဘဲ ဒဿနိက၊ စိတ်ပညာလို ဘာသာရပ်မျိုးကို တက်ရသည်။ သို့ဆိုလျှင် ဆေးသိပ္ပံပညာရပ်မှာ ဒဿနိကလို၊ စိတ်ပညာ လို၊ သမိုင်းလို ဘာသာရပ်ကြီးတွေထက် အဆင့်မြင့်နေသည့် သဘောမျိုးသက်ရောက်နေသည်။ ထိုသို့ ဘာသာရပ်များအပေါ် အဆင့် ခွဲခြားမှုမျိုး မရှိသင့် ပါ။

နိုင်ငံတော်အကြီးအကဲများက စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်ဟု ပြည်သူများကို ကတိကဝတ် ပြုပြီးဖြစ်သည်။ တချို့ နိုင်ငံရေးသုံးသပ်သူများက စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဆိုခြင်းမှာ မရှိဟု ပြောဆိုနေခြင်းမျိုးလည်း ရှိသည်။ စာရေးသူအမြင်၌ ယင်းမှာ ဒဂါးပြား တစ်ပြား၏ ခေါင်းနှင့်ပန်းကို နှစ်ပြား ဖြစ်အောင် ခွဲခြားနေသလို ဖြစ်သည်။ လွတ်လပ်သည့် ဒီမိုကရေစီ၌ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု၊ ဥပဒေကို လိုက်နာမှုဆိုသည့် သဘော ပါဝင်ပြီး ဖြစ်သည်။ စည်းကမ်းမပါသည့် လွတ်လပ်မှုမှာ တကယ့်လွတ်လပ်မှုမျိုး မဟုတ်နိုင်ပါ။ ထိုအတွက်ကြောင့် ယခု နိုင်ငံ တော်မှ အကောင်အထည်ဖော်နေသည့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီတွင် လွတ်လပ်မှုသဘော တပါးတည်းပါဝင်ပြီး ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်မှ ကျင့်သုံးသည့် ဈေးကွက်စီးပွားရေးစနစ်တွင်လည်း လွတ်လပ်မှုသဘောများ ပါဝင်နေပြီး ဖြစ်သည်။ ယခုအခါတွင် စီးပွားရေးပညာရှင်များက ဈေးကွက် တွင် အစိုးမှာ အဓိကအခန်းကဏ္ဍက ပါဝင်သင့်သည်ဟု ပြောဆိုရေးသားကြသော်လည်း ဈေးကွက်လွတ်လပ်မှုကို ဟန့်တားလိုသည့် သဘောမပါဝင်ပါ။ ဈေးကွက် စီးပွားရေး၌ကိုက လွတ်လပ်မှုရှိမှသာလျှင်  ရှင်သန်မှုရှိမည့်သဘောပင် ဖြစ်သည်။ ထိုသို့ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်နှင့် ဈေးကွက် စီးပွားရေး စနစ်ကို နိုင်ငံတော်မှ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ယင်းစနစ်များတွင် ပါဝင်မည့် လူသားအရင်းအမြစ်များ၏ ပညာရေးမှာ လွတ်လပ်မှု ရှိနေမှဖြစ်သည်။ ပညာရေးလွတ်လပ်ခွင့် ရှိမှသာလျှင် လူ့အဖွဲ့အစည်းအတွင်း မှားယွင်းနေမှုများကို သုတေသနပြု ဖော်ထုတ်နိုင်မည်။  ပညာရေး လွတ်လပ် ခွင့် ဆိုရာ၌လည်း ယခင် လွှတ်တော်အစည်းအဝေးတွင် တင်သွားခဲ့သည့် နိုင်ငံရေးစနစ်သစ်နှင့်အညီ နိုင်ငံရေးသိပ္ပံ ပညာရပ်ကို သင်ကြား ပေးရန် အဆိုပြုမှု ထက် ပိုပါသည်။ တနည်းအားဖြင့်ဆိုရလျှင် သဘာဝသိပ္ပံနှင့် လူမှုသိပ္ပံ ပညာရပ်များကိုတက္ကသိုလ်၊ ကောလိပ် အစရှိသည့် ပညာရေး အင်စတီကျူးရှင်း များက ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးနိုင်ရမည်။

မြန်မာနိုင်ငံတွင် အခြေခံပညာရေးနှင့် အဆင့်မြင့် ပညာရေးကဏ္ဍတို့တွင် ပြုပြင်ပြောင်းလဲစရာ များစွာ ကျန်ရှိနေပါသေးသည်။ ပညာရေးစနစ် ကောင်းလာသည်နှင့်အမျှ ပြည်သူများမှာ စိတ်ခံစားမှုအခြေခံဖြင့် လုပ်ဆောင်ခြင်းထက်၊ ဆင်ခြင်မှုအခြေခံဖြင့် လုပ်ဆောင်ခြင်းမျိုး ပိုမိုများပြားလာမည်။ ပညာရေး ရေခံ၊ မြေခံ ကောင်းလှပါသည်ဟူသော အနောက်နိုင်ငံများတွင်လည်း လွန်ခဲ့သည့် ရာစုနှစ်များက စိတ်လှုပ်ရှားမှု အခြေခံ လူ့အဖွဲ့အစည်းသာ ဖြစ်သည်။ ကျောင်းတော်များ၏ လွှမ်းမိုးမှုကိုတက္ကသိုလ်များက အန်တုကာ စိတ်လှုပ်ရှားမှု အခြေခံလူ့အဖွဲ့အစည်းမှ ဆင်ခြင်မှု အခြေခံလူ့အဖွဲ့အစည်းသို့ အသွင်ကူးပြောင်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးလွတ်လပ်ခွင့်များ ဖြစ်ထွန်းလာသည့်နည်းတူ ယင်းလွတ်လပ်ခွင့်များကို ရေရှည် စဉ် ဆက်မပြတ် ထိန်းသိမ်းသွားမည့် လူသားအရင်းအမြစ်များ မွေးထုတ်ဖို့ရာ ပညာရေးစနစ်ကောင်း၊ ပညာရေးလွတ်လပ်ခွင့် ရရှိနေဖို့ လိုအပ်ပါကြောင်း။

****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment