Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၆.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. အမေရိကန်က အရေးယူမှုများ ချက်ချင်း ရုတ်သိမ်းရန်မဖြစ်နိုင်ဟု ဆို

(AFP သတင်းမှ 26 April 2012 ရက်စွဲပါ US rules out immediate end to Myanmar sanctions ကို ဘာသာပြန်ဆိုသည်)

  1. အနောက်က မြန်မာကို လက်နက်တပ်ဆင်ရန် အကူအညီပေးခြင်း

(The Diplomat မှ 21 April 2012 ရက်စွဲပါ Zaw Nay Aung ရေးသားသော How west will arm Burma ကို ဘာသာ  ပြန်ဆိုသည်)

*******************************************

အမေရိကန်က အရေးယူမှုများ ချက်ချင်း ရုတ်သိမ်းရန်မဖြစ်နိုင်ဟု ဆို

(AFP သတင်းမှ 26 April 2012 ရက်စွဲပါ US rules out immediate end to Myanmar sanctions ကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများ ချက်ချင်း ရုတ်သိမ်းပေးရန် မဖြစ်နိုင်ကြောင်းနှင့် တိုင်းရင်းသား ပြဿနာ အဆုံးသတ်ရေး အပါအဝင် အခြား ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာအစိုးရကို တွန်းအားပေးရန်အတွက် လီဗာကို ဆက်နင်းထားလိုကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

မြန်မာ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ စတင်ပြီး တစ်နှစ်ကျော်လာချိန်တွင် အီးယူနှင့် ကနေဒါတို့က အရေးယူ ချမှတ်ထားမှု အများစုကို ယခု သီတင်းပတ်အတွင်း ရပ်ဆိုင်းပေးလိုက်ပြီ ဖြစ်ပြီး ဂျပန်ကလည်း ကြွေးမြီများကို လျှော့ပေါ့ပေးလိုက်ပြီ ဖြစ်သည်။

သမ္မတ အိုဘားမားအစိုးရသည် မြန်မာအစိုးရနှင့် စေ့စပ်ညှိနှိုင်းရာတွင် ရှေ့ဆုံးမှ ဦးဆောင်လျက် ရှိပြီး အမေရိကန် NGO များ၏ ငွေကြေး ဆက်ဆံမှု တားမြစ်ချက် အဆုံးသတ်ခြင်း အပါအဝင် တားမြစ် ပိတ်ပင်မှု အချို့ကို ဖြေလျှော့ပေးထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ဆက်ဆံမှုပုံစံ အဓိက ဗိသုကာဖြစ်သော ကာ့တ် ကမ့်ဘဲက စိုးရိမ်ပူပန်နေသော လွှတ်တော် အမတ်များကို "မိမိတို့ အစိုးရ၌ မြင်နိုင်စွမ်း လျော့စေမည့် ဇာပုဝါပါးနှင့် နေကာမျက်မှန်များ မရှိပါ။ သင့်လျှော်မှန်ကန်သော ကဏ္ဍများ၌သာ ပိတ်ဆို့မှုများ ဖြေလျှော့ပေးခြင်း ဖြစ်သည်" ဟု ပြောကြားသွားသည်။

"ကျွန်တော့်အနေနဲ့ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် အရေးယူမှုတွေ ရုတ်သိမ်းဖို့ ရည်ရွယ်ချက် မရှိသေးပါဘူး" ဟု အာရှရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ့်ဘဲက လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီတွင် ထွက်ဆိုသွားခဲ့သည်။

"တကယ်လို့ ပြုပြင် ပြောင်းလဲမှုတွေ နောက်ပြန်လှည့်မယ် ဒါမှမဟုတ် ရပ်တန့်သွားမယ် ဆိုရင် တုံ့ပြန်နိုင်ဖို့ အတွက် စည်းကမ်းချက်တွေ လုပ်နိုင်စွမ်းအားတွေ ရှိရမယ်။ ဖိအားပေးတာဟာ ကျွန်တော်တို့ မဟာဗျူဟာရဲ့ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိနားလည်ထားပါတယ်" ဟု ကမ့်ဘဲက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်တွင် နေရာတစ်ခု ပေးလိုက်သည့် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခြင်း အပါအဝင် သမ္မတ၏ အပြုသဘောဆောင်သော ဆောင်ရွက်ချက်များကိုလည် ကမ့်ဘဲက ချီးကျူး ပြောကြားလိုက်သည်။

သို့ရာတွင် ပြုပြင် ပြောင်းလဲမှုများသည် မြို့ပြနှင့် ဗမာတို့ နေထိုင်ရာ နယ်မြေများတွင်သာ သက်ရောက်မှုရှိပြီး ကမ္ဘာ့ အကြာရှည်ဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေရာ မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုးများ ခံစားရခြင်း မရှိသေးဟု ကမ့်ဘဲက မှတ်ချက်ပေးသည်။

ကမ့်ဘဲက ဆက်လက်၍ "ပြောင်းလဲရေး လုပ်ငန်းစဉ်ကို တစ်နိုင်ငံလုံး အနှံ့အပြား ပျံ့နှံ့အောင် လုပ်နေတယ် ဆိုတဲ့ အချက် သေချာဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အားထုတ်ကြိုးပမ်းနေတဲ့ ကိစ္စနဲ့ လုံးဝ ဆန့်ကျင်ဖက် ဖြစ်တဲ့ တိုက်ခိုက်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှု သတင်း အစီရင်ခံစာတွေဟာ ကျွန်တော်တို့ကို ဒုက္ခရောက်စေပါတယ်" ဟု ပြောသည်။

ဒီဇင်ဘာလက ဦးသိန်းစိန်၏ အပစ်ရပ်အမိန့်ကို စစ်တပ်က လစ်လျူရှုခဲ့သော ကချင်ပြည်နယ်တွင် မတရားကျင့်မှုများ၊ အဓမ္မ ခိုင်းစေမှုများနှင့် အခြား နှိပ်စက် ညှင်းပန်းမှုများ ဆက်လက် ဖြစ်ပွားနေသည် ဟူသော သတင်းများကို အထူး စိုးရိမ် ပူပန်ကြောင်း လူ့အခွင့်အရေး အုပ်စုများက ထုတ်ဖော် ပြောဆိုထားသည်။

ကာလရှည်ကြာ လွှမ်းမိုးခဲ့သော တပ်မတော်အစိုးရကို ရံပုံငွေ ဖြည့်တင်းပေးခဲ့သည်ဟု ယူဆရသော ကျောက်မျက်၊ ကျွန်း၊ သစ်မာနှင့် အခြား အမြတ်များ ကုန်ပစ္စည်းများ အပါအဝင် မြန်မာနိုင်ငံမှ တင်ပို့သော ကုန်ပစ္စည်းများအား ပိတ်ပင်တားမြစ်ခြင်းကို အမေရိကန် ပြည်ထောင်စုက ဆက်လက် ကျင့်သုံးလျက် ရှိသည်။

**************************************

အနောက်က မြန်မာကို လက်နက်တပ်ဆင်ရန် အကူအညီပေးခြင်း

(The Diplomat မှ 21 April 2012 ရက်စွဲပါ Zaw Nay Aung ရေးသားသော How west will arm Burma ကို ဘာသာ  ပြန်ဆိုသည်)

(ဆောင်းပါးကောင်း မဟုတ်သော်လည်း ပြည်ပရောက် အချို့မြန်မာများ၏ အဓိပ္ပာယ်မဲ့ ရေးသားမှုများကို သိစေလို၍ ဘာသာ ပြန်ဆိုခြင်း ဖြစ်သည်)

အမေရိကန် ဘဏ္ဍာရေးဌာနက အင်္ဂါနေ့က မြန်မာနိုင်ငံတွင် ငွေကြေး အမြတ်မယူသော၊ လူသားချင်း စာနာမှုနှင့် ပတ်သက်သော လုပ်ငန်းများနှင့် ပတ်သက်၍ ငွေကြေးဆိုင်ရာ အရေးယူမှုများ ဖြေလျှော့ပေးကြောင်း ကြေညာခဲ့သည်။ ထိုလုပ်ဆောင်ချက်မှာ အရေးကြီးသော လုပ်ဆောင်မှု ဖြစ်ပြီး ဗြိတိန်၊ ဩစတြေးလျနှင့် နော်ဝေတို့၏ လုပ်ဆောင်မှုများထက် ပို၍ အသိဉာဏ်မြင့်သော လုပ်ဆောင်မှုဖြစ်သည်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် ပြီးခဲ့သည့် အပတ်က မြန်မာခရီးစဉ်တွင် အရေးယူမှုများ ယာယီ ရုတ်သိမ်းရေးအတွက် ထောက်ခံမှုကို ကြေညာခဲ့သည်။ နော်ဝေနှင့် ဩစတြေးလျတို့ကလည်း နောက်မှလိုက်၍ မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းပေးခဲ့ကြသည်။ ထို့ကြောင့် အဆိုပါနိုင်ငံများ၏ အရေးယူမှုများတွင် လက်နက် ရောင်းဝယ်မှု ပိတ်ပင်ထားခြင်းသာ ကျန်ရှိမည် ဖြစ်ပြီး အီးယူကလည်း ဗြိတိန်၏ လုပ်ဆောင်မှုအတိုင်း လာမည့် အပတ် မြန်မာနိုင်ငံ မူဝါဒ ပြန်လည် သုံးသပ်မှုတွင် ထောက်ခံလာဖွယ် ရှိနေသည်။ (ယခုအခါ အီးယူက ထိုအတိုင်း လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ အယ်ဒီတာ)

အကယ်၍သာ အီးယူသည် ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားခြင်း၊ အစိုးရအဖွဲ့ဝင်များကို ဗီဇာနှင့် ငွေကြေးဆိုင်ရာ ကန့်သတ်ထားခြင်းများ ကဲ့သို့သော ကိစ္စများကို ယာယီ ရုတ်သိမ်းခဲ့ပါက အီးယူမူဝါဒသည် အမေရိကန်မူဝါဒနှင့် လုံးဝ ကွဲပြားသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအမှန်တရားကို ကြည့်ပါက အမေရိကန်က သတိထား၍ တုံ့ပြန်နေမှုမှာ ပို၍ အခြေအနေနှင့် ကိုက်ညီသည်ဟု ပြောရမည် ဖြစ်သည်။

မြန်မာ့နိုင်ငံရေးမှာ တစ်နေ့တခြား မသေချာ မရေရာမှုများကို တွေ့လာရသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD မှ ရွေးချယ်ခံရသော ကိုယ်စားလှယ်များသည် ၂ဝဝ၈ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်မည် ဟု ကျမ်းကျိန်၍ လွှတ်တော်တွင်း ဝင်မဝင်ကိစ္စအတွက် နိုင်ငံရေးအရ ဝေခွဲရခက်သော ပြဿနာကို ကြုံတွေ့ရလျက်ရှိသည်။ အဆိုပါ မသေချာ မရေရာမှုမှာ ကချင်ပြည်နယ်တွင် အစိုးရက ဆက်လက် တိုက်ခိုက်နေသော ပဋိပက္ခအပြင် ထပ်မံ ပေါ်ထွက်လာသော ပြဿနာတစ်ခု ဖြစ်သည်။

အစိုးရသည် ပြုပြင် ပြောင်းလဲရေး လမ်းကြောင်း ပေါ်တွင် များစွာ လုပ်ဆောင်ခဲ့သည် ဆိုသော်လည်း စစ်တပ်မှ အရာရှိ ၃ ဦးအား စစ်တပ်တွင်းမှ အခက်အခဲများအား ဘလော့တွင် ဖော်ပြမှုနှင့် ပတ်သက်၍ ပြစ်ဒဏ်များ ချမှတ်ခဲ့ရာ အစိုးရအား ဆန့်ကျင်သော အမြင်များကို သည်းခံခြင်း မရှိသေးဟု မှတ်ယူရမည် ဖြစ်သည်။ RFA မြန်မာဘာသာ အစီအစဉ်တွင် ဖော်ပြထားချက်အရ လေတပ်မှ အရာရှိ ၃ ဦးအား ဧပြီလ ၉ ရက်နေ့က စစ်တရားရုံးဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့သည်ဟု သိရသည်။ ယင်းတို့အနက် ဗိုလ်ကြီးဇော်လင်းဒွေးမှာ အခြား ဥပဒေများအပြင် အီလက်ထရွန်နစ် ဥပဒေဖြင့် ထောင်ဒဏ်နှစ် ၂ဝ ချမှတ်ခံရသည်ဟု သတင်းများအရ သိရသည်။ အခြားအရာရှိ ၂ ဦးမှာ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံရသည်ဟု ဆိုသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လတွင် စီစဉ်ထားသည့်အတိုင်း ဗြိတိန်နှင့် နော်ဝေသို့ လွတ်လပ်စွာ ခရီးသွားနိုင်မည် ဟုတ်မဟုတ် ကလည်း မရှင်းလင်းသေးပေ။ သူမအနေဖြင့် နိုင်ငံကူးလက်မှတ်လည်း မရရှိသေးဘဲ ခရီးစဉ်မှာ လက်ရှိ ကြုံတွေ့နေရသော အခက်အခဲများနှင့် ပို၍ မဖြစ်နိုင်ကြောင်း တွေ့မြင်နေရသည်။

ထိုအချက်များကို ထည့်သွင်းစဉ်းစားပါက အီးယူနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အစိုးရအပေါ် ကူးသန်း ရောင်းဝယ်ရေး ဆက်ဆံမှု၊ ပြန်လည် ထူထောင်ခြင်း အပါအဝင် ဆုလာဘ်ပေးခြင်းများကို ရှောင်ရှားသင့်သည်။

လက်နက် ရောင်းဝယ်မှု ပိတ်ပင်ထားခြင်းကို ဆက်လက် ထားရှိခြင်းမှာ မှန်ကန်ပေသည်။ သို့သော် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံသို့ လက်နက်များ တိုက်ရိုက်ရောင်းဝယ်ခြင်း မပြုလိုသော်လည်း မြန်မာအစိုးရ လက်နက် ဝယ်နိုင်အောင် ငွေရနိုင်သည့် နည်းလမ်းများ ဖွင့်ပေးထားကြသည်။ မြန်မာအစိုးရသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှ ရရှိသော ဝင်ငွေ အများးစုကို ပညာရေးနှင့် ကျန်းမာရေးတွင် သုံးရမည့်အစား ကာကွယ်ရေးတွင်သာ သုံးစွဲလေ့ရှိသည်။ ယခု အမည်ခံ အရပ်သားအစိုးရ လက်ထက်တွင်လည်း ၂ဝ၁၂-၂ဝ၁၃ အတွက် ဘတ်ဂျတ်သည် ယခင်နှစ်ကနှင့် မကွာလှဘဲ ကာကွယ်ရေးတွင် စုစုပေါင်း ဘတ်ဂျတ်၏ ၁၄.၉% သုံးစွဲထားပြီး ကျန်းမာရေးတွင် ၂.၉% နှင့် ပညာရေးတွင် ၄.၉% သာ အသုံးပြုထားသည်။

အရင်းစစ်လိုက်သောအခါ မြန်မာ့နိုင်ငံရေးသည် မရိုးသားမှုများ ရှိဆဲ ဖြစ်ပြီး ရှေ့ဆက်ရန် မသေချာမှုများ ပြည့်နှက်လျက် ရှိသည်။ နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာ ထောင်ထဲတွင် ရှိနေဆဲ ဖြစ်ပြီး လွတ်လာသူများမှာလည်း လှုပ်ရှားမှုများ ကန့်သတ်ခံရဆဲ ဖြစ်သည်။

ထို့ကြောင့် မြန်မာအစိုးရ၏ ဟန်ဆောင်ပြုပြင် ပြောင်းလဲမှုများကို ဆုလာဘ် ပေးခြင်းမှာ မှားယွင်းမှု တစ်ခု ဖြစ်ပြီး လူ့အခွင့်အရေးထက် စီးပွားရေး အကျိုးစီးပွားကို ရှေ့တန်းတင်ခြင်းမှာလည်း မှားယွင်းလှသည်။ မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှုများကို ယာယီ ရုတ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ရန် စဉ်းစားသူများ အနေဖြင့် သဘောပေါက်သင့်သည်မှာ ယင်းတို့၏ လုပ်ရပ်သည် မြန်မာအစိုးရအား လက်နက် တိုက်ရိုက် ရောင်းဝယ်ခြင်း မရှိသော်လည်း တစ်ဖက် တစ်လမ်းမှ ဝယ်ယူနိုင်ရန် ကူညီနေသည့် သဘောဖြစ်သည်ဟု သဘော ပေါက်သင့်ပေသည်။

(ဆောင်းပါးရှင် ဇော်နေအောင်သည် လန်ဒန်ရှိ Burma Independence Advocates မှ ဒါရိုက်တာ ဖြစ်သည်)

*************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment