Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၇.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ဗြိတိန်က မြန်မာနှင့် ကုန်သွယ်ရေး မူဝါဒ ဖြေလျှော့

(AFP မှ 26 April 2012 ရက်စွဲပါ Britain relaxes Myanmar trade policy ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ ဓာတ်ငွေ့ ရောင်းချမှု ဝင်ငွေ တိုးမြင့်လာ

(The Gulf Today မှ 23 April 2012 ရက်စွဲပါ Myanmar gas export revenue rises ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့ ပြုပြင်ပြောင်းလဲမှုများကြောင့် အာဆီယံ-အမေရိကန် ဆက်ဆံရေး အကျိုးအမြတ် ဖြစ်ထွန်းမည်

(The Jakarta Post မှ  26 April 2012 ရက်စွဲပါ Asean-US ties benefit the most from Myanmar reforms ကို ဘာသာ ပြန်ဆိုသည်)

  1. ဟီလာရီကလင်တန် ရှေ့လအစောပိုင်းတွင် အိန္ဒိယသို့ သွားမည်

(The Asian Age မှ 26 April 2012 ရက်စွဲပါ Hillary Clinton to visit India early next month ကိုဘာသာပြန်သည်)

************************************

ဗြိတိန်က မြန်မာနှင့် ကုန်သွယ်ရေး မူဝါဒ ဖြေလျှော့

(AFP မှ 26 April 2012 ရက်စွဲပါ Britain relaxes Myanmar trade policy ကို ဘာသာ ပြန်ဆိုသည်)

ဗြိတိန်သည် မြန်မာနှင့် ကုန်သွယ်မှု မပြုလုပ်ရန် ကန့်သတ်ထားတော့မည် မဟုတ်ကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟေ့ဂ်က ကြာသပတေးနေ့က ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားခဲ့ခြင်းမှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း မြန်မာနိုင်ငံသို့ အလည်အပတ် သွားရောက်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဗြိတိန်၏ မူဝါဒ ပြောင်းလဲလာခြင်းမှာ ကင်မရွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦး ပူးတွဲ၍ အီးယူအား အရေးယူမှုများ ဖြေလျှော့ရန် တောင်းဆိုခဲ့အပြီးတွင် ဖြစ်သည်။ "ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပြီးနောက် သေချာ စဉ်းစားပြီးတဲ့အခါ ဗြိတိသျှ အစိုးရအနေနဲ့ မြန်မာနဲ့ ကုန်သွယ်ရေး မပြုဖို့ တားမြစ်ချက်ကို ရုတ်သိမ်းပေးမယ်လို့ ကြေညာနိုင်ခဲ့ပါတယ်" ဟု ဟေ့ဂ်က ပြောကြားသည်။

"အခုချိန်မှာ မှန်ကန်တယ်လို့ တာဝန်ယူနိုင်တဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံရဲ့ အသွင် ကူးပြောင်းရေး ဖြစ်စဉ်မှာ အကူအညီ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံပါတယ်" ဟု ဟေ့ဂ်က စင်ကာပူတွင် ပို့ချမှုတစ်ခု၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်သည် နိုင်ငံခြားရေး ရုံးခွဲကို မြန်မာနိုင်ငံ မြို့တော် ဖွင့်လှစ်မည်ဟု ဟေ့ဂ်က ကြာသပတေးနေ့က ကြေညာခဲ့သည်။ "ဗြိတိန်ရဲ့ မြန်မာနိုင်ငံ အုပ်ချုပ်ရေး မြို့တော်မှာ ရုံးခန်းဖွင့်လှစ်ခြင်းကြောင့် ရန်ကုန်မှာ ရှိတဲ့ ကျွန်တော်တို့ သံရုံးရဲ့ လုပ်ငန်းတွေကို ပိုမိုအားကောင်းစေမှာ ဖြစ်ပြီး မြန်မာအစိုးရရဲ့ ပြည်သူတွေနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော် ပြသလိုက်တာပါပဲ" ဟု ယင်းက ဆိုသည်။

"အဆိုပါရုံးဟာ နေပြည်တော်မှာ ရှိတဲ့အတွက် အစိုးရရဲ့ ကိုယ်စား စကားပြောရတဲ့ ကြားလူများအနေနဲ့ ဆက်ဆံရေး ပိုမို မြန်ဆန် တိုးတက်စေမှာ ဖြစ်ပါတယ်" ဟု ဗြိတိသျှအမတ်များသို့ ပေးပို့သော ကြေညာချက်တွင် ဟေ့ဂ်က ဖော်ပြထားသည်။ ကင်မရွန်း၏ ယခုလ မြန်မာခရီးစဉ်သည် ဆယ်စုနှစ် များစွာအတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော ပထမဆုံး အနောက်နိုင်ငံ ခေါင်းဆောင် ဖြစ်သည်။

ကြားဖြတ် ရွေးကောက်ပွဲသည် ဒီမိုကရေစီသို့ ခြေလှမ်းတစ်ခုအဖြစ် ရှုမြင်သောကြောင့် ကနေဒါက အရေးယူမှု အများစုကို ရုတ်သိမ်းပေးခဲ့ပြီး ဂျပန်ကလည်း မြန်မာနိုင်ငံက တင်ရှိနေသော ကြွေးမြီဒေါ်လာ ၃.၇ ဘီလျံအား လျှော်ပေးခဲ့သည်။ သို့သော် အမေရိကန်က ဗုဒ္ဓဟူးနေ့က ကြေညာရာတွင် ယင်းသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အဓိက အရေးယူမှုများကို ချက်ချင်း ရုတ်သိမ်းပေးမည် မဟုတ်ကြောင်း ဆိုခဲ့သည်။ ယင်းအနေဖြင့် တိုင်းရင်းသား ပြဿနာများ ပြီးဆုံးရေးနှင့် အခြား အဓိက ကိစ္စရပ်များကို တွန်းအားပေးနိုင်ရန် ဆက်လက် ထိန်းသိမ်းထားမည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့သည့် အပတ်က သူမသည် လာမည့် ဇွန်လတွင် ဗြိတိန်သို့ သွားရောက်ရန် စီစဉ်နေသည်ဟု ကြေညာခဲ့သည်။

************************************

မြန်မာနိုင်ငံ ဓာတ်ငွေ့ ရောင်းချမှု ဝင်ငွေ တိုးမြင့်လာ

(The Gulf Today မှ 23 April 2012 ရက်စွဲပါ Myanmar gas export revenue rises ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့ တင်ပို့ ရောင်းချမှုမှ ရရှိသော ဝင်ငွေသည် ၂ဝ၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာသန်း ၆၄ဝ မှဒေါ်လာ ၃.၅ ဘီလျံထိ မြင့်တက်ခဲ့သည်။ ယင်းဝင်ငွေအတွက် ရဲတံခွန်နှင့် ရတနာ ဓာတ်ငွေ့သိုက်များမှ သဘာဝ ဓာတ်ငွေ့များက အဓိက ပါဝင် ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။ ရွှေနှင့် ဇောတိက  ဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့ကိုမူ ၂ဝ၁၃ တွင် တင်ပို့ ရောင်းချနိုင်လိမ့်မည်ဟု မဇ္ဈိမသတင်းဌာနက ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်တွင် ဓာတ်ငွေ့ တင်ပို့ ရောင်းချခြင်းမှ ဒေါ်လာ ၂.၉ ဘီလျံ ရရှိခဲ့ပြီး ဖြစ်သည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် ၂ဝ၁၁ နိုဝင်ဘာလကုန်တွင် ဒေါ်လာ ၁၄ ဘီလျံထိ ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့သည့် လျှပ်စစ်ကဏ္ဍ ပြီးလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး အဆင့်တွင် ရပ်တည်လျက် ရှိသည်။

စွမ်းအင်ဝန်ကြီးဌာနက အဆိုပါကဏ္ဍတွင် နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများနှင့် ဖက်စပ်လုပ်ငန်း လုပ်ကိုင်စဉ် နိုင်ငံပိုင် ကုမ္ပဏီ ၇ ခုကို ခွင့်ပြုထားသည်။ လက်ရှိတွင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ပြင်သစ်၊ မလေးရှား၊ ရုရှားနှင့် တရုတ်တို့မှ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရှာလျက် ရှိသည်။ မြန်မာတွင် ပြန်လည် ဖြည့်တင်းနိုင်သော ရေနံစိမ်း အရံသိုက်သည် စည်ပေါင်း ၃.၂ ဘီလျံခန့် ရှိမည်ဟုလည်း ခန့်မှန်းထားကြသည်။

မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်ကဏ္ဍတွင် အဓိက ရင်းနှီးမြှုပ်နှံပြီး ထွက်ရှိသမျှ ဓာတ်အား အားလုံးနီးပါး လက်ခံ ဝယ်ယူနေသော တရုတ်မှ လျှပ်စစ်ဓာတ်အား ၁ဝဝ မီဂါဝပ် ပြန်လည် ဝယ်ယူကာ ဓာတ်အား မလုံလောက်မှု ပြဿနာ ဖြစ်ပေါ်နေသော ရန်ကုန်ဒေသကို ကူညီ ဖြည့်တင်း ပေးသွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အမတ်များ၏ မေးမြန်းမှုကို ဗုဒ္ဓဟူးနေ့က ဖြေဆိုခဲ့ကြောင်း သိရသည်။

********************************

မြန်မာ့ ပြုပြင်ပြောင်းလဲမှုများကြောင့် အာဆီယံ-အမေရိကန် ဆက်ဆံရေး အကျိုးအမြတ် ဖြစ်ထွန်းမည်

(The Jakarta Post မှ  26 April 2012 ရက်စွဲပါ Asean-US ties benefit the most from Myanmar reforms ကို ဘာသာ ပြန်ဆိုသည်)

အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့(အာဆီယံ) နှင့် အမေရိကန်ပြည်ထောင်စု ဆက်ဆံရေးသည် မြန်မာနိုင်ငံတွင် လုပ်ဆောင်လျက်ရှိသော ပြုပြင်ပြောင်းလဲမှုများထံမှ အကျိုးအမြတ် ဖြစ်ပေါ်ရရှိလိမ့်မည် ဖြစ်ကြောင်း အမေရိကန်ဆိုင်ရာ စင်ကာပူ သံအမတ်ကြီး Chan Heng Chee က ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်ဗေးနီးယားပြည်နယ် တက္ကသိုလ်၌ မိန့်ခွန်းပြောကြားရာတွင် "မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပခြင်း၊ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ပေါ်သို့ ရောက်ရှိအောင် ကြိုးပမ်းလျက်ရှိခြင်း အစရှိသည်တို့မှာ ကံအကြောင်းတရားကောင်း တစ်ခု ဖြစ်သည်" ဟု ၎င်းကဆိုပြီး ဧပြီလ ၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကို ညွှန်းဆိုသည်။

"တကယ်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံနဲ့ စေ့စပ်ညှိနှိုင်းပြီး ဆက်ဆံရေး တိုးမြှင့်မယ်ဆိုရင် မြန်မာနိုင်ငံကိုလည်း မတူညီတဲ့နေရာ တစ်ခုကနေ ထည့်သွင်းစဉ်းစားပေးရမှာ ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာပါပဲ ယခုဆိုရင် အဖွဲ့ဝင် ၁၀ နိုင်ငံစလုံး ပူးပေါင်းနိုင်ကြပြီ ဖြစ်ပါတယ်" ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုခြင်း၊ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုများ လုပ်ဆောင်ခြင်း အစရှိသည်တို့ကြောင့် အမေရိကန် ပြည်ထောင်စုနှင့် အနောက်အင်အားကြီး နိုင်ငံများက ယခင်နှစ်များစွာ ချမှတ် ပြဋ္ဌာန်းထားခဲ့သော ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးလျက်ရှိသည်။ အမေရိကန်ဘဏ္ဍာရေး ကျဆင်းမှုကြောင့် ဝါရှင်တန်အနေဖြင့် အာဆီယံ ဒေသတွင်း ရင်းမြစ်များရရှိရန် ကြိုးပမ်းရာတွင် အခက်အခဲဖြစ်စေမည်ဖြစ်သော်လည်း ၎င်းတွင် အမှန်တကယ် စိတ်ပါဝင်စားမှုရှိကြောင်း Chan Heng Chee ကပြောကြားသည်။ Lower Mekong Initiative ဟူသည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတွင် အမေရိကန် ပြည်ထောင်စု ပါဝင်နေခြင်း၊ သမ္မတအိုဘားမားသည် အာဆီယံအဖွဲ့ဝင်ဖြစ်သော အင်ဒိုနီးရှားတွင် ကြီးပြင်းခဲ့ခြင်း အစရှိသည်တို့မှာ ထင်ရှားသော သာဓကများပင်ဖြစ်သည်ဟု ၎င်းကထောက်ပြသည်။ ထို့ပြင် သံအမတ်ကြီး Chan Heng Chee က စင်ကာပူနိုင်ငံ၏ ဒီမိုကရေစီစနစ် အကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးပြောကြားသည်။

Yale တက္ကသိုလ်နှင့် စင်ကာပူ NUS တက္ကသိုလ်အကြား ဒီဘိတ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်၍ တောင်းဆိုလာမှုများ ဖြစ်ပေါ်စေနိုင်သော်လည်း စင်ကာပူ နိုင်ငံသားများသည် အိမ်ယာမြေဈေးနှုန်း၊ ငွေကြေးဖောင်ပွမှုနှုန်း မြင့်တက်ခြင်း အစရှိကဲ့သို့ အသက်မွေးဝမ်းကျောင်း ကိစ္စများကိုသာ ပိုမိုစိတ်ဝင်စားကြကြောင်း ၎င်းကဆိုသည်။ စင်ကာပူတို့အနေဖြင့် ၎င်းတို့၏ ဦးစားပေးမှုများကို သတ်မှတ်မည် ဆိုပါက အများစုက ၎င်းတို့နှင့် ထိုက်တန်သည့် အဆင့်အတန်းအတွက် ပညာသင်ပေးရေးကိုသာ အရေးကြီးသော အခွင့်အရေးတစ်ရပ် အဖြစ် ပြောဆိုကြမည်သာဖြစ်ကြောင်း ၎င်းကဆိုသည်။

မစ္စ Chan Heng Chee သည် စင်ကာပူနိုင်ငံမှနေ၍ ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ်မှ ကျောင်းသားများအတွက် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ဒီမိုကရေစီ ဘာသာရပ်များကို ပို့ချခဲ့ဖူးသည်။ ယခုဆွေးနွေးပွဲတွင်မူ Chang က နိုင်ငံတိုင်းတွင် အဆိုပါနိုင်ငံနှင့် သင့်လျော်သည့် ဒီမိုကရေစီစနစ် ရှိကြသည်သာ ဖြစ်ကြောင်း ပြောဆိုသည်။ "ကျွန်မတို့ ဒီမိုကရေစီစနစ်က အင်မတန် လက်တွေ့ကျပါတယ်။ ကျွန်မတို့ဆီမှာ တရုတ်၊ အိန္ဒိယနဲ့ မလေးရှား လူမျိုးတွေ ရှိတယ်။ အင်္ဂလိပ်ဘိုးဘေးတွေကနေ ဆင်းသက်လာသူတွေ မဟုတ်ပါဘူး။ လွတ်လပ်မှုအတွက် အသေခံမယ်ဆိုတာ ပြင်သစ်လူမျိုးတွေ ဆိုတာ ရှင်တို့သိကြမှာပါ။ ယဉ်ကျေးမှုတွေက အင်မတန် ကွာခြားပါတယ်" ၎င်းကပြောကြားသည်။

စင်ကာပူ အာဏာရပါတီဖြစ်သော PAP သည် တက်ကြွပြီး အလိုက်သင့်လုပ်ကိုင်တတ်သော နိုင်ငံရေးပါတီ ဖြစ်ကြောင်း၊ ၎င်း၏ မူဝါဒများ အမြဲတမ်း တိတိကျကျ မဖြစ်သော်လည်း ပါတီဝင်များက ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား ကိစ္စကို ယုံကြည်ကြကြောင်း ဆက်လက်ပြောဆိုသည်။

*********************************

ဟီလာရီကလင်တန် ရှေ့လအစောပိုင်းတွင် အိန္ဒိယသို့ သွားမည်

(The Asian Age မှ 26 April 2012 ရက်စွဲပါ Hillary Clinton to visit India early next month ကိုဘာသာပြန်သည်)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ရှေ့လအစောပိုင်းတွင် အိန္ဒိယနိုင်ငံသို့ သွားရောက် လည်ပတ်မည်ဖြစ်ရာ၊ အာရှ သုံးနိုင်ငံခရီး၏ တစ်ခုဖြစ်သည်။ အိန္ဒိယခေါင်းဆောင်များနှင့် အာဖကန် နစ္စတန်၊ ပါကစ္စတန်၊ တရုတ်နှင့် မြန်မာ အပါအဝင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အဓိက ကိစ္စရပ်များကိုဆွေးနွေးတိုင်ပင်သွားမည် ဖြစ်သည်။

အိန္ဒိယသို့ သွားရောက်ရန် ကလင်တန်က ရုတ်တရက်ဆုံးဖြတ်လိုက်ခြင်းမှာ အံ့အားသင့်ဖွယ်ဖြစ်ပြီး၊ မူလခရီးစဉ်တွင် ပါဝင်ခြင်းမရှိပါ။ မူလက မေ ၃-၄ ရက်တွင် ဘေဂျင်း၌ ကျင်းပမည့် စတုတ္ထအကြိမ် အမေရိကန်-တရုတ် မဟာဗျူဟာနှင့် စီးပွားရေးဆွေးနွေးပွဲ တက်ရောက်ရန်သာ ဖြစ်သည်။ ကလင်တန်သည် မေလ ၅ ရက်မှ ၈ ရက်ထိ ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။

ဝန်ကြီးသည် သူမ၏ အိန္ဒိယခရီးစဉ်အတွင်း ကာလကတ္တားနှင့် နယူးဒေလီသို့ သွားရောက်မည် ဖြစ်သည်။ နယူးဒေလီသို့ သွားရောက်ခြင်းမှာ ဇွန်လ (၁၃) ရက်တွင် ကျင်းပမည့် အမေရိကန်-အိန္ဒိယ မဟာဗျူဟာဆွေးနွေးပွဲ မတိုင်မီ သွားရောက်ခြင်း ဖြစ်ပြီး၊ အမေရိကန်က အိန္ဒိယနှင့် ဆက်ဆံရေးကို ကလင်တန် ကိုယ်တိုင် စိတ်ဝင်စားကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်သည် အိန္ဒိယ-အမေရိကန် ဆက်ဆံရေးသည် နောက်ပိုင်း ကောင်းမွန်ခြင်းမရှိဟု ပြောဆိုခဲ့သော ဝေဖန်သူများအား ရှင်းလင်းသော သတင်းစကား ပေးပို့လိုက်ခြင်းပင် ဖြစ်သည်။

ကလင်တန်သည် ကာလကတ္တားတွင် အစိုးရတာဝန်ရှိသူများနှင့် လည်းကောင်း၊ လူထုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း တွေ့ဆုံနိုင်ရန် မျှော်လင့်နေသည်။

သူမ၏ ခရီးစဉ်အတွင်းဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် လည်းကောင်း၊ ပြင်ပရေးရာဝန်ကြီး S.M Krishna နှင့်လည်းကောင်း တွေ့ဆုံရန် မျှော်လင့်နေသည်။ သူမသည် မဟာဗျူဟာ ပူးတွဲဆောင်ရွက်မှုနှင့် ဇွန်လ (၁၃) ရက်တွင် ကျင်းပမည့် အိန္ဒိယ-အမေရိကန် မဟာဗျူဟာဆွေးနွေးပွဲအတွက် တိုးတက်မှုများကို သုံးသပ်မည် ဖြစ်သည်။

ကလင်တန်နှင့် အိန္ဒိယခေါင်းဆောင်များ တွေ့ဆုံ့မှုသည် တရုတ်နိုင်ငံတွင် အဆင့်မြင့်ပုဂ္ဂိုလ်အဆင့် ဆွေးနွေးပွဲများ အပြီးနှင့် ချီကာဂိုတွင် ကျင်းပမည့် NATO ထိပ်သီးအစည်းအဝေး မတိုင်မီ ဖြစ်ခြင်းကြောင့် အရေးပါမှုများ တိုးပွားစေမည် ဖြစ်သည်။ NATO ထိပ်သီးအစည်းအဝေးတွင် အာဖဂန် နစ္စတန်နှင့် ပတ်သက်၍ အရေးကြီးသော ဆုံးဖြတ်ချက် ချမှတ်မည်ဟု မျှော်လင့်ရသည်။

*******************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment