Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၇.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်မည်

(Global Post မှ 26 April 2012 ရက်စွဲပါ “World Bank to open office in Myanmar” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. အီးယူ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်

(European Voice မှ 26 April 2012 ရက်စွဲပါ Ashton to meet Suu Kyi during Myanmar visit ကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်၏ မြန်မာ့အရေးဆောင်ရွက်ချက်များ တရုတ်ကို ဦးတည်ခြင်းမရှိဟု ဘေဂျင်းမျှော်လင့်

(Reuters သတင်းဌာနမှ 25 April 2012 ရက်စွဲပါ China says hopes US Myanmar moves not aimed at Beijing ကို ဘာသာ ပြန်ဆိုသည်)

*************************************

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်မည်

(Global Post မှ 26 April 2012 ရက်စွဲပါ “World Bank to open office in Myanmar” သတင်းကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာ့ဘဏ်က ၎င်း၏ နောက်ဆုံးစီမံကိန်းများအဆုံးသတ်ပြီး နှစ်ပေါင်း ၂၀ ခန့် အကြာတွင် မြန်မာနိုင်ငံနှင့် ပြန်လည် ထိတွေ့ဆက်ဆံသည့် ခြေလှမ်းအဖြစ် ဇွန်လတွင် မြန်မာနိုင်ငံ၌ ရုံးခွဲဖွင့်လှစ်တော့မည်ဟု ကြာသပတေးနေ့က ပြောကြားကြောင်း Associated Press က သတင်းဖော်ပြခဲ့သည်။

ကမ္ဘာ့ဘဏ် အနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို စစ်ဆေးလေ့လာမည်ဟု ဘဏ်၏  အရှေ့အာရှဒေသဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ ပင်မလာကော့စ် က ပြောကြားသည်။

“ကျွန်မတို့ရဲ့ ဆက်ဆံမှု ရှေ့ဆက်သွားနိုင်မယ့် အစိအစဉ်တွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ရဲ့ ဘုတ်အဖွဲ့၊ ကျွန်မတို့ရဲ့ ရှယ်ယာပိုင်ရှင်တွေ၊ တခြား လုပ်ဖော်ကိုင်ဘက် နိုင်ငံတွေ၊ IMF အဖွဲ့ ပြီးတော့ မြန်မာအစိုးရအစရှိတဲ့ အဖွဲ့တွေ အားလုံးနဲ့ ကျွန်မတို့ တကယ်ကို နီးနီးကပ်ကပ် ပူးပေါင်း လုပ်ဆောင်နေကြပါတယ်” ဟုပင်မလာကော့စ် က ပြောကြားကြောင်း Reuters သတင်းအရ သိရှိရသည်။

မြန်မာနိုင်ငံသည် မပေးဆပ်ရသေးသော ကြွေးမြီ မြောက်များစွာနှင့်အတူ နိုင်ငံတကာအပယ်ခံ ဘဝဖြင့် နှစ်ပေါင်း ၂၀ ခန့် တိမ်မြှုပ်နေခဲ့ပြီးနောက် ယခုအခါ ပြန်လည် ရုန်းထလာနေပြီဟုလည်း ပင်မလာကော့စ်က ထောက်ပြခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်သို့ ဒေါ်လာ ၃၉၃ သန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကို ဒေါ်လာသန်း ၅၀၀ ပေးလျှော်ရန် ကြွေးမြီ ကျန်ရှိနေသည် ဟုသိရှိရသည်။

*********************************

အီးယူ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်

(European Voice မှ 26 April 2012 ရက်စွဲပါ Ashton to meet Suu Kyi during Myanmar visit ကို ဘာသာ ပြန်ဆိုသည်)

ဥရောပသမဂ္ဂ (အီးယူ) ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကက်သရင်း အက်ရှ်တနသည် ယခု သီတင်းပတ် (ဧပြီ ၂၈-၃ဝ) တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ရာ ၂ဝ၁ဝ နိုဝင်ဘာတွင် မြန်မာ အတိုက်အခံ ခေါင်းဆောင် နေအိမ်အကျယ်ချုပ်မှာ လွတ်မြောက်လာပြီးနောက်ပိုင်း အီးယူ၏ အမြင့်ဆုံး အဆင့် တွေ့ဆုံမှု ဖြစ်လာမည် ဖြစ်သည်။

၂ဝ၁၁ နှစ်လယ်ပိုင်းမှစတင်၍ အံ့အားသင့်စရာ နိုင်ငံရေး အပြောင်းအလဲ အရှိန်အဟုန် ရလာခဲ့သည်ဟု အီးယူ အကြီးတန်း တာဝန်ရှိသူ တစ်ဦး ပြောကြားခဲ့သည့် အတိုင်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို အသိအမှတ် ပြုသည့်အနေဖြင့် အီးယူက ယခင် ချမှတ်ထားသော အရေးယူမှုများကို ရပ်ဆိုင်းခဲ့ပြီးနောက် တစ်ပတ်အကြာတွင် အထက်ပါအတိုင်း တွေ့ဆုံမည့် အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့်လည်း တွေ့ဆုံမည့် အရှေ့တောင်အာရှခရီး၏ အဓိကကျသော မြန်မာခရီးစဉ်တွင် အက်ရှ်တန်က အီးယူ၏ ရန်ကုန်ရုံးကို ဖွင့်လှစ်ပေးမည် ဖြစ်သည်။

သံတမန်ရေး အပြည့်အဝ ဆက်ဆံမည့် ကိုယ်စားလှယ်ရုံး မဖွင့်နိုင်သေးခြင်းကိုမူ ရှုပ်ထွေးသော ဗြူရိုကရေစီ လုပ်ထုံးလုပ်နည်းနှင့် လက်တွေ့ ဆိုင်ရာ သုံးသပ်ချက်များက ရှင်းလင်း ဖော်ပြလိမ့်မည်ဟု အီးယူ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် အီးယူ နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်မည့် အလားအလားကိုလည်း ကက်သရင်း အက်ရှ်တန်က လေ့လာမည်ဟု သိရှိရသည်။ ထိုအစီအစဉ်ကို အကြံပြု တင်ပြခဲ့သော ဘယ်လ်ဂျီယံ နိုင်ငံခြားရေး ဝန်ကြီး ဒီဒီယာ ရင်ဒါ၏ ရုံးက "ဥရောပ အစိုးရများက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စိတ်ဝင်စားနေခြင်းကြောင့် အကြံပြုတင်ပြခြင်း ဖြစ်သည်" ဟု ထုတ်ပြန် ကြေညာထားသည်။

လာမည့် ဇွန်လတွင် ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီး ထွက်ခွာရန် စီစဉ်ထားသည့် ဒေါ်အောင်ဆန်းစုကြည် သည်လည်း သူမ နေထိုင်ခဲ့ဖူးသော ယူကေနိုင်ငံနှင့် နိုဘယ်ဆု ချီးမြှင့်ခဲ့သော နော်ဝေနိုင်ငံများသို့ သွားရောက်မည်ဟု သိရသည်။ ဥရောပ ပါလီမန်ကလည်း ၁၉၉ဝ ခုနှစ်က ချီးမြှင့်ခဲ့သည့် ဆာခါရော့ဗ်ဆုကို ကိုယ်တိုင် လက်ခံယူရန် သူမကို ထပ်မံ ဖိတ်ကြားထားသည်။

*******************************

အမေရိကန်၏ မြန်မာ့အရေးဆောင်ရွက်ချက်များ တရုတ်ကို ဦးတည်ခြင်းမရှိဟု ဘေဂျင်းမျှော်လင့်

(Reuters သတင်းဌာနမှ 25 April 2012 ရက်စွဲပါ China says hopes US Myanmar moves not aimed at Beijing ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံနှင့် ပြန်လည် စေ့စပ်ညှိနှိုင်းရန် အမေရိကန်ပြည်ထောင်စု၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် တရုတ်နိုင်ငံကို ရည်ရွယ်ခြင်းမရှိဟု မျှော်လင့်မိကြောင်း တရုတ်နိုင်ငံ အကြီးတန်းသံတမန်တစ်ဦးက ပြောကြားကာ မဟာဗျူဟာအရ အရေးပါသည့် နိုင်ငံဖြစ်ပြီး စီးပွားရေးမိတ်ဖက်ဖြစ်သော အိမ်နီးချင်း မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စု၏ သြဇာလွှမ်းမိုးမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသလိုက်သည်။

တရုတ်နိုင်ငံပိုင် မီဒီယာနှင့် ပညာရှင်များကလည်း တဖြည်းဖြည်းချင်း ဒီမိုကရေစီအသွင် ကူးပြောင်းလျက် ရှိသော မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရ ပြန်လည် စိတ်ဝင်တစားရှိလာမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော် ပြောဆိုရေးသားသည်။ အမေရိကန်အစိုးရ၏ စိတ်ဝင်စားမှုသည် မြန်မာနိုင်ငံအပေါ် တရုတ်ပြည်၏ သြဇာလွှမ်းမိုးမှု လျော့ကျသွားအောင် ဦးတည်ခြင်းဖြစ်နိုင်သည်ဟုလည်း ပြောဆိုကြသည်။

တရုတ်သည် အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့အရေးယူမှုများကို မြန်မာနိုင်ငံ ခံစားနေရသည့် အချိန်ကာလ အတွင်း အကြီးဆုံးသော မဟာမိတ်နိုင်ငံဖြစ်လာသည်။ မြန်မာပြည်တွင်း အခြေခံ အဆောက်အဦ စီမံကန်းများ၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းကြီးများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည်။

"မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အရေးကိစ္စတွေကို ကျွန်တော်တို့ အလေးအနက်ထား စိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ အရေးကိစ္စ တွေက ကျွန်တော်တို့ ကိုယ်ပိုင်နယ်စပ်ဒေသရဲ့ ငြိမ်းချမ်းမှုနဲ့ အေးချမ်းသာယာမှုကို ထိခိုက်နိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်" ဟု တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Cui Tiankai က ပြောကြားသည်။

"အမေရိကန်ပြည်ထောင်စုဟာ အတိတ်ကာလတုန်းက မြန်မာနိုင်ငံနဲ့ ဘာကြောင့် စေ့စပ်ညှိနှိုင်းမှုမပြုဘဲ ယခုအခါမှ စေ့စပ်ညှိနှိုင်းမှုပြုဖို့ ဘာကြောင့် လုပ်လာတယ် ဆိုတဲ့မေးခွန်းကို အမေရိကန် အစိုးရကသာ ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အမေရိကန် အထူးသံတမန် ဒဲရစ်မစ်ချဲလ်က ပြီးခဲ့သည့် ဒီဇင်ဘာလ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့သို့ သွားရောက်ခဲ့ရာတွင် "အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံတွင်း တရုတ်ပြည်၏ အကျိုးစီးပွားကို လျော့ပါးသွားအောင် လုပ်ဆောင်ရန် ရွယ်ရွယ်ချက် မရှိပါကြောင်း" ပြောဆိုခဲ့သည်။

လက်ရှိ အနေအထားတွင် အမေရိကန်ပြည်ထောင်စုသည် ဥရောပသမဂ္ဂ၊ ဂျပန် အပါအဝင် အခြားသော နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့အရေးယူမှုများကို တဖြည်းဖြည်းချင်း လျှော့ချပေးလျက်ရှိသည်။ အကြောင်းမှာ စစ်တပ်ကျောထောက်နောက်ခံ မြန်မာအရပ်သား အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လာသောကြောင့် ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပတ်သက်၍ ကာလကြာရှည်စွာ စိုးရိမ်ပူပန်ခဲ့သည်။ မြန်မာပြည်သူများအကြား တရုတ်လူမျိုးများ သမိုင်းကြောင်းအရ ဝင်ရောက်နေထိုင်လျက်ရှိခြင်း၊ တရုတ်ဦးဆောင် အကောင်အထည် ဖော်လျက် ရှိသည့် မြစ်ဆုံစီမံကိန်းကို သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့က အများပြည်သူ၏ ဆန္ဒနှင့် ဆန့်ကျင်သည်ဟု ဆိုကာ ရပ်ဆိုင်းလိုက်ခြင်း အစရှိသည်တို့ကြောင့် ဘေဂျင်းအစိုးရ အနေဖြင့် စိုးရိမ်ပူပန်ခဲ့ခြင်း ဖြစ်သည်။

*******************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment