Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ရွှေလမ်း၊ ငွေလမ်း ပွင့်လန်းလာသော မြန်မာနှင့် နိုင်ငံတကာ ဆက်ဆံရေး

*****************************************

ဆောင်းပါးကဏ္ဍ

ရွှေလမ်း၊ ငွေလမ်း ပွင့်လန်းလာသော မြန်မာနှင့် နိုင်ငံတကာ ဆက်ဆံရေး

(ဧပြီ ၂၆ ထုတ် Popular News အတွဲ (၄) အမှတ် (၁၆) မှ ထုတ်ယူဖော်ပြသည်။)

သိန်းဌေးမောင်

ဧပြီလအတွင်း မြန်မာနှင့် နိုင်ငံတကာ ဆက်ဆံရေး ခြေလှမ်းများ လျင်မြန်စွာ ဖြစ်ထွန်းလာသည်။ မြန်မာနိုင်ငံသို့ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း သည် ဧပြီလ၊ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ ဧပြီလ ၁၉ ရက်နေ့တွင် ငါးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ဥရောပနိုင်ငံများနှင့်လည်း ဝန်ကြီးအဆင့် အပြန်အလှန် ကူးလူးဆက်ဆံမှုများ တွေ့ရသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် ကျင်းပသော အကြိမ် ၂ဝမြောက် အာဆီယံထိပ်သီးအစည်းအဝေး သို့ ဧပြီလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့သည်။

မြန်မာ-ဂျပန်ဆက်ဆံရေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ယိုရှီ ဟီကိုနိုဒတို့ ဧပြီလ ၂၁ ရက်နေ့တွင် နှစ်နိုင်ငံနှင့် ဒေသဆိုင်ရာ အရေးကိစ္စများ ဆွေး နွေးကြပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်းရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူပြုနိုင်ရန် ဂျပန်နိုင်ငံမှ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် လူနည်းစု တိုင်းရင်းသားများနှင့် ဆင်းရဲသားပြည်သူများ၏ စားဝတ်နေရေး တိုးတက်စေရန် စိုက်ပျိုး ရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီနိုင်ငံတော် ရှင်သန်မှုအတွက် လိုအပ်သောစနစ်၊ အဖွဲ့အစည်းများနှင့် လူ့စွမ်းရည် မြှင့်တင်ရေး၊ ရေရှည် တည်တံ့ သော စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးတို့ကို ဦးတည် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှု

ယင်းသို့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ရာ၌ အရေးပါသော သဘောတူညီချက်အဖြစ် မြန်မာနိုင်ငံမှ ဂျပန်သို့ပေးရန်ရှိ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၂ ဘီလျံကို လျှော်ပေးပြီး ဂျပန်နိုင်ငံမှ ပြည်ပ ဖွံ့ဖြိုးရေး အထောက်အပံ့ကို ပြန်လည် စတင်မည်ဖြစ်သည်။

သီလဝါဆိပ်ကမ်းနှင့် စက်မှုဇုန် ပင်မစီမံကိန်း လုပ်ငန်းအပါအဝင် သဘာဝဘေးအန္တရာယ် စီမံကွပ်ကဲရေး၊ သတင်းနှင့် ဆက်သွယ်ရေး နည်းပ ညာ၊ ဂျပန်-မြန်မာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ စွမ်းအင်နှင့် သတ္တုအရင်းအမြစ် ရှာဖွေ ထုတ်လုပ်ရေးတို့အတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

မဲခေါင်-ဂျပန်ပူးပေါင်းဆောင်ရွက်ရေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် မဲခေါင်ဒေသ ငါးနိုင်ငံဖြစ်သည့် ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်ခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ပြီးခဲ့သော သုံးနှစ်ကာလအတွင်း ရည်မှန်းချက်များ အကောင်အထည် ဖော်ဆောင်နိုင်မှုကို သုံးသပ်ခဲ့ကြသည်။ ရည် မှန်းချက်များ အတော်အတန် ပြီးမြောက်ခဲ့ပြီး ဖြစ်သော်လည်း တိုးတက်ဖြစ်ထွန်းလာသော အခြေအနေများအရ ရှေ့ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်း များကို ဆွေးနွေးခဲ့ကြသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများ

ရှေ့လုပ်ငန်းစဉ်တွင် အဓိက မဏ္ဍိုင်ကြီးသုံးရပ် ချမှတ်ထားရှိသည်။ ပထမမဏ္ဍိုင်အဖြစ် မဲခေါင်ဒေသတွင်း ဆက်သွယ်မှု အရှိန်အဟုန် မြှင့်တင် ရေး၊ ဒုတိယမဏ္ဍိုင်အဖြစ် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး၊ တတိယမဏ္ဍိုင်အဖြစ် လူသားများ လုံခြုံရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို သတ်မှတ်ခဲ့ သည်။

ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများကိုလည်း ဆွေးနွေးကြပြီးနောက် မဲခေါင်ဒေသ ငါးနိုင်ငံ မြန်နှုန်းမြင့် ရထားလမ်း၊ ဆိပ်ကမ်းနှင့် ရေပေးဝေ ရေးစီမံကိန်း အပါအဝင် တစ်နိုင်ငံချင်း အလိုက် ဂျပန်နိုင်ငံက ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ချပြခဲ့သည်။ စီမံကိန်းလုပ်ငန်း စုစုပေါင်း ၅၇ ခု အ တွက် လျာထား ဘတ်ဂျက်မှာ အမေရိကန်ဒေါ်လာ ၂၈ ဘီလျံ ဖြစ်သည်။

အဆိုပါ စီမံကိန်း လုပ်ငန်းများသည် ၂ဝ၁၃ ခုနှစ် ဧပြီလမှစတင်၍် သုံးနှစ်ကြာမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလျံ (ဂျပန်ယန်းငွေ ၆ဝဝ ဘီလျံ) အထောက်အပံ့ပေးမည် ဖြစ်သည်။

မြန်မာနိုင်ငံလုပ်ငန်း ၁၂ ရပ်

ယင်းစီမံချက်အရ မြန်မာနိုင်ငံတွင် အောက်ပါ လုပ်ငန်းစီမံကိန်း ၁၂ ရပ်ကို ချမှတ် အကောင်အထည်ဖော်ရန် ပါရှိသည်။

(၁) သီလဝါ ဆိပ်ကမ်း ဖွံ့ဖြိုးရေး၊

(၂) သီလဝါ အထူးစီးပွားရေးဇုန် တည်ထောင်ရေး၊

(၃) ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ် ဓာတ်အားစက်ရုံ အကြီးစား မွမ်းမံရေး၊

(၄) မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး စီမံချက်၊

(၅) NEXI ချေးငွေ ထုတ်ပေးရေး အစီအစဉ် ထူထောင်ရေး၊

(၆) မြန်မာနိုင်ငံအလယ်ပိုင်း ပေါင်းလောင်းရေအား လျှပ်စစ်ဓာတ်အားစက်ရုံ တည်ဆောက်ရေး၊

(၇) ရန်ကုန်ဒေသကြီး ရေပေးဝေရေးနှင့် မိလ္လာအညစ်အကြေး စွန့်ပစ်ရေးလုပ်ငန်း၊

(၈) မြန်မာ့မီးရထားလုပ်ငန်း၏ ရန်ကုန်-မန္တလေး အမြန်ရထားလမ်း ခေတ်မီပြုပြင်ရေး၊

(၉) ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားခွဲရုံများနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ချိရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေး၊

(၁ဝ) အင်တာနက် အသုံးပြုမှု ဖွံ့ဖြိုးရေး၊

(၁၁) ဆက်သွယ်ရေးကွန်ရက်များ ဖွံ့ဖြိုးရေး၊

(၁၂) ထားဝယ်မြို့တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ရေးလမ်း ဖောက်လုပ်ရေး၊

လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု

သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာနိုင်ငံ အစိုးရသည် နိုင်ငံတော်၏ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန် မြှင့်တင် နိုင်ရေးအတွက် ကြိုးပမ်းရာတွင် အရင်းခံဖြစ်သော မြန်မာပြည်သူများ၏ ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ အပြင် မိတ္တဗလကိုပါ အားထည့်ကြိုးပမ်းနေသည်ကို တွေ့ရသည်။ ကိုယ့်အင်အားအပြင် မိတ်သဟာတို့၏ အထောက်အပံ့ဖြင့် တိုးတက်မှုအရှိန် မြင့်မားလာစေမည် ဖြစ်သည်။ ဤတွင် နှစ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေး၊ ဒေသတွင်းနိုင်ငံများနှင့် ပြည်သူများအကြား ဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်အသီးသီးတွင် အပြန်အလှန် လေးစားချစ်ကြည်မှု အခြေခံဖြင့် အားစိုက်ကြမည်ဆိုလျှင် ပြည်သူအများ မျှော်လင့်နေသည့် ‘ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်’ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။

****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment