Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၂.၅.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ကလင်တန်နှင့် ဒေါ်စု အမေရိကန် အရေးယူမှုများ ဖြေလျော့မှုကိစ္စ ဆွေးနွေး

(21 May 2012 ရက်စွဲပါ The Washington Post မှ AP ၏ Clinton, Suu Kyi discuss easing of US sanctions, agree Myanmar reforms 'fragile' ကို ဘာသာပြန်သည်)

  1. ဒေါ်အောင်ဆန်းစုကြည် ၂၁ နှစ်နောက်ကျ၍ နိုဘယ်မိန့်ခွန်းခြွေမည်

(The Independent မှ 22 May 2012 ရက်စွဲပါ “Suu Kyi to give Nobel Speech, 21 years late”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရင်းနှီးမြှုပ်နှံမှု စာချုပ်ဆိုင်ရာ ဆွေးနွေးမှုများကို ဂျပန်-မြန်မာ စတင်

(Japan Today မှ 22 May 2012 ရက်စွဲပါ “Japan, Myanmar start investment tready talks” သတင်းကို ဘာသာပြန်ဆိုသည်)

  1. လျှပ်စစ်မီး မရရှိမှုကြောင့် မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲများဖြစ်

(22 May 2012 ရက်စွဲပါ iol News မှ Blackouts spark protests in Myanmar ကို ဘာသာပြန်သည်)

***************************

ဘာသာပြန်သတင်းများ

ကလင်တန်နှင့် ဒေါ်စု အမေရိကန် အရေးယူမှုများ ဖြေလျော့မှုကိစ္စ ဆွေးနွေး

(21 May 2012 ရက်စွဲပါ The Washington Post မှ AP ၏ Clinton, Suu Kyi discuss easing of US sanctions, agree Myanmar reforms 'fragile' ကို ဘာသာပြန်သည်)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် မကြာသေးမီက ဖြေလျော့ပေးခဲ့သော အမေရိကန်၏ အရေးယူမှုများ အကြောင်းနှင့် ပြုပြင်ပြောင်းလဲမှုများ နောက်ပြန်မလှည့်ရေး ကာကွယ်ရန် လိုအပ်ပုံတို့ကို ဆွေးနွေး ခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက တနင်္လာနေ့က ပြောကြားလိုက်သည်။

အမေရိကန်က သောကြာနေ့က အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ ပိတ်ပင်ထားခြင်းနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ မြန်မာနိုင်ငံသို့ ပေးခြင်းအား တားဆီးပိတ်ပင်ထားခြင်းများကို ယာယီ ရုတ်သိမ်းကြောင်း ကြေညာခဲ့သည်။ ယခု ခြေလှမ်းမှာ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ငါးခုကျော် အာဏာရှင်အုပ်ချုပ်ရေးမှ ပြောင်းလဲလာမှုအပေါ် ဆုလာဘ်ပေးသည့် အိုဘားမားအစိုးရ၏ အရေးပါသော ခြေလှမ်းဖြစ်သည်။ လူ့အခွင့်အရေး အုပ်စုများကမူ အဆိုပါ လုပ်ရပ်ကို အချိန်မတန်သေးကြောင်း ဝေဖန်ခဲ့သည်။

ကလင်တန်သည် တနင်္ဂနွေနေ့ညက ဒေါ်အောင်ဆန်းစုကြည် နှင့် စကားပြောခဲ့ပြီး၊ ယင်းတို့ နှစ်ဦးသည် ပြီးခဲ့သည့် လများက အရေးကြီးသည့် တိုးတက်မှုများသည် အချိန်မရွေး ပြောင်းလဲသွားနိုင်သည့် (fragile) အခြေအနေတွင် ရှိနေသေးကြောင်း သဘောတူခဲ့ကြသည်။ အမေရိကန်အနေဖြင့် အရေးယူမှုများကို အာမခံထားသည့် မူဝါဒမျိုးအဖြစ် ဆက်လက် ထားရှိမည်ဖြစ်ကြောင်း ကလင်တန်က ပြောခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ သိရှိရသည်။

ယင်းတို့နှစ်ဦးသည် တာဝန်ယူပြီး၊ ပွင့်လင်းမြင်သာသော ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးအတွက် တိကျသောခြေလှမ်းများ လိုအပ်ပုံ၊ ပြုပြင်ပြောင်းလဲရေးသမားများအား အင်အား မြှင့်တင်ပေးရန်နှင့် ဖိနှိပ်သူများကို ပစ်မှတ်ထားရန် ဆွေးနွေးခဲ့ကြသည်ဟု ကြေညာချက်ကဆိုသည်။ ယင်းတို့နှစ်ဦးသည် ကာလရှည်နေပြီဖြစ်သော မြန်မာနိုင်ငံ၏ တိုင်းရင်းသားပဋိပက္ခများ ဖြေရှင်းရာတွင် တိုးတက်မှုရှိရန် အရေးတကြီး လိုအပ်ပုံနှင့် တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ဆိုင်းသွားရန် ကိစ္စများကို ဆွေးနွေးခဲ့သည်။

ကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဆက်လက်၍ အနီးကပ် အဆက်အသွယ်မပြတ် ရှိနေစေရန် သဘောတူကြသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီမှအဖွဲ့ဝင်များသည် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းကို အသိအမှတ် ပြုသောအားဖြင့် ဥရောပသမဂ္ဂမှ အရေးယူမှုများ ယာယီရုတ်သိမ်းခြင်းနှင့် အမေရိကန်၏ အလားတူလုပ်ဆောင်မှုများကို ဒေါ်အောင်ဆန်းစုကြည်က သတိကြီးစွာဖြင့် ထောက်ခံခဲ့သည်။

လူ့အခွင့်အရေးအုပ်စုများနှင့် အချို့မြန်မာလှုပ်ရှားသူများက ကချင်ပြည်နယ်မှ ပြင်းထန်သောတိုက်ပွဲများအတွက် စိုးရိမ်ပူပန်ရမှုများနှင့် နိုင်ငံရေး အကျဉ်းသားများ ကျန်ရှိနေမှုကို ပြောဆိုခဲ့ကြသည်။ လှုပ်ရှားသူများက အရေးယူမှုများ၊ ယာယီ ရုတ်သိမ်းထားပြီး ပြန်လည်ချမှတ်ရန် ခက်ခဲသွားမည်ကို စိုးရိမ်ပူပန်လျက် ရှိသည်။

****************************************

ဒေါ်အောင်ဆန်းစုကြည် ၂၁ နှစ်နောက်ကျ၍ နိုဘယ်မိန့်ခွန်းခြွေမည်

(The Independent မှ 22 May 2012 ရက်စွဲပါ “Suu Kyi to give Nobel Speech, 21 years late”သတင်းကို ဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိပြီး ၂၁ နှစ်နီးပါး ကြာမြင့်ခဲ့ချိန်၊ ယခု နောက်ဆုံးတွင်မူ ဆုလက်ခံ ရရှိခြင်းအတွက် ကျေးဇူးတင်စကား ပြောဆိုခွင့်ကို ရရှိတော့မည် ဖြစ်သည်။

မြန်မာအတိုက်အခံခေါင်းဆောင်သည် သူမ၏ နော်ဝေး ခရီးစဉ်အတွင်း ဇွန် ၁၆ ရက်တွင် အော့စလိုမြို့တော်ခန်းမ၌ မိန့်ခွန်းပြောကြား လိမ့်မည်ပာု ငြိမ်းချမ်းရေး အဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူ ဆီဂရစ် လန်ဂီဘရက်က မနေ့က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဇွန်လ ၁၅-၁၈ ခရီးစဉ်တွင် နော်ဝေနိုင်ငံ ဝန်ကြီးချုပ် ဂျင်စတော်လတန်ဘတ်ဂ်နှင့်လည်း တွေ့ဆုံမည်ပာု နော်ဝေးအစိုးရ သတင်းထုတ်ပြန်သည်။

သူမသည် ဗြိတိန်နိုင်ငံသို့လည်း သွားရောက်မည်ပာု မျှော်လင့်ရပြီး ယခင် တောင်အာဖရိက ခေါင်းဆောင် နယ်လဆင်မင်ဒဲလားနှင့် အမေရိကန် သမ္မတအိုဘားမား တို့ကဲ့သို့သော ပုဂ္ဂိုလ်များကိုသာ ရှားရှားပါးပါး ဂုဏ်ပြုဖိတ်ကြားသည့် ဗြိတိန်လွှတ်တော် နှစ်ရပ်လုံးတွင်လည်း မိန့်ခွန်း ပြောကြားဦးမည် ဖြစ်သည်။ ထို့အပြင် ၁၉၇၀ ခုနှစ်များက သူမ ပညာသင်ကြားခဲ့သော အောက်စဖို့တက္ကသိုလ်သို့လည်း သွားရောက် လည်ပတ်မည်ပာု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၄ နှစ်အတွင်း သူမ၏ ပထမဆုံး နိုင်ငံကူးလက်မှတ်ကို ယခုလတွင်ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေးကာလ ၂၂ နှစ်အတွင်း စစ်အစိုးရဆန့်ကျင်ရေး ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဖြစ်လာခဲ့သော သူမအား ယခင် အာဏာပိုင်များက ၁၅ နှစ်သို့ အကျယ်ချုပ် ထိန်းသိမ်းထားခဲ့ကြသည်။ ထိုကာလအတွင်း အထိန်းသိမ်းမခံရသောအချိန် (ခေတ္တလွတ်မြောက်ချိန်)များတွင်မူ နိုင်ငံခြားခရီးစဉ် ထွက်ခွာရန် သူမငြင်းဆန်ခဲ့ရခြင်းမှာ ပြည်ဝင်ခွင့်ပြန်မပေးမည် ကို စိုးရိမ်ရသောကြောင့်ဖြစ်သည်။

ထိုကဲ့သို့ အထိန်းသိမ်းခံနေရ ခြင်းကြောင့် ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆုပေးပွဲ အခမ်းအနားကို သူမတက်ရောက်နိုင်ခဲ့ခြင်းမရှိပါ။ သူမ၏ ကိုယ်စား သားကြီး အလက်ဇန္ဒားအဲရစ်က ဆုကို လက်ခံယူခဲ့ခြင်းဖြစ်သည်။

ယခု ဥရောပ ခရီးစဉ်သည် ၁၉၈၈ ခုနှစ်က သူမ၏ မိခင်ကျန်းမာရေးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက်ပိုင်း ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။

****************************************

ရင်းနှီးမြှုပ်နှံမှု စာချုပ်ဆိုင်ရာ ဆွေးနွေးမှုများကို ဂျပန်-မြန်မာ စတင်

(Japan Today မှ 22 May 2012 ရက်စွဲပါ “Japan, Myanmar start investment tready talks” သတင်းကို ဘာသာပြန်ဆိုသည်)

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုစတင် အားပေးနေပြီဖြစ်သော အထီးကျန်အပယ်ခံ မြန်မာနိုင်ငံမှ  နိုင်ငံခြားကုမ္ပဏီများအား ကူညီ အားပေးနိုင်မည့် အစီအစဉ်များကို လေ့လာနေသူ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု သဘော တူညီချက် ရရှိရေးအတွက် မြန်မာတို့နှင့် စတင် ဆွေးနွေး နေပြီဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားသည်။

ဖေဖော်ဝါရီလက စတင်ခဲ့သော နှစ်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး များအကြား ဆွေးနွေး ညှိနှိုင်းမှုများ၏ ဒုတိယ အချီ အစည်းအဝေးကို မြို့တော်နေပြည်တော်တွင် ဗုဒ္ဓပာူးနေ့၌ စတင်ပြုလုပ်မည်ပာု ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

“နိုင်ငံခြား ကုမ္ပဏီတွေကို ခွဲခြားဆက်ဆံခြင်းမပြုတဲ့ ရင်းနှီးမြှုပ်နှံမှု စည်းကမ်း တွေကို ကြိုတင် ပြင်ဆင်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ဂျပန် ကုမ္ပဏီ တွေ ရင်းနှီး မြှုပ်နှံတာ ကို အားပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ပာု ဂျပန် တာဝန်ရှိသူ က AFP သို့ပြောကြားသည်။

“ဒီနှစ်ကုန်ပိုင်းလောက်မှာ သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထား ပါတယ်။ အထူးသဖြင့် နိုဝင်ဘာလ အာဆီယံ ထိပ်သီး ညီလာခံ မတိုင်ခင် ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ပာု ၎င်းတာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

နှစ်ပေါင်း ၅၀ ခန့် တံခါးပိတ် သံချေး ကိုက်နေခဲ့သော မြန်မာနိုင်ငံသည် ယခု စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင် ပြုလုပ်လာခဲ့ပြီးနောက် အကျိုးအမြတ် အလားအလာ ကောင်းသော ဈေးကွက်သစ်များကို ရှာဖွေနေသည့် အာရှတစ်လွှား ကုမ္ပဏီများအား ဆွဲဆောင်နေပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ ဂျပန်တို့၏ ခြေလှမ်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ ဂျပန်ကုမ္ပဏီများ ဆက်တိုက် ဝင်ရောက်နေပြီ ဖြစ်သောကြောင့် ဂျပန် အစိုးရက မြန်မာတို့ပေးရန်ရှိသော ကြွေးမြီဒေါ်လာ ၃.၇ ဘီလျံကို လျော့ပေါ့ပေးခဲ့ပြီး၊ ယခု ရပ်ဆိုင်းထားသော ထောက်ပံ့ကယ်ဆယ်ရေး ရန်ပုံငွေ ပေးအပ်ခြင်းကို ပြန်လည် စတင်နေပြီပာု တိုကျိုမှ အာဏာပိုင်များက ပြောကြားသည်။

မြန်မာနိုင်ငံသည် တရားဥပဒေ စိုးမိုးမှု အားနည်းခြင်း၊ အရေးကြီးသော အခြေခံ အဆောက်အဦးပိုင်း နိမ့်ကျခြင်းစသော စိန်ခေါ်မှုများ ရှိနေ သော်လည်း မတို့ထိရသေးသော ဓာတ်သတ္တု၊ ကျောက်မျက်နှင့် ရေနံဓာတ်ငွေ့ သယံဇာတများ အပါအဝင် အလားအလာ ကောင်းသော ခရီးသွားလုပ်ငန်း ကဏ္ဍများက ထိထိမိမိ ဆွဲဆောင်လျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှု တားမြစ်ချက်များကို ယခင်အပတ်က ဖြေလျော့ပေးခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးသံအမတ်ကြီးကို ခန့်အပ်ခဲ့သည်။

ယခု သတင်းပတ်ကုန်တွင် အမေရိကန် ပြည်ထောင်စု၌ တွေ့ဆုံဆွေးနွေးခဲ့ကြသော ကမ္ဘာ့စက်မှုထိပ်သီး ၈ နိုင်ငံ(G-8)ခေါင်းဆောင်များ ကလည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီအပြောင်းအလဲများ စတင်နိုင်အောင် ကြိုးစားနေသော သမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ အထင်ကရ အားထုတ် ကြိုးပမ်းမှုများကို ဂုဏ်ပြုကြိုဆိုခဲ့သည်။

****************************************

လျှပ်စစ်မီး မရရှိမှုကြောင့် မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲများဖြစ်

(22 May 2012 ရက်စွဲပါ iol News မှ Blackouts spark protests in Myanmar ကို ဘာသာပြန်သည်)

တနင်္လာနေ့က လျှပ်စစ်မီး ပြတ်တောက်ခဲ့မှုကြောင့် မြန်မာနိုင်ငံ၏ မြို့ကြီးတစ်ခုတွင် ရာပေါင်းများစွာသော လူများ ဒုတိယနေ့အဖြစ် စီတန်း လှည့်လည်ခဲ့ကြရာ လွန်ခဲ့သည့် ငါးနှစ်က ဘုန်းတော်ကြီးများ ဦးဆောင်သော အရေးအခင်း အပြီးတွင် အကြီးဆုံး ဆန္ဒပြမှုကြီးဖြစ်သည်။

တနင်္လာနေ့က မန္တလေးမြို့တွင် ရာပေါင်းများစွာသည် ငြိမ်းချမ်းစွာ ချီတက်ကြသည်ဟု မြင်တွေ့သူများက Reuters သို့ ပြောကြားခဲ့သည်။ ယခင်နေ့ကလည်း လူ ၁၀၀၀ ခန့် အဆက်မပြတ် မီးဖြတ်တောက်ထားမှုအတွက် စုဝေး ဆန္ဒပြခဲ့သည်။

"ည ရှစ်နာရီ လောက်မှာ နေရာ နှစ်နေရာလောက်မှာ အလားတူ ချီတက်မှုတွေ ရှိခဲ့ပါတယ်" ဟု မျက်မြင် ကိုယ်တွေ့ဖြစ်သူ ကိုထွန်းမြင့်က Reuters သို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က ဆန္ဒပြမှုနှင့် ပတ်သက်၍ ယင်းက ပြောကြားရာတွင် ဆန္ဒပြသူများသည် ဖယောင်းတိုင်များ ကိုင်ဆောင်၍ မန္တလေးမြို့လယ်တွင် ချီတက် ကြပြီး အချို့က လျှပ်စစ်မီး ပိုမိုမှန်မှန် ရရှိရေး တောင်းဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ တက်လာပြီးနောက် တရားဝင် ဆန္ဒပြမှုများ ရရှိလာသည်။ သို့သော် ဥပဒေတွင် ဆန္ဒမပြမီ ရက်အတန်ငယ် ကြိုတင်၍ အာဏာပိုင်များထံ ကြိုတင်အသိပေးရန် လိုအပ်ခြင်းများ အပါအဝင် ကန့်သတ်ချက်များစွာ ပါဝင်ကြောင်း လူ့အခွင့်အရေး အုပ်စုများက ပြောကြားခဲ့သည်။

မုံရွာ တွင်လည်း လျှပ်စစ်မီး မလုံလောက်မှုကြောင့် အလားတူ ချီတက်မှုများ ရှိကြောင်း မုံရွာမှမျက်မြင်သက်သေ တစ်ဦးက Reuters သို့ ပြောသည်။ အသေးစိတ်ကိုမူ ချက်ခြင်းအတည်မပြုနိုင်ပေ။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်များ ထုတ်လုပ် နေသော်လည်း အများစုကို တရုတ်နိုင်ငံသို့ ရောင်းချခြင်းကြောင့် ပြည်သူများက မကျေနပ် ကြပေ။ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စီစဉ်ထားသော ရေအားလျှပ်စစ် စီမံကိန်း (၄၅)ခု ရှိသည့်အနက် ၃၃ ခုကို တရုတ်ကုမ္ပဏီများက တည်ဆောက် လည်ပတ်ရန် မျှော်လင့်ချက် ရှိသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ရှိသည့်အနက် ၇၆%မှာ မီးမှန်မှန် မရရှိကြကြောင်း အာရှဖွံ့ဖြိုးရေး ဘဏ်၏အဆိုအရ သိရှိရသည်။ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်တွင်ပင် လျှပ်စစ်မီး နေ့စဉ်ပြတ်တောက်မှု ရှိနေပြီ ဖြစ်သည်။

လျှပ်စစ်မီးကိစ္စမှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားသည့် မြန်မာရော နိုင်ငံခြား ကုမ္ပဏီများပါ ကြုံတွေ့နေရသော ကိစ္စများစွာအနက် တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကြီးမားသော သယံဇာတ အလားအလာကောင်း ရှိသော်လည်း မဖွံ့ဖြိုးသေးသော သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အဦက ကန့်သတ်ချက်များအဖြစ် ရင်ဆိုင်နေရသည်။

ကိုထွန်းမြင့်က ပြောကြားရာတွင် တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီးက တနင်္ဂနွေနေ့က မန္တလေးတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် လျှပ်စစ် ဓာတ်အား မလုံလောက်မှုကို ရှင်းပြခဲ့ပြီး နေအိမ်များ ဓာတ်အားပိုမို ပေးနိုင်ရန် အာမခံခဲ့သည်ဟု ဆိုသည်။

********************************************************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment