Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၁.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စံနှုန်းများဖြင့် အဆုံးစွန် နယ်ချဲ့ခြင်း

*****************************************

ဆောင်းပါးကဏ္ဍ

စံနှုန်းများဖြင့် အဆုံးစွန် နယ်ချဲ့ခြင်း

အောင်မောင်း

ဂရိ ဒဿနပညာရှင်တစ်ဦးဖြစ်သူ အရစ္စတိုတယ်က နိုင်ငံတစ်ခုသည် ရေမြေ ရာသီဥတုတို့အပေါ် မူတည်၍ ဖြစ်ပေါ်နိုင်ငံသည်။ တောင်စွယ်များ ဝန်းရံထားသော ကုန်းမြေနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် ပင်လယ်ဆိပ်ကမ်းရှိလျှင် ကောင်းသည်ဟု ဆိုခဲ့သည်။  ရာသီဥတု၏ သက်ရောက်မှုက လူတို့၏ စိတ်နေစိတ်ထား သဘောသဘာဝတို့ကို ပြောင်းလဲစေတတ်သည်ဟုလည်း ဆိုသည်။ အလွန်အေးသော ဥရောပမြောက်ပိုင်းဒေသမှ လူများသည် စိတ်ဓာတ်တက်ကြွ၍ တိုက်ရည်ခိုက်ရည်ကောင်းသည်။ တောင်စွယ်များဝန်းရံထားသဖြင့် လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်သည်။ သို့ရာတွင် ကျွမ်းကျင်မှုနှင့် ဉာဏ်ရည်နည်းသဖြင့် အခြားသူများကို အုပ်ချုပ်နိုင်စွမ်းမရှိ။ အာရှတိုက်သားတို့မှာမူ ဉာဏ်ရည်မြင့်သော်လည်း စိတ်ဓာတ်တက်ကြွမှုမရှိသဖြင့် အခြားသူ များ၏ ကျေးကျွန်ပြုမှုကို ခံရသည်။ ဂရိနိုင်ငံမှာ စိတ်ဓာတ်တက်ကြွမှုနှင့် ဥာဏ်ရည်မြင့်မားမှုနှစ်ခုလုံးကို ပိုင်ဆိုင်ထား၍ ပြည်တွင်းစည်းလုံး ညီညွတ်မှုသာရ လျှင် အခြားသူများကို အုပ်ချုပ်နိုင်ပြီး နိုင်ငံရေးလည်း ဖွံ့ဖြိုးသည်ဟု ဆိုထားခဲ့ပြန်သည်။

သို့ရာတွင် ကမ္ဘာပေါ်တွင် အင်ပိုင်ယာအမြောက်အများ တည်ထောင်ခဲ့ကြသည့် နိုင်ငံကြီးများမှာ ဥရောပ အအေးပိုင်းနိုင်ငံများမှ ဖြစ်ကြသည်။ ပင် လယ်ရေကြောင်းခေတ်တည်းကပင်လျှင် နယ်ချဲ့ခဲ့ကြသည့် နိုင်ငံကြီးများမှာ ပထမနှင့် ဒုတိယကမ္ဘာစစ်ကြီးများ ဆင်နွှဲနေသည့်ကာလတွင် ကမ္ဘာ့နယ်မြေ အတော်များများကို စိုးမိုးထားနိုင်ခဲ့သည်ကို တွေ့ရသည်။ နိုင်ငံရေးနှင့် ပထဝီပညာရှင်တစ်ဦးဖြစ်သော ဂျာမန်လူမျိုး ကားလ်ရစ်တာက ပတ်ဝန်းကျင်နှင့် လူ ၏ သဘောတရားကို ရှင်းပြခဲ့သည်။ ရစ်တာက နိုင်ငံတစ်ခုကို သတ္တဝါတစ်ခု၊ သက်ရှိအရာတစ်ခုသဖွယ် ရှင်းပြခဲ့ခြင်းဖြစ်သည်။ အပင်တစ်ပင် သတ္တဝါတစ် ကောင်သည် မိမိရှင်သန်ရပ်တည်ရေးအတွက် အခြားတစ်ခုကို တိုက်စားဝါးမြိုသွားခြင်းမျိုး ဖြစ်သည်။ ရှင်သန်နိုင်သူသာ ကျန်ရစ်မည်ဟူသော သဘောတ ရားအရ နိုင်ငံတော်ကို ပုံဖော်ခဲ့ခြင်းဖြစ်သည်။ ယဉ်ကျေးမှုတစ်ခုရှင်သန်ရန်၊ တိုင်းပြည်တစ်ခုရှင်သန်ရန် အခြားနိုင်ငံများကို ဝါးမြိုပစ်ရမည်ဟူ၍ ဂျာမန်လူ မျိုးကြီးဝါဒနှင့် ပထဝီနိုင်ငံရေးကို ရောမွှေခဲ့သည်။ ၎င်း၏ ဆက်ခံသည့် ဂျာမန်လူမျိုးတစ်ဦးဖြစ်သူ ရတ်ဇယ်ကလည်း သဘာဝ၏ နိယာမကို လက်ခံပြီး အင် အားကြီးနိုင်ငံများသည် နယ်ချဲ့ရေးအတွက် အစွမ်းကုန် ယှဉ်ပြိုင်ကြလိမ့်မည်ဟု ဆိုခဲ့သည်။

အထက်က ဂျာမန်ပညာရှင်နှစ်ဦး၏ အယူအဆ အထူးသဖြင့် ရတ်ဇယ်၏ အယူအဆကို လက်ခံသူ ဆွီဒင်နိုင်ငံသား ရူးဒေါဖ့်ရှယ်လင်ကမူ နိုင်ငံ တစ်ခု၏ သဘောသဘာဝကို အနုစိတ် ခြယ်မှုန်းသည်။ အင်အားကြီးရန်အတွက် နယ်ချဲ့ရန်မလို၊ ယဉ်ကျေးမှုများနှင့် ပညာရပ်များကို ပျံ့ပွားစေပြီး မိမိ နိုင်ငံ၏ စံနှုန်းတန်ဖိုးများကို တင်ပို့ရမည်ဟု ဆိုခဲ့သည်။ Intellectual ဖြစ်မှုနှင့် Soft Power တို့၏ သဘောသဘာဝကို ရှယ်လင်က ဆိုလိုခဲ့ဟန်တူပါသည်။ အမှန်တကယ်တွင်လည်း ယနေ့ထိတိုင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဥရောပ၏ စံနှုန်းတန်ဖိုးတွေကို ကျင့်သုံးနေရဆဲဖြစ်ပါသည်။ ဂလိုဘယ်လိုက်ဇေး ရှင်း တိုးတက်လာသည့် အချိန်တွင်မူ အမေရိက၏ စံနှုန်းတန်ဖိုးများ ကမ္ဘာကို ထိုးဖောက်လာသည်။ ထို့မတိုင်မီကပင်လျှင် ဘီတဲလ်၊ ရောခ့်အင်ရိုး၊ ပရက်စလေ ၊ ဂျင်းဘောင်းဘီ စသည့် အမေရိက၏ တန်ဖိုးများသည် မိုက်ခရိုဆော်ဖ့်နှင့် အက်ပဲလ် ထုတ်ကုန်များ မပေါ်မီကပင် ကမ္ဘာကို လွှမ်းမိုးခဲ့သည်ကို ရှုမြင်နိုင်ပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်း ဝါဒီများကို အမေရိကန် ဝါဒဖြန့်သမားဟုပင် တံဆိပ်ကပ်ခံရသည်အထိ ဖြစ်ခဲ့သည်။ ဆိုရလျှင် နိုင်ငံတိုင်းသည် နယ်ချဲ့စစ်ပွဲများ ဆင်နွှဲခြင်းမရှိတော့သည့် ကာလမျိုးတွင် မိမိ၏ စံနှုန်းတန်ဖိုးများကို နိုင်ငံတကာ နယ်နိမိတ်များဆီသို့ ဖြန့်ကျက်စေရန် ကြိုးပမ်းနေခဲ့ကြ သည်သာ ဖြစ်ပါသည်။ အချစ်အကြမ်းအလွမ်းတို့ကို ရောမွှေထားပြီး ဂီတနှင့်တွဲဖက်ပေးထားသော အိန္ဒိယရုပ်ရှင်ကားများ ကမ္ဘာမှာ တစ်ခေတ်ဖြစ်ခဲ့သည်။ အန်ကယ်ဂျွန်ဝိန်း၏ သေနတ်ပစ်ကားများကို ကမ္ဘာ့လူငယ်ထု နှစ်ခြိုက်စွဲလမ်းခဲ့သည်။ ဒေးဗစ်ချန်း၏ ဓားခုတ်ကားများလည်း ရေပန်းစားခဲ့သည်။ ယနေ့ ကာလတွင်လည်း စံနှုန်းများ၊ တန်ဖိုးများ၊ ယဉ်ကျေးမှုများ တင်ပို့ခြင်းများကို တွေ့နေရဆဲ ဖြစ်ပါသည်။ ဆိုရလျှင် ရှယ်လင်၏ အတွေးအခေါ်များ ကမ္ဘာကို ပျံ့နှံ့နေဆဲဟုသာ။ ပရီးမီးယားလိဂ်၊ ဟစ်ဟောပ့်၊ ကင်မ်ချီ စသည့် တန်ဖိုးများကို တနည်းတဖုံ တင်ပို့နေကြခြင်းများ တွေ့ရပါလိမ့်မည်။

ထိုသို့စံနှုန်းတန်ဖိုးများ တင်ပို့ခြင်းသည် နယ်နိမိတ်များကို ကျော်လွန်သော နယ်ချဲ့ခြင်းတစ်မျိုး (သို့) ယဉ်ကျေးမှုအရ ဝါးမြိုခြင်းဟု ဆိုလျှင်လည်း ရသည်။ အရစ္စတိုတယ်၏ အတွေးအခေါ်ဖြင့် ချိတ်ဆက်တွေးကြည့်လျှင် အာရှတိုက်တွင် စိတ်ဓာတ်လည်းတက်ကြွ၊ ဉာဏ်ရည်လည်းမြင့်မားပြီး ပထဝီဝင် အနေအထားအရရော ယဉ်ကျေးမှုအရပါ နယ်ချဲ့နေသည့် နိုင်ငံကြီးတစ်နိုင်ငံပေါ်ထွက်လာနေပါပြီ။  အထူးသဖြင့် ထိုနိုင်ငံကြီးမှာ မိမိတို့ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဖြစ်နေသဖြင့် ပို၍ စိုးရိမ်ဖွယ်ကောင်းလှသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းကဲ့သို့ ပင်လယ်ထွက်ပေါက်တစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်သ လို တိုင်းပြည်၏ သယံဇာတ ထုတ်ယူရေးလုပ်ငန်းများတွင်လည်း များစွာရင်းနှီးမြှုပ်နှံထားသည်။ ယဉ်ကျေးမှုတန်ဖိုးများ တင်ပို့နေခြင်းကတော့ အထူးပြော စရာမလို။ ရှမ်းပြည်မြောက်ပိုင်းမှ မန္တလေး၊ ရန်ကုန်မြို့ကြီးများအထိ အနီရောင်မီးပုံးတွေချိတ်ဆွဲထားသည့် စားသောက်ဆိုင်ကြီးတွေ၊ တိုက်တာကြီးတွေ တိုးသထက် တိုးလာသည်။ မာလာဟင်း၊ ခေါက်ဆွဲ၊ ဟောပေါ့ စသည်ဖြင့် စားသောက်မှုပုံစံကအစ ယဉ်ကျေးမှုပိုင်းအရလည်း နယ်ချဲ့လာသလို စီးပွားရေး အရလည်း သူတို့ပိုင်ဆိုင်သော စက်ရုံတွေမှာ လုပ်သားအခွင့်အရေး အချိုးဖောက်ဆုံးစက်ရုံများ ဖြစ်နေသည်။ သူတို့ရင်းနှီး မြှုပ်နှံရာ ဒေသတလျှောက်က လူတွေ အိမ်မဲ့၊ ယာမဲ့တွေ ဖြစ်လာရသည်။  သူတို့စတိုင် စီမံခန့်ခွဲမှုဟူ၍ပင် တံဆိပ်ကပ်၍ အဖွဲ့အစည်း ဖွဲ့စည်းပုံများပါ သွတ်သွင်းလာသည်။ မြန်မာအလုပ် သမားကို သူတို့စကားသင်စေ၍ အလုပ်လုပ်စေသည်။

ထိုမျှ ဆာလောင်မွတ်သိပ်စွာ ဝါးမြိုနေသော နိုင်ငံကြီးမှာ စင်စစ်တော့ မိမိတို့နိုင်ငံတစ်ခုတည်းသာမဟုတ်။ အသွေးအရောင်ရော ယဉ်ကျေးမှုပါ လုံးလုံးလျားလျား ကွဲပြားသည့် အာဖရိကနိုင်တွေ၊ ကာရစ်ဘီယံကျွန်းတွေအထိပါ သူတို့၏ တန်ဖိုးတွေဖြန့်ကျက်နယ်ချဲ့လာနေသည်။ မိမိတို့နိုင်ငံမှာ ရစ် တာဆိုခဲ့သည့်အတိုင်း သဘာဝ နိယာမအရ ပထမဆုံး ဝါးမြိုခံရမည့် နိုင်ငံပင်ဖြစ်ပေလိမ့်မည်။

မိမိတို့ ဂုဏ်ယူသော အချက်တစ်ချက်ရှိသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုကြားတွင် နေရစေကာမူ ယနေ့အထိ မိမိတို့ နိုင်ငံမပျောက်အောင် နေနိုင်သည်ဟူ၍ ဖြစ်သည်။ သမိုင်းအရလည်း သူတို့၏ လေးကြိမ်တိုင်တိုင် ကျူးကျော်မှုကို ခုခံခဲ့သလို လွတ်လပ်ပြီးစ မြန်မာနိုင်ငံတွင် သူတို့ကျူးကျော်မှု ကိုလည်း တိုက်ထုတ်နိုင်ခဲ့သည် ဆိုသည်ကလည်း ဂုဏ်ယူဖွယ်ရာ အချက်တွေဖြစ်သည်။ သို့ရာတွင် ယနေ့ခေတ်အခြေအနေမှာ အထက်ကဆိုခဲ့သလို လက်နက်ကိုင် နယ်ချဲ့ခြင်းမျိုး မဟုတ်တော့။ အထက်ကဆိုခဲ့သလို စံနှုန်းများနှင့် ယဉ်ကျေးမှုများ သွတ်သွင်းခြင်းဖြင့် နယ်ချဲ့ခြင်းဖြစ်သည်။ စာချုပ်စာ တမ်းနှင့် နယ်ချဲ့ခံရသော ကိစ္စမျိုးတွင် လက်မှတ်ထိုးပြီးမှ မကျေနပ်၍ လက်နက်ကိုင်တွန်းလှန်၍ မရတော့။ မိမိတို့နိုင်ငံ၏ ပြောင်းလဲလာသော နိုင်ငံရေး အခြေအနေအရ Power Balance Theory ကို အသုံးချ၍ ထိုနိုင်ငံကြီးကို ထိန်းချုပ်ရန်မှာလည်း များစွာဟု မဆိုနိုင်သည့်တိုင် အတန်ငယ် နောက်ကျနေပြီ ဖြစ်ပါသည်။

မိမိတို့နိုင်ငံအနေဖြင့် ထိုကဲ့သို့သော နယ်ချဲ့မှုမျိုးကို ခုခံရန်မှာ နိုင်ငံတော်အဆင့်တွင် မဟာဗျူဟာကျကျ ကိုင်တွယ်နိုင်ရန် လိုအပ်သလို တမျိုး သားလုံး၏ ခုခံအားကောင်းရန်လည်း လိုအပ်နေပေသည်။

*****************************************

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment