Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၀.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ကချင်စစ်ပွဲ တစ်နှစ်ပြည့် ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မောင်တောမြို့သို့ ကာကွယ်ရေးဝန်ကြီး သွားရောက်
  2. ရခိုင်ပြည်နယ်မှ မြို့နယ်အချို့အား မာရှယ်လော ထပ်မံထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ပြည်တွင်းသတင်းများ

ကချင်စစ်ပွဲ တစ်နှစ်ပြည့် ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်

ဇွန်လ ၉ ရက်နေ့ နေ့လည်ပိုင်းအချိန်၌ ကချင်ဒေသ တကျော့ပြန်စစ်ဘေးသင့် တနှစ်ပြည့် ငြိမ်းချမ်းရေးဆုတောင်းပွဲ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှတ်တိုင်အနီးရှိ တို့ရိုးရာစားသောက်ဆိုင်တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်တွင်းစစ်ရပ်စဲရေး ဆောင်ရွက်ပေးနေသော NGOများနှင့် ကချင်စစ်ဘေးအတွက် ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများနှင့် တက်ကြွလူပ်ရှားသူလူငယ်အချို့တို့ ပါဝင်တက်ရောက်ကြသည်။

ထို့နောက် ယင်းအစီအစဉ်ကျင်းပရာတွင် ဘာသာပေါင်းစုံဆုတောင်းပွဲအခမ်းအနားတွင် ဗုဓ္ဒဘာသာ၊ ဟိန္နူဘာသာ၊ အစ္စလမ်ဘာသာနှင့် ခရစ် ယာန်ဘာသာတို့မှ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များ တက်ရောက်၍ ဆုတောင်း မေတ္တာပို့သခဲ့ကြသည်။

၂၀၁၁ ဧပြီတွင် KIA ကို နယ်ခြားစောင့်တပ်အသွင် ကြိုးစားခဲ့ရာ လက်မခံခဲ့ပဲ ၂၀၁၁ ဇွန် ( ၉ ) တွင် တာချီလိတ် အနီးရှိ KIA ဆက်ဆံရေးရုံးအား အစိုးရတပ်များမှ စတင်ပစ်ခက်ကြရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးဆုတောင်းပွဲသို့ တက်ရောက်သည့် နိုင်ငံရေးသမားတဦးက ပြောကြားသည်။

၁၈၈၆ခုနှစ်မှ စတင်၍ အင်္ဂလိပ်အစိုးရကို တိုက်ထုတ်ခဲ့ရာတွင်လည်း မိမိတို့လူမျိုးများပါဝင်ခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်များကို တိုက်ထုတ်ရာတွင်လည်း ပါဝင်ခဲ့ကြကြောင်း၊ မိမိတို့၏ အဓိကလိုလားချက်မှာ စစ်မှန်သော ပြည်ထောင်စုစနစ်ကိုသာလိုလားကြောင်း KIO မှ ပြောရေးဆို ခွင့်ရှိသူ ဦးလနန်မှ 7Days news ဂျာနယ်သို့ ပြောကြားခဲ့ခြင်းမှ သိရှိရသည်။

တနှစ်အတွင်း တိုက်ပွဲပေါင်းနှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ဒုက္ခသည်စခန်းများတွင် (၈၀၀၀၀) ကျော်ရှိပြီဖြစ်ကြောင်း၊ ထိုအရေအတွက်မှာ မြန်မာပြည်ရှိ ကချင်တိုင်းရင်းသားများ၏ (၈) ရာခိုင်နူန်းကျော်ဖြစ်ကြောင်း၊ အဆိုပါစစ်ရှောင် ဒုက္ခသည်များအတွက် ပညာရေး၊ လူမူရေး၊ ကျန်းမာရေး လိုအပ်ချက်များ မှာလည်း များစွာလိုအပ်နေပြီဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ထုတ်ပြန်ကြေညာချက်ထဲ၌ ထည့်သွင်းဖော်ပြထားခြင်းမှ သိရသည်။

PL

***********************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မောင်တောမြို့သို့ ကာကွယ်ရေးဝန်ကြီး သွားရောက်

ဇွန်လ ၈ ရက်နေ့မှ စတင်၍ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်ပွားမှုများတွင် လူဦးရေ ၇ ဦး သေဆုံးသွားခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိထားကြောင်း ဇွန်လ ၉ ရက်နေ့၌ သေကြေပျက်စီးမှုများနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး၏ ဝက်ဆိုဘ်ဒ်စာမျက်နှာပေါ်တွင် ကြေညာ ထားခြင်းမှ သိရှိရသည်။

ထို့နောက် အဆောက်အဦးအပျက်အစီးစာရင်းနှင့် ပတ်သက်၍ ၄၉၄ အိမ် ပျက်စီးသွားခဲ့ပြီး ဆိုင်ခန်း ၁၈ခန်းနှင့် တည်းခိုခန်းတစ်ခု ပျက်စီးသွား သည်ဟု ယင်းကြေညာချက်တွင် ဖော်ပြပါရှိသည်။

ယင်းမြို့နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ဆူပူမှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ ဒုက္ခရောက်နေကြသည့် တိုင်းရင်းသားများအား ကူညီ စောင့်ရှောက်ရန်အတွက် တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့အား ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်အရ သိရှိရသည်။

အဆိုပါအဖွဲ့အစည်း၌ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးအောင်ကြီးမှ ဦးဆောင်ထားရှိပြီး မောင်တောမြို့နယ်ရှိ ခရိုင် အဆင့်အရာရှိ ၆ဦးအား ထည့်သွင်းဖွဲ့စည်းထားကြောင်းနှင့် အဆိုပါ ခရိုင်အဆင့်အရာရှိများသည် မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးဝင်း၊ ခရိုင်ဥပဒေအရာရှိ ဦးမြင့်သန်း၊ ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးဝင်းစိန်နှင့် မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်သက်တို့ ပါဝင်ဖွဲ့စည်းထားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့် ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်းတို့ ပါဝင်ကြောင်း သိရသည်။

“မောင်တောမှာ စစ်တပ်က လုံခြုံရေး ယူပေးထားတယ်။ ဒါပေမယ့် မောင်တောမြို့နယ်က ရခိုင်တိုင်းရင်းသားတွေနေတဲ့ ကျေးရွာစုစုပေါင်း ၁၇ ရွာကျော်လောက် ကုန်နေပြီ။ ပြန်စရာအိမ်မရှိတဲ့လူတွေ ကြောက်နေတဲ့လူတွေကိုတော့ ဘုန်းကြီးကျောင်းသုံးခုမှာ ကယ်ဆယ်ရေးစခန်းအနေနဲ့ ဖွင့်ထားပြီး သူတို့တွေကို စောင့်ရှောက်ပေးထားတယ်။ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရတဲ့လူတွေကိုတော့ ဆေးရုံဆေးခန်းတွေကို ပို့ထားတယ်”ဟု ယင်းမြို့နယ်တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။

ထို့ပြင် အကြမ်းဖက်မှုဖြစ်ပွားလျက်ရှိပြီး မာရှယ်လောအဖြစ် ညမထွက်ရအမိန့်အား ထုတ်ပြန်ခဲ့ရသည့် မြို့နယ်တစ်ခုဖြစ်သည့် မောင်တော မြို့နယ်၌ ရှောင်တိမ်းထွက်ပြေးနေရသည့် ရခိုင်တိုင်းရင်းသားလူဦးရေ ထောင်ဂဏန်းနီးပါးရှိနေပြီဖြစ်ပြီး အဆိုပါဖြစ်ရပ်များနည်းတူ အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် စစ်တွေမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့ မနက် ၁၀နာရီကျော်၌ အကြမ်းဖက်မှုများပြုလုပ်နေသည့် လူအုပ်စုများအား တစ်ကွဲတပြား ဖြစ် သွားစေရန် ပစ်မိန့်ထုတ်လိုက်ပြီဖြစ်ကြောင်းကိုလည်း သတင်းကြေညာချက်များအရ သိရသည်။

ထို့နောက် ဇွန်လ ၉ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဦးလှမင်းသည် အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိသည့် ဘူးသီးတောင် မြို့နယ်နှင့် မောင်တောမြို့နယ်တို့သို့ သွားရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့်ထုတ်ပြန်မှုများ မရှိသေးကြောင်းနှင့် အခြားအဖွဲ့အစည်း များဖြစ်သည့် ထိုင်းအခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)မှ “လူမျိုးစုံ ရခိုင်ပြည်သူလူထုသို့ ပန်ကြားချက်” စာတစ်စောင်အား ထုတ်ပြန်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် မဟာမိတ်ပါတီတို့မှ တိုက်တွန်းနှိုးဆော်စာများနှင့် မေတ္တာရပ်ခံချက်များ ထုတ်ပြန် ခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ်မှ မြို့နယ်အချို့အား မာရှယ်လော ထပ်မံထုတ်ပြန်

ဇွန်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းအချိန်၌ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများဖြစ်ပွားလျက်ရှိသည့် စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူနှင့် ရမ်းဗြဲ မြို့နယ်များတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄အား ထပ်မံကြေညာလိုက်ကြောင်း သက်ဆိုင်ရာ နိုင်ငံပိုင်သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

“စစ်တွေမှာက ဒီနေ့မနက်ကစပြီး အကြမ်းဖက်တဲ့လူတွေ လူစုကွဲသွားအောင်ဆိုပြီး ပစ်မိန့်ပေးလိုက်တယ်။ ပထမတော့ စစ်တပ်က မိုးပေါ်ထောင် ပစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမရတော့ လူအုပ်ထဲကို ပစ်ရတဲ့အခြေအနေထိ ဖြစ်သွားတယ်။ ပြီးတော့ စစ်တွေမြို့နယ်မှာရှိတဲ့ မင်းဂံရပ်ကွက် အမှတ် ၁ ကိုလည်း မနေ့က မီးဝင်ရှို့ကြတယ်။ ပြီးတော့ ဒီနေ့ကျတော့လည်း ထပ်ပြီးမီးရှို့တာတွေလုပ်တာ တစ်ယောက်သေသွားတယ်၊ သုံးယောက်ကိုတော့ ဆေးရုံ တင်ထားရတယ်”ဟု စစ်တွေမြို့နယ်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။

စစ်တွေမြို့နယ်တွင် ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်မှုများသည် ဇွန်လ ၈ ရက်နေ့ ညနေအချိန်မှစတင် ဖြစ်ပွားပြီး ဇွန်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ယင်းမြို့နယ်ရှိ မင်းဂံရပ်ကွက် အမှတ် ၁ အား ဘင်္ဂါလီများမှ မီးရှို့ဖျက်ဆီးရာ ရခိုင်တိုင်းရင်းသားလူမျိုး တစ်ဦးသေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရကြောင်း သိရှိရသည်။

ထို့နောက် အဆိုပါ အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိသည့် မြို့နယ်များဖြစ်သော မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့၌လည်း ဇွန်လ ၈ရက်နေ့ညတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄အား ထုတ်ပြန်ခဲ့ကြောင်း သတင်းများအရ သိရသည်။

ATM

***********************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ခင်ဗျားတို့ပြောတာ နားခါးစရာတွေပါ။ ကျွန်တော်တို့ နားထောင်ပါမယ်။ အရင် ကျွန်တော်တို့ နားမထောင်ခဲ့လို့ အခုလိုဖြစ်တာပါ။ ပွင့်ပွင့်လင်းလင်းပြောကြ ပါ။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ ပြောတာပါ။ ဝန်ကြီးတစ်ယောက်အနေနဲ့ ပြောတာ မဟုတ်ပါဘူး”

ဇွန်လ (၇)ရက်နေ့ထုတ် The Voice ဂျာနယ် အတွဲ ၈ ၊အမှတ် ၂၅ တွင် ပါရှိသည့် " အလုပ်သမားအရေး အားလုံးပါဝင်သောအရွေ့တစ်ခု စတင်"သတင်းမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“သံရုံးက ဗီဇာထုတ်မပေးဘူး။ ပတ်စပို့မှာ နောက်ဆုံးစာလုံးမှာ မြန်မာနာမည်ပါနေလို့တဲ့။ အမေရိကန်နိုင်ငံသား ခံယူထားရင် အမေရိကန်နိုင်ငံသားရဲ့ အခွင့်အရေးရှိရတယ်။ မြန်မာလို့ သူတို့ကမြင်ရင် မြန်မာနိုင်ငံသားအခွင့်အရေး အပြည့်အဝ ရသင့်တယ်။ အခုတော့ ဟိုမရောက် ဒီမရောက် ဖြစ်နေရတယ်”

ဇွန်လ (၆)ရက်နေ့ထုတ် မြန်မာပို့စ်အတွဲ ၄ ၊အမှတ် ၂၁တွင် ပါရှိသည့် "အမေရိကန်နိုင်ငံသား ခံယူထားသူ မြန်မာများ မည်သည့်ဗီဇာမဆို ရနိုင်ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီပြောကြား ”သတင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 -----------------------------------------------------------------------------------------------------------------------------------

“ဘယ်စီမံကိန်းမဆို ထိခိုက်မှု အနည်းနဲ့အများရှိမယ်ဆိုတာ ကျွန်တော်တို့အားလုံးလက်ခံပြီး ပြည်သူနဲ့ ပူးပေါင်းပေးဖို့ပါ”

ဇွန်လ (၁၀)ရက်နေ့ထုတ် နေပြည်တော်တိုင်းမ် အတွဲ ၁၊ အမှတ်၂၈တွင် ပါရှိသည့် " မည်သည့်စီမံကိန်းမဆို ထိခိုက်မှု အနည်းနှင့်အများရှိ မည်ဟု လက်ခံကြောင်း ထားဝယ်ဒေသရှိ ဒေသခံများ ပြောကြား”သတင်းမှ ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးသန့်ဇင်၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

***********************************

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment