Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၈.၆.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံမှ အကြီးစားခွင်အတွက် သက်ဆင်စီးပွားဖက်ရှာ

(Yomiuri Shimbun မှ 17 June 2012 ရက်စွဲပါ“Thaksin seeks partnership in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဧည့်ခံရန် ယူကေနိုင်ငံပြင်ဆင်

(Channel News Asia မှ 17 June 2012 ရက်စွဲပါ "UK prepares to host Aung San Su Kyi" သတင်းကိုဘာသာပြန်ဆိုသည်။)

  1.  မြန်မာနိုင်ငံ၌ မည်သည့်ဆူပူအုံကြွမှုကိုမှ တရုတ်မမြင်ချင်

(The Daily Star မှ 18 June 2012 ရက်စွဲပါ "China wishes no unrest in Myanmar" သတင်းကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံမှ အကြီးစားခွင်အတွက် သက်ဆင်စီးပွားဖက်ရှာ

(Yomiuri Shimbun မှ 17 June 2012 ရက်စွဲပါ“Thaksin seeks partnership in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေသော ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံမှ အထူးစီးပွားရေးဇုံကို အကောင်အထည်ဖော်ရာတွင် ဂျပန်နှင့်ထိုင်းနိုင်ငံကြား စီးပွားဖက်ဖြစ်ရန်လိုသည်ဟု ဂျပန်ရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ထုတ်ဖော် ပြောဆိုလိုက်သည်။

“အိမ်နီးချင်း မြန်မာနိုင်ငံသည် ယင်း၏ တောင်ဖက်ကမ်းရိုးတန်း ထားဝယ်တွင်အထူးစီးပွားရေးဇုံ အကောင်အထည်ဖော်ရန် ထိုင်းကုမ္ပဏီများကိုသာ ခွင့်ပြုထားကြောင်း၊ ထားဝယ်စီးပွားရေးဇုံဖွံ့ဖြိုးမှုသည် ထိုင်းနှင့်ဂျပန် နှစ်နိုင်ငံလုံးအတွက် အရေးပါသော မဟာဗျူဟာဖြစ်ကြောင်း ဥပမာအနေဖြင့် ထားဝယ်မှ ထိုင်းနိုင်ငံ အလယ်ခေါင်စက်မှုဇုံ ဧရိယာသို့ ပိုက်လိုင်းသွယ်တန်းနိုင်ပါက သဘာဝဓါတ်ငွေ့နှင့် အရှေ့အလယ်ပိုင်းရေနံစိမ်းသယ်ယူမှုစရိတ်ကို သိသိသာသာ လျှော့ချနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း စီးပွားရေးသမားသက်ဆင်က သောကြာနေ့တွင် ယိုမီယူရီရှင်ဘွန်းနှင့် ပြုလုပ်သော သီးသန့်အင်တာဗျူးတွင် ပြောကြားသည်။

သက်ဆင်သည် သောကြာနေ့က ဂျပန်သို့ရောက်ရှိလာပြီး၊ တိုကျိုတွင် ကျင်းပသော ဂျပန်-ထိုင်း စီးပွားဖက် မြှင့်တင်ရေးအဖွဲ့အစည်း၏ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ သက်ဆင်သည် ၉ ရက်ကြာမည့် ဂျပန်ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးကဏ္ဍများနှင့် ဂျပန်နိုင်ငံအကြားဆက်ဆံရေး ခိုင်မာတိုးတက်အောင် ဆောင်ရွက်ရန် မျှော်လင့်ထားသည်။

ထို့အပြင် ထိုင်းဝန်ကြီးချုပ်ဟောင်းသည် ဂျပန်ရင်းနှီးမြှုပ်နှံမှုမှတဆင့် ထိုင်းနှင့်အရှေ့တောင်အာရှစီးပွားရေးကို မြှင့်တင်ခြင်းအားဖြင့် ၎င်းအခိုင်အမာ ခြေကုတ်ယူထားသော ထိုင်းကျေးလက်စိုက်ပျိုးရေး ဒေသများဖွံ့ဖြိုးရေးကို အရှိန်တင်ရန် ရည်မှန်းထားပုံရသည်။

၂၀၀၁ ခုနှစ်တွင် ထိုင်းဝန်ကြီးချုပ်ဖြစ်လာခဲ့သော သက်ဆင်သည် ၂၀၀၈ ခုနှစ် ပြည်ပခရီးထွက်နေစဉ် ထိုင်းစစ်တပ်၏ အာဏာသိမ်းခြင်း ခံရပြီးနောက် အဂတိလိုက်စားမှုစွပ်စွဲချက်ဖြင့် ထိုင်းတရားရုံးမှ မျက်ကွယ်ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။ ၎င်းအကြောင်းရင်းများကြောင့် ပြည်ပတွင် ရှောင်တိမ်းနေရသော သက်ဆင်သည် ယခုအခါ ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် များသောအားဖြင့် နေထိုင်လျှက်ရှိသည်။

သို့သော်လည်း“ထိုင်းတို့အတွက်”ဟု အဓိပ္ပာယ်ရသော ဖြူထိုင်းပါတီ(သက်ဆင်ထိန်းချုပ်ထားသည့်ပါတီ) မနှစ်က ဂျူလိုင်လရွေးကောက်ပွဲတွင် အနိုင်ရကာ သူ၏ညီမ ယင်လပ်ခ်ရှင်နာဝပ်ထရာ ဝန်ကြီးချုပ် ဖြစ်လာသည်။ ထို့ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သက်ဆင်ပြည်တော် ပြန်လာတော့မလားဟူသော မှန်းဆချက်များ ကြီးထွားလာခဲ့သည်။

ထိုင်းကို ဘယ်အချိန်ပြန်လာနိုင်မယ်လို့ ထင်သလဲဟု မေးမြန်းသောအခါ သက်ဆင်က“ သက်ဆင်ဆန့်ကျင်ရေး အုပ်စုတွေနဲ့ အမှန်တကယ် ပြန်လည်သင့်မြတ်မှုရမယ့် အချိန်အထိ စောင့်ရမှာပေါ့”ဟု ဖြေကြားသည်။

သက်ဆင်က“မိမိအပါအဝင် ၂၀၀၅-၂၀၁၀ ထိုင်းနိုင်ငံရေးပဋိပက္ခတွင် ပါဝင်ပတ်သက်ခဲ့သူ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဥပဒေပြဋ္ဌာန်းရေးအတွက် ထိုင်းလွှတ်တော်တွင် ဆွေးနွေးနေခြင်းကို စောင့်၍ကြည့်ရမည်”ဟု ရှင်းလင်းပြောဆိုသည်။

သက်ဆင်သည် သူ၏ အာဏာရသက်တမ်းအတွင်း အာဏာရှင်ဆန်လွန်းသည်၊ ဓနရှင်ဆန်လွန်းသည်ဟု စွပ်စွဲခံခဲ့ရသော်လည်း မည်သည့်ကိစ္စကိုမှ နောင်တရခြင်းမရှိဟုဆိုသည်။ “နောက်တစ်ကြိမ် ဝန်ကြီးချုပ် ဖြစ်မယ်ဆိုရင်လည်း ကျွန်တော်ဒီပုံစံအတိုင်းပဲ လုပ်မှာပါ”ဟု သက်ဆင်က ပြောကြားသည်။

ဝန်ကြီးချုပ်ဟောင်းသည် ထိုင်းဘုရင်ကို သစ္စာခံခြင်းမရှိဟု ပြောဆိုကြသော ဘုရင်စနစ်ဝါဒီများနှင့် ထိုင်းစစ်တပ်ခေါင်းဆောင်များအကြား သက်ဆင်မုန်းတီးရေးစိတ်ဓာတ် ကိန်းဝပ်နေသည်ကို ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် သက်ဆင်က“ကျွန်တော် အရမ်းရေပန်းစားတာကို စိုးရိမ်သောက ရောက်နေတဲ့လူတွေပါ”ဟု ပြောဆိုလိုက်သည်။

မတည်ရင်းနှီးငွေ ကြီးမားလွန်းသော ထားဝယ်အထူးစီးပွားရေးဇုံ စီမံကိန်းကို ထိုင်းကုမ္ပဏီများ အကောင်အထည်ဖော်နိုင်စွမ်း မရှိလျှင် ဂျပန်ကုမ္ပဏီများ ရယူသွားနိုင်ဖွယ်ရှိသည်ဟူသော သတင်းများထွက်ပေါ်လာခြင်းကြောင့် ဂျပန်နိုင်ငံသို့ သက်ဆင် သွားရောက်စည်းရုံးသည့် လက္ခဏာရှိသည်ဟု မြန်မာ့နိုင်ငံရေး အကဲခတ်သူအချို့က မှတ်ချက်ပေးထားသည်။

******************************************

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဧည့်ခံရန် ယူကေနိုင်ငံပြင်ဆင်

(Channel News Asia မှ 17 June 2012 ရက်စွဲပါ "UK prepares to host Aung San Su Kyi" သတင်းကိုဘာသာပြန်ဆိုသည်။)

၂၄ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ဥရောပ ၅ နိုင်ငံခရီးစဉ် လှည့်လည်နေသော မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယူကေနိုင်ငံက လာမည့်အပတ်တွင် ကြိုဆိုရန်ပြင်ဆင်နေသည်။

မြန်မာနိုင်ငံ၌ ပြီးခဲ့သောနှစ်ပေါင်း ၂၀ နီးပါးအကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားဟောင်း လူထုခေါင်းဆောင်သည် အောက်စဖို့တက္ကသိုလ်တွင် အရပ်ဖက်ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို လက်ခံယူရမည့်အပြင် လန်ဒန်တွင် လွှတ်တော်နှစ်ရပ်စလုံး၌ မိန့်ခွန်းပြောကြားရန် ဖိတ်ကြားမှုကို လက်ခံထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်အား ပြင်ပကမ္ဘာကို မြန်မာနိုင်ငံ တံခါးဖွင့်ပေးနေသည့် လက္ခဏာတစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။ ယခင်အစိုးရအကြီးအကဲ စိတ်တိုင်းကျစီမံထားသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ အစီအစဉ်တစ်ရပ်အဖြစ် ၂၀၁၀ နှောင်းပိုင်းတွင် လွတ်မြောက်လာခဲ့သော ဒီမိုကရေစီခေါင်းဆောင်သည် ပြီးခဲ့သော ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ အနိုင်ရရှိခဲ့သည်။

ယူကေခရီးစဉ် ပါဝင်သော သူမ၏ ယခုဥရောပခရီးကို လူ့အခွင့်အရေးအုပ်စုများက ကြိုဆိုခဲ့ကြသည်။

"သူမဟာ ပြည်ပခရီးထွက်လာပြီးရင် မြန်မာနိုင်ငံကို ပြန်ဝင်နိုင်ခွင့်ရဖို့အတွက် အစိုးရအပေါ်မှာ စိတ်ချလက်ချရှိသွားပုံပါပဲ။ ဒါဟာသတင်းကောင်းပါ။ သမ္မ္မတဦးသိန်းစိန်အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောတူညီမှုတစ်ချို့ ရယူရမယ်ဆိုတာကို သဘောပေါက်နေပါပြီ" ဟု Burma Campaign UK မှ ဇိုရာဖန်းက မှတ်ချက်ပေးသည်။

"မြန်မာနိုင်ငံမှာ အခြေခံဥပဒေပိုင်း ပိုမိုပြောင်းလဲဖို့ တွန်းအားပေးရာမှာ လွှတ်တော်ကို ပေါင်းကူးပလက်ဖောင်းအဖြစ် အသုံးပြုရေးအပါအဝင် နောက်ထပ်အပြောင်းအလဲတွေအတွက် တွန်းအားပေးနိုင်မယ့် ဒီနေရာလေးကိုရဖို့ ဒေါ်အောင်ဆန်းစုကြည် အကောင်းဆုံး ကြိုးစားနေတယ်ဆိုတာကို ကျွန်မတို့နားလည်ပါတယ်။ သမ္မတဦးသိန်းစိန်ကလည်း နိုင်ငံတကာ Sanctions အားလုံးဖယ်ရှားပေးတာကို မျှော်လင့်နေတယ်လို့ ကျွန်မတို့ နားလည်ထားပါတယ်"ဟု ဇိုရာဖန်းက ပြောကြားသည်။

နှစ်ပေါင်း ၂၀ နီးပါး ပိတ်လှောင်ခံခဲ့ရသော်လည်း မြန်မာ့နိုင်ငံရေး မျက်လှည့်ပြကွက်များကို မျက်ခြည်ပြတ်သွားခြင်းမရှိသူ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ထောက်ခံအားပေးရမည်ဖြစ်သော်လည်း အလွန်အကျွံ အကောင်းမမြင်ကြရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ရင်းနှီး မြှုပ်နှံသူများကို အသိပေးပြောကြားထားသည်။

အထင်ကြီးစရာကောင်းသော ပြုပြင်ပြောင်းလဲမှုများ လက်တွေ့အကောင်အထည်ပေါ်လာရန် လိုအပ်နေသေးသည်ဟု သတိပေးထားသော သူမ၏မှတ်ချက်များသည် မြန်မာအာဏာပိုင်များကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သော်လည်း ဥရောပခေါင်းဆောင်များက နားထောင်ကြသည်ဟု အကဲခတ်များကဆိုသည်။

Chatham House မှ အကြီးတန်းသုတေသနပညာရှင် ဒေါက်တာဂါရက်ပရိုက်စ် က "အခုချိန်ထိ အရှိန်နဲ့လိမ့်နေပေမဲ့ အရာရာဟာ နောက်ပြန်ဆုတ်သွားနိုင်ပါတယ်။ အရာရာဟာ အရမ်းကိုမြန်မြန်ဆန်ဆန် နောက်ပြန်လိမ့်သွားနိုင်တုန်းပါပဲ။ စစ်ဖက်အာဏာပိုင်တွေ ဒီမိုကရေစီပြောင်းလဲရေးလုပ်အောင် ဘယ်အရာက လှုံ့ဆော်ပေးသလဲ ဆိုတာကို ကျွန်တော်တို့အမှန်တကယ် မသိသေးပါဘူး"ဟု သုံးသပ်ပြောဆိုသည်။

မြန်မာအစိုးရ၏ နောက်တစ်ဆင့်ခြေလှမ်းကို ခန့်မှန်းရခြင်းမှာ ပြင်ပကမ္ဘာကြီးအတွက် မလွယ်ကူလှပါ။ အကဲခတ်လေ့လာသူများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပသို့ ခရီးထွက်ခွင့်ပေးလိုက်ပြီဖြစ်၍ အနောက်အုပ်စု ကုမ္ပဏီများကို မြန်မာအစိုးရက ကွင်းဖွင့်ပေးလိမ့်မည်ဟု မှတ်ချက်ပေးကြသည်။

"အရင်တုန်းကတော့ မြန်မာအစိုးရဟာ တစ်ခြားအာရှနိုင်ငံတွေကိုပဲ ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်နေတာပါ။ ဒါပေမဲ့ သူတို့ကတရုတ်ကို မယှဉ်နိုင်ကြပါဘူး။ ဒီအချက်ကို ဆက်စပ်တွေးကြည့်မယ်ဆိုရင် တရုတ်ကို ဟန်ချက်ထိန်းဖို့နည်းလမ်းဟာ အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေ ရောက်ရှိလာတာပါပဲ။ အနောက်အုပ်စု ရင်းနှီးမြှုပ်နှံမှုကိုရဖို့ဆိုရင် Sanctions တွေဖယ်ရှားသွားအောင် တစ်ချို့ကိစ္စတွေကို အလျှော့ပေး လုပ်ဆောင်ပြသရတာ ဖြစ်ပါတယ်"ဟု ဒေါက်တာ ဂါရတ်ပရိုက်စ် ကပြောကြားသည်။

ဥရောပခေါင်းဆောင်များအား မြန်မာအစိုးရအပေါ် ယုံကြည်စွာပုံမအောကြရန် ပြည်ပရောက် ဒီမိုကရေစီလှုပ်ရှားသူများက ဘာကြောင့် သတိပေးနေကြပါသလဲ။

"ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေ ကျန်ရှိနေသမျှ ကာလပတ်လုံးမြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေဆက်လက် ဖြစ်ပွားနေဦးမှာပါပဲ"ဟု ဇိုရာဖန်း က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ယူကေနိုင်ငံသို့ ရောက်ရှိ၍ လွှတ်တော်နှစ်ရပ်၌ မိန့်ခွန်းပြောကြားရာတွင် အားကောင်းမောင်းသန် နိုင်ငံရေးသဝဏ်လွှာကို ဖတ်ကြားပါလိမ့်မည်။ သို့သော်လည်း သူမသည် ၁၉၈၀ ခုနှစ်များအတွင်း ယူကေ၌ နေထိုင်ခဲ့ပြီး၊ မိသားစု ကျန်ရစ်ခဲ့သည့်အပြင် သူမ၏ ၆၇ နှစ်မြောက်မွေးနေ့ကို ပြုလုပ်ဦးမည်ဖြစ်သောကြောင့် ကိုယ်ရေးကိုယ်တာ ခရီးတစ်ခုပာုလည်း ဆိုနိုင်ကြောင်း သူမ၏ ထောက်ခံသူများက ပြောကြားခဲ့သည်။

                                                            ***********************************

 

မြန်မာနိုင်ငံ၌ မည်သည့်ဆူပူအုံကြွမှုကိုမှ တရုတ်မမြင်ချင်

(The Daily Star မှ 18 June 2012 ရက်စွဲပါ "China wishes no unrest in Myanmar" သတင်းကို ဘာသာပြန်ဆိုသည်။)

ဒက္ကားမြို့ရှိ တရုတ်သံရုံးမှ နိုင်ငံရေးကောင်စစ်ဝန် ယန်ကျောက်ဟူက "မြန်မာနိုင်ငံတွင်ဖြစ်စေ၊ မည်သည့်မတည်ငြိမ်မှု၊ ဆူပူမှုကိုမှ တရုတ်နိုင်ငံက မမြင်တွေ့ချင်ပါ"ဟု မနေ့ကပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ဘာသာရေးအဓိကရုဏ်းနှင့် ပတ်သက်၍ ယန်ကျောက်ဟူက "တရုတ်ရဲ့အိမ်နီးချင်းနိုင်ငံတွေမှာ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်တာကိုပဲ မြင်ချင်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး၊ အငြင်းပွားမှုမှန်သမျှကို ငြိမ်းချမ်းစွာဖြေရှင်း ဆောင်ရွက်သင့်ပါတယ်"ဟု ဆက်လက်ပြောဆိုသည်။

တောင်တရုတ်ပင်လယ်ရှိ ဟောင်ရန်းကျွန်းကိစ္စအပေါ် တရုတ်နှင့်ဖိလစ်ပိုင်အကြား လတ်တလော အငြင်းပွားမှုနှင့် ပတ်သက်၍ ဒက္ကားမြို့ဘာရီဒါရာတွင် ပြုလုပ်သော တရုတ်သံရုံးသတင်းစာရှင်းလင်းပွဲတွင် ယန်ကျောက်ဟူက သတင်းထောက်များအား အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ယခင်ကနိုင်ငံတကာနှင့် အဆက်ဖြတ်ထားသော မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီများက မြန်မာတပ်မတော်အစိုးရနှင့် လက်သိပ်ထိုး ပြေလည်မှု ရယူကာ သဘာဝသယံဇာတများကို ထုတ်ယူခဲ့သည်။

သို့သော် မနှစ်က ရုတ်တရက်ရပ်ဆိုင်းသွားသော မြစ်ဆုံတမံစီမံကိန်းပြဿနာတွင် မြန်မာနိုင်ငံ၌ တရုတ်ကုမ္ပဏီကြီးများ လက်ဝါးကြီးအုပ် အမြတ်ထုတ်နေခြင်းကို မြန်မာလူထုက မကျေနပ်ကြောင်း အတိအလင်းပြသခဲ့သည်။

ယခုတည်ငြိမ်မှုပျက်ပြားနေသော ရခိုင်ပြည်နယ်သည် တရုတ်တို့မဟာဗျူဟာမြောက် အလေးထားသော ရေနံဓာတ်ငွေ့အမြွှာပိုက်လိုင်းစီမံကိန်း စတင်ရာဒေသဖြစ်နေသည့်အပြင်၊ တရုတ်အကျိုးစီးပွား အမြောက်အမြားတည်ရှိသော ကချင်ပြည်နယ်တွင်လည်း စစ်မက်ဖြစ်ပွားနေသောကြောင့် မြန်မာနိုင်ငံတွင်းမှ ယင်းတို့၏ အကျိုးစီးပွားများ ဆုံးရှုံးနိုင်သည့်အလားအလာကို တရုတ်နိုင်ငံက စိုးရိမ်ပူပန်နေဖွယ်ရှိသည်ဟု မြန်မာ့နိုင်ငံရေး အကဲခတ်လေ့လာသူအချို့က မှတ်ချက်ပေး ပြောကြားထားသည်။

***********************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment