Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၀.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. Rule of Law ဆိုသည်မှာ

*****************************************

ဆောင်းပါးကဏ္ဍ

Rule of Law ဆိုသည်မှာ

ခင်မောင်ဇော်

(ဇွန် ၂၁ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၃၂) မှ ထုတ်ယူဖော်ပြသည်)

အခုတလော  Rule of Law ဆိုတဲ့ အသုံးအနှုန်းကလေး တွင်ကျယ်လာလို့ အခြေအမြစ်ကို လိုက်ကြည့်မိပါတယ်။ ဒီမိုကရေစီဘိုး အေနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်မှာ ၁၉၀၀ ပြည့်နှစ်ဝန်းကျင်တွေက စတင်အကျွမ်းဝင်လာတဲ့ စည်းမျဉ်း (Principle) ကလေးတွေဖြစ် ကြောင်း တွေ့လာရပါတယ်။

အမေရိကန်၊ ဂျပန်၊ ပြင်သစ် စတဲ့ တခြားနိုင်ငံကြီးတွေမှာလို နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်း ရေးချွတ်ဖော်ပြထားတာမျိုး အင်္ဂလန်ကျွန်းမှာမရှိလေဘူး။ ဒီတော့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးကို အကာအကွယ်ပေးရေးကို ဦးနှောက်ထဲ၊ နှလုံးသားထဲမှာ စွဲဝင်နိုင်ကြစေဖို့ စည်းမျဉ်း (Principle) အနေနဲ့ ဖော်ထုတ် ရိုက်သွင်းလာခဲ့ရတယ်လို့ ယူဆစရာရှိပါတယ်။

Rule of Law ဆိုတာ ဘာတွေလဲလို့ တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းထားတာမျိုးလည်း ဗြိတိန်ရဲ့ ဘယ်ဥပဒေထုံးတမ်းမှာမှ မတွေ့ရ ပြန်ပါဘူး။ အင်္ဂလန်ကျွန်းသားတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ပေထက်အက္ခရာတင်လို့၊ စာတစ်စောင် ကျမ်းတစ်ခုဖြစ်အောင် ရေးဆွဲ တည်ရှိစေခြင်းထက် နှလုံးသားထဲကအသိနဲ့ လိုက်နာကျင့်သုံးခံယူကြတဲ့ ဓမ္မသတ်တရားတွေနဲ့ ထိန်းကျောင်းစေတယ်လို့ ယူသော်ရနိုင်ပါ တယ်။ သူတို့တွေရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက်တင်ပြပါမယ်။

၁၉၁၅ ခုနှစ် ပါမောက္ခ A.V.Dicey (Albert Venn Dicey) ဆိုတဲ့ ပုဂ္ဂိုလ်က Rule of Law ဆိုတာကို စည်းမျဉ်း (Principle) သုံးခုနဲ့ ဖော်ညွှန်းတင်ပြလာခဲ့ပါတယ်။ Dicey ရဲ့ Principle တွေလို့ပဲ ဆိုကြပါစို့ရဲ့။

သူရဲ့ ပထမစည်းမျဉ်းကတော့-

နိုင်ငံသားတစ်ယောက်ကို ပြစ်မှုကျူးလွန်တယ်လို့ ထင်ရှားသိမှတ်ခြင်းမပြုနိုင်သမျှ မည်သည့်ထိပါးမှုမျိုးမှ မပြုစေရလို့ ဆိုပါတယ်။ ထိပါးမှုဆိုရာမှာ အသက်အိုးအိမ် စည်းစိမ်ဂုဏ်သိက္ခာနဲ့ လွတ်လပ်ခွင့်တို့ ပါဝင်ပါတယ်။ တရားရုံးတစ်ရုံးရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည့်တိုင် အထက်တရားရုံးအဆင့်ဆင့်ကို အယူခံပိုင်ခွင့်ရှိတယ်လို့လည်း ဆိုပါတယ်။ ထိပါးမှုဆိုရာမှာ အသက်အိုးအိမ် စည်းစိမ်ဂုဏ်သိက္ခာနဲ့ လွတ်လပ် ခွင့်တို့ ပါဝင်ပါတယ်။

ဒုတိယစည်းမျဉ်းကတော့-

ဥပဒေရေးရာမှာ အခွင့်အရေးတူမျှမှုဖြစ်ပါတယ်။ ဥပဒေအထက်မှာ မည်သူတစ်ဦးတစ်ယောက်မျှ မရှိဘူးဆိုတဲ့ အဆိုအမိန့်ဟာ ဒီဒုတိယစည်းမျဉ်းနှင့် အကျုံးဝင်ပါတယ်။ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပညာတတ်ခြင်း မတတ်ခြင်း၊ ရာထူးရှိခြင်း၊ မရှိခြင်းတို့ကြောင့် ဥပဒေအရာမှာ ခွဲခြားသုံးသပ်ဆုံးဖြတ်ခြင်း မရှိစေရလို့ ဆိုပါတယ်။ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း စသည်တို့ဖြစ်ခြင်းကြောင့် သာမန်ပြည် သူတွေနဲ့ ကွဲပြားတဲ့ တရားစီရင်မှုမျိုးမရှိစေရလို့ ဖော်ညွန်းပါတယ်။

တတိယစည်းမျဉ်းအနေနဲ့ကတော့-

နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အကာအကွယ်ပေးမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးထားတာမျိုး မဟုတ်ဘဲ တရားရုံးအဆင့်ဆင့်တွေရဲ့ စီရင်ချက် စီရင်ထုံးတွေက လာရမယ်လို့ ဆိုပါတယ်။

တရားသူကြီးတွေရဲ့ သိက္ခာ၊ သမာဓိနဲ့ နှလုံးသားထဲက ခံယူတဲ့အမှတ်ကို မြတ်နိုးခြင်း ဓမ္မသတ်တရားဟာ ဗြိတိသျှနိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးကို ရာစုနှစ်ပေါင်းများစွာ စောင့်ရှောက်လာခဲ့တဲ့ အခြေခံတရားကို ဆိုပါတယ်။

လက်တွေ့ဖြစ်ပေါ်တိုးတက်မှုနှင့် နှိုင်းယှဉ်သုံးသပ်ရရင် ဗြိတိန်မှာလူသားတွေရဲ့ အခြေခံအခွင့်အရေးတွေ ပြင်းပြင်းထန်ထန် ချိုး ဖောက်မှုမျိုးတွေ ကြီးကြီးမားမား ရှိမနေတာတော့ အမှန်ပါပဲ။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း စတဲ့ ကောင်းမြတ်တဲ့ အခြေခံနိုင်ငံသားတွေ ရဲ့ အခွင့်အရေးတွေကို စာတစ်စောင် ပေတစ်ဖွဲ့ ပြဋ္ဌာန်းသည်ဖြစ်စေ တရားဥပဒေကို ကိုင်တွယ်ကျင့်သုံးရသူတွေရဲ့ နှလုံးသားတွေထဲမှာ ကောင်းမြတ်တဲ့ ဓမ္မတရားတွေ ကိန်းဝပ်နေရင် လောကပါလတရားတွေ ထွန်းကားနိုင်ပါတယ်ဆိုတာ အင်္ဂလန်ရဲ့ Rule of the Law ဆိုတာကို လေ့လာမှုကနေ ထုတ်ယူနိုင်ပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ ထူးခြားမှုတစ်ခုကတော့ အမေရိကန်နိုင်ငံနဲ့တကွ အခြားနိုင်ငံအများစုလို written constitution မရှိတာပါဘဲ။ သို့တစေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံတွေမှာ written constitution ရှိတဲ့ နိုင်ငံတွေထက် မနိမ့်တာဟာ Rule of Law ရှင်သန်လို့ပါပဲ။

မည်သို့ဆိုစေ Dicey ရဲ့ Principle တွေဟာ Rule of Law ကို ဖော်ကျူးရာမှာ ထောင့်မစေ့သလို ပြည့်စုံလုံလောက်မှု မရှိပါဘူးလို့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိပါတယ်။ သံတမန်တွေ၊ တော်ဝင်မိသားစုတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ရယူစံစားနေတဲ့ Immunity လို့ခေါ်တဲ့ အထူးကင်းလွတ်ခွင့်တွေဟာ ခွဲခြားမှုမရှိရဘူးဆိုတဲ့ Principle နဲ့ ဆန့်ကျင်နေတယ်။ ဒါကြောင့် ခြွင်းချက်အနေနဲ့ ပါဝင်ရမယ်လို့ ဆိုတယ်။ ထို့အတူအရေးပေါ် အခြေအနေတွေ ပေါ်ပေါက်ချိန်မှာ ထုတ်ဆင့်ရတဲ့ ဒေသန္တရအာဏာပိုင်တွေရဲ့ အမိန့်ဒီကရီတွေဟာ Court of Law မှာ စစ်ဆေးခွင့်မရှိတာကြောင့် Rule of Law ကို လိုက်နာမှုမရှိဘူးလို့ ဆိုပြန်တယ်။

တစ်ဖက်ကလည်း ဒီ Principle သုံးချက်ဟာ တရားစီရင်ရေးသက်သက်နဲ့သာ သက်ဆိုင်ပြီး Civil Right လို့ခေါ်တဲ့ လူမှုရေးဆိုင်ရာ အခွင့်အရေးတူမျှမှုတွေ၊ နိုင်ငံသားတွေရဲ့ အခွင့်လမ်းတူမျှမှုတွေကို ပါတယ်။ သဘောထားမှတ်ချက်ပေးတဲ့ အဆင့်ကနေ Resolution ဆုံးဖြတ်ချက်အဆင့်အထိ မရာက်ခဲ့ပါဘူး။ ပြီးတော့ Dicey ထက်ထူးခြားတဲ့ အယူအဆမျိုးလည်း ဖော်ထုတ်နိုင်တာ မတွေ့ရပါဘူး။

ဘယ်လိုပဲ မပြည့်စုံဘူးဆိုကြပေမယ့် အနောက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို လေ့လာသုံးသပ်ရာမှာ တိုင်းတာတဲ့ ပေတံတွေထဲက တစ်ချောင်းတော့ ဖြစ်လာတယ်။ ဂျပန်၊ ဆွစ်ဇာလန် စတဲ့ တိုင်းပြည်တွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးတူမျှမှုတွေ၊ အခွင့်အလမ်းတူညီမှုတွေကို ပိုမိုပြီး အသေးစိတ် အကာအကွယ်ပေးထားတာကြောင့် Rule of Law နဲ့ ပိုမိုကိုက်ညီတယ်လို့ ဆိုကြတယ်။ ဒီတော့ Rule of Law ဆိုတာဟာ နိုင်ငံတစ်နိုင်ငံ၊ လူတစ်ဦးတစ်ယောက်က တိတိကျကျ သတ် သတ်မှတ်မှတ် ပုံဖော်ထား၊ အက္ခရာတင်ထားလို့ ပြီးပြည်စုံတယ်လို့ အများကလက်ခံထားတဲ့ အခြေအနေမှာတော့ မရှိသေးဘူးလို့ သဘောပေါက်ရပါတယ်။ ဒါကြောင့် ကျွန်တော် သဘောပေါက်သလိုဆွေးနွေးတင်ပြ ခွင့် ပြုစေလိုပါတယ်။

နိုင်ငံတိုင်းမှာ အမျိုးသားတန်ဖိုး State Value ဆိုတဲ့ မျှော်လင့်တောင့်တ ရယူအပ်တဲ့ ဓမ္မပါလတရားတွေ သတ်မှတ်ထားရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ State Value တွေကို လွတ်လပ်ရေးကြေညာစာတမ်း၊ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ ငွေစက္ကူတွေမှာ တွေ့ရနိုင် တယ်လို့ ဆိုတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော ဘယ်မှာတွေ့နိုင်မှာပါလဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ အစိုးရတွေ ဘယ်လိုပြောင်းပြောင်း မဟောင်းနိုင်တဲ့ နိုင်ငံတော်သီချင်းမှာ စုစည်းမှီအောင်းနေတယ် လို့ပြောရင် လက်ခံကြမှာလား။

တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ချစ်ကြည်ခြင်း၊ အခွင့်အလမ်းတူမျှခြင်းနဲ့ ဖြူစင်သော မူဝါဒများကို ကျင့်သုံးခြင်း စတဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေဟာ မြတ်နိုးတန်ဖိုးထား ဦးထိပ်ပန်ဆင်ရမယ့် တရားတွေဖြစ်သလို ဘိုးစဉ်ဘောင်ဆက် အ သက်သွေး၊ သွေးမျက်ရည် အလိမ်းလိမ်းအထပ်ထပ် ရင်းခဲ့ကြရတဲ့ ပြည်ထောင်စုအမေကို ထိန်းသိမ်းဖို့ ဝတ္တရားကိုလည်း ပခုံးတိုင်းထက်ဆီ မှာရှိနေတာကို နိုင်ငံတော်သီချင်းမှာ ပြည့်ပြည့်စုံစုံ ဖော်ညွန်ထားတယ်။

State Values တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားရေး ရည်မှန်းချက်တွေအတွက် လမ်းညွန်းမီးရှုး တန်ဆောင်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံမှာပဲရေးရေး၊ နှလုံးသားထဲမှာပဲကိန်းဝပ်ကြလို့ ယဉ်ကျေးမှုတစ်ခုပဲဖြစ်လို့ လာလာရည်ရွယ်အပ်၊ လိုလားအပ်တဲ့ လူ့ဘဝတန်ဖိုး ထားမှုတွေ ပြည့်ပြည့်ဝဝ ရှင်သန်တည်ရှိ၊ တည်မြဲမှုဟာ Rule of Law ရဲ့ ဓမ္မသတ်ဘောပါလို့ဆိုရင် သဘောတူညီနိုင်ကြမှာလား။

Law တစ်ခု အသက်ဝင်ရှင်သန် အကျိုးသက်ရောက်ဖို့အတွက် ပြုစုရေးဆွဲသူ၊ အသက်ဝင်မှု (enact) ဖြစ်စေသူ၊ စိုးမိုးမှုပြည့်ဝစွာ ရှိရေး ဖြည့်ဆည်းမှု (enforce) ပြုရသူ၊ ဥပဒေ၏ ရည်မှန်းချက်များ ပြည့်ဝစွာဖော်ဆောင်မှု (enrich) ဖြစ်အောင် ဖြည့်ဆည်းသူ၊ ဥပဒေ တည်ခြင်း၏ အသီးအပွင့်ဖြစ်သော မူလရည်မှန်းချက်များကို အပြည့်ဝဆုံးနဲ့ အကျယ်ပြန့်ဆုံး တိုးတက်ခံစားမှ (enhance) ဖြစ်စေရေး အတွက် ဝိုင်းဝန်းပါဝင်သူတို့အားလုံးဟာ ကောင်းမြတ်တဲ့ ဓမ္မသတ်တရားကို နှလုံးသွင်း ခံယူကျင့်သုံးနိုင်ကြမယ်ဆိုရင် Rule of Law ရှင် သန်ခြင်းနှင့် လိုအပ်များတောင့်တတဲ့ State Values တွေ ရှင်သန်သီးပွင့်ရာမြေ ဖြစ်လာမယ်ဆိုရင် မှားနိုင်မလား။

Rule of Law ဆိုတာဟာ ပကတိတရားအရပြောရရင် လူသားဆန်တဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ လူသားဆန်တဲ့ လူ့အဖွဲ့အစည်းတိုင်း မှာ ဥပဒေအရပ်ရပ် အထက်မှာရှိအပ်တဲ့ သဘောတရားရေးလမ်းညွှန် အလင်းရောင်ပါ။ တစ်ဖက်ကကြည့်ရင်တော့ ကမ္ဘာ့ရွာတစ်ခုလုံးမှာ ရှိတဲ့ နိုင်ငံအသီးသီးရဲ့ စံနှုန်းတွေနဲ့ အံဝင်ပြီး ပြည်စုံတဲ့ ဥပဒေသအဖြစ် ဖော်ထုတ်သဘောတူ လက်ခံအတည်ပြုထားတာမျိုး မရှိသေးတာ ဘဲ ရှိပါလိမ့်မယ်။ အဲဒီလို တစ်ကမ္ဘာလုံးလက်ခံနိုင်သော Universal Rule မျိုးရှိသည်ဖြစ်စေ၊ မရှိသေးသည်ဖြစ်စေ ကိုယ့်နိုင်ငံရဲ့ State Value တွေ၊ အမျိုးသားရေးရည်မှန်းချက်တွေကို ဖြည့်ဆည်းရေးဆိုတဲ့ အလင်းရောင်အောက်မှာ ရှိသမျှ ဥပဒေအရပ်ရပ် ရေးဆွဲသလို ရေးဆွဲသူ၊ ကိုင်တွယ်ကျင့်သုံးသူ၊ ဝိုင်းဝန်အားဖြည့်သူ၊ ယုံကြည်လေးစား လိုက်နာကျင်သုံးသူအားလုံးက ဥပဒေသည် ပြည်သူ့အတွက်၊ နိုင်ငံတော်အတွက်ဟူသော အကျိုးစီးပွားဦးထိပ်ထားမှု မှန်ကန်ကြပါရင် နိုင်ငံသားအားလုံးရဲ့ နှလုံးသားနဲ့ရေးတဲ့ ဓမ္မသတ်ဟာ တရားဥပ ဒေအားလုံးရဲ့ အပေါ်မှာ တည်နေပါလိမ့်မယ်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment