Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၀.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. တပ်မတော်ကိုဘယ်တော့မှ မမုန်းခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(CBS News မှ 18 June 2012 ရက်စွဲပါ “Aung San SuuKyi: I never hated the Burmese army” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

  1. ၉ ရက်ကြာရပ်ဆိုင်းသွားသော ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်စ

(The Daily Star သတင်းမှ 18 June 2012 ရက်စွဲပါ "Bangladesh-Myanmar border trade resumes 9 days" သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံအပေါ် အဓိပ္ပါယ်ပါသော သံသယများ ထားကြရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

(18 Jan 2012 ရက်စွဲပါ The Independent မှ Andrew Grice ရေးသားသော Aung San Suu Kyi Urges “healthy scepticism”over Burma ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

တပ်မတော်ကိုဘယ်တော့မှ မမုန်းခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(CBS News မှ 18 June 2012 ရက်စွဲပါ “Aung San SuuKyi: I never hated the Burmese army” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

ကမ္ဘာကျော်ဒီမိုကရေစီလှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့အဖိနှိပ်၊ အချုပ်ချယ်ဆုံးနိုင်ငံတစ်ခုဖြစ်သော သူမ၏ဇာတိ မြန်မာနိုင်ငံတွင် ယခင်တပ်မတော်အစိုးရ၏ အကျယ်ချုပ်ထိန်းသိမ်းမှုကို ခံခဲ့ရသူဖြစ်သည်။

ပြည်တွင်းကော၊ ပြည်ပပါ သြဇာကြီးမားသော သူမ၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုကြောင့် မြန်မာနိုင်ငံတွင် အပြောင်းအလဲကို ဦးတည်စေခဲ့သည်။ ယခုသီတင်းပတ်တွင် သူမ ယခင်နှစ်ပေါင်း ၂၀ ခန့်ကရရှိခဲ့သော နိုဗယ်ဆုကိုလက်ခံရန် နော်ဝေးနိုင်ငံသို့ သွားရောက်ခွင့်ရရှိခဲ့သည်။

CBS သတင်းကြေညာသူ ဗယ်လီနှင့် ရှားရှားပါးပါးအင်တာဗျူး လုပ်ခွင့်ပေးသော ဒီမိုကရေစီခေါင်းဆောင်က သူမအနေဖြင့် လက်လျှော့စွန့်ခွာ သွားရန် လုံးဝစဉ်းစားခဲ့ခြင်းမရှိပါဟု ဆိုသည်။

သူမ၏ အမည်နာမတွင် သူမ၏ဖခင် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏အမည် တွဲဖက်ပါဝင်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘဝသက်တမ်းထက်ဝက်နီးပါးကို ဗြိတိန်တွင်နေထိုင်ကာ အိမ်ထောင်ကျပြီး၊ သားနှစ်ဦး ထွန်းကားခဲ့သော်လည်း ၁၉၈၈ တွင် မကျန်းမာသော မိခင်ကိုပြုစုရန် မြန်မာနိုင်ငံသို့ ခေတ္တပြန်စဉ် ထိုနိုင်ငံမှ အာဏာရှင်အစိုးရက လမ်းပေါ်ထွက် ဆန္ဒပြသူများအား ပစ်ခတ်နှိမ်နင်း နေသည့်အချိန်နှင့် တိုက်ဆိုင်ခဲ့သည်။

ထိုအချိန်မှစ၍ အကြမ်းမဖက်သော ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်ရန် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော သူမအား ယခင်အစိုးရက နှစ်ပေါင်း ၂၀ နီးပါးအကျယ်ချုပ် ထိန်းသိမ်းထားခဲ့သည်။ သူမသည် ခင်ပွန်းဖြစ်သူ ကင်ဆာရောဂါဖြင့် ကွယ်လွန်သည့်အချိန်၌ပင် ဗြိတိန်သို့မပြန်ဘဲ မြန်မာနိုင်ငံမှ မထွက်ခွာဘဲနေရန် ရွေးချယ်ခဲ့သည်။ နယ်လ်ဆင်မင်ဒဲလားကဲ့သို့ပင် အထိန်းသိမ်းခံဘဝဖြင့် ပေးဆပ်ရုန်းကန်ခဲ့သော သူမကြောင့် နိုင်ငံရေးလှုပ်ရှားမှု ရှင်သန်ကာ ဒီမိုကရေစီအမြစ် တွယ်လာခဲ့ခြင်းဖြစ်သည်။

ဗယ်လီ။                 ။ ၁၉၈၈ခုနှစ်တုန်းက ဒီမိုကရေစီလှုပ်ရှားမှုမှာ ဘာကြောင့်ပါဝင်ပတ်သက်သွားခဲ့တာလဲ။

ဒေါ်အောင်ဆန်းစုကြည်။                  ။ကျွန်မတို့အားလုံးပါဝင် ပူးပေါင်းကြမယ့်အချိန်လို့ ကျွန်မယူဆခဲ့လို့ပါပဲ။ နိုင်ငံရဲ့ ဒီမိုကရေစီအခွင့်အရေးကို တောင်းဆိုဖို့အတွက် လူတိုင်းစည်းလုံးညီညွတ်ခဲ့ကြတဲ့ အချိန်ကောင်းတစ်ခု ဖြစ်ပါတယ်။

ဗယ်လီ။                 ။ခင်ပွန်းဖြစ်သူကွယ်လွန်ချိန်မှာတောင် မြန်မာနိုင်ငံမှာဆက်နေဖို့ ရွေးချယ်ခဲ့တယ်နော်။ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။

ဒေါ်အောင်ဆန်းစုကြည်။                 ။၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ဖို့ဆုံးဖြတ်ချိန်ကစပြီး ဒါကိုရွေးချယ် လိုက်တာပါပဲ။ ဒီလိုလမ်းကြောင်းကို ရွေးချယ်လိုက်ပြီဆိုရင် ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တွေနဲ့ ရှောင်လွှဲလို့မရတော့ဘဲ ရေဆုံးမြေဆုံးဆက်သွားရမှာပါ။

ဗယ်လီ။                 ။ကိုယ်ရေးကိုယ်တာ ခံစားချက်ထက် နိုင်ငံက ပိုအရေးကြီးတယ်လို့ စဉ်းစားခဲ့တာလား။

ဒေါ်အောင်ဆန်းစုကြည်။                 ။ကျွန်မတို့တစ်ဦးခြင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ခံစားချက်တွေထက် တစ်နိုင်ငံလုံးရဲ့ကိစ္စက ပိုအရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။

ဗယ်လီ။                 ။ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်းဘယ်အချိန်မှာအခက်ခဲဆုံးလဲ။

ဒေါ်အောင်ဆန်းစုကြည်။                     ။အခက်ခဲဆုံးကတော့ အကျယ်ချုပ်ထိန်းသိမ်းခံကာလမှာ ပါတီနဲ့ ပါတီထောက်ခံသူတွေကို ကူညီဖို့ ဘာမှလုပ်မပေး နိုင်ခဲ့တဲ့ အချိန်ပါပဲ။ အရမ်းခက်ခဲတဲ့အချိန်ကို သူတို့ ဖြတ်ကျော်နေရတယ်ဆိုတာ သိနေပေမယ့် ဘာမှကူညီလုပ်ကိုင်မပေးနိုင်လို့ စိတ်မကောင်းဖြစ်ရပါတယ်။

ဗယ်လီ။                 ။နယ်လ်ဆင်မင်ဒဲလားကတော့ ထောင်ကလွတ်လာတဲ့အချိန်မှာ သူ့ကိုထောင်ချခဲ့သူတွေကို မုန်းမိပေမယ့် တကယ်လို့ သူတို့ကိုဆက်ပြီး မုန်းတီးနေမယ်ဆိုရင် သူလည်းထောင်ထဲမှာ ဆက်နေရလိမ့်မယ်ဆိုတာကို အဲဒီအခိုက်အတန့်မှာ နားလည်သွားတယ်လို့ တစ်ခါကပြောဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။                 ။ကျွန်မကိုအကျယ်ချုပ်ဖမ်းထားခဲ့တဲ့ သူတွေကို လုံးဝမမုန်းခဲ့ပါဘူး။ နယ်လ်ဆင်မင်ဒဲလားနဲ့ ကျွန်မက အနေအထားခြင်း ကွဲပြားတယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်မဖခင်က ဗမာ့တပ်မတော်ကို တည်ထောင်ခဲ့တာကြောင့် တပ်မတော်အပေါ်ကို အမြဲတမ်း သံယောဇဉ် ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ စစ်တပ်က ပြည်သူတွေ လက်မခံနိုင်တဲ့ အရာတွေလုပ်လာတာကို ကျွန်မ မနှစ်သက်ပေမယ့် သူတို့ကိုလုံးဝမမုန်းခဲ့ပါဘူး။

ဗယ်လီ။                 ။ရှင်အကျယ်ချုပ် ထိန်းသိမ်းခံနေရတဲ့အချိန်မှာ နယ်လ်ဆင်မင်ဒဲလား လွတ်လာတဲ့ သတင်းကို ရေဒီယိုကနေ ကြားလိုက်ရမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည်။                  ။ဟုတ်ပါတယ်။

ဗယ်လီ။                 ။အဲဒီသတင်းကြောင့် အားတက်သွားသလား။

ဒေါ်အောင်ဆန်းစုကြည်။                  ။လှုပ်ရှားရုန်းကန်ခြင်းအတွက် အားတက်စရာကောင်းတဲ့ သတင်းပါ။ တရားမျှတ၊ မှန်ကန်တဲ့ ရုန်းကန်လှုပ်ရှားမှုသာ ဖြစ်မယ်ဆိုရင် အဆုံးသတ်မှာတော့ ပြန်ရရမှာပေါ့။

ဗယ်လီ။                 ။တစ်ခါမှ မကြောက်ခဲ့ဘူးလား။

ဒေါ်အောင်ဆန်းစုကြည်။                 ။တစ်ခါမှမကြောက်ခဲ့ပါဘူး။ ကြောက်စရာလည်း ဘာမှမရှိပါဘူး။ သူတို့က ကျွန်မကို ထိန်းသိမ်းထားပေမယ့် ကောင်းကောင်းမွန်မွန် ထားပါတယ်။

ဗယ်လီ။                 ။ဒါဆိုရင် ရှင်ကရှုံးနိမ့်နေသူမဟုတ်ဘူးလို့ပဲ ယူဆခဲ့တာပေါ့။

ဒေါ်အောင်ဆန်းစုကြည်။                  ။ဟုတ်တယ်။ ရှုံးနေတယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။

ဗယ်လီ။                 ။မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်ရှိပြီလို့ ဘယ်တော့မှာသတ်မှတ်မှာလဲ။

ဒေါ်အောင်ဆန်းစုကြည်။                  ။အခုအချိန်မှာ ပြောရခက်ပါတယ်။ ဒါက ကျွန်မသတ်မှတ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ မြန်မာလူထုက သူတို့ လွတ်လပ်ခွင့်ရှိရဲ့လားဆိုတာကို မတွေးတော့တဲ့အချိန်ဟာ လွတ်လပ်ခွင့်ရှိတဲ့အချိန် ဖြစ်လာပါလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။

ဗယ်လီ။                 ။ချိုးဖဲ့လို့မရနိုင်တဲ့ ပုဂ္ဂိုလ်လို့ ရှင့်ကိုသတ်မှတ်ကြတာကို ဘယ်လိုထင်မြင်ချက်ပေးမလဲ။

ဒေါ်အောင်ဆန်းစုကြည်။                  ။ချိုးမရနိုင်တဲ့သူလို့ ကိုယ့်ကိုကိုယ်မထင်ပါဘူး။ အလိုက်သင့်၊ အလျားသင့်၊ အသားကျလွယ်သူ တစ်ယောက်လို့တော့ ဆိုနိုင်မယ်ထင်တယ်။

********************************************

၉ ရက်ကြာရပ်ဆိုင်းသွားသော ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်စ

(The Daily Star သတင်းမှ 18 June 2012 ရက်စွဲပါ "Bangladesh-Myanmar border trade resumes 9 days" သတင်းကို ဘာသာပြန်ဆိုသည်။)

အိမ်နီးချင်း မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေးအဓိကရုဏ်းကြောင့် ၉ ရက်ခန့် ရပ်ဆိုင်းသွားခဲ့သော မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုများကို မနေ့က ပြန်လည်စတင်လိုက်ပြီဖြစ်သည်။

ရေခဲစိုက်ငါးတန်ချိန် ၉၀ သယ်ဆောင်လာသော သင်္ဘောသည် တက်ခ်နပ်ဆိပ်ကမ်းသို့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဝင်ရောက်ဆိုက်ကပ်ခဲ့သည်။

မြန်မာနိုင်ငံမှ ငါးများကို ဆာမားအင်တာပရိုက်စ်က တင်သွင်းလာခြင်းဖြစ်သည်ဟု ဆိပ်ကမ်းစီမံခန့်ခွဲရေးကုမ္ပဏီ United Land Port teknaf Ltd အထွေထွေမန်နေဂျာ အဗ္ဗဒူမိုဟန်မင်က ပြောကြားသည်။

နောက်ထပ်ကုန်ချိန် တန် ၅၀၀၀ သယ်ဆောင်လာသော သင်္ဘောနှစ်စင်း ယနေ့ထပ်မံ ဆိုက်ရောက်လာမည်ဟု ၎င်းက Daily Star သတင်းသို့ အသိပေးပြောဆိုသည်။

နတ်မြစ်ကိုဖြတ်၍ မြန်မာနိုင်ငံမှာ ကျွဲ၊ နွားများ တင်သွင်းမှုမှာလည်း ၁၂ ရက်ဝန်းကျင်ရပ်ဆိုင်းနေခဲ့ပြီးနောက် မနေ့မနက်က ပြန်လည်စတင်နေပြီ ဟု သိရသည်။

ဆိတ်ကိုးကောင်၊ နွားနှစ်ကောင်၊ ကျွဲတစ်ကောင်ပါဝင်သော ကုန်သေတ္တာငယ်တင်ဆောင်လာသော စက်လှေသည် မနက် ၇ နာရီ ၃၀ မိနစ်တွင် ရောက်ရှိလာသည်ဟု နယ်ခြားစောင့်တပ် တာဝန်ရှိသူတစ်ဦးကဆိုသည်။

ထို့အပြင် မနေ့ကနတ်မြစ်အတွင်း စက်လှေဖြင့်ခိုးဝင်လာသော ရိုဟင်ဂျာ ၇ ဦးကို နယ်ခြားစောင့်တပ်က ဖမ်းမိသောကြောင့် မောင်းထောဖက်သို့ ပြန်ပို့လိုက်သည်ဟု သိရသည်။

နှစ်နိုင်ငံနယ်စပ်အနီး မြန်မာနိုင်ငံဖက်တွင်ဖြစ်ပွားသော ရိုဟင်ဂျာများနှင့် ရခိုင်များအကြားပဋိပက္ခကြောင့် ရပ်ဆိုင်းသွားသော နယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တွန်းအားပေး တောင်းဆိုခဲ့ခြင်းဖြစ်သည်။

                                                                    ***************************************                                        

မြန်မာနိုင်ငံအပေါ် အဓိပ္ပါယ်ပါသော သံသယများ ထားကြရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

(18 Jan 2012 ရက်စွဲပါ The Independent မှ Andrew Grice ရေးသားသော Aung San Suu Kyi Urges “healthy scepticism”over Burma ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် အဓိပ္ပါယ်ပါသောသံသယ(healthy scepticism)များ ထားကြရန် ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။ သူသည် နှစ်ပေါင်းနှစ်ဆယ်ကျော်အကြာတွင် ဗြိတိန်နိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်လျက်ရှိသည်။

မြန်မာအတိုက်အခံခေါင်းဆောင်က ပြောကြားရာတွင် စွမ်းအင်သယံဇာတကြွယ်ဝသော သူ၏တိုင်းပြည်သို့ ဗြိတိသျှကုမ္ပဏီများအနေဖြင့် လိုက်နာ စောင့်ထိန်းမှုများရှိပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ လာရောက်ခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က BBC မှ Andrew Marr Show သို့ပြောကြားရာတွင် “ကျွန်မတို့ ဘာကို ဦးတည်နေတယ်၊ ရည်မှန်းချက်က ဘာလဲဆိုတာ သိပါတယ်။ ရည်ရွယ်တဲ့ဆီရောက်မယ်လို့လည်း ယုံကြည်ပါတယ်။ လမ်းက ဖြောင့်ဖြူးမနေဘူးဆိုပေမယ့် ရောက်မယ်လို့ ယုံကြည်ပါတယ်”ပာုဆိုသည်။ သူ့အနေဖြင့် စစ်အစိုးရကို အစားထိုးနိုင်မည့် ဒီမိုကရေစီအတွက် နှစ်ပေါင်းများစွာ အချိန်ကုန်ခံ၍ လုပ်ဆောင်ခဲ့ရခြင်းအပေါ် နောင်တမရကြောင်း၊ သူ၏ ကာလရှည်ကြိုးပမ်းမှုများ ရလဒ်ကောင်းများ စတင်ရလာနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူသည် ငါးနိုင်ငံ ဥရောပခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံသို့ လေးရက်ကြာလည်ပတ်မည်ဖြစ်ပြီး ယနေ့ Dublin သို့ရောက်မည်ဖြစ်သည်။

သူ့အား ရှားရှားပါးပါး Westminster ခန်းမတွင် ဂုဏ်ပြု၍ မိန့်ခွန်းပြောကြားစေမည်ဖြစ်ပြီး၊ Oxford သို့လည်း သွားရောက်မည်ဖြစ်သည်။

                                            *****************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment