Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၆.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားအတွက် အမှန်တကယ်ရုန်းကန်ရမှုလား။

(23 June 2012 ရက်စွဲပါ Global Post မှ Patrick Winn ၏ Myanmar's real power struggle? Keeping the lights on ကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံတွင်မူးယစ်ဆေးဝါးရောင်းဝယ်မှု နှိမ်နင်းလျက်ရှိဟု ရဲမှူးကြီးပြော

(25 June 2012 ရက်စွဲပါ Radio Australia မှ Burma eracking down on drug trade: Colnel ကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားအတွက် အမှန်တကယ်ရုန်းကန်ရမှုလား။

(23 June 2012 ရက်စွဲပါ Global Post မှ Patrick Winn ၏ Myanmar's real power struggle? Keeping the lights on ကို ဘာသာပြန်ဆိုသည်။)

နှိပ်စက်လွန်းသော ဗိုလ်ချုပ်ကြီးများနှင့် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသူများကို မေ့ပစ်လိုက်ပါ။ မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအား အတွက် ရုန်းကန်နေရမှုများတွင် စိတ်ဆိုးနေသော လူထုကြီးသည် အစိုးရ၏ ဆိုးရွားလှသော လျှပ်စစ်မီးပေးစနစ်ကို ဆန့်ကျင်လျက်ရှိသည်။ မြန်မာအစိုးရ သည် လူအများအပေါ် သံသယကြီးသော အာဏာရှင်စနစ်မှ လွတ်လပ်သော ဈေးကွက်ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ပုံမှန်နှုန်းဖြင့် ကြိုးစား ဖော်ဆောင်နေသည်။

သို့သော် ပို၍အနီးကပ်ကြည့်ရှုပါက မြန်မာနိုင်ငံသည် လျှပ်စစ်မီးပုံမှန်လင်းနေစေရန်ပင် ကြိုးစားနေရသည်ကို တွေ့ရသည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ လူဦးရေ၏ ၁၃% ထက်နည်းသော အချိုးအစားသည်သာ အစိုးရ၏ လျှပ်စစ်မီးဖြန့်ဖြူးပေးမှုကို ရရှိသည်ဟု ဆိုသည်။ မြောက်ကိုရီးယားနှင့် အရှေ့တီမောတို့သည်ပင် ထိုထက်ပိုသောနှုန်းကို ရရှိနေသည်။

အဆိုပါ လျှပ်စစ်မီးရရှိသော လူနည်းစုသည်ပင် နေ့စဉ်လျှပ်စစ်မီး ပြတ်တောက်မှုနှင့် စိတ်ပျက်ဖွယ် ကြုံတွေ့ရလျက်ရှိသည်။ ဆင်းရဲပြီး လျှပ်စစ်မီး မရှိသည့် ဝေးကွာသောအရပ်မှလူများသည် မီးအိမ်များကိုသာသုံးရပြီး ၎င်းတို့၏ လူနေမှုအဆင့်အတန်းကိုပြသ သကဲ့သို့ ဖြစ်နေသည်။ လျှပ်စစ်မီး မလုံလောက်မှုသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိခိုက်မှု ဖြစ်ရပြီး၊ စက်ရုံများ နေ့လည်ဘက်တွင်ပင် ရပ်ထားရခြင်း၊ ကျေးလက်ဒေသမှ ကလေးများ ဖယောင်းတိုင်ဖြင့်သာ စာကျက်ရခြင်းများ ဖြစ်စေသည်။

သမ္မတဦးသိန်းစိန်သည် မကြာသေးမီက အလွန်ရည်မှန်းချက်ကြီးသောပန်းတိုင်ကို ကြေညာခဲ့ရာ GDP တစ်ဦးချင်း ဝင်ငွေကို သုံးဆတိုးစေ၍ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၃၆၀၀ ထိရောက်စေမည်ဟု ဆိုခဲ့သည်။ အမေရိကန်နှင့် ဥရောပမှ ရင်းနှီးမြှုပ်နှံသူများကလည်း အရေးယူမှုများရုတ်သိမ်းသွား သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် ရှင်းလင်းခဲ့ပြီးဖြစ်ကာ ကာလရှည်ကြာ ဆင်းရဲဒုက္ခရောက်ခဲ့သော တိုင်းပြည်အား ပြန်လည်အားကောင်းစေရန် ကူညီနိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။ သို့သော် လျှပ်စစ်ဓာတ်အားကို တိုးချဲ့၍ ခေတ်မီအောင် မပြုလုပ်နိုင်ပါက မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက် သော တော်လှန်ရေးသည် အောင်မြင်နိုင်လိမ့်မည်မဟုတ်ပေ။

အဆိုပါအမှန်တရားကို မြန်မာနိုင်ငံမှလက်ရှိအာဏာပိုင်များကလည်း နားလည်သဘောပေါက်ဟန်ရှိသည်။ "ရင်းနှီးမြှုပ်နှံမှုဟာ အင်မတန် အရေးကြီးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အားနည်းချက်ရှိပါတယ်။ ဒါကတော့ လျှပ်စစ်ဓာတ်အားပါပဲ"ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီမှတ်ပုံတင်ဌာနမှ အကြီးအကဲ ဦးကျော်ဇောမောင်ကပြောသည်။ "ကျွန်တော်တို့ အဆင့်မြင့် နည်းပညာတွေ လိုအပ်ပါတယ်၊ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံသူတွေလိုပါတယ်။ အမေရိကန်ဟာ ရှေ့မှာအများကြီး တိုးတက်နေပါတယ်၊ မြန်မာနိုင်ငံကို လာခဲ့ကြပါ"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ရေနံ၊ ဓာတ်ငွေ့၊ ရေအားလျှပ်စစ်များနှင့် ကျောက်မီးသွေးများ အလျှံပယ်ရှိသော်လည်း တိုင်းပြည်တွင် လျှပ်စစ်ဓာတ်အား ချို့တဲ့မှုသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ မရှိလောက်အောင်ပင် နာကျင်စွာခံစားရမှုများကို ဖြစ်စေသည်။ မြန်မာနိုင်ငံတွင်ရှိသော လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံ(၃၀)ကျော်မှ ထုတ်လုပ်သည့် ဓာတ်အားအများစုကို အိမ်နီးချင်းတရုတ်နှင့် ထိုင်းနိုင်ငံသို့ ရောင်းခဲ့သည်။ အဆိုပါ နှစ်နိုင်ငံသည် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့် စက်ရုံများ ငွေစိုက်ထုတ်၍ ဆောက်လုပ်ခဲ့သည်။ နောက်ထပ် ဆောက်လုပ်ရန်လည်း စီမံလျက်ရှိသည်။

အစိုးရ၏ စာရင်းရှင်းတမ်းတွင် စွမ်းအင်နှင့်ပတ်သက်သော စီမံကိန်းများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၈၃% ရှိပြီး တန်ဖိုး ဒေါ်လာ ၂၆.၂ ဘီလီယံရှိသည်ဟု ဖော်ပြထားသည်။ တရုတ်သည် ရှေ့ဆုံးမှပြေးနေသော်လည်း မြန်မာ့ဓာတ်ငွေ့ လုပ်ကွက်များတွင် ရုရှား၊ အိန္ဒိယနှင့် ဆွစ်ဇာလန်နိုင်ငံ များမှ ကုမ္ပဏီများကလည်း ဝင်ရောက်ရန်ပြင်ဆင်လျက်ရှိသည်။

အရေးယူမှုများရှိနေသည့် ကာလများတွင်ပင် ပြင်သစ်၏ Total ကုမ္ပဏီနှင့် အမေရိကန်၏ Chevron ကုမ္ပဏီတို့သည် မြန်မာ့ကမ်းရိုးတန်းတွင် ပိုက်လိုင်းဆောက်၍ လည်ပတ်ခဲ့သည်။ ၎င်းတို့သည် အရေးယူမှုများ၏ အားနည်းချက်ကို ရှာ၍ ရှောင်ရှားလုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံမှ စွမ်းအင်အများစုကို ပိုက်လိုင်းဖြင့်သွယ်၍ ထုတ်ယူသွားခဲ့သော်လည်း မြန်မာနိုင်ငံသားများ သတိမမူ မိခဲ့ကြပေ။ ယခု နိုင်ငံသားများသည် လျှပ်စစ်မီးပိုမိုရရှိရေးအတွက် အသစ်ရလာသော စီတန်းလှည့်လည်ခွင့်ကို အသုံးချ၍ တောင်းဆိုခဲ့ကြသည်။

မေလတွင် လျှပ်စစ်မီးပြတ်သွားခြင်းကြောင့် ရန်ကုန်တွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့ရာ ရဲက မကြမ်းတမ်းသော ကိုင်တွယ်မှုများ ပြုလုပ်ခဲ့ပြီး ရပ်တန့် သွားစေခဲ့သည်။ ဝေးလံသော ဒေသများတွင်မူ မြန်မာနိုင်ငံ၏ စွမ်းအင်မူဝါဒသည် လက်နက်ကိုင် ပဋိပက္ခများနှင့် ကြုံတွေ့ရလျက်ရှိသည်။ ကချင်ပြည်နယ် တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ဘီလီယံဒေါ်လာတန်ဖိုးရှိ တရုတ်တို့၏ ရေအားလျှပ်စစ် ရေလှောင်တမံနှင့် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ခြိမ်းခြောက်လျက်ရှိသည်။

ကရင်ပြည်နယ်တွင်လည်း မြန်မာနှင့်ထိုင်းအစိုးရတို့က ရေလှောင်တမံဆောက်လုပ်ရန် ကြိုးစားနေသော မြစ်၏နံဘေးတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)က စခန်းချထားသည်။ "သူတို့က တိုင်းတာရေးလုပ်ငန်းတွေ လုပ်နေပါပြီ၊ ကျွန်တော်ကသူတို့ကိုပြောတယ်၊ ကျွန်တော်တို့နဲ့ အရင်ညှိပါလို့"ဟု KNLA တပ်မဟာ (၅) မှ ဗိုလ်မှူးချုပ် Saw Kyaw Hteh ကပြောသည်။

"ရွာသားတွေက ဆည်ဆောက်ရင်သူတို့မြေတွေ ရေလွှမ်းသွားမှာဖြစ်လို့ မဆောက်လိုကြဘူး"ဟု ၎င်းက ပြောသည်။ "ဒါကြောင့် ဒီနယ်မြေကို ကျွန်တော့်တပ်တွေ ရွှေ့ထားတာပါ"ဟုဆိုသည်။ အဆိုပါ စီမံကိန်းမှာ မည်သို့ဆက်လက်လုပ်ကိုင်ရမည်ကို မဆုံးဖြတ်နိုင်သည့် အခြေအနေတွင်ရှိသည်။

ရန်ကုန်တွင် တရုတ်နိုင်ငံလုပ် နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားများ ရောင်းချသည့်ဆိုင်များ ပေါ်လာသည်။ "ကျွန်တော်တို့ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားတွေ ပိုရောင်းရပါတယ်၊ မြို့ကလူတွေ ဝယ်တာမဟုတ်ပါဘူး၊ ရွာတွေကိုဝယ်ပြီး သယ်သွားကြပါတယ်"ဟု Power Light မီးဆိုင်မှ ပိုင်ရှင် ကျော်ဖြိုးခင်အောင်က ပြောသည်။ ကရင်ပြည်နယ်တွင် ရွာများ၌ နေ့အချိန်တွင် နေရောင်ခြည်မှစွမ်းအင်များကို ဘက်ထရီအားသွင်း ထားလျက် ညအချိန်တွင် ပြန်လည်အသုံးပြုကြသည်။

လျှပ်စစ်မီးသည် မြန်မာနိုင်ငံ နေရာအတော်များများအတွက် ငွေကုန်ကြေးကျများမှုကို ဖြစ်ပေါ်စေသည်ပာု ရန်ကုန်အခြေစိုက် အမြတ်မယူသော Proximity Designs ကို ထူထောင်သူ Debbie Aung Din က ပြောသည်။ ၎င်း တို့သည် အနောက်နိုင်ငံဒီဇိုင်နာများ ထုတ်လုပ်သည့် ဈေးကြီး ကိရိယာများ ကို နမူနာယူ၍ ထုတ်လုပ်သော ပစ္စည်းများကို ဈေးအရင်းအတိုင်း ရောင်းချပြီး မြန်မာလယ်သမားများ၏ ထုတ်လုပ်မှုကိုမြှင့်တင်ပေးသည်။

အရောင်းရဆုံးပစ္စည်းမှာ ဆည်မှရေစုပ်သော လိုင်းတစ်ခုဖြစ်သည်။ Stairmaster ပုံစံခြေနင်းတံမှ လျှပ်စစ်စွမ်းအားဖြင့် ရေစုပ်တင်ရာ၊ စမ်းချောင်းမှရေပုံးများဖြင့် ရေခပ်ခြင်းကို သက်သာစေသည်။ သို့သော် ပြီးခဲ့သည့်လက Proximity သည် D-Light ဟုခေါ်သော ပစ္စည်းတစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ ၎င်းကို Stanford တက္ကသိုလ်ဘွဲ့ရများက အချို့အစိတ်အပိုင်းများ ဒီဇိုင်းရေးဆွဲထားသော Apple ၏ အစိတ်အပိုင်းများ အသုံးပြုထားသော နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်ဖြစ်သည်။

၎င်းကို (၁၁) ဒေါ်လာဖြင့်သာ ရောင်းချရာ ဒေါ်လာ(၆၀)ပေးရသော တရုတ်၏ ပစ္စည်းနှင့်အတူတူဖြစ်ပြီး မိုဘိုင်းဖုန်း အားသွင်းရန်အပေါက် ပါဝင်သည်။ ပထမလေးပတ်တွင် အစုရေ (၂၀၀၀) နီးပါး ရောင်းချ ရကြောင်းပြောသည်။

"အားလုံးက ဖယောင်းတိုင်မီးလေးနဲ့နေကြရတာ၊ ဖယောင်းတိုင်က(၂၅၀)ကျပ်ဆိုတော့ နေ့စဉ် လုပ်ခရဲ့ လေးပုံတစ်ပုံရှိပါတယ်၊ ဖယောင်းတိုင်မီးကုန်တော့ အမှောင်ထဲမှာထိုင်နေရတာပဲ။ ထုတ်လုပ်မှု စွမ်းအားတွေ ဘယ်လောက်ဆုံးရှုံးသလဲလို့" ဟု Debbie Aung Khin က ပြောသည်။

နိုင်ငံခြားသားကို ဦးစားပေးမည်လော၊ လျှပ်စစ်မီးမလုံလောက်မှုသည် စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေပြီး အစိုးရ ဆန့်ကျင်သူများ တိုးပွားလာစေသည်။ ယခုအခါ မြန်မာခေါင်းဆောင်ပိုင်းသည် စွမ်းအင်မူဝါဒနှင့် လူမှုရေး မငြိမ်မသက်ဖြစ်ခြင်းတို့ ပိုမိုဆက်စပ်လာနေသည်ကို စတင်မြင်တွေ့လာရပြီ ဖြစ်သည်။

"ဟုတ်တယ်၊ ဒီမေးခွန်းတွေအမေးခံရပါတယ်၊ တိုင်းပြည်မှာ မလုံလောက်ပဲ ဘာလို့စွမ်းအင်တွေကို အိမ်နီးချင်းကို ရောင်းနေသလဲလို့ မေးခံရပါတယ်"ဟု စွမ်းအင်ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးက ပြောသည်။ ပြီးခဲ့သော သဘာဝဓာတ်ငွေ့စီမံကိန်းများ နိုင်ငံခြားသားများနှင့် ပတ်သက်ရခြင်းမှာ ယခုကဲ့သို့ စွမ်းအင်လိုအပ်ချက်အမြင့်ဆုံး မရောက်မီက ဖြစ်သည်ဟု ၎င်းကပြောသည်။

"အဲဒီအချိန်တုန်းက ပြည်တွင်းသုံးကလည်း ဒီလောက်စိုးရိမ်စရာ မရှိသေးပါဘူး၊ အော်ပရေတာနဲ့ ဝယ်ယူသူများမှာလည်း သဘောတူညီချက်တွေရှိခဲ့တော့ အဲဒီကတိအတိုင်း ဓာတ်ငွေ့တွေ တင်ပို့ရပါတယ်"ဟု ၎င်းကပြောသည်။ အမှန်တကယ်တွင်လည်း သဘာဝဓာတ်ငွေ့သည် မြန်မာနိုင်ငံအတွက် ထိပ်တန်းနိုင်ငံခြားဝင်ငွေရစေသော ပို့ကုန်ဖြစ်နေဆဲဖြစ်သည်။ "ဒီနေ့တော့ နိုင်ငံရေးသာမက စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေခြင်းကြောင့် ပြည်တွင်းသုံးဟာ ချက်ခြင်းမြင့်တက်လာပါတယ်"ဟု ၎င်းကပြောသည်။ အစိုးရကိန်းဂဏန်းများအရ ပြည်တွင်း လိုအပ်ချက်၏ ၃၀ မှ ၄၀% သာဖြည့်ဆည်းပေးနိုင်သည်ဟု ဆိုသည်။

ဦးအောင်ကျော်ထူး၏ အဆိုအရ နောက်ထပ်ရှာဖွေတွေ့ရှိသည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း အတွက်သာ ဖြစ်သင့်သည်ဟု စွမ်းအင်ဝန်ကြီးဌာနက သဘောတူထားပြီးဖြစ်သည်ဟု သိရှိရသည်။ သို့သော် ကာလရှည်ကြာကပင် နိုင်ငံခြားကိုဗဟိုပြု၍ စဉ်းစားသော စွမ်းအင်မူဝါဒအပေါ် မကျေနပ်မှုများ ပိုမိုတင်းမာလျက်ရှိသည်။

မေလက ရန်ကုန်တွင် မီးပျက်ခြင်းကြောင့် ဆန္ဒပြမှုများရပ်ဆိုင်းသွားစေရန် အစိုးရသည် မီးစက်များ၊ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်များကို အမေရိကန်ကုမ္ပဏီနှစ်ခုဖြစ်သော Caterpillar နှင့် General Electric တို့မှ အမြန်ဝယ်ယူခဲ့သည်။

လွန်ခဲ့သောလများကဆိုလျှင် အရေးယူမှုများရှိခြင်းကြောင့် ဝယ်ယူမှုတွင် အခက်အခဲရှိနိုင်သည်။ ယခုမူ အနောက်နိုင်ငံကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ ယိုယွင်းနေသော စွမ်းအင်ကိစ္စတွင် ခေတ်မီအောင်လုပ်ဆောင်ပေးရန် အခွင့်အလမ်းများ ရုတ်တရက်ရရှိလာခြင်းဖြစ်သည်။

Total နှင့် Chevron တို့သည် မြန်မာ့ကမ်းရိုးတန်းမှ ဓာတ်ငွေ့သွယ်တန်း လုပ်ဆောင်ခွင့်ရရန် ယခင်စစ်အစိုးရဟောင်းကို ငွေများပေးခဲ့ရသည်ဖြစ်၍ ၎င်းတို့၏ ဂုဏ်သိက္ခာတွင် စွန်းထင်းမှုများရှိနေရာမှ ယခုအခါ အလှည့်အပြောင်း ဖြစ်လာခဲ့ပြီဖြစ်သည်။

သို့သော် Total သည် မြန်မာနိုင်ငံတွင် လူမှုရေးအလှူအတန်းစီမံကိန်းများတွင် ဒေါ်လာသန်း(၂၀)ကျော် အသုံးပြုထားရာ ဒေါ်အောင်ဆန်းစုကြည်က မေလတွင် "တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံသူ(Responsible Invester)"အဖြစ် မြင်ကြောင်းပြော၍ အသိအမှတ်ပြုသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း အမေရိကန်ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန်နှင့် တာဝန်ယူမှုရှိစွာလုပ်ကိုင်ကြရန် တိုက်တွန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုနှင့် တူညီခဲ့သည်။

ကမ္ဘာ့အဆင့်ပညာရှင်များပါဝင်သော နိုင်ငံစုံစွမ်းအင် ကုမ္ပဏီများသည် တာဝန်ယူမှုရှိရမည်ဖြစ်ပြီး သို့မဟုတ်ပါက မြန်မာနိုင်ငံ၏ စွမ်းအင်ကိစ္စ ပြန်လည်ထူထောင်ရေးတွင် အရေးပါသောနေရာမှ ပါဝင်ကြောင်း သက်သေပြရမည်ဖြစ်သည်။ ယခင်စစ်အစိုးရလက်ထက်တွင် နည်းပညာကောလိပ်များ ပျက်စီးသွားခဲ့ပြီး ပညာရှင်များနိုင်ငံခြားသို့ ထွက်ပြေးသွားခဲ့သည်။ အစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်လျက်ရှိသည့်နည်းတူ အဝေးရောက်နေသော အင်ဂျင်နီယာများ ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ရန်အတွက် ပြန်လာရေး တိုက်တွန်းထားသည်။ "နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကိုလာမယ်ဆိုရင် ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ ယူဆောင်လာဖို့ ပြောလိုပါတယ်"ဟု ဦးကျော်ဇောမောင်က ပြောသည်။

                                     *******************************

မြန်မာနိုင်ငံတွင်မူးယစ်ဆေးဝါးရောင်းဝယ်မှု နှိမ်နင်းလျက်ရှိဟု ရဲမှူးကြီးပြော

(25 June 2012 ရက်စွဲပါ Radio Australia မှ Burma eracking down on drug trade: Colnel ကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို နှိမ်နင်းရာတွင် အောင်မြင်မှုများရရှိနေကြောင်း၊ ပြဿနာကို ကိုင်တွယ်နိုင်ရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းဖြင့် ပိုမိုနီးကပ်စွာလုပ်ကိုင်နိုင်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာအာဏာပိုင်များကပြောသည်။

အဆိုပါ မှတ်ချက်ကို မြန်မာနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မတီမှ ရဲမှူးကြီးမြင့်သိန်းက China Central Television နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရဲမှူးကြီးကပြောကြားရာတွင် မြန်မာအာဏာပိုင်များသည် ယခုနှစ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု(၁၉၀၀) ကျော်ကို ဖမ်းဆီးထားပြီး၊ ဟီးရိုးအင်း (၂၄) ဂရမ်နှင့် စိတ်ကြွဆေးပြား (၁၂) သန်းကိုလည်း ဖမ်းဆီးရမိကြောင်းဆိုသည်။

မြန်မာအစိုးရသည် တိုင်းရင်းသားသူပုန်များနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့ခြင်းများကလည်း ရဲတပ်ဖွဲ့၏ ကြိုးပမ်းမှုတွင် အထောက်အကူပြုကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့်လက မြန်မာအစိုးရသည် ရှမ်းပြည်နယ်၌ မူးယစ်ဆေးဝါးထုတ်လုပ်မှု ရပ်ဆိုင်းသွားအောင် လုပ်ဆောင်ရေးကို တိုင်းရင်းသားသူပုန်များနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ရှမ်းပြည်နယ်သည် တရုတ်၊ ထိုင်းနှင့်လာအို နိုင်ငံများနှင့် ထိစပ်နေပြီး မြေမျက်နှာသွင်ပြင်ကြမ်းတမ်းပြီး တရားဥပဒေမရှိသော ဒေသဖြစ်သည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံးကပြောကြားရာတွင် ရှမ်းပြည်နယ်သည် မူးယစ်ဆေးဝါးထုတ်လုပ်သော အဓိက ဗဟိုဌာနဖြစ်ပြီး၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မက်သာဖက်တမင်း ဆေးပြားနှင့် ဘိန်း အဓိက ထွက်ရှိရာဒေသဖြစ်ကြောင်း ဆိုသည်။

သဘောတူညီချက်တွင် သူပုန်များက အိမ်နီးချင်းနိုင်ငံများမှ ဓာတုပစ္စည်းများနယ်စပ်ကို ဖြတ်၍ ဝင်ရောက်ခြင်းကို ထိန်းချုပ်ရန်စီစဉ်မည်ဟု ပါရှိသည်။

၎င်းတို့က ဘိန်းစိုက်ပျိုးသောလယ်သမားများ ဘိန်းစိုက်ပျိုးခြင်းကို စွန့်လွှတ်ပါက ၎င်းတို့အတွက် ရန်ပုံငွေလိုအပ်ကြောင်း တောင်းဆိုကြသည်။

                        ******************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment