Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၆.၆.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. မြန်မာနိုင်ငံတွင် မရေရာမှုများ ရှိနေဆဲ

(25 June 2012 ရက်စွဲပါ  Bangkok Post မှ Uncertainty rules in Myanmar ကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံမှ ဒုက္ခသည်များအား စောင့်ရှောက်ရန် တရုတ်ကို တိုက်တွန်း

(26 June 2012 ရက်စွဲပါ Fox News မှ Reuters ၏ China urged to safegees from Myanmar ကိုဘာသာပြန်ဆိုသည်)

  1. မဲခေါင်တိုင်းပြည်များတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ရန်

(26 June 2012 ရက်စွဲပါ Business Times မှ Mohit Mehrotra နှင့် Anurodh Pandey တို့ရေးသားသော Banking on the Mekong Countries ကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် မရေရာမှုများ ရှိနေဆဲ

(25 June 2012 ရက်စွဲပါ  Bangkok Post မှ Uncertainty rules in Myanmar ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် လက်ရှိပြုပြင်ပြောင်းလဲမှုများကြောင့် အပေါင်းလက္ခဏာဆောင်သော ရလဒ်အချို့ ထွက်ပေါ် လာနိုင်သော်လည်း၊ ထိုင်းနှင့်အခြား နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် လာမည့်နှစ်နှစ်ခန့်အတွင်း ထွက်ပေါ်လာနိုင်သော မသေချာ မရေရာမှုများအတွက်လည်း ပြင်ဆင်ထားသင့်သည်ဟု မြန်မာနှင့် နိုင်ငံတကာဝေဖန်သုံးသပ်သူများက ပြောကြသည်။

လက်ရှိရေးဆွဲနေသော ဥပဒေများတွင် လာမည့်တစ်နှစ်၊ နှစ်နှစ်အတွင်း နိုင်ငံခြားဘဏ်ခွဲများ အပြည့်အဝဖွင့်လှစ်ခွင့်ပြုမည့် ဘဏ်ဥပဒေသစ်အပြင် အလုပ်သမားဥပဒေသစ်လည်း ပါဝင်သည်။

လာမည့်လတွင် အတည်ပြုမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်တွင် အခွန်ကင်းလွတ်ခွင့်ပြုမည့်ကာလ တိုးမြှင့်ပေးထားသည်။

“လာမည့်နှစ်အနည်းငယ်အတွင်း  ကျွန်တော်တို့လုပ်စရာတွေ အများကြီးရှိလာမှာပါ”ဟု ရန်ကုန်အခြေစိုက် အကြံပေးကုမ္ပဏီဖြစ်သော Myanmar Vigour Co.မှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးဝင်းက ပြောသည်။

လက်ရှိပြုပြင်ပြောင်းလဲရေးများတွင် မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်ပတ်သက်သော လုပ်ငန်းအဆင့်ဆင့်ကို အဆင့်မြှင့်ခြင်းနှင့် အချိန်တိုအတွင်း ပြီးမြောက်အောင် လုပ်ဆောင်လျှက်ရှိရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးရှိမည် ဖြစ်သည်။

အထက်ပါ အချက်များကို ဦးစိုးဝင်းက သောကြာနေ့တွင် ထိုင်းနိုင်ငံ၌ အမေရိကန်ကုန်သည်ကြီးများအသင်းမှ အဖွဲ့ဝင်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။ နေ့တစ်ပိုင်းကုန်သော အဆိုပါ အစီအစဉ်တွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် မဟာဗျူဟာများကို ဆွေးနွေးကြသည်။

ဘန်ကောက်ရှိ အမေရိကန်သံရုံးမှ စီးပွားရေးသံမှူး Michael Mc Gee ကလာမည့် လေးငါးနှစ်အတွင်း ဥပဒေများ မှန်မှန်ပြောင်းလဲ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အရေးကြီးတဲ့ သိရမယ့်အချက်ကတော့ ဘယ်သူနဲ့စီးပွားရေး လုပ်မယ်ဆိုတာရယ်၊ ဘာလုပ်ရမယ်ဆိုတာရယ်ပါပဲ”ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရာတွင် မပြည့်စုံသော အခြေခံ အဆောက်အဦးသည် ပြဿနာတစ်ခု ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“ဥပဒေအကြံပေးတစ်ယောက် ကောင်းကောင်းရှာပါ။ ပြီးတော့ အကြံကောင်းရအောင်လုပ်ပါ”ဟု  Mc Gee က ပြောသည်။ ထို့နောက် ၎င်းက အမေရိကန်ကုမ္ပဏီများအား စီးပွားရေးအခွင့်အလမ်းများနှင့် အဆက်အသွယ်များကို စတင်ရှာဖွေတည်ဆောက်ရန်အားပေးပြီး၊ သတိနှင့်စတင်ရန် ပြောခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မေလလယ် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်ငွေစာရင်း လွှဲပြောင်းခြင်းများ ပိတ်ပင်ထားမှုကို ယာယီရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။ ပြီးခဲ့သည့်နှစ်က အမေရိကန်၏ မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးသည် ဒေါ်လာ(၄၈)သန်းထိ တိုးတက်လာကြောင်း Mr. Mc Gee ကပြောသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ခြင်းကြောင့် ကြုံတွေ့ရနိုင်သည့်စွန့်စားရမှုများ ဖြေရှင်းရာတွင် မှန်ကန်သော ပါတနာရရှိရေးသည် အရေးကြီးကြောင်း DFDL ဥပဒေကုမ္ပဏီမှ ပါတနာတစ်ဦးဖြစ်သူ  James Finch ကပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာသန်း(၄၀)ရှိခဲ့ရာ၊ ၈၅ % မှာ လျှပ်စစ်စွမ်းအား၊ ရေနံနှင့် ဓါတ်ငွေ့များ ဖြစ်သည်။            အမေရိကန်အခြေစိုက် Chevron သည် Unocal ၏အအောက်တွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပြင်သစ် Total နှင့် ပါတနာအဖြစ် လွန်ခဲ့သည့် နှစ်(၂၀)ကတည်းက လုပ်ကိုင်နေသည်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေသစ်တွင် အခွန်ကင်းလွတ်ခွင့်ကာလကို သုံးနှစ်မှ ငါးနှစ်အထိ တိုးမြှင့်ပေးထားကြောင်း Mr. Finch ကပြောသည်။

ဝါရှင်တန်သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများအပေါ် ပြုပြင်ပြောင်းလဲမှုများပြုလုပ်နေပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပုံမှန်ဖြစ်အောင် အရေးကြီးသော ခြေလှမ်းတစ်ရပ်လှမ်းခဲ့ပြီးဖြစ်သည်။ အမေရိကန် ဘဏ္ဍာရေးဌာနသည် မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီများ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုအချို့ကို လိုင်စင်ချပေးမည် ဖြစ်သည်။

                                                               **************************************************

မြန်မာနိုင်ငံမှ ဒုက္ခသည်များအား စောင့်ရှောက်ရန် တရုတ်ကို တိုက်တွန်း

(26 June 2012 ရက်စွဲပါ Fox News မှ Reuters ၏ China urged to safegees from Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ကချင်ဒုက္ခသည်(၁၀၀၀၀)ခန့်သည် တရုတ်နိုင်ငံရှိ ယာယီစခန်းများ၌ ရေနှင့် စားနပ်ရိက္ခာပြတ်လပ်ခြင်းနှင် ရေနှင့် သန့်ရှင်းမှုဆိုင်ရာများ မပြည့်စုံမှုများနှင့် ကြုံတွေ့နေရကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက သတိပေးပြောကြားခဲ့သည်။

နယူးယောက်အခြေစိုက် Human Rights Watch ၏ အင်္ဂါနေ့က အစီရင်ခံစာတွင် ယူနန်ပြည်နယ်မှ ဒုက္ခသည်များသည် စစ်မက်ဖြစ်ပွားရာ နေရာဒေသသို့ ပြန်လွှတ်နေသည့် အန္တရာယ်ကို ကြုံတွေ့နေရကြောင်းလည်း ဖော်ပြထားသည်။ အစီရင်ခံစာတွင် တရုတ်အစိုးရအား ဒုက္ခသည်များကို ယာယီအကာအကွယ်ပေးရန်နှင့် ကုလသမဂ္ဂနှင့် လူသားချင်းစာနာသော အေဂျင်စီများအား ဒုက္ခသည်များနှင့် လွတ်လပ်စွာ ဆက်သွယ်ခွင့်ပေးရန် တိုက်တွန်းခဲ့သည်။

ကချင်တိုင်းရင်းသားများနှင့် မြန်မာအစိုးရတို့သည် ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ဦးရေ(၇၅၀၀၀)ခန့် ရှိလာပြီဖြစ်သည်။

                                            *                        *********************************************

မဲခေါင်တိုင်းပြည်များတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ရန်

(26 June 2012 ရက်စွဲပါ Business Times မှ Mohit Mehrotra နှင့် Anurodh Pandey တို့ရေးသားသော Banking on the Mekong Countries ကို ဘာသာပြန်ဆိုသည်။)

ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့သည် ဘဏ်မရှိသေးသော ကြီးမားသည့် ဈေးကွက်ကြီးများဖြစ်ပြီး အာဆီယံဘဏ်များအတွက် အားကောင်းစွာကြီးထွားနိုင်သော အလားအလာများ ရှိနေသည်။ အဆိုပါ သုံးနိုင်ငံပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP) သည် ဒေါ်လာ(၉၀)ဘီလီယံ ရှိသည်။ အဆိုပါ သုံးနိုင်ငံတွင် လူဦးရေ(၈၁)သန်းရှိပြီး တစ်ဝက်မှာ အသက်(၁၅)နှစ်မှ(၅၀)အတွင်း ရှိသူများဖြစ်သည်။ အဆိုပါနိုင်ငံ များတွင် မြို့ပြဖွံ့ဖြိုးတိုးတက်မှု လျင်မြန်စွာဖြစ်ပေါ်နေသည်ကို တွေ့ရပြီး GDP ကြီးထွားမှုမှာအားကောင်းပြီး ၆% ခန့်တွင် အသီးသီးရှိနေကြသည်။

၎င်းတို့တွင် ပြည်တွင်းစိန်ခေါ်မှုများ ရှိနေသည်။ အဆိုပါသုံးနိုင်ငံ၏ GDP အချိုးတွင် ခန့်မှန်းချေးငွေမှာ အာဆီယံနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်သည်။ အဆိုပါ အချက်မှာ မတို့မထိရသေးသော ပြည်တွင်းစီးပွားရေး အခွင့်အလမ်း ကြီးစွာရှိနေကြောင်း ထင်ဟပ်နေသည်။

သယံဇာတကြွယ်ဝသောဒေသတွင် စီးပွားရေးလုပ်ဆောင်မှုများ တိုးတက်ဖော်ဆောင်လာခြင်းသည် သုံးနိုင်ငံအတွက် ကုန်သွယ်ရေးနှင့် ဒေသတွင်းနိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို အားကောင်းစွာ တိုးတက်ကြီးထွားလာစေသည်။ လာအိုနှင့် မြန်မာနိုင်ငံတို့က ကမ္ဘာကြီးနှင့် ကုန်သွယ်မှုသည် ၂၀၀၉-၂၀၁၀ တွင် ၃၀% တိုးတက်ခဲ့ပြီး ကမ္ဘောဒီးယားသည် ၂၀% နီးပါး တိုးတက်ခဲ့သည်။

အာဆီယံ+၃ (အာဆီယံ ၁၀ နိုင်ငံ+တရုတ်+ဂျပန်+တောင်ကိုရီးယား)ကုန်သွယ်မှုပုံစံသည် အဆိုပါနိုင်ငံများ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏတွင် အရေးကြီးသော အချိုးအစားမှ ပါဝင်နေသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ဒေသတွင်း FDI ၏ ၄၇% နီးပါးသည် အာဆီယံ+၃ မှ လာခဲ့ခြင်းဖြစ်သည်။ အာဆီယံ+၃ မှ ကမ္ဘောဒီးယားသို့ သွင်းကုန်သည် ၆၈% ရှိပြီး ကမ္ဘောဒီးယားမှ အာဆီယံ+၃ ထုတ်ကုန် သည် ၁၅% ရှိသည်။ မြန်မာနိုင်ငံ၌ ၂၀၁၀ တွင်ရင်းနှီးမြှုပ်နှံမှု၏ အများစုသည် အာဆီယံ+၃ မှဖြစ်ပြီး ဒေသတွင်း FDI ၏ ၇၀% ရှိသည်။

                        ******************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment