Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၉.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဒုတိယရန်ကုန်လေဆိပ်သစ်အတွက် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေ

(Reuters သတင်းမှ 28 June 2012 ရက်စွဲပါ "Myanmar seeks investors for second Yangon Airport" သတင်းကို ဘာသာပြန်ဆိုသည်။)

  1. သူမ၏ပါတီ အနိုင်ရရှိပါက မြန်မာနိုင်ငံကို ဦးဆောင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် AFP သို့ ပြောကြား

(Bangkok Post မှ 28 June 2012 ရက်စွဲပါ " Suu Kyi tells AFP willing to lead Myanmar if her party wins " သတင်းကိုဘာသာပြန်ဆိုသည်။)

                                ***************************************************************

ဘာသာပြန်သတင်းများ        

ဒုတိယရန်ကုန်လေဆိပ်သစ်အတွက် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေ

(Reuters သတင်းမှ 28 June 2012 ရက်စွဲပါ "Myanmar seeks investors for second Yangon Airport" သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရသည် ဒုတိယကမ္ဘာစစ်တွင်း ဂျပန်လေယာဉ်ကွင်းဟောင်းနေရာတွင် ရန်ကုန်မြို့တော်အတွက် ဒုတိယလေဆိပ်သစ်တစ်ခု တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေနေသည်ဟု နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင် ပြောကြားသည်။

လက်ရှိ ရန်ကုန်လေဆိပ်သည် နိုင်ငံတကာအပယ်ခံ တပ်မတော်အစိုးရများလက်ထက်မတိုင်မီ ၁၉၅၀ ခုနှစ်များအတွင်းက ဒေသတွင်း အလုပ်အများဆုံး လေဆိပ်တစ်ခုဖြစ်ခဲ့သည်။

ယခုအခါ ၁၅ လသား အရပ်ဖက်အစိုးရက နိုင်ငံကို တံခါးစတင်ဖွင့်ပေးနေသောကြောင့် မကြာမီဝေါခနဲစီးဝင်လာတော့မည့် တိုးရစ်များကို မနိုင်မနင်း ကိုင်တွယ်ရင်း တစ်ဖန်ပြန်လည်အလုပ်ရှုပ်ပေဦးတော့မည်။

"ပို့ဆောင်ရေးဝန်ကြီးဌာနသည် ဟံသာဝတီလေဆိပ်တည်ဆောက်ရန်နှင့် အခြားပြည်တွင်းလေဆိပ်များကို အဆင့်မြှင့်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသည်"ဟု လေကြောင်းညွှန်ကြားမှုဦးစီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

ဟံသာဝတီလေဆိပ်ကို ရန်ကုန်နှင့် မိုင် ၅၀ အကွာ ပဲခူးမြို့အနီး လေယာဉ်ကွင်းဟောင်းတစ်ခုနေရာတွင် တည်ဆောက်မည်ဟု သိရှိရသည်။

အဆိုပါ လေဆိပ်ကိုတည်ဆောက်ရန် တောင်ကိုရီးယားကုမ္ပဏီတစ်ခုက ယခင်က စီစဉ်ခဲ့သော်လည်း ပန္နက်တင် အခမ်းအနားအပြီး ၁၉၉၄ ခုနှစ်တွင် ဘာမှန်းမသိနိုင်သော အကြောင်းရင်းများကြောင့် ရပ်ဆိုင်းသွားခဲ့သည်။ ထိုစဉ်က လေဆိပ်ဒီဇိုင်းအရ တစ်နှစ်လျှင်ခရီးသည် ၁၀ သန်း ကိုင်တွယ်နိုင်ရန် စီစဉ်ထားသည်။

လက်ရှိရန်ကုန်လေဆိပ်ကို ၂၀၀၇ ခုနှစ်က ပြင်ဆင်မွမ်းမံခဲ့သောကြောင့် ရန်ကုန်မြို့တော်၏ လစ်လျူရှုခံ အခြားအစိုးရ အဆောက်အဦးများစွာနှင့် မတူပဲ ခေတ်မီသစ်လွင်လျက်ရှိသည်။ ယင်းလေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် ၂.၇ သန်း ကိုင်တွယ်နိုင်သော်လည်း ၂၀၁၁ ခုနှစ်အတွင်း ခရီးသည် ၁.၄၅ သန်းခန့်သာဝင်၊ ထွက်ခဲ့သည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ကိန်းဂဏန်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နှင့် အထက်အညာ မန္တလေးမြို့တော်တို့တွင်လည်း နိုင်ငံတကာလေဆိပ် ကိုယ်စီရှိကြသည်။

"ဒီလေဆိပ် ၃ ခုစလုံးမှာ ခရီးသည်တွေ၊ ခရီးစဉ်တွေ မြန်မြန်ဆန်ဆန် တိုးပွားလာတော့မှာပါ၊ အထူးသဖြင့် ရန်ကုန်နိုင်ငံတကာလေဆိပ်ပါ၊ လက်ရှိ ရန်ကုန်နိုင်ငံတကာလေဆိပ်ဟာ ဒီနှစ်ကုန်မှာ ခရီးသည်ကိုင်တွယ်နိုင်စွမ်း ကျော်လွန်သွားမယ်ဆိုရင် နောက်ထပ်လေဆိပ်သစ်တစ်ခု မရှိမဖြစ် လိုအပ်လာတော့မှာပါ"ဟု အမည်မဖော်လိုသော အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်သို့ နိုင်ငံတကာလေကြောင်းလိုင်း ၁၄ လိုင်းပျံသန်းလျက်ရှိပြီး၊ မကြာမီအတွင်း နောက်ထပ် ၄ လိုင်း တိုးလာမည့်အပြင် လက်ရှိ လေကြောင်းလိုင်းများကလည်း ခရီးစဉ်များတိုးချဲ့ပျံသန်းရန် ဆန္ဒရှိနေကြသည်ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

                                                            **********************************

သူမ၏ပါတီ အနိုင်ရရှိပါက မြန်မာနိုင်ငံကို ဦးဆောင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် AFP သို့ ပြောကြား

(Bangkok Post မှ 28 June 2012 ရက်စွဲပါ " Suu Kyi tells AFP willing to lead Myanmar if her party wins " သတင်းကိုဘာသာပြန်ဆိုသည်။)

အံ့မခန်းအောင်မြင်သော ဥရောပခရီးစဉ်ကို အပြီးသတ်အဖြစ် ပဲရစ်မြို့တွင် ရောက်ရှိနေသော မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က AFP သတင်းဌာနနှင့်ပြောဆိုရာတွင်“သူမအနေဖြင့် တစ်နေ့နေ့တွင် နိုင်ငံကိုခေါင်းဆောင်ရန် ပြင်ဆင်ထားကြောင်း" ကြာသပတေးနေ့က ပြောကြားလိုက်သည်။

နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီးနောက် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ဥရောပ ၅ နိုင်ငံခရီးစဉ်တွင် နွေးနွေးထွေးထွေး ကြိုဆိုခံရခြင်းအပေါ် ကျေနပ်ပျော်ရွှင်မိသည်ဟုလည်း ပြောဆိုခဲ့သည်။

Burma ဟုလူသိများသော မြန်မာနိုင်ငံကို တစ်နေ့နေ့တွင် ခေါင်းဆောင်ရန်အတွက် အဆင်သင့်ဖြစ်ပြီလားဟု မေးမြန်းသောအခါ သူမက "ပါတီတွေအားလုံးရဲ့ ခေါင်းဆောင်တိုင်းဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ကို အမှန်တကယ် ယုံကြည်ကြတယ်ဆိုရင် ဒီအလားအလာအတွက် သူတို့ကိုယ် သူတို့ ပြင်ဆင်ထားကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်"ဟု ပြောကြားသည်။

"ဒါပေမယ့် ကျွန်မတစ်ချိန်လုံး စဉ်းစားနေတာကတော့ အဲဒီကိစ္စမဟုတ်ပါဘူး။ အမှန်တကယ် ကျွန်မစဉ်းစားနေတာကတော့ အနာဂတ်အတွက် ပြင်ဆင်နေတာထက် လက်ရှိပစ္စုပ္ပန်မှာ အာရုံစိုက်ဖို့ပါပဲ။ လက်ရှိပစ္စုပ္ပန်ဟာ လူတစ်ဦးရဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ဆက်စပ်ပေးတာပါပဲ"ဟု ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကဆိုသည်။

ကမ္ဘာကျော် မြန်မာ့နိုင်ငံရေးခေါင်းဆောင်သည် ဆွစ်ဇာလန်၊ နော်ဝေး၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများတွင် နိုင်ငံခေါင်းဆောင်များက ကြိုဆိုနှုတ်ဆက်ကာ ကြီးမားသောလူထုပရိသတ်က ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုခြင်းခံရသော ဥရောပခရီးစဉ်ကိုအဆုံးသတ်ကာ သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

"ကမ္ဘာတစ်လွှားနေရာတိုင်းက ပြည်သူတွေအားလုံးဆီက ရရှိတဲ့နွေးထွေးမှုကို ကျွန်မအသိအမှတ်ပြုပါတယ်။ ကမ္ဘာတစ်လွှား၊ မတူညီတဲ့ နေရာတွေက ပြည်သူများစွာဟာ မြန်မာနိုင်ငံမှာ ကျွန်မတို့ရုန်းကန်ခဲ့ရတာကို သိရှိထားကြပုံရပါတယ်။ ကျွန်မတို့နဲ့ တစ်သားထဲရှိနေကြတယ်ဆိုတဲ့ အင်အားကြီးမားတဲ့ အသိမျိုးကို ကျွန်မခံစားမိပါတယ်။ ဒါဟာတစ်ကယ်ကိုအံ့အားသင့်စရာပါ"ဟု သူမကဆက်လက်ပြောကြားသည်။

တစ်ချိန်က ဖိနှိပ်အုပ်ချုပ်သော စစ်အုပ်ချုပ်ရေးလက်အောက်သို့ ကျရောက်ခဲ့သော မြန်မာနိုင်ငံကို ယခုအခါ အရပ်သားတစ်ပိုင်းအစိုးရက စီမံခန့်ခွဲလျက်ရှိပြီး၊ ၂၀၁၅ တွင်ကျင်းပရန်ရှိသော အထွေထွေရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီတို့ ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် ပိုမိုကြိုးစားလုပ်ကိုင်ရန် လိုအပ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုသည်။

"ကောင်းတဲ့အရာတွေ ထွက်ပေါ်လာတာကမြင်ရဖို့ ၂၀၁၅ အထိ ကျွန်မတို့ မစောင့်နိုင်တော့ဘူးလို့ ကျွန်မထင်ပါတယ်"ဟု သူမက AFP သို့ ပြောကြားသည်။

"အရေးကြီးဆုံးကတော့ အခုလက်ရှိအချိန်ပါပဲ။ ၂၀၁၅ မှာ ဘယ်လိုပုံပေါ်လာမှာလဲဆိုတာကို အခုလာမယ့် ၃ နှစ်က ဆုံးဖြတ်ပေးလိမ့်မယ် ဆိုတဲ့အချက်ဟာ ကမ္ဘာကြီးသိအောင် ကျွန်မကြိုးစားနေတဲ့ မက်ဆေ့ခ်ျပါပဲ။ ဒါကြောင့် ပြည်သူတွေဟာ သူတို့နဲ့သက်ဆိုင်တဲ့လိုလားချက်တွေကို အကောင်အထည် ဖော်နိုင်မယ့် အင်အားပြည့်ဝလာအောင် လာမယ့် ၃ နှစ်အတွင်း သေချာလုပ်ဆောင်ကြရမှာဖြစ်ပါတယ်"ဟု မြန်မာဒီမိုကရေစီ ခေါင်းဆောင်က ပြောကြားသွားခဲ့သည်။

                                           ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment