Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံတော်သမ္မတနှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆု

*****************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံတော်သမ္မတနှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆု

ပိုက်တင်

(ဇူလိုင်လ ၂ ရက်နေ့ထုတ် The Voice Weekly ဂျာနယ် အတွဲ ၈၊ အမှတ် ၂၈ မှ ထုတ်ယူဖော်ပြသည်။)

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုးတက်မှုများမှာ တစ်ကမ္ဘာလုံးက လုံးဝမျှော်လင့်မထားခဲ့သော အရှိန် အဟုန်ဖြင့် အကောင်းဘက်သို့ဦးတည်ကာ တိုးတက်ပြောင်းလဲလာသောကြောင့် ကမ္ဘာကျော် The Economist စာစောင်ကြီးက မြန်မာနိုင်ငံမှ တိုးတက် ဖြစ်ထွန်းမှုများမှာ ဒေသတွင်းဖြစ်ပေါ်ခဲ့သော အထူးခြားဆုံး အပြောင်းအလဲကြီးတစ်ခုလုံး ဂုဏ်ကျက်သရေနှင့် ပြည့်ုစုံသောဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ရေး သားဖော်ပြခဲ့ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းကြီးတစ်ခုလုံးကလည်း လက်ရှိနိုင်ငံတော်သမ္မတ၏ ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေး ကြိုးပမ်းအားထုတ်မှု များ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သန္နိဋ္ဌာန်ချမှတ်ဆောင်ရွက်နေမှုများနှင့် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးစီးပွားအတွက် မှန်ကန်စွာထားရှိသော စေတနာများကို အသိအမှတ်မပြုဘဲ နေဖို့မဖြစ်နိုင်အောင် အကြောင်းတရားအားလုံးက သိသာထင်ရှားစွာ ဖြစ်ပေါ်လျက်ရှိနေသည်။

နှစ်ပေါင်းငါးဆယ်ခန့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ချွတ်ခြုံကျခဲ့ရသော လူ့အဖွဲ့အစည်းတွင် နိုင်ငံရေးအရ ဒီမိုကရေစီဝါဒ ဆိတ်သုဉ်းပျက်စီး ခဲ့ရသောကြောင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အပါအဝင် နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးများ ဆုံးရှုံးခဲ့ရပြီး စီးပွားရေးအရလည်း မှားယွင်းသော စီမံ ခန့်ခွဲမှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပိတ်ဆို့အရေးယူခြင်းခံထားရမှုတို့ကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝ သက်ဆင်းခဲ့ရသည်။ အစစအရာရာ မျက်နှာငယ်ခဲ့ရသည်။ ယခုအခါ ဒီမိုကရေစီသို့ ဦးတည်အစပျိုးခြင်းနှင့်အတူ နိုင်ငံတော်သမ္မတ၏ အကောင်းဆုံးဦးဆောင်နိုင်မှုကြောင့် သန်း ၆၀သော မြန်မာတိုင်းရင်းသား ပြည်သူလူထု၏ မျှော်လင့်ချက်ရောင်ခြည်တို့ ပြန်လည် လင်းလက်တောက်ပလာနိုင်ခဲ့ပြီ ဖြစ်သည်။

အစိုးရယန္တရားတစ်ခုလုံးကို ခြုံကြည့်လျှင် အားနည်းချက်များ ရှိနေသေးခြင်း၊ နှစ်ပေါင်းများစွာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဆုတ်ယုတ် ယိုယွင်းနေခဲ့ရသည့် ပြိုလဲလုမတတ် ယိမ်းယိုင်နေသော လူ့အဖွဲ့အစည်းကို စတင်တည့်မတ်ပြုပြင်ုသည့်အချိန် ဖြစ်လေရာ ချက်ချင်းလက်ငင်း ကောင်း မွန်ပြည့်စုံရန် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အကြောင်းတရားကမှ စွမ်းဆောင်နိုင်လိမ့်မည်မဟုတ် ဟူသည့် လတ်တလောအမှန်တရားကို လက်ခံနိုင်ရန် အဆင်သင့်မဖြစ်သေးခြင်း စသည့်အချက်များကို အကြောင်းပြုလျက် လောလောဆယ်ပြုလုပ်နေသော ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးတွင် ကြုံတွေ့နေရသော အခက်အခဲများကို တလွဲအဓိပ္ပါယ်ကောက်ယူကာ သမ္မတ၏ စွမ်းဆောင်ရည်နှင့် စေတနာအပေါ် မေးခွန်းထုတ်လိုသူအချို့လည်း ရှိနေလေသည်။ ကောင်းမွန်သေချာမှုရှိသော ဖွံ့ဖြိုးတိုးတက်ခြင်းကို အာမခံချက်ပေးနိုင်မည့် အနာဂတ်တစ်ခုပေါ်ပေါက်လာစေရန် အားလုံးက တတ်စွမ်း သမျှ ကျရာနေရာမှ ပါဝင်လုပ်ဆောင်ကြရန်သာ လိုအပ်ပါသည်။ အစိုးရနှင့် တာဝန်ရှိသူများအပါအဝင် အဖွဲ့အစည်းအားလုံး၊ လူပုဂ္ဂိုလ်အားလုံးနှင့် လူထု တစ်ရပ်လုံးက ဟန်ချက်ညီညီ ကြိုးပမ်းကြမည်ဆိုပါက မျှော်မှန်းမထားသည့် အတိုင်းအတာပမာဏ ကြီးမားသောတိုးတက်မှုကို နိုင်ငံသားအားလုံး သာတူ ညီမျှ ခံစားရကြရမည်ဖြစ်သည်ဟူသော ဖြစ်နိုင်ခြေက အသေအချာ ရှိနေပြီဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသော ပြဿနာများ၊ အခက်အခဲများသည် ဖြေရှင်းမရနိုင်သည့် အဟန့်အတားများ လုံးဝမဟုတ်ပါ။ အာဏာရှင်စနစ်မှ ရုန်းကန်ပြီး လွတ်လပ်သော လူ့အဖွဲ့အစည်းတစ်ခုကို ထူထောင်ရန် ကြိုးပမ်းသည့်အခါတိုင်း သီအိုရီအရ ကြုံတွေ့ရသည့် ဖြစ်စဉ်များသာဖြစ်ကြောင်း သိရှိထားရန် လိုအပ်ပါသည်။ ဆန့်ကျင်ဘက် အသွင်ဆောင်သော နိုင်ငံရေးစနစ်နှစ်ခုတို့၏ နယ်နိမိတ်ချင်း တွန်းတိုက်မှုများသာ ဖြစ်သည်။ အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေးမူဝါဒများကို အကောင်းအထည်ဖော်ရာတွင် နှောင့်နှေးစေသော ဗျူရိုကရေစီယန္တရားကြီးကို အထိရောက်ဆုံး၊ အမြန်ဆုံးပြုပြင်ရန် လို အပ်ခြင်း၊ လောလောဆယ် ဖြစ်ပေါ်နေသော လုပ်ခလစာပြဿနာ၊ လျှပ်စစ်မီးပြဿနာ အစရှိသည့် ခေတ်ဟောင်းစနစ်ဟောင်းများ၏ ဆိုးမွေဖြစ်သော ပြဿနာများကို အဆောတလျင် ကိုင်တွယ်ဖြေရှင်းရန်လိုအပ်ခြင်း စသည့် လုပ်ငန်းတာဝန်များရှိကြောင်းကို သမ္မတက ကောင်းမွန်စွာ နားလည်သဘော ပေါက်သည့်အပြင် အမှန်တရားကို အရှိအတိုင်းလည်း လက်ခံထားလျက် အကောင်းဆုံးဖြေရှင်းရန် ကြိုးစားနေခြင်းကို အထင်အရှား မြင်တွေ့နေကြရ လေသည်။ (ခြွင်းချက်ဖြစ်သည့် ရခိုင်ပြည်နယ်ပြဿနာမှလွဲလျှင် အဆိုပါပြဿများသည် ခေတ်ပြောင်းစနစ်ပြောင်းကာလတွင် သီအိုရီအရ ဖြစ်ပေါ်နေ သော အကြောင်းခြင်းရာများသာ ဖြစ်သည်။) ထိုပြဿနာများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ပါက ဒီမိုကရေစီစနစ်သည် ကောင်းမွန်စွာ ထွန်းကား လာတတ်သည်ဟူသော အချက်မှာလည်း သီအိုရီတစ်ခုဖြစ်ကြောင်း သိရှိထားရန် လိုအပ်သည်။

လက်ရှိ နိုင်ငံတော်သမ္မတသည် အလွန်တရာရှုပ်ထွေးနက်နဲလာနေသော ပြဿနာအရပ်ရပ်ကို ကောင်းမွန်စွာ ထိန်းသိမ်းဖြေရှင်းနိုင်စွန်း ရှိသူ ဖြစ်ကြောင်း၊ အများပြည်သူတို့ပေါ် နူးညံ့သိမ်မွေ့သော စိတ်သဘောထားရှိကြောင်း လက်တွေ့လုပ်ရပ်များက သက်သေပြနေသည်။ သီအိုရီနှင့် လုံးဝ မသက်ဆိုင်ဘဲ သီးခြားဖြစ်ပေါ်လာသော လွန်စွာကိုင်တွယ်ဖြေရှင်းရန်ခက်ခဲသော Democratizational Challenge တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်မှ ပြဿနာကို ကိုင်တွယ်ဖြေရှင်းပုံမှာ လွန်စွာ သိမ်မွေ့ညင်သာရုံမျှမက သမ္မတ၏ နိုင်ငံတော်နှင့် တိုင်းရင်းသားတို့၏ ရေရှည်အကျိုးစီးပွားအတွက် စေတ နာ၊ စွမ်းဆောင်ရည်နှင့် အမြော်အမြင်များစွာရှိသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်းကိုလည်း သိရှိနိုင်ပြီဖြစ်သည်။ ဥရောပသမ္မဂကပင် လတ်တလောပေါ်ပေါက် ခဲ့သော အဆိုးရွားဆုံးပြဿနာကို အသင့်တော် အမှန်ကန်ဆုံးနည်းလမ်းဖြင့် သမ္မတက ဖြေရှင်းနေခြင်းဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။

သမ္မတသည် မူဝါဒကို အခိုင်အမာချမှတ်ထားပြီး ထိုမူဝါဒအတိုင်း အခိုင်အမာ ရပ်တည်ဆောင်ရွက်သူဖြစ်ကြောင်း သူ၏ လုပ်ပုံကိုင်ပုံများက သက်သေပြနေသည်။ ငြိမ်းချမ်းရေး တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့က သူ၏ ပဓာနအကျဆုံး ဦးတည်ချက်များဖြစ်သည်။ သူ၏ သမ္မတသက်တမ်း တွင် ပြည်တွင်းငြိမ်းချမ်းရေးကို အပြီးတည်ဆောက်နိုင်ရန် အခိုင်အမာဆုံးဖြတ်ထားသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့၏ ဆောင်ရွက် နိုင်စွမ်းကို အားမလိုအားမရ ဖြစ်နေပြီး အစိုးရယန္တရားတစ်ခုလုံးကို အကြီးအကျယ်ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်းကိုလည်း သိရှိထားသူဖြစ်သည်။ အပြောင်းအလဲများ လေးအီနေမှုကို တပ်လှန့်သတိပေးရန်၊ ဗျူရိုကရက်တို့ အမျိုးသားရေးနိုးကြားကြစေရန် ရည်ရွယ်လျက် ပြုပြင်ပြောင်းလဲရေး ဒုတိယ အဆင့်ကို အရှိန်မြှင့် အကောင်းအထည်ဖော်တော့မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။ ပြည်သူလူထုက အပြောင်းအလဲအသီးအပွင့်များကို မခံစားရသေးဘဲရှိသောကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်လိုသော စိတ်ဆန္ဒကြီးမားနေကြောင်းကို လက်ရှိ တာဝန်ထမ်း ဆောင်နေကြသူများက သဘောပေါက် နားလည်ကြရန် အထူးလိုအပ်နေသေးသည်။ History doesn’t pass the dishes again. ဟူသည့် စကားလုံးကို နိုင်ငံရေးသမားများ၊ နိုင်ငံသားများနှင့် လက်ရှိတာဝန်ရှိသူများအားလုံးက နှလုံးသွင်းကြဖို့ အချိန်တန်နေပြီ ဖြစ်သည်။

သမိုင်းက ဘယ်သောအခါမှ အခွင့်အရေးနှစ်ခါ မပေးပါ။ ရရှိသည့်အခွင့်အရေးကို ကိုယ်ကျိုးအတွက် အသုံးချသည်ဖြစ်စေ၊ နိုင်ငံတော်နှင့် နိုင်ငံ သားတို့အတွက် အသုံးချသည်ဖြစ်စေ နောက်လူတို့က သုံးသပ်ဝေဖန်၊ ချီးမွန်းအသိအမှတ်ပြု၊ ကဲ့ရဲ့ရှုတ်ချခြင်း ပြုကြလိမ့်မည်။ မိမိရွေးချယ်မှုသည် မိမိ ရေးသားသော မိမိ၏ သမိုင်းဖြစ်သည်ကို သတိကြီးစွာထားလျက် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သည်။ ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။

၁။ ပြည်သူလူထု။ ၂။ အတိုက်အခံနိုင်ငံရေးအင်အားစုများ၊ ၃။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများအားလုံးတို့က သမ္မတ၏ လုပ်ရပ်နှင့် စေတနာကို ကောင်းစွာ နားလည်လက်ခံထားကြပြီ ဖြစ်သည်။

ပြည်သူလူထုအနေနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ သမ္မတကို (အများစုက) ထောက်ခံနေကြပြီဖြစ်သည်။ မြန်မာလူထုသည် အငြိုးအတေးမထားတတ်သူများဖြစ်ပြီး မေတ္တာကို မေတ္တာဖြင့် တုံ့ပြန်တတ်ကြသူများဖြစ်ကြောင်း သက်သေပြနေသည့်အချက် ဖြစ်သည်။ ဘယ်တုန်းကမှ တပ်မတော်ကု အကောင်းမမြင်ခဲ့ကြသော အတိုက်အခံနိုင်ငံရေးအုပ်စုအချို့သည်ပင် သမ္မတ၏ သဘောထားနှင့် စေတနာကို အသိအမှတ်ပြုခဲ့ကြပြီဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့်လည်း အပြောင်းအလဲကို သတ္တိရှိရှိဆောင်ရွက်သူ ခေါင်းဆောင်ကောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်တွဲကာ အသိအမှတ်ပြုလိုက်ကြပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သမ္မတ၏ ပြုပြင်ပြောင်းလဲရေုးလုပ်ငန်းစဉ်ကို သူ၏ ဥရောပခရီးစဉ်အတွင်း အလေးအနက် ချီးမွမ်း ပြောဆိုနေခြင်းက မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အကောင်းဆုံးအခြေခံအုတ်မြစ်ကို တည်ဆောက်ပေးနေသလို ရှိသည်။ ခေါင်းဆောင်ရှားပါးလှသော လူ့အဖွဲ့အစည်းတစ်ခုတွင် တပ်မတော်၊ လူထု၊ အတိုက်အခံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကပါ တညီတညွတ် လက်ခံသော ခေါင်းဆောင်တစ်ယောက် ပေါ်ပေါက်လာခြင်းကို တန်ဖိုးထားကြရန် လိုအပ်သည်။ (နောက်ကြောင်းပြန်လှည့်လိုသော နောက်ကြောင်းပြန်မလှည့်သော်လည်း ရှေ့သို့မတိုးနိုင်ဘဲရှိ နေသော ဗျူရိုကရက်များအနေဖြင့် တိုင်းပြည်ချစ်စိတ်မွေးကြရန်၊ သမ္မတ၏ ဦးဆောင်မှုနောက်မှ ထက်ချက်မကွာ လိုက်ပါဆောင်ရွက်ခြင်းဖြင့် မိမိတို့ အမှားများကို ပြင်ဆင်လိုက ပြင်ဆင်နိုင်ခွင့်ရှိသည်ကို နားလည်သဘောပေါက်ကြရန် အထူးလိုအပ်သည်။)

သမ္မတသည် တပ်မတော်အပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေးစိတ်ဓာတ်ကို ဆုံမှတ်တစ်ခုတွင် ပေါင်းစည်းပေးနိုင်ခဲ့သူ ဖြစ်သည်။ မျိုးဆက်သစ် တပ်မတော်ခေါင်းဆောင်များသည်လည်း တပ်မတော်မှ ပေါ်ထွန်းလာသူ နိုင်ငံ့ခေါင်းဆောင်ကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြ တော့မည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူတို့၏ မျိုးချစ်စိတ်ဓာတ်များကို မှန်မှန်ကန်ကန် နှိုးဆွပေးနိုင်သူလည်း ဖြစ်သည်။ ဆယ်စုနှစ်ငါးခုမျှ ပိတ်ပင် ချုပ်ချယ်ခံထားရသော လူ့အဖွဲ့အစည်း၏ မျှော်လင့်ချက်များ ရှင်သန်နိုးထလာခြင်းမှာ တပ်မတော်မှ ပေါ်ထွက်လာသော ခေါင်းဆောင်ကောင်း တစ်ယောက်၏ စေတနာနှင့် စွမ်းဆောင်ချက်များသည် အခြားသော မျိုးချစ်များနှင့် ထပ်တူ ဖြစ်လာသောအခြေအနေကြောင့် ဆိုသည့်အချက်ကို အငြင်း ပွားရန် မဖြစ်နိုင်တော့ပါ။

လတ်တလော ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် အစိုးရက ဆောင်ရွက်စရာရှိသည်များကို အကောင်းဆုံး ဆောင်ရွက်ပေးလိုက်ခြင်းက သမ္မတ၏ ဂုဏ်ရောင်ကို ပိုမိုတောက်ပထွန်းပြောင်စေသည်။ လွတ်လပ်ခွင့်အပြည့်အဝဖြင့် ပြည်ပသို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တစ်ကမ္ဘာလုံးက လွတ်လပ်စွာမြင်တွေ့နေရခြင်း၏ နောက်ကွယ်တွင် သမ္မတ၏ အပြောင်းအလဲကို စွမ်းဆောင်နိုင်စွမ်းက တည်ရှိနေကြောင်း အားလုံး၏ မသိစိတ်တွင် တဖြည်းဖြည်း သိရှိစွဲထင် ကျန်ရစ်လိမ့်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မရောက်ခင်ကလေးတွင် ဆွစ်ဇာလန်က ပိတ်ဆို့မှုများ ရုပ်သိမ်းပေးသည်။ ILO ကလည်း ရုပ်သိမ်းပေးသည်။ ဒေါ်အောင်ဆန်းစုကြည် မရောက်ခင်ကလေးတွင်ပင် ဗြိတိန်က သမ္မတကို လာရောက်လည်ပတ် ရန် ဖိတ်ကြားခဲ့သည်။ မကြာမီစတင်တော့မည့် သမ္မတ၏ ဗြိတိန်သို့ အလည်အပတ်ခရီးစဉ်သည် မြန်မာနိုင်ငံမှ နိုင်ငံတော်အကြီးအကဲတစ်ယောက်၏ အထူးခြားဆုံး ဥရောပခရိးစဉ်အဖြစ် သမိုင်းမော်ကွန်း တွင်ရစ်လိမ့်မည်။ အခြားသော ဥရောပနိုင်ငံတို့ကလည်း နိုင်ငံတော်သမ္မတကို အလည်အပတ်လာ ရောက်ရန် မကြာခင် ဖိတ်ကြားကြရတော့မည် ဖြစ်သည်။

ဥရောပခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတတို့ကြောင့်သာ ထူးခြားသည့်အပြောင်းအလဲ ဖြစ်ပေါ်ခြင်းဖြစ်သည် ဟု အသိအမှတ်ပြု ချီးမွမ်းပြောဆိုခဲ့ပြီး ဗြိတိသျှဝန်ကြီးချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီအချိန်လေးမှာပင် မြန်မာနိုင်ငံတော်သမ္မတ အား ဗြိတိန်သို့ လာရောက် လည်ပတ်တော့မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။ သမ္မတ၏ လုပ်ရပ်များကို သူတို့က အလေးအနက် အသိအမှတ် ပြုသည်ကို ထင်ရှားပေါ်လွင်စေလိုသည့် သဘောဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သမိုင်းဝင်ခရီးတစ်လျှောက် သမိုင်းဝင်စွမ်းဆောင်ခဲ့ ကြောင်း အထင်အရှားတွေ့နိုင်သည်။ ဥရောပ ခေါင်းဆောင်များကို နိုင်ငံတော်သမ္မတအား လာရောက်လည်ပတ်ရန် နိုင်ငံတော်သမ္မတကို ဖိတ်ကြား သည်မှာ မှန်ကန်ပါကြောင်း၊ မိမိတို့သည် အတိတ်သင်ခန်းစာများကို ပိုမိုပျော်ရွှင်ဖွယ်အနာဂတ် ဖန်တီးတည်ဆောက်ရာတွင် အသုံးချလိုကြောင်း ရှင်းရှင်း လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အရေးပါလှသည့် မြန်မာနိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် ပြန်လည် တည်ဆောက်ရေး၊ ဒီမိုကရေစီထွန်းကားရေးတို့အတွက် အကူအညီပေးရန်၊ ရင်းနှီးမြှပ်နှံမှုများ လာရောက်ပြုလုပ်ရန် ဥရောပနိုင်ငံများမှ ကတိကဝတ်တွေ တစ်ပွေ့တစ်ပိုက် ပြန်လည် သယ်ဆောင်လာတော့မည်ဖြစ်သည်။

နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် နည်းလမ်းကျနသော ပံ့ပိုးကူညီမှုများ၊ ရင်းနှီးမြှပ်နှံမှုများကို သူမနှင့် သမ္မတတို့ ထပ်တူထပ်မျှ လိုလား လျက်ရှိကြောင်း ယခုခရီးစဉ်တွင် အထင်အရှား ပြသနိုင်ခဲ့သည်။ သွေးစည်းညီညွတ်သော ပြည်ထောင်စုသစ်ကြီး ပေါ်ပေါက်လာရေးအတွက် ခိုင်မာသော အထောက်အပံ့များ ဖြစ်သည်။

မြန်မာနိုင်ငံတော်သမ္မတအား နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်မည်ဆိုပါက မြန်မာ့တပ်မတော်အပါအဝင် မြန်မာတိုင်းရင်းသားအားလုံး ပြန်လည်သွေးစည်းညီညွတ်မှုဖြင့် အတူတကွ မျှဝေခံစားရမည်ဖြစ်သော ခိုင်မာသော၊ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီစနစ်တစ်ရပ် ပေါ်ပေါက်ရေး ရာနှုန်းပြည့်သေချာစေရန် အရေးပါသည့် စွမ်းအားတစ်ရပ်ဖြည့်ပေးရာရောက်မည်ဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်ရှိ အခြားသော လက်ကျန်အာဏာရှင်နိုင်ငံ များတွင်လည်း လွတ်လပ်သော ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းများ ပေါ်ပေါက်လာနိုင်ရေးအတွက် ကြီးစွာသော တွန်းအား (သို့မဟုတ်) အထောက်အပံ့ တစ်ခု သေချာပေါက်ဖြစ်လိမ့်မည်ဖြစ်ကြောင်း နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးကော်မတီက သေချာပေါက် သိရှိနားလည် သဘောပေါက်ပြီး ဖြစ်နေလိမ့်မည်ဟူသောအချက်ကို မည်သူမျှ ယုံမှားသံသယရှိရန် မလိုပါ။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment