Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၇.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. နိုင်ငံ့ဝန်ထမ်းဆိုင်ရာဥပဒေကြမ်း ထုတ်ပြန်ကြေညာ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လပိုင်းအတွင်း ဝန်ကြီးများ ပြောင်းလဲနိုင်ဖွယ်ရှိ
  2. ဖမ်းဆီးမှုများရှိသော်လည်း 7 July နှစ် ၅၀ ပြည့်အခမ်းအနား ကျင်းပ
  3. 7 July မရောက်မီ တစ်ညအလို ဗကသကျောင်းသားအချို့ ထိန်းသိမ်းခံရ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

နိုင်ငံ့ဝန်ထမ်းဆိုင်ရာဥပဒေကြမ်း ထုတ်ပြန်ကြေညာ

ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံဝန်ထမ်းများ၏ တာဝန်၊ ရပိုင်ခွင့်နှင့် စည်းကမ်းများကို သတ်မှတ်နိုင်ရန် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေကြမ်းကို ၂၀၁၂ ဇူလိုင်လ ၆ ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ယင်း နိုင်ငံဝန်ထမ်းဆိုင်ရာဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတမှ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို ခန့်အပ်ခြင်း၊ အတည်ပြုခြင်း၊ ထုတ်ပယ်ခြင်းနှင့် လိုအပ်ချက်အရ အငြိမ်းစားပေးခြင်းနှင့် ပြောင်းရွှေ့ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ဝန်ထမ်းအမျိုးအစားအလိုက် အစမ်းခန့်ကာလနှင့် စည်းကမ်းချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ လိုအပ်သလို သတ်မှတ်ပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းခြင်းနှင့် တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းနှင့် လာဘ်ပေးလာဘ် ယူပြုခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ပြီး နိုင်ငံဝန်ထမ်းများသည် အခြေခံရပိုင်ခွင့်မှန်သမျှကို တည်ဆဲဥပဒေများနှင့်အညီ ရပိုင်ခွင့်ရှိမည်ဖြစ်ပြီး နိုင်ငံ့ ဝန်ထမ်းများသည် တူညီသောအလုပ်အတွက် တူညီသောလစာ၊ တာဝန်ထမ်းဆောင်မှုဆိုင်ရာစရိတ်များ၊ သီးခြားတာဝန်ပေးချက်အရ ဆောင်ရွက်ရ သည့် လုပ်ငန်းတစ်ရပ်ရပ်အတွက် ချီးမြှင့်ငွေ(သို့)အခကြေးငွေများကို သက်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ခံစားခွင့်ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဖွဲ့မှ သတ်မှတ်တာဝန်ပေးထားသော အဖွဲ့အစည်းများနှင့် ဗပိာုဝန်ထမ်းတက္ကသိုလ်များသည် ဝန်ထမ်းများနှင့် ဝန်ထမ်းလောင်းများ အား အခြေခံသင်တန်းများပေးခြင်း၊ အဖွဲ့မှ သတ်မှတ်ပေးသည့်ဝန်ထမ်းများအတွက် မွန်းမံသင်တန်းများပေးခြင်းနှင့် ဆွေးနွေးပွဲများကျင်းပခြင်းနှင့် ဝန်ထမ်းလေ့ကျင့်ရေးဆိုင်ရာပညာရပ်များ သုတေသနပြုခြင်းတို့ကို အဖွဲ့၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းများ ကို စောင့်ထိန်းလိုက်နာရမည့်အပြင် ဝန်ထမ်းအဖွဲ့အစည်း၏ လုပ်ငန်းသဘာဝနှင့် ဝန်ထမ်းအမျိုးအစားအလိုက် သီးခြားသတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် လုပ်ငန်းစည်းကမ်များကို စောင့်ထိန်းလိုက်နာရမည်ဖြစ်ကြောင်း နိုင်ငံဝန်ထမ်းဆိုင်ရာဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

ဝန်ထမ်းများမှ ဌာနပိုင်းဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းဖောက်ဖျက်မှုကျူးလွန်ခဲ့ပါက စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြစ်ဒဏ်ချမှတ်နိုင်မည်ဖြစ်ပြီး ဝန်ထမ်းများ၏ ဌာနဆိုင်ရာအရေးယူမှုများတွင် ချမှတ်သည့်အမိန့် (သို့) ပြစ်ဒဏ်နှင့်ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အယူခံခွင့်နှင့် အသနားခံခွင့်ရှိစေရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြချက်အရ သိရသည်။

ဝန်ထမ်းများ အငြိမ်းစာယူရာတွင် သက်ပြည့်ပင်စင်၊ နှစ်ပြည့်ပင်စင်၊ နာမကျန်းပင်စင်၊ လျော်ကြေးပင်စင်၊ အထူးပင်စင်၊ မယူမနေရပင်စင်၊ မိသားစုပင်စင်နှင့် လျှော့ပေါ့ပင်စင်များအနက်မှ တစ်မျိုးမျိုးကို ခံစားခွင့်ရရှိမည်ဖြစ်ပြီး ဝန်ထမ်းများဌာနတစ်ခုမှ တစ်ခုသို့ပြောင်းရွှေ့ရာတွင် ၎င်း၏ ဝန်ထမ်းမှတ်တမ်းကို ယခင်လုပ်ကိုင်ခဲ့သည့် သက်ဆိုင်ရာဌာနမှ ကူးပြောင်းထမ်းဆောင်သည့် ဌာနသို့ပေးပို့ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

နိုင်ငံဝန်ထမ်းဆိုင်ရာ ဥပဒေကြမ်းတွင် အခန်း(၁၄)ခန်းပါဝင်ပြီး ယင်းတို့မှာအမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ဝန်ထမ်းအဖွဲ့အစည်းများ၊ ရွေးချယ် ခန့်ထားခြင်း၊ တာဝန်နှင့်ရပိုင်ခွင့်များ၊ လစာ၊စရိတ်နှင့် ချီးမြှင့်ငွေ၊ ခွင့်ခံစားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ချီးမြှင့်ခြင်း၊ လေ့ကျင့်ပညာပေးခြင်း၊ စည်းကမ်း ထိန်းသိမ်းရေး၊ ပြစ်ဒဏ်ချမှတ်ခြင်းနှင့် အယူခံခြင်း၊ အငြိမ်းစားယူခြင်း၊ ဝန်ထမ်းမှတ်တမ်းနှင့် အထွေထွေအခန်းတို့ပါဝင်ကြောင်း သိရသည်။

YC

*************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

လပိုင်းအတွင်း ဝန်ကြီးများ ပြောင်းလဲနိုင်ဖွယ်ရှိ

ယခုလပိုင်းအတွင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ဝန်ကြီးဌာနများအား ပြင်ဆင်ဖွဲ့စည်းပြီး ပြည်ထောင်စုဝန်ကြီးများ အပြောင်းအလဲ လုပ်နိုင်ဖွယ် ရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းဖို့ထက် ဝန်ကြီးအပြောင်းအလဲလုပ်ဖို့ ပိုများမယ်ထင်တယ်။ သမ္မတကြီးရဲ့သွားနေတဲ့ မူဝါဒနဲ့ မကိုက်ညီတဲ့သူတွေ၊ လိုက်လျောညီထွေမရှိတဲ့သူတွေ အနားပေးခံရလိမ့်မယ်။ အရည်အချင်းရှိတာ၊ မရှိတာနဲ့မဆိုင်ဘူး”ပာု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင် သောင်းက ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် The Voice ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ယခုကဲ့သို့ ဝန်ကြီးဌာနများပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုဝန်ကြီးများ အပြောင်းအလဲပြုလုပ်ရခြင်းမှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ အုပ်ချုပ်ရေးပိုင်းတွင် ဝန်ကြီးဌာနများ ပိုမိုကျစ်လစ်အားကောင်းလာနိုင်စေရန်နှင့် ဝန်ကြီးဌာနများကို အရေအတွက် လျှော့ချသွားဖွယ်ရှိကြောင်း သိရ သည်။

“အခု ကျွန်တော်တို့နိုင်ငံမှာက မလိုဘဲရှိနေတဲ့ ဝန်ကြီးဌာနတွေကများနေတယ်။ ဒီဝန်ကြီးဌာနတွေကို ဖြုတ်ပစ်မယ်လို့ထင်ပါတယ်။ ပြီးတော့ သမဝါယမလိုမျိုး အသုံးမတည့်တဲ့ လုပ်ငန်းတွေကိုလည်း ဖြုတ်ချစေချင်ပါတယ်။ ဒါမှ နိုင်ငံအတွက် တကယ်ကို အလုပ်လုပ်တဲ့ လိုအပ်တဲ့ဝန်ကြီးဌာနတွေ၊ ကော်မတီတွေ၊ အဖွဲ့တွေ၊ အသင်းတွေ ပေါ်ပေါက်လာနိုင်မှာပါ”ပာု မြန်မာ့အရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂ ၌ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စု အစိုးရဝန်ကြီး ဌာနများကို လိုအပ်သလိုသတ်မှတ်နိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာနများကို ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်းများအပြင် ပြည်ထောင်စုဝန်ကြီး သတ်မှတ် ဦးရေကိုလည်း တိုးခြင်း၊ လျှော့ခြင်းများ ပြုလုပ်နိုင်ကြောင်း ပြဋ္ဌာန်းပေးထားသည်။

Ref:The Voice

-----------------------------------------------------------------------------------------------------------------------------------

ဖမ်းဆီးမှုများရှိသော်လည်း 7 July နှစ် ၅၀ ပြည့်အခမ်းအနား ကျင်းပ

ဇူလိုင်လ ၇ ရက်နေ့ မနက် ၉နာရီကျော်ခန့်မှ စတင်၍ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမကြီးပေါ်ရှိ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ ရုံးခန်း၌ 7 July နှစ် ၅၀ ပြည့်အခမ်းအနားအား ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

ယင်းအခမ်းအနား၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုကျော်ကိုကို၊ တွဲဖက်အတွင်းရေးမှူး  ကိုအောင်ကျော်ကျော်တို့မှ အမှာ စကားပြောကြားပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုကိုကြီး၊ မင်းကိုနိုင်နှင့် ၁၉၆၂ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုလှရွှေတို့မှလည်း ၁၉၆၂ခုနှစ် ၇ ဇူလိုင်၌ ကျောင်းသားသမဂ္ဂအဆောက်အဦး မိုင်းခွဲဖျက်စီးခံရခြင်းနှင့် ပတ်သက်၍ ပြန်လည်ပြောကြားသွားကြောင်း သိရသည်။

"မနေ့က ညဘက် ၁၁နာရီလောက်မှာ ကျွန်တော်တို့ ၈၈ရုံးကို SBအချို့ရောက်လာပြီး ဗကသကျောင်းသားခေါင်းဆောင်အချို့ကို ခဏ ထိန်းသိမ်းထားမယ်ဆိုပြီး ခေါ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က 7 July အတွက် လုပ်မှာစိုးလို့ဆိုပြီး ပြောတယ်။ ဒါပေမယ့် အဲဒီလိုကိစ္စက ဖြစ်စရာမလိုဘူး။ ဘယ်သူမှလည်း လမ်းပေါ်ထွက်ပြီး လှုပ်ရှားမှုလုပ်မှာလည်းမဟုတ်ဘူး။ သူတို့က ကျောင်းသားတွေ ရုတ်ရုတ်လုပ်မှာစိုးလို့ ကြောက် နေတာ။ အားလုံး အေးအေးချမ်းချမ်းနဲ့ပဲ ပြီးသွားမှာပဲ။ အခုလို ခဏပဲဖြစ်ဖြစ်၊ အကြာကြီးပဲဖြစ်ဖြစ် ဖမ်းဆီးထိန်းသိမ်းတယ်ဆိုတာကတော့ မဖြစ်သင့်ဘူး။ ကျွန်တော်တို့ကလည်း အခုဆိုရင် သူတို့နေရာလွတ်နေရင် လွတ်နေတဲ့နေရာကိုပြန်ဖာပြီး လုပ်မှာဖြစ်တယ်"ဟု ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုမင်းကိုနိုင်က အဆိုပါအခမ်းအနား၌ ပြောကြားသည်။

အဆိုပါ 7 July အခမ်းအနားသို့ သတင်းစာဆရာကြီးတစ်ဦးဖြစ်သည့် အဘဦးဝင်းတင်လည်း ပါဝင်တက်ရောက်၍ မိန့်ခွန်းများပြောကြား သွားကြောင်း သိရှိရပြီး 7 July နှစ် ၅၀ ပြည့်နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ အခမ်းအနားအား မပြုလုပ်ကြရန် တားမြစ်ပိတ်ပင်ထားသော် လည်း ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ရုံးခန်း၌ အေးအေးချမ်းချမ်း ပြုလုပ် ကျင်းပပြီးစီးသွားကြောင်း သိရသည်။

"ဒီ 7 July ဆိုပြီး ပေါ်ပေါက်လာတာကလည်း ၁၉၆၂ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်မှာပါ။ သူဦးဆောင်တဲ့ အစိုးရတော်လှန်ရေး ကောင်စီအဖွဲ့က ၁၉၃၁ခုနှစ်ထဲကက တည်ထောင်ထားခဲ့တဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦးကို မိုင်းခွဲဖျက်စီးလို့ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက ကျောင်းသားတွေက လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကျောင်းသားတွေကိုပါ ပစ်ခတ်ရိုက်နှက်ခဲ့လို့ ကျောင်းသားအများအပြားရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ပြီးတော့ ကျောင်းသားတွေက ထပ်ပြီး 7 July တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်နဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦးကို ပြန်ဆောက်တယ်။ အဲဒီအကြိမ်မှာလည်း ပြန်ဖျက်ခဲ့ပါတယ်။ ဒီတော့ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ အသက်တွေ၊ ချွေးတွေ အများကြီး ဆုံးရှုံးသွားခဲ့ရပြီး တရားမျှမျှတတဖြစ်ဖို့ ဒီကိစ္စကို စုံစမ်းရေးကော်မရှင်အဖွဲ့ဖွဲ့ပြီး ပြည်သူတွေအပါအဝင် တစ်တိုင်းပြည်လုံးကို အသိပေး သင့်ပါတယ်။ ပြီးတော့ ဒီကျောင်းသားသမဂ္ဂအဆောက်အဦးကို ပြန်ပြီးဆောက်သင့်ပါတယ်"ဟု ၁၉၆၂ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုလှရွှေက ပြောကြားသည်။

ထို့နောက် ယင်း 7 July အခမ်းအနားအား အရင်ဦးစွာ ရွှေဂုံတိုင်အနီးရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ကျင်းပပြုလုပ်ရန် ရည်ရွယ်ထား သော်လည်း ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ကျင်းပခွင့်အား တားမြစ်ခဲ့သောကြောင့် ယင်းနေရာ၌ မကျင်းပ နိုင်တော့ဘဲ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့၏ ရုံးခန်း၌ပင် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပြီး ဗကသများအဖွဲ့ချုပ် ဖြစ်ထွန်းရေးကော်မတီမှ ခေါင်းဆောင် အချို့အား ဇူလိုင်လ ၆ ရက်နေ့ ည ၁၁နာရီဝန်းကျင်ခန့်၌ ခေတ္တထိန်းသိမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဗကသများအဖွဲ့ချုပ် ဖြစ်ထွန်းရေးကော်မတီခေါင်းဆောင်များအား ခေတ္တဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်၍ ဇူလိုင်လ ၆ ရက်နေ့ ည ၁၁ နာရီကျော်တွင် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးမြို့ မြဝတီကျောင်းတိုက်၌ 7 July အား ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့သည့် ဗကသကျောင်းသားအချို့ ဖြစ်ကြသော ကိုအောင်မှိုင်း ဆန်း၊ ကိုအောင်၊ ကိုကျော်မိုး၊ ကိုသန်းထိုက်နှင့် ကိုမင်းခန့်၊ ရွှေဘိုမြို့တွင် ကိုပြည့်ဖြိုးကျော်၊ ကိုဝက်သိုး၊ မဌေးဌေးဝင်းနှင့် ယောက်ျားလေး ၄ဦးတို့အား ခေတ္တထိန်းသိမ်းခြင်းခံခဲ့ရကြောင်း သိရှိရပြီး အခြားပြည်နယ် အချို့ဖြစ်သည့် လားရှိုးမြို့နယ်ရှိ ဗကသကျောင်းသား ၄ဦးနှင့် မြင်းခြံမြို့နယ်မှ ၇ ဦးတို့ လည်း ထိန်းသိမ်းခံထားရကြောင်း သိရှိရသည်။

ဇူလိုင်လ ၇ ရက်နေ့၌ ကျင်းပပြုလုပ်သည့် 7 July နှစ် ၅၀ ပြည့်အခမ်းအနား၌ ၁၉၆၂ ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြိုဖျက်ခံ ရခြင်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် လက်မှတ်ရေးထိုးမှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၆ ရက်နေ့ ည ၁၁နာရီခန့်၌ ထိန်းသိမ်းခံရသည့် ဗကသများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ ခေါင်းဆောင်အချို့အား ပြန်လည်လွှတ်ပေးရန် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ၈၈မျိုးဆက်ကျောင်းသားရုံး အရှေ့၌ပင် ဓာတ်ပုံများကိုင်၍ ဆန္ဒပြုခဲ့ကြောင်း သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

7 July မရောက်မီ တစ်ညအလို ဗကသကျောင်းသားအချို့ ထိန်းသိမ်းခံရ

ဇူလိုင်လ ၆ ရက်နေ့ ည ၁၀ကျော်ခန့်၌ 7 July နှစ် ၅၀ ပြည့်အခမ်းအနားနှင့် ပတ်သက်၍ ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်အချို့ရှိ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ ခေါင်းဆောင်အချို့အား သက်ဆိုင်ရာအာဏာပိုင်များမှ ခေတ္တဖမ်းဆီးထိန်းသိမ်းမှု များ ပြုလုပ်ခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

ယင်းသို့ ဖမ်းဆီးထိန်းသိမ်းရာ၌ ရန်ကုန်တိုင်း ဗကသများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်၊ ဒီငြိမ်းလင်း၊ စည်သူမောင်နှင့် ရဲမြတ်ဟိန်းတို့ ပါဝင်ကြောင်း သိရှိရပြီး ထိုသို့ ဖမ်းဆီးထိန်းသိမ်းမှုများ၌ အခြားတိုင်းနှင့် ပြည်နယ်များဖြစ်သည့် မန္တလေး၊ ရွှေဘို၊ လားရှိုးနှင့် မြင်းခြံမြို့နယ်များရှိ ဗကသကျောင်းသားခေါင်းဆောင် ၂၀နီးပါးခန့်လည်း ပါဝင်ကြောင်း သိရှိရသည်။

ဖမ်းဆီးထိန်းသိန်းခံရသော ကိုဒီငြိမ်းလင်းမိခင်က “မနေ့ကညပိုင်းက သားကြီးကိုမေးစရာရှိလို့ ခဏခေါ်သွားမယ်ဆိုပြီး မြို့နယ်မှူးတွေရော ခရိုင်ကတာဝန်ရှိသူနဲ့ ထောက်လှမ်းရေးကသူတွေ ၁၅ယောက်လောက်က လာခေါ်သွားတယ်၊ ဒီနေ့မနက်ကတော့ ညနေပိုင်းမှာ အိမ်တိုင်ရာရောက် ပြန်ပို့ပေးပါမယ် ဘာမှစိတ်မပူပါနဲ့လို့ ဖုန်းဆက်ထားတော့ အန်တီတို့ကတော့ ညနေပိုင်းထိ စောင့်နေကြပါတယ်”ဟုပြောကြားသည်။

ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရုံး၌ ဇူလိုင်လ ၆ ရက်နေ့ ည ၁၁နာရီခန့်တွင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ကြောင်း သိရှိရပြီး သက်ဆိုင်ရာများ၏ အဓိကရည်ရွယ်ချက်သည် 7 July နှစ် ၅၀ ပြည့်အခမ်းအနား မပြုလုပ်ရန် တားမြစ်ရာမှ နယ်အသီးသီးမှ ဗကသကျောင်းသားများက ဆက်လက်လုပ်ဆောင်နေခြင်းကြောင့်ဖြစ်ကြောင်း သိရှိရ သည်။

"အမှန်တကယ်က ဒီမိုကရေစီလမ်းကြောင်းကို သွားနေပြီဆိုပြီး အခုလိုမျိုး အေးအေးချမ်းချမ်းဖြစ်ရမယ့်ပွဲမှာ အခုလိုမျိုး ကျွန်တော်တို့ ၈၈ရုံးကို ဝင်ရှာတာတို့ ခဏပဲဖြစ်ဖြစ်၊ အကြာကြီးပဲဖြစ်ဖြစ် ဒီလိုမျိုး ဖမ်းဆီးတာဟာ မဖြစ်သင့်ပါဘူး။ လုပ်လည်း မလုပ်သင့်ပါဘူး"ဟု အဆိုပါ သတင်းစာရှင်းလင်း ပွဲ၌ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားသည်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ရန်ကုန်တိုင်း ဗကသကျောင်းသားခေါင်းဆောင်အချို့အား ဇူလိုင်လ ၇ ရက် မနက် ၁၀ နာရီခန့်တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်ရှိသေးသည့် ဗကသကျောင်းသားအချို့အား ညနေ ၆နာရီကျော်ခန့်၌ အသီးသီးပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များမှ ခေတ္တဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော ဗကသကျောင်းသားများ၏ မိဘများထံသို့ အကြောင်းကြားစာပို့ခဲ့ကြောင်း သိရှိ ရသည်။

ယင်းအခမ်းအနား မကျင်းပဖြစ်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များမှ ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ရာတွင် ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ OTOP ခန်းမ၌ ကျင်းပပြုလုပ်သည့် ရန်ကုန်တက္ကသိုလ် နှစ် ၁ဝ၀ပြည့်အကြို ရာပြည့်အခမ်းအနားအား ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အာဏာ ပိုင်များမှ တားမြစ်ပိတ်ပင်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းဖော်ပြ ချက်များအရ သိရှိရသည်။

ATM

**************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ပြည်သူ့ကိုယ်စားလှယ်တွေဟာ မိမိတို့လွှတ်တော်က ဥပဒေတွေ ဘာရှိသလဲဆိုတာ အသေးစိတ် လေ့လာဖတ်ကြားရပါမယ်။ လွယ်လွယ်လေး စကာနဲ့ ပြောမယ်ဆိုရင် တချို့နေရာမှာ စည်းကမ်း စည်းကမ်းမှာမှ တချို့နေရာမှာ Do၊ တချို့နေရာမှာ Don’t ဆိုတာမျိုး မလုပ်မိဖို့လိုတယ်၊ ဒါကြောင့်မို့ လွှတ်တော်မှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိရှိရုံတင်မကဘူး လိုက်နာဖို့လည်း လိုပါတယ်။ လွှတ်တော်အတွင်း ဆွေးနွေးရာတွင် ပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့ ပြောကြားဆွေးနွေးစေလိုပြီး  လွှတ်တော်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အပြောအဆို အသုံးအနှုန်းများမရှိဖို့ သတိပေးပါတယ်။

ဇူလိုင်လ ၇ရက်နေ့ထုတ် The Street View News Journal အတွဲ(၁) အမှတ်(၂၆)တွင်ပါရှိသည့်"ပါတီစွဲဝါဒစွဲ လူမျိုးစွဲကိုးကွယ်တဲ့ အစွဲတွေမထားဘဲနဲ့ နိုင်ငံနဲ့နိုင်ငံသားများအတွက် မျှမျှတတဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြောကြား"သတင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ယုံကြည်ချက်အကျဉ်းသားတွေဟာ တစ်ဆင့်ချင်းလွှတ်ပေးရမယ့် အကျဉ်းသားတွေ မဟုတ်ပါဘူး။ စစ်မှန်တဲ့လူ့အခွင့်အရေး ရရှိရေးဆိုတဲ့ ယုံကြည်ချက် ခံယူချက်တွေနဲ့ တောင်းဆိုခဲ့ကြတဲ့ အကျဉ်းသားတွေဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံထူထောင်ပြီး သမ္မတရွေးချယ်လိုက်တဲ့နေ့ကတည်းက ဒီယုံကြည်ချက် အကျဉ်းသားတွေအားလုံး လွှတ်သင့်တာပါ။ နိုင်ငံတော်သမ္မတက ကျန်ရှိတဲ့ အသင်းသားတွေပြန်လွှတ်ပြီး တိုင်းပြည်ပြုပြင်ပြောင်းလဲရေးတွေမှာ ပူးပေါင်း ပါဝင်နိုင်အောင် ဆောင်ရွက်ပေးမယ်။ဆိုရင်နိုင်ငံအတွက် ကောင်းကျိုးဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

ဇူလိုင်လ ၇ရက်နေ့ထုတ် The Street View News Journal အတွဲ(၁) အမှတ်(၂၆)တွင်ပါရှိသည့်"ယုံကြည်ချက်အကျဉ်းသား ကိုအေးအောင်အား လေဆိပ်တွင် ကျောင်းသားများက သောင်းသောင်းဖျဖျကြိုဆို" သတင်းမှ ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်း ကိုအေးအောင်အားလာကြိုဆိုသည့် မစုစုနွေး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment