Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၇.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. Cronyism လား၊ meritocracy လား

*****************************************

ဆောင်းပါးကဏ္ဍ

Cronyism လား၊ meritocracy လား

ဘုန်းထက်ဝင်း

ခေတ်မီရေးမျှော်မှန်းချက်ဖြင့် ကမ္ဘာကြီးနှင့် တံခါးဖွင့်ဆက်သွယ်လာခဲ့ပြီဖြစ်သော မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းမှ စိတ်ဝင်တစား စောင့်ကြည့် သုံးသပ်ပြောဆိုနေရသော အနေအထားဖြစ်လာခဲ့လေပြီ။ ယခင်က မြောက်ကိုရီးယားလို နိုင်ငံတကာဆက်ဆံရေးတွင် ဟော့ဟော့ရမ်းရမ်း ထိန်းရခက်သည့်နိုင်ငံအဖြစ် ပုံဖော်ထားနေမှုမှ ဒီမိုကရက်တစ်တန်ဖိုးများကို ပြုပြင်ပြောင်းလဲမှုများဖြင့် တဖြည်းဖြည်း ပုံဖော်ယူလာနေသည်။ မြန်မာနိုင်ငံ သို့ လာရောက်ကြသည့် နိုင်ငံခြားသားဧည့်သည်များမှာလည်း ဝင်လာမစဲ တသဲသဲပင်ဖြစ်သည်။ မြန်မာနိုင်ငံသို့ မရောက်ဖူးလျှင်ပင် ခေတ်မမီတော့သလို ရှိနေသည့် အနေအထားမျိုး ဖြစ်သည်။

မြန်မာနိုင်ငံ၏ ယခုလို အပြောင်းအလဲများကြားတွင် လူအပြောအများဆုံးနှင့် အသိမ်မွေ့ဆုံးလုပ်ရမည့်ကိစ္စမှာ ခရိုနီ အရင်းရှင်စနစ်ဖြစ်သည်။ လက်တစ်ဆုပ်စာမျှသာရှိသော (တချို့က နာမည်ထင်ထင်ပေါ်ပေါ်၊ တချို့က မထင်မရှား) ခရိုနီများမှာ နိုင်ငံ၏ စီးပွားရေးရင်းမြစ်အများစုကို ဆုပ်ကိုင် ထားနိုင်သည်အထိ စီးပွားရေး အင်အားကောင်းကြသူများပင် ဖြစ်သည်။ စနစ်အပြောင်းအလဲတွင် ဒီမိုကရေစီဘက် လိုက်ပါပြောင်းလဲသည့် ခရိုနီများ ရှိသလို၊ အပြောင်းအလဲကို ဆန့်ကျင်သူများ၊ စောင့်ကြည်ချင်သေးသူများလည်းရှိသည်။ တချို့မှာလည်း စနစ်သစ်တွင် ခရိုနီများမရှိသင့်တော့သည့် အတွက်ကြောင့် စီးပွားရေးကဏ္ဍတွင် ဖယ်ရှားသင့်သည်ဟု ပြောကြသလို၊ တချို့မှာလည်း ခရိုနီများကို အပြီးတိုင် ဖယ်ရှားဖို့အရေးမှာ စီးပွားရေးပြုပြင် ပြောင်းလဲမှုများကို ပိုမိုကြန့်ကြာသွားစေနိုင်သောကြောင့် လုံးဝရှင်းလင်ဖို့ထက် တောင်ကိုရီးယားနိုင်ငံမှ ခရိုနီများလို နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို မြှင့်တင်ရန် တိုက်တွန်းသင့်ကြောင့် ဆိုကြသည်။ အမှန်စင်စစ် ဖွံ့ဖြိုးတိုးတက်ပြီးသည့် နိုင်ငံများတွင်တောင် ခရိုနီစနစ်ကို အားပေးခြင်း မဟုတ်သော်ငြား လည်း ရေဘဝဲတကောင်လို လက်တံများစွာဖြင့် အရင်းအမြစ်များကို ဖမ်းဆုပ်လုပ်ကိုင်နိုင်သည့် စီးပွားရေးလုပ်ငန်းကြီးများ ရှိပါသည်။

ခရိုနီစီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ စီးပွားရေးလုပ်ငန်းကြီးများသည် လွှတ်တော်အတွင်း သူတို့အကျိုးစီးပွားကို အထောက်အကူပြုမည့် စည်း မျဉ်းစည်းကမ်းချမှတ်ရန် သို့မဟုတ် ဥပဒေများပြဋ္ဌာန်းနိုင်ရန် ငွေကြေးများစွာ အသုံးပြု၍ မဲဆွယ်စည်းရုံးသူများ (lobbyist) ငှားရမ်းအသုံးပြု၍ မဲဆွယ် စေပါသည်။ နာမည်ကြီး Think Tank များ၊ တက္ကသိုလ်များ၏ သုတေသနလုပ်ငန်းများတို့တွင်လည်း ၎င်းတို့သည် ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင် သည်ကို သိ၍ ရင်းနှီးမြုပ်နှံမှုကြီးကြီးမားမား လုပ်ကြသည်။ ထို့အပြင် ရွေးကောက်ပွဲများတွင်လည်း မိမိတို့လိုလားသည့် မူဝါဒများ အကောင်အထည် ဖော်မည့် သြဇာရှိ နိုင်ငံရေးသမား၊ သို့မဟုတ် ပါတီကို ဘဏ္ဍရေးထောင့်ပံ့မှုများ ပေးကြသည်။ ယခု အမေရိကန်ပြည်ထောင်စုတွင် မကြာမီကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် ပါတီကြီးနှစ်ခုမှ ရန်ပုံငွေအသုံးပြုမှု လွန်လွန်ကဲကဲဖြစ်နေသည်ဟု သုံးသပ်မှုများ ရှိနေသည်။ ဂျပန်နိုင်ငံတွင်လည်း ပါတီ အတွင်း faction ဖြစ်ခွင့်ပေးထားရသည့် အကြောင်းအရင်းမှာ စီးပွားရေးလုပ်ငန်းရှင်များ နိုင်ငံရေးသမားများအား ဘဏ္ဍရေးအထောက်အပံ့ပေးရာတွင် အကျိုးစီးပွား ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဤမျှအခြေအနေ မဆိုက်သေးသော်လည်း သူ့အတာနှင့်သူ ခရိုနီများ၏ လုပ်ဆောင်ချက်များမှာ စီးပွားရေးကဏ္ဍကြီးတစ်ခုလုံး ထိခိုက်မှုရှိနေသည်မှာတော့ သေချာသည်။ ခရိုနီစနစ်နှင့်အတူ မြန်မာနိုင်ငံတွင် သား၊ တူ၊ ညီများ ကောင်းစားရေး (nepotism)၊ အစိုးရ ဗျူရိုကရေစီ ယန္တရားတွင် နီးစပ်ရာ မိတ်ဆွေကိုသာ ခန့်အပ်သည့် (spoil system) တို့ အစွန်းရောက် လွှမ်းမိုး ကြီးစိုးးနေပါသေးသည်။ ယင်းနှင့် ဆန့်ကျင်ဘက်စနစ် မှာ အရည်အချင်းအဓိကစနစ် (merit system) ဖြစ်သည်။ သို့သော် ယင်း merit system မှာလည်း လုံးဝ ပြီးပြည့်စုံသည့် liberal democracy ကို စနစ်ကို ရောက်အောင်သွားရခြင်းနှင့် တူသည်။ ဒီမိုကရေစီစနစ်၏ အမြင့်ဆုံးစံနှုန်းကို သိ၍ ရောက်အောင် ဆောင်ရွက်နေကြသော်လည်း မည်သည့်နိုင်ငံမျှ အကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေသည်တော့မဟုတ်။ merit system မှာလည်း catch 22 ဇာတ်လမ်းလို ကောင်းတော့ကောင်းတယ် မျက်စိစပ် တယ်ဟု ဆိုရမည်ပင်။ သို့သော် merit system ကို အသုံးမပြုသည့် အဖွဲ့အစည်းအနေဖြင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် အစဉ်ကျနေမှာဖြစ်ပြီး အဖြစ်လုပ်မှု များပြားနေဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အစိုးရဗျူရိုကရေစီနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများတွင် အရည်အချင်းအဓိကစနစ်ကို ကျင့်သုံးမှုမှာ ပင်မရေစီကြောင်း ဖြစ်မ လာသေးပါ။ အစိုးရဗျူရိုကရေစီ၏ စွမ်းဆောင်ရည်နိမ့်ပါးမှုကြောင့် သမ္မတ၏ ပြုပြင်ပြောင်းလဲရေးမူဝါဒများမှာလည်း ပီပီပြင်ပြင် လက်တွေ့ အကောင် အထည်ဖော်နိုင်ဖို့ ဝေးပါသည်။ ပုဂ္ဂလိကပိုင်းကိုလည်း ကြည့်လျှင်လည်း အဖွဲ့အစည်းအများစုမှာ ပရော်ဖက်ရှင်နယ်ကျကျ စီမံခန့်ခွဲနိုင်သည့် မန်နေဂျာ ကို အသုံးပြုရေးထက် ဆွေးမျိုးသားချင်းများကို ခန့်အပ်ထားသည်ကိုသာ တွေ့မြင်ရမည်ဖြစ်သည်။ စာရေးသူအမြင်၌ မြန်မာနိုင်ငံကို တည်ဆောက်ရာ တွင် ယခင် အရှင်မွေးသူ ကောင်းပြုသည့်စနစ်၊ သား၊ တူ၊ ညီများ ကောင်စားရေးစနစ်၊ လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ရှာသည့်စနစ်တို့ဖြင့် မည်သို့မျှ အလုပ် ဖြစ်တော့မည်မဟုတ်ဟု ဆိုချင်ပါသည်။ ထိုသို့သော အမူအကျင့်များ၊ စနစ်များကို ဆက်လက် ဖြစ်ခွင့်ပေးထားလျှင်လည်း နိုင်ငံဖွံ့ဖြိုးပန်းတိုင်သို့ ရောက်ရှိ တော့မည်မဟုတ်ဘဲ ဖိလစ်ပိုင်လို (Oligarchy) တစ်စု၏ နိုင်ငံရေးအကျင့်ခြစားမှုများကြားတွင် တဝဲဝဲ လည်နေတော့မည်။ ထိုအမူအကျင့်များမှ စွန့်ခွာနိုင်လျှင် merit system နှင့် ပိုမိုနီးစပ်လာလေ ဖြစ်သည်။ အရည်အချင်း အဓိကစနစ်ကို ကျင့်သုံးခြင်းဖြင့်သာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ် များ၊ ပြုပြင်ပြောင်းလဲရေးများကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မည်ဖြစ်သည်ဟု ယုံကြည်စေချင်ပါသည်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment