Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၀.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ရိုဟင်ဂျာအရေး၏ တစ်ဖက်တစ်ချက်တွင်

*****************************************

ဆောင်းပါးကဏ္ဍ

ရိုဟင်ဂျာအရေး၏ တစ်ဖက်တစ်ချက်တွင်

နိုင်မော်

“မြန်မာနိုင်ငံတွင် မြုံနေသော အနာဟောင်းရှိမှန်း ကျွန်တော် ၂၀၁၂ ဇွန်လမတိုင်မီအထိ မသိခဲ့သည်မှာ အမှန်ပါ။ အမှန်အတိုင်း ပြောရလျှင် ကျွန်တော်သည် လူငယ်တစ်ယောက်ဖြစ်သည့်အပြင် ရန်ကုန်မြို့တွင်သာ နေထိုင်ကြီးပြင်းလာခဲ့သော လူငယ်တစ်ယာက် ဖြစ်သည်ကိုလည်း ကျွန်တော် အရင်ဆုံး ဝန်ခံပါတယ်။ သို့သော် ကျွန်တော်သည် ကျွန်တော့်မှာရှိတဲ့ အတွေးအခေါ်နဲ့ ပစ္စုပ္ပန်မှဖြစ်နေတဲ့ အပေါ်မှာမူတည်ပြီး ဖော်ပြလိုသော ဆန္ဒဖြင့် ဝေဖန်မှု ပြုလိုပါတယ်”

မြန်မာနိုင်ငံသည် ခေတ်သစ်နစ်သစ်ကို တက်ကြွစွာ ဖြတ်သားလာနေသော ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနိုင်ငံမှာ နှစ်ပေါင်းများစွာက ဖြစ်တည်လာခဲ့တဲ့ သမိုင်းကြောင်းတွေ ယဉ်ကျေးမှုတွေ ရှိခဲ့ပါတယ်။ ဒီလိုရှိလာတဲ့ သမိုင်းကြောင်းနဲ့အတူ ပြဿနာများလည်း ပူးတွဲ ပါလာတတ်ပါတယ်။

ဒါကြောင့် ပြဿနာဆိုတာ အမြဲတမ်းရှိတယ်ဆိုတယ်ဆိုတာကို လက်ခံရပါမယ်။ သို့သော် ပြဿနာဆိုတာ ငြင်းပယ်ရမယ့်အရာ မဟုတ်ပါဘူး။ ပြဿနာဆိုတဲ့အရာကို ငြင်းပယ်လေ ပိုဆိုးလေပါပဲ။ သို့သော် ဒီပြဿနာကို ဖြေရှင်းပြီးပြီဆိုရင်လည်း ကောင်းတဲ့ရလဒ်တစ်ခု ထွက်လာမှာပါပဲ။ ငြင်းဆန် နေသ၍ အဖြေထွက်မည်မဟုတ်ပါ။

ဒီကနေ့ ကျွန်တော်တို့မြန်မာပြည်နဲ့ ပတ်သက်ပြီး ပြည်တွင်းကရော ပြည်ပနိုင်ငံများကပါ ပြောပြောနေကြတဲ့ ကိစ္စတွေထဲက အဆိုးဆုံးကိစ္စ ကတော့ တစ်ချို့က နယ်စပ်ပြဿနာလို့ ပြောကြပြီး တစ်ချို့က လူမျိုးစုပြဿနာလို့ ပြောကြတဲ့ ရခိုင်ပြည်နယ်က အရေးကိစ္စပဲ ဖြစ်ပါတယ်။

ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိနေတဲ့သူကတော့ လက်ရှိအစိုးရပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြဿနာထဲမှာ ပါဝင်ပတ်သက်သူတွေက အစိုးရအပေါ် အမျိုးမျိုးသောသဘောထားတွေ၊ အမျိုးမျိုးသော ရပ်တည်ချက်တွေ၊ ရှုထောင့်တွေကနေ ဝေဖန်ပြောဆိုသံတွေ၊ ချီးမွမ်းသံတွေနဲ့ အမျိုးမျိုး ပြောနေကြတာတာကလည်း အမှန်ပါပဲ။

ဒီလိုပြောဆိုကြတဲ့နေရာမှာ ပြောဆိုသံတွေကို ကျွန်တော်တို့အနေနဲ့ အုပ်စုနှစ်စု ခွဲမြင်နေရပါတယ်။ ဒါကတော့ ရိုဟင်ဂျာတွေဘက်က ရပ်တည် ပြောတဲ့သူနဲ့ ရခိုင်တွေဘက်က ရပ်တည်ပြောတဲ့သူဆိုပြီးတော့ပါ။

ရိုဟင်ဂျာတွေဘက်က ရပ်ပြောတဲ့သူတွေက ဘာပြောသလဲဆိုရင် လူ့အခွင့်အရေးဆိုတဲ့ ရှုထောင့်ကနေ ပြောပါတယ်။ မြန်မာပြည်ဟာ ရိုဟင် ဂျာတွေကို အမျိုးမျိုး ဖိနှိပ်ခွဲခြားဆက်ဆံတယ်။ တန်းတူအခွင့်အရေး မရဘူးဟုဆိုကာ အမျိုးမျိုး ပြောဆိုလေ့ ရှိပါတယ်။ ဒီလိုပြောတဲ့အထဲမှာ ကုလသမဂ္ဂ အပါအဝင် မူစလင်ကမ္ဘာက အုပ်စုတွေက ထိပ်တန်းက ပါနေတာကို တွေ့ရမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးအုပ်စုတွေ (တနည်း) Interest Group တွေ ပေါ့ဗျာ။ သူတို့ကတော့ ဒီကိစ္စကို ရှုမြင်ရမှာ ယခင် ခေတ်ဟောင်းကရှိနေတဲ့ မြန်မာ့ပုံရိပ်လွှာအဟောင်းအပေါ်ကို ကြည့်တဲ့မျက်စိနဲ့ ပြောကြတာပေါ့ဗျာ။ သူတို့ရဲ့ ရှိရင်းစွဲအမြင်ကတော့ ရိုင်ဂျာဟာ ကမ္ဘာပေါ်မှာ ဖိနှိပ်အခံရဆုံး၊ မျက်နှာအငယ်ရဆုံး လူမျိုးတွေလို့ပေါ့ဗျာ။

အဲဒီနိုင်ငံတကာဆိုတာမှာလည်း နှစ်မျိုးခွဲမြင်နိုင်ပါတယ်။ တစ်စုကတော့ မွတ်စလင်ကမ္ဘာက ဖြစ်ပါတယ်။ မွတ်စလင်နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ အာဖဂန်နစ္စတန်က တာလီဘန်အုပ်စုတစ်ခုကလည်း မြန်မာနိုင်ငံဟာ လူသတ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ ဆိုထားပြန်ပါတယ်။ တူရကီနိုင်ငံ ကလည်း နိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်ပြီး မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေကိုသိဖို့ လုပ်ဆောင်တာတွေလည်း ရှိပါတယ်။

နောက်ထပ်တစ်အုပ်စုကတော့ အနောက်နိုင်ငံကြီးတွေနဲ့ ကုလသမဂ္ဂတို့ပါဝင်တဲ့အစုပါ။ အနောက်နိုင်ငံကြီးတွေထဲက အမေရိကန်ကတော့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိခဲ့ဘူးလို့ ယုံကြည်ပြီး ဇွန်လအတွင်းက ဖြစ်ပွားတဲ့ကိစ္စအပေါ် သမ္မတဦးသိန်းစိန်ရဲ့ ထိန်းထိန်းသိမ်း သိမ်း ဆောင်ရွက်ချက်တွေကို ချီးကျူးထားပါတယ်။

ကုလသမဂ္ဂက စေလွှတ်လိုက်တဲ့ မစ္စတာကွင်တားနားကတော့ “ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် မပေးသလို တရားဝင်နေထိုင်သူများ အဖြစ်လည်း အသိအမှတ်မပြုတဲ့အပြင် လက်ထပ်ထိမ်းမြားခြင်း၊ ခရီးသွားလာခြင်း စတဲ့အရာတွေမှာလည်း ကန့်သတ်ချက်တွေ ပြုလုပ်ထားပါတယ်။ ဒါတွေဟာ တမင်တကာ ရိုဟင်ဂျာအသိုင်းအဝိုင်းကို ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ထားတာဖြစ်တယ်။ ဒီအချက်တွေကို အစိုးရအနေနဲ့ မဆောင်ရွက်ရင်တော့ အခြေအနေက အဆိုးဘက်ကို ပိုရောက်သွားနိုင်ပါတယ်”လို့ ဆိုပြန်ပါတယ်။

အဲဒီ မြန်မာပြည်အတွင်းက နိုင်ငံသားတွေဘက်ကလည်း တစ်မျိုးတစ်ဂါထာကွဲပြီး ရှုမြင်ကြတာလဲ ရှိသေးတယ်ဗျ။ ဒါကတော့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားနယ်စပ်က ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေဖြစ်တယ်။ သူတို့ဟာ မြန်မာနိုင်ငံသားတွေမဟုတ်ဘူး။ ဒီကိစ္စကို စဉ်းစားတဲ့နေရာမှာ လူ့အခွင့်အရေး ရှုထောင့်တစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ ဆိုပြန်တယ်။

ဒီတော့ ကျွန်တော်တို့ မဟာဗျူဟာကျကျ စဉ်းစားကြရအောင်ဗျာ။ တနည်း ခြံစည်းရိုးခွထိုင်ပြီး စဉ်းစားကြည့်ရအောင်ဗျာ။ အစိုးရဘက်လိုက် ပြောတယ်တော့ မမြင်နဲ့ပေါ့ဗျာ။ တကယ်တမ်းပြောရရင် အစိုးရမှာ အခက်ကြုံနေတာအမှန်ပဲဗျ။ တစ်ဖက်က နိုင်ငံတကာရဲ့သဘောထားအတိုင်း လိုက် လျောပြီး ရိုဟင်ဂျာကို မျက်စိတမှိတ် လျှပ်တပြက် ချက်ချင်း နိုင်ငံသားပြုလိုက်ရင်လည်း ပြည်တွင်းမှာ မမျှော်မှန်းနိုင်တဲ့ အတိုင်းအတာအထိ ဖြစ်လာနိုင် တယ်။ နောက်ကြောင်းပြန်လှည့်စရာတွေ ဖြစ်လာနိုင်တယ်ဆိုပါတော့ဗျာ။

တစ်ဖက်က ပြည်သူတွေဘက်လိုက်ပြီး ရိုဟင်ဂျာကိစ္စကို တင်းခံပြန်ရင်လည်း နိုင်ငံတကာက စွပ်စွဲမှုမျိုးစုံ တက်လာဦးမယ်ဆိုတော့ အစိုးရအနေ နဲ့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့နည်းလမ်း ရှာဖွေရမယ်ဆိုတာ အသေးစိတ်လှသလို မဟာဗျူဟာကျကျ ဖြေရှင်းရမယ့်ကိစ္စလည်း ဖြစ်နေပါတယ်။

သမ္မတကြီးကတော့ မကြားသေးမီ သြဂုတ်လအတွင်းက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနဲ့ တွေ့ဆုံရာမှာ ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသားမဟုတ်ဘူး။ ရိုဟင်ဂျာတွေကို လက်ခံနိုင်မယ့် တတိယနိုင်ငံတွေရှိရင် ပို့ပေးမယ်လို့ ဆိုထားပြန်ပါတယ်။

လူဝန်မှုကြီးကြပ်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကလည်း ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်သားမဟုတ်ကြောင်း အတိအလင်း ငြင်းဆို ထားတာ တွေ့ရပါတယ်။

ကျွန်တာ့်အမြင်အရ ပြောရရင်တော့ ကျွန်တော်တို့နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားဥပဒေအရပဲ ဆုံးဖြတ်ပေးမှာဖြစ်တယ်လို့ ထင်ပါတယ်။

ဒီလိုဖြစ်နေတဲ့ ဖြစ်ရပ်တွေ၊ ပြောဆိုမှုတွေကြားထဲမှာ ကျွန်တော်တို့ နားမလည်းနိုင်တာက နိုင်ငံတကာက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံသားအဖြစ် လက်ခံစေလိုတာလား၊ ဒါမှမဟုတ် ရိုဟင်ဂျာတွေကို တန်းတူညီမျှ အခွင့်အရေးပေးဖို့ တောင်းဆိုနေတာလား၊ ဘယ်လိုဖြစ်စေချင်တာလဲ ဆိုတာပါပဲ။ မြန်မာအစိုးရကရော ရခိုင်တွေရဲ့ သဘောထား၊ မြန်မာပြည်သူတွေရဲ့ သဘောထားကို ဆန့်ကျင်ပြီးတော့ လက်ခံပေးနိုင်ပါ့မလားဆိုတာက လဲ စဉ်းစားစရာပါ။

ဘာပဲပြောပြော ရခိုင်ပြည်နယ်ကကိစ္စဟာ လက်ရှိအစိုးရအတွက်တော့ စိန်ခေါ်မှုရှိတာ အမှန်ပါ။ နိုင်ငံတကာရဲ့ လက်ခံထားတဲ့ အတွေးအခေါ် တွေ၊ မြန်မာနိုင်ငံက ပြည်သူတွေရဲ့လက်ခံထားတဲ့ အတွေးအခေါ်တွေနဲ့ ရခိုင်လူမျိုးတွေရဲ့ အတွေ့အကြုံကနေရရှိလာတဲ့ အတွေးအခေါ်တွေကြားမှာ ရိုဟင်ဂျာကိစ္စဟာ လိပ်ခဲတည်းလဲ အမြစ်မပြတ်ဘဲ ရှိနေဆဲဖြစ်တာကတော့ သေချာပါတယ်။

ကျွန်တော် ဒီဆောင်ပါးကို ရေးနေတဲ့အချိန်မှာပဲ နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ်က ပဋိပက္ခအရေးကိုစုံစမ်းဖို့ ဘာသာရေးအဖွဲ့စည်းများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပိုင်းမှ ပုဂ္ဂိုလ်များနဲ့ ပညာရှင်များ ပါဝင်တဲ့ စုံစမ်းရေးကော်မရှင်ကိုဖွဲ့လိုက်ပြီး အဆိုပါကိစ္စကို စုံစမ်းဖို့ စတင်နေပါပြီ။ သို့ပေမယ့်လည်း နိုင်ငံတကာက စောင့်ကြည့်နေဆဲသာဖြစ်ပြီး အဖွဲ့အနေနဲ့ ဘယ်လိုတွေ့ရှိချက် ရလဒ်တွေရှိမယ်။ ဒီရလဒ်တွေနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေအပါအဝင် နိုင်ငံတကာက ဘယ်လိုပြောကြဆိုကြမယ်ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတကာကရော၊ မွတ်စလင်ကမ္ဘာကရော၊ မြန်မာပြည်တွင်းကရော အားလုံးသော လူတိုင်းလူတိုင်းဟာ မိမိတို့ရဲ့ ရှိရင်းစွဲသဘောထားကို တင်းမာစွာဖက်တွယ်ထားပြီး ပြဿနာအပေါ် သဘာဝကျကျ မမြင်နိုင်လျှင်တော့  ဒီကိစ္စကိုဖြေရှင်းရာမှာ လိုရင်းကိုရောက်နိုင်မှာ မဟုတ်ပါဘူး။ ပြဿနာရဲ့အဖြေကို ရှာတွေ့နိုင်ဖို့ဆိုရင်တော့ မိမိတို့မှာရှိနေတဲ့ အစွဲတွေကို ပယ်ခွာ၍ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်း တင်ပြလိုက် ရပါသည်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment