Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၂.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရခိုင်ပြည်နယ်သို့ စုံစမ်ရေးအဖွဲ့ ထွက်ခွာမည်

(Gulf Times မှ 21 Aug 2012 ရက်စွဲပါ “ Probe team heads to Rakhine State” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင် ပြဿနာများရှိဟု စီးပွားရေးပညာရှင်များ သတိပေး

(21 Aug 2012 ရက်စွဲပါ VOA News မှ Daniel Scheart ရေးသားသော  “Economists Warn Burma against breats for foreign investors” ကို ဘာသာပြန်ပါသည်။)

  1. မြန်မာဆင်ဆာခြေလှမ်းအပေါ်တရုတ်နိုင်ငံပိုင်မီဒီယာများတွင် အမြင်ကွဲလွဲ

(The Wall Street Journal မှ 21 Aug 2012 ရက်စွဲပါ “China State media at odds over Myanmar Censorship move” သတင်းကို ဘာသာပြန် ဆိုသည်။)

 *****************************************

ဘာသာပြန်သတင်းများ

ရခိုင်ပြည်နယ်သို့ စုံစမ်ရေးအဖွဲ့ ထွက်ခွာမည်

(Gulf Times မှ 21 Aug 2012 ရက်စွဲပါ “ Probe team heads to Rakhine State” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဇွန်လအတွင်းက လူပေါင်း(၇၇)ဦးခန့် သေဆုံးခဲ့သည်အထိ ဖြစ်ပွားခဲ့သော လူမျိုးစု အကြမ်းဖက် အဓိကရုဏ်းကို စုံ စမ်းစစ်ဆေးရန် ယခုသတင်းပတ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ကြမည်ဟု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးက မနေ့ကပြောကြားသည်။

သမ္မတဦးသိန်းစိန်သောကြာနေ့ကဖွဲ့စည်းလိုက်သော (၂၇)ဦးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်သူ နာမည်ကျော် နိုင်ငံရေးသမား ရုပ်ရှင် အနုပ ညာ ရှင်ဇာဂနာက “ရခိုင်ခရီးစဉ်က နှစ်ရက်ကြာမှာပါ။ အဲဒီမှာ ရိုဟင်ဂျာတွေရဲ့ သဘောထားအမှန်၊ အချက်အလက်အမှန်၊ တကယ့်အသံတွေကို လေ့လာစုံ စမ်းမှာပါ” ဟု ပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများက ရိုဟင်ဂျာ မူဆလင်များအား တိုက်ခိုက်ခြင်းကို အစိုးရတပ်ဖွဲ့များက ခွင့်ပြုလိုက်လျောထားသည်ဟူသော မွတ်ဆလင် နိုင်ငံများ ၊ကုလသမဂ္ဂအဖွဲ့၊ လူ့အခွင့်အရေးအုပ်စုများ၏ စွပ်စွဲချက်များ ကြီးထွားလာခြင်းကို တုန့်ပြန်ဖြေရှင်းသည့် အနေဖြင့် စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်။

ရိုဟင်ဂျာ မူဆလင်များသည် မြန်မာနိုင်ငံ ရခိုင်ဒေသတွင် မျိုးဆက်များစွာ နေထိုင်ခဲ့သော လူမျိုးစုဖြစ်သော်လည်း ဒေသခံရခိုင် အသိုင်းအ၀ိုင်း၏ ခွဲခြားဆက်ဆံခြင်းကို ခံနေကြရသည်။

မြန်မာအစိုးရကလည်း ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမ၀င် ၀င်ရောက်နေထိုင်ကြသော ဘင်္ဂါလီများ ဖြစ်သောကြောင့် နိုင်ငံသား အဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ထားသည်။

မေလအတွင်းက ရခိုင်မိန်းကလေးတစ်ဦးကို မွတ်ဆလင် အမျိုးသား(၃)ဦးက မုဒိန်းကျင့်သတ်ခဲ့ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ အပြီးမသတ်နိုင်သော လူမျိုးရေး တင်းမာမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

ဇွန်လအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်ရပ်များအတွင်း အရပ်သား(၇၇)ဦးခန့်အနည်းဆုံး သေဆုံးကာ လူပေါင်း၁၀၀၀ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် နေအိမ်ရာ ပေါင်းများစွာ ပျက်ဆီးဆုံးရှုံးခဲ့ပြီး လူပေါင်း၉၀၀၀၀ခန့်မှာ နေစရာမရှိသော အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များ ဖြစ်နေသည်ဟု သိရှိရ သည်။

--------------------------------------------------------------------------------------------------------------------------------

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင် ပြဿနာများရှိဟု စီးပွားရေးပညာရှင်များ သတိပေး

(21 Aug 2012 ရက်စွဲပါ VOA News မှ Daniel Scheart ရေးသားသော  “Economists Warn Burma against breats for foreign investors” ကို ဘာသာပြန်ပါသည်။)

မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ ဆင်းရဲမွဲတေမှု၊ အထီးကျန် အပြုခံရမှုများမှ ရုန်းထွက်ရာတွင် အထောက်အကူဖြစ်ရန် ရည်ရွယ်၍ နိုင်ငံခြား အရင်းအနှီးများ ၀င်ရောက်လာရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ရေးဆွဲလျှက် ရှိပါသည်။ သို့သော် ဥပဒေမူကြမ်းတွင် ပြဿနာများ ရှိနေ ကြောင်း စီးပွားရေးပညာရှင်များက သတိပေးခဲ့ပါသည်။

ရာစုနှစ်တစ်ဝက်ခန့် စစ်တပ်အုပ်ချုပ်ရေးနှင့် မှားယွင်းသော စီမံခန့်ခွဲမှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို ဖျက်ဆီးပစ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ လွှတ်တော် ကိုယ်စားလှယ်များသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ဆွေးနွေးရာတွင် ရုန်းကန်ရလျှက် ရှိပါသည်။

ပထမမူကြမ်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ပြည်တွင်းပါတနာမလိုပဲ၊ စီးပွားရေးလုပ်ငန်းများတွင် အပြည့် အ၀ပိုင်ဆိုင်ခွင့်ပေးခဲ့ပါသည်။

ယခုမူကြမ်းအသစ်တွင် အချို့ကဏ္ဍများတွင် နိုင်ငံခြားသားပိုင်ဆိုင်ခွင့် အပြည့်အ၀ပေးမှုကို ကန့်သတ်ထားခြင်း (သို့မဟုတ်) နိုင်ငံခြားသား အပြည့် အ၀ ရင်းနှီးမြှုပ်နှံခွင့်ကို ပိတ်ပင်ထားပါသည်။

သြစတြေးလျနိုင်ငံ Maequarie တက္ကသိုလ်မှ စီးပွားရေးပညာရှင် Sean Turnell က ထိုင်းနိုင်ငံ၏ နိုင်ငံခြား သတင်းထောက်များအသင်းသို့ ပြောကြားရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းသည် ပြည်တွင်း၌ ဆန့်ကျင်ဖက် တုန့်ပြန်မှုများကို ကြုံတွေ့နေရကြောင်း ဆိုခဲ့ပါသည်။

“နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို ခွင့်ပြုထားတဲ့ အချို့အချက်တွေကို သဘောမတူတာကြောင့် နှောင့်နှေးမှုတွေ ဖြစ်နေပါတယ်” ဟု Turnell က ပြောပါသည်။ “အတိအကျဆိုရရင် အချို့ကဏ္ဍတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ၀င်မလာစေချင်တဲ့သဘောရှိပါတယ်။ ကံမကောင်းပါဘူး။ ပိုပြီးတံခါးဖွင့် တဲ့ ချဉ်းကပ်မှု လိုအပ်ပါတယ်။ ပြည်တွင်း ကုမ္ပဏီကြီးတွေ လွှမ်းမိုးထားတဲ့ ကဏ္ဍတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုစေချင်ပုံ မရပါဘူး။ ဒါတွေက စီးပွားရေး မှာ အဓိကဖြစ်လို့ ပြိုင်ဆိုင်မှုရှိဖို့ လိုအပ်ပါတယ်” ဟု ၎င်းကပြောပါသည်။

မြန်မာနိုင်ငံ၏ စစ်တပ်နှင့်၎င်းနှင့် နီးစပ်သူများသည် စီးပွားရေးကို ထိန်းချုပ်ထားပြီး၊ လက်ဝါးကြီးအုပ် ကန်ထရိုက်များ လုပ်ဆောင်လျှက်၊ ဆွေမျိုး များ၊ မိတ်ဆွေများကို အခွင့်အလမ်းများ ခွင့်ပြုထားပါသည်။

လက်ရှိမြန်မာနိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ ဓါတ်ငွေ့၊ သတ္တုနှင့် သစ်လုပ်ငန်းကဲ့သို့သော သဘာဝ သယံဇာတ ထုတ်ယူရေး များတွင်သာ ရှိပါ သည်။

ယခုဥပဒေသစ်သည် အခွန်ကင်းလွတ်ခွင့်နှစ် အနည်းငယ်ပေး၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာရန် ကဏ္ဍစုံဝင်လာရန် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး အစိုးရက မျှော်လင့်လျှက်ရှိပါသည်။

သို့သော် Turnell အပါအ၀င် စီးပွားရေးပညာရှင်များက ပြောကြားရာတွင် အခွန်ကင်းလွတ်ခွင့် ပေးခြင်းသည် ပြည်တွင်းလုပ်ငန်းရှင်များအပေါ် ပြိုင် ဆိုင်မှု၌ သဘာဝမကျသော အသာစီးပေးမှု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“တိုင်းပြည်ဟာ ပြင်ပကမ္ဘာနဲ့ တံတိုင်းကာထားတာ နှစ်ငါးဆယ်ရှိပါပြီ။ အံ့သြဖွယ် အခွင့်အလမ်းတွေ ရှိနေပါတယ်။ ဒါ့ကြောင့် လေယာဉ်တွေလည်း ပြည့်၊ ဟိုတယ်တွေလည်း ပြည့်နေပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက တည်ငြိမ်မှု၊ မြေနဲ့ပတ်သက်ပြီး ရပိုင်ခွင့်သေချာဖို့၊ လျှပ်စစ်မီး၊ အခြေခံ အဆောက် အဦး ပြဿနာတွေကိုပဲ စိုးရိမ်ကြတာပါ။ ကျွန်တော်နဲ့ စကားပြောဖူးတဲ့ နိုင်ငံတကာက စီးပွားရေး လုပ်ငန်းရှင်တစ်ဦးမှ အခွန်ကိစ္စပြောတာ မကြားဖူးပါဘူး” ဟု Turnell က ပြောပါသည်။

Turnellက ပြောကြားရာတွင် နိုင်ငံခြားပိုင်လုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့် ပေးခြင်းသည် မြန်မာကုမ္ပဏီကြီးများက အဆိုပါအားနည်းချက်ကို လိုက်နင်းနိုင်ပါသည်။ ၎င်းတို့သည် ယင်းတို့၏ နိုင်ငံခြားကုမ္ပဏီများကို အသုံးပြု၍ အခွန်ရှောင်နိုင်သော်လည်း သေးငယ်သော စီးပွားရေး လုပ်ငန်းများမှ အခွန် ဆက်လက်ပေးရမည် ဖြစ်ပါသည်။

ရန်ကုန်အခြေစိုက် စီးပွားရေးပညာရှင် ဦးခင်မောင်ညိုက ပြောကြားရာတွင် “ဥပဒေကြမ်းတွင် ယခုအထိ ပြုပြင်ပြောင်းလဲမှု (၉၄)ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်တွင်းအသေးစား လုပ်ငန်းရှင်ကလေးများ ယှဉ်ပြိုင်မှုအတွက် ယုံကြည်မှု နည်းလာသည်ကို ပြသနေသည်”ဟု ဆိုသည်။

“နိုင်ငံခြားကုမ္ပဏီတွေကို အခွန်မက်လုံးပေးခြင်း၊ မပေးခြင်း ကိုအသာထား ကျွန်တော်တို့ ပြည်တွင်းလုပ်ငန်းရှင်တွေဟာ သူတို့နဲ့ယှဉ်ပြိုင်ဖို့ အဆင် သင့် မဖြစ်သေးပါဘူး။ နည်းပညာပိုင်း၊ စီမံခန့်ခွဲမှုအပိုင်း၊ အရင်းအနှီးပိုင်းမှာ အားနည်းပါတယ်”ဟု ၎င်း ကပြောပါသည်။

စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခုမှာ စီးပွားရေး လုပ်ငန်း တစ်ခု ထူထောင်ရန် ငွေချေးခွင့်ရရေး ဖြစ်သည်။

အချို့ လယ်သမားများမှာ တစ်လလျှင် ၁၀% အတိုးဖြင့် အကြွေးပင်လယ်တွင် မြုပ်နေပါသည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် မြန်မာနိုင်ငံသားများ အတွက်သက်သာခွင့် အချို့ရစေကြောင်း မြန်မာနိုင်ငံ၏ Eleven Media မှ သတင်းဖော်ပြခဲ့ သည်။ ဥပဒေတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများကို အမြတ်ခွန်ကင်းလွတ်ခွင့် ငါးနှစ်ပေးမည် ဖြစ်သည်။ သို့သော် နိုင်ငံအတွက်လိုအပ်သော ကုန်စည်နှင့် ၀န်ဆောင်မှုများဟု စဉ်းစားဆုံးဖြတ်မှုများ အတွက်သာ ဖြစ်သည်။

Eleven Mediaက ပြောကြားရာတွင် ယခုဥပဒေကြမ်းအရ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို လည်ပတ်ရန် စာချုပ်ချုပ်ထားသော ပုဂ္ဂလိကကုမ္ပဏီ များကို အကျိုးဖြစ်စေမည်ဟု ဆိုပါသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို  ငြင်းခုန်လျှက်သာ ရှိနေသေးပြီး အစောဆုံးယခုလတွင် ဥပဒေအဖြစ် လက်မှတ်ထိုးနိုင်မည်ဖြစ်သည်။  

--------------------------------------------------------------------------------------------------------------------------------

မြန်မာဆင်ဆာခြေလှမ်းအပေါ်တရုတ်နိုင်ငံပိုင်မီဒီယာများတွင် အမြင်ကွဲလွဲ

(The Wall Street Journal မှ 21 Aug 2012 ရက်စွဲပါ “China State media at odds over Myanmar Censorship move” သတင်းကို ဘာသာပြန် ဆိုသည်။)

မြန်မာနိုင်ငံတွင် သတင်းဆင်ဆာဖြတ်မှုကို ရုတ်သိမ်းလိုက်ပြီဟူသော တနလာင်္နေ့က သတင်းများကြောင့် တရုတ်အစိုးရ သတင်းစာများထံမှ ကွဲပြား သော အမြင်များ ထွက်ပေါ်လာခဲ့ပြီး တရုတ်နိုင်ငံက ယင်း၏ ချုပ်ချယ်မှုများကိုလည်း မကြာမီအတွင်း ရုတ်သိမ်းပေးမှာလားဟူသော သံသယများ အွန်လိုင်း အသိုင်းအ၀ိုင်းတွင် ထွက်ပေါ်လာသည်။

နိုင်ငံပိုင် မီဒီယာ အတွင်း၌ပင် ကွဲပြားသော အမြင်အမျိုးမျိုးကို တွေ့မြင်ကြရသည်။

ကွန်မြူနစ်ပါတီအာဘော် People’s Dailyသတင်းစာ၏ ၀က်ဘ်ဆိုက်တွင် ရန်ကုန်မှ ပြည်တွင်းသတင်းထောက်တစ်ဦး ပြောကြားသည့်အတိုင်း “မြန်မာစာနယ်ဇင်းသမားများ အားလုံးအတွက် ကြီးကျယ်သော နေ့တစ်နေ့” ဟု မျှမျှတတရေးသားဖော်ပြထားသည်။

ယင်းဖော်ပြချက်ကြောင့် အခြားဘလော့ဂါများထံမှ ချီးကျူးမှုကို ရရှိခဲ့သည်။ Google China ၏ ယခင် အကြီးအကဲ ကိုင်ဖူးလီက “မြန်မာဆင်ဆာ သတင်းနှင့်ပတ်သက်၍ အခြားမီဒီယာများထက် ဖော်ပြမှုသာလွန်သောကြောင့် People’s Daily  ၀က်ဘ်ဆိုက်ကို သြဘာပေးသည်။” ဟု ရေးသားထားသည်။

အွန်လိုင်းတွင် အမြဲတမ်း ပြစ်တင်ရှုတ်ချခံနေရသော People’s Daily သတင်းစာ အနေဖြင့် ယခုကဲ့သို့ ချီးကျူးခံရခြင်းသည် ပြီးခဲ့သောနှစ်ပတ် အ တွင်း ပြောင်မြောက်သော လက္ခဏာတစ်ခု အဖြစ်ထင်ဟပ်နေသည်။

People’s Daily သတင်းစာက ထုတ်ဝေသော အမျိုးသားရေး အစွန်းရောက်စာစောင် Globle Timesကမူ မြန်မာဆင်ဆာသတင်းကို ထောက်ခံ လိုပုံ မရပေ။ ၎င်း၏ အင်္ဂါနေ့ ခေါင်းကြီးပိုင်းတွင် တရုတ်နိုင်ငံသည် မြန်မာတို့၏ ပုံစံနောက်သို့ လုံးဝမလိုက်သင့်ဟု ရေးသားထားသည်။

“မြန်မာတွေရဲ့ ပြုပြင်ပြောင်းလဲမှုက အဖူးထွက်ကာဦးစပဲ ရှိပါသေးတယ်။  တရုတ်နိုင်ငံရဲ့ ပြောင်းလဲမှုဖြစ်စဉ်ကတော့ အကြိမ်ပေါင်းထောင်ချီပြီး အစမ်းသပ်ခံ ပြီးသွားပါပြီ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုကိုယ် သံသယ၀င်နေမယ်ဆိုရင် ကလေးဆန်ပြီး နုံအရာ ရောက်ပါလိမ့်မယ်။ တရုတ်နိုင်ငံဟာ ဖူး သစ်စ မဟုတ်ပါဘူး။ ရှင်သန်ဖွံ့ဖြိုးနေတဲ့ သစ်ပင်ဖြစ်နေပါပြီ” ဟု Global Timesက ဆိုပါသည်။

“တရုတ်နိုင်ငံဟာ သတင်းစာလွတ်လပ်ခွင့် လမ်းကြောင်းပေါ်မှာ ရှိနေပြီးသားပါ။ အနာဂတ်မှာ ပိုကောင်းလာမှာပါ။ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံတွေကို လိုက်ကြည့်ပြီး တုန်လှုပ်နေမယ့်အစား တရုတ်နိုင်ငံရဲ့ အမျိုးသားရေး အနေအထားအပေါ် အခြေခံပြီး ဆက်လုပ်သွားသင့်ပါတယ်” ဟု Global Times က ရေးသားထားသည်။

အဆိုပါ ခေါင်းကြီးပိုင်းသည် တရုတ်လူမှုမီဒီယာများတွင် ပြင်းပြင်းထန်ထန် ဝေဖန်ခံရသည့် “တရုတ်ဟာ သတင်းစာလွတ်လပ်ခွင့် လမ်းကြောင်း ပေါ် မှာ အရင်ကတည်းက ရှိနေသတဲ့လား။ ဒါပေမယ့် လမ်းမှားနေပါတယ်” ဟု ဘလော့ဂါတစ်ဦးက “တွယ်” ထားသည်။

“မြန်မာနဲ့ ဗီယက်နမ်အပေါ် Globle Times ရဲ့ မှတ်ချက်ပေးပုံဟာ ဒီနိုင်ငံမှာ ဖြစ်နေတာနဲ့ အတူတူပါပဲ၊ သူဌေးက လူမွဲကို အထင်သေးတဲ့ အကြည့် မျိုးပေါ့” ဟု အခြားဘလော့ဂါတစ်ဦးက ဝေဖန်သည်။

အွန်လိုင်းဘလော့ဂါ အများစုကမူ တရုတ်နိုင်ငံသည်လည်း မီဒီယာချုပ်ချယ်မှုကို လျှော့ပေးတော့မှာလားဟု မျှော်လင့်ချက် ထားနေကြသည်။

“အခုဆိုရင် မြောက်ကိုရီးယားနဲ့ ကျွန်တော်တို့ပဲ ကျန်တော့တယ်။ တရုတ်သတင်းစာသမားတွေအတွက် ဒီလိုကြီးကျယ်တဲ့နေ့ဟာ ဘယ်တော့လဲ” ဟု ဘလော့ဂါတစ်ဦးက မေးခွန်းထုတ်လိုက်သည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment