Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၄.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လူ့ယဉ်ကျေးမှုမြင့်မားဖို့

*****************************************

ဆောင်းပါးကဏ္ဍ

လူ့ယဉ်ကျေးမှုမြင့်မားဖို့

မိုးမြင့်ငြိမ်း

နိုင်ငံတစ်နိုင်ငံသည် ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် လျှောက်လှမ်းလာသည်နှင့်အမျှ ပြောင်းလဲလာသည့်အရွေ့ကို agent အဖြစ် တာဝန်ယူဆောင်ရွက် ပေးနိုင်သော အတတ်ပညာ၊ အသိပညာရှင်များ ပိုမို လိုအပ်လာလေဖြစ်သည်။ လူ့အဖွဲ့အစည်းတခု တိုးတက်မှု၊ ဆိုးယုတ်မှုဆိုသည်မှာလည်း ယင်းလူ့အဖွဲ့ အစည်း ပုံမှန်လည်ပတ်ရန် ထမ်းဆောင်နေသည့် ကျွမ်းကျင်သူ (professional)များ၏ အရည်အသွေးပေါ်တွင် အဓိက မူတည်သည်။ ထိုအတွက်ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ရုပ်ပိုင်းဘဝ ဖွံ့ဖြိုးတိုးတက်မှုများသာမက စိတ်ပိုင်းဘဝဖွံ့ဖြိုးမှုများကို ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ရာ၌ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အခန်းကဏ္ဍမှာ အလေးထား ပြောကြားရမြဲပင် ဖြစ်သည်။

သာမန်နှင့်ကွဲပြားစွာ

လူ့အဖွဲ့အစည်းတစ်ခု ပုံမှန်လည်ပတ်နိုင်ရေးအတွက် မရှိမဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေးအစရှိသည့် ကဏ္ဍအသီးသီး တွင် ပါဝင်ကြမည့် (professional)များ၏ အရည်အသွေး အစဉ်မြင့်မားနေဖို့ လိုအပ်သည်။ သို့နှင့် professional ဟူသော စကားလုံးအရင်းအမြစ် လိုက်ကြည့်ရာ Oxford Advanced Learner’s Dictionary မှ connected with a job that needs special training or skill, especially one that needs a high level of education ဟု အဓိပ္ပါယ်ဖွင့်ဆိုထားလေသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်ကိုကြည့်လျှင် professional တစ်ယောက်ဟု ယေဘုယျ သတ်မှတ်နိုင်နိုင်ဖို့ရာမှာ ပညာရည်မြင့်မားရမည့်သဘော ပါဝင်သည်။ ထို့အပြင် အထူးသင်တန်းများဖြင့် တက်မြောက်လာသည့်အတွက်ကြောင့်လည်း professional မှန်လျှင် ခပ်ညံ့ညံ့လက်ရာမျိုးကို မထုတ်။ လက်ရာညံ့ခဲ့လျှင်လည်း အကြင်ပုဂ္ဂိုလ်အား professional ဟုမသတ်မှတ်နိုင်၊ professional ဖြစ် အောင် ကြိုးစားနေသည့် ဝါသနာရှင် (amateur) သာဖြစ်သည်ဟု ဆိုရပေမည်။

ပညာသည်၏ ကြန်အင်လက္ခဏာ

ကွယ်လွန်သွားပြီဖြစ်သည့် နိုင်ငံရေးသိပ္ပံပညာရှင်ရှင် Samuel P. Huntington ၏ ကမ္ဘာကျော်စာအုပ်တစ်အုပ်ဖြစ်သည့် “THE SOLDIER AND THE STATE”စာအုပ်တွင် profession ၏ သဘောတရားကို ယေဘုယျ သုံးသပ်ထားလေသည်။ Huntington က professional ဟု သတ်မှတ်ဖို့ရာမှာ ကျွမ်းကျင်မှု (expertise)၊ တာဝန်ယူမှု (responsibility) နှင့် ပူးပေါင်းဆောင်ရွက်မှု (corporateness) တို့ ရှိရမည်ဟု ဆိုသည်။ ကျွမ်းကျင်မှုတွင် professional Knowledge ကိုက သဘာဝအားဖြင့် intellectual ဖြစ်ပြီး အရေးအသားကောင်းရမည်။ ထိုသို့ professional knowledge ရရှိဖို့ရာမှာလည်း အပိုင်းနှစ်ပိုင်းပါဝင်သည့် professional education ကို သင်ယူဖြတ်သန်းဖို့ လိုသည်။ ပထမပိုင်းမှာ ကျယ်ပြန့်ပြီး လွတ်လွတ်လပ်လပ် စဉ်းစားတွေးခေါ်မှု ကို အထူးပြုသည့် လစ်ဘရယ်ပညာရေးကို သင်ယူဖို့လိုအပ်ပြီး ဒုတိယပိုင်းမှာ မိမိအထူးပြုမည့် Professional အတွက် နည်းစနစ်ပိုင်းဆိုင်ရာ (technical phase) လေ့လာသင်ယူမှု ဖြစ်သည်။

တာဝန်ခံမှုဆိုသည်မှာ Professional တစ်ယောက်ထားအပ်သည့် ကျင့်ဝတ်သိက္ခာများ (codes of conduct) များကို ဆိုလိုခြင်းပင် ဖြစ်သည်။ Professional တစ်ဦးသည် သူ၏ ကျွမ်းကျင်မှုကို အသုံးချ၍ လူ့အဖွဲ့အစည်းဘေးဥပါဒ်ဖြစ်စေမည့် ကိစ္စရပ်ကို ဆောင်ရွက်ခဲ့သည့်ရှိသော် အကြင်ပုဂ္ဂိုလ် အား Professional မဟုတ်ဟု သတ်မှတ်ရမည်ဖြစ်သည်။ သို့ဆိုလျှင် ယုတ္တိအရ လူ့အဖွဲ့အစည်းကောင်းကျိုးကို ဆောင်ရွက်မှသာလျှင် Professional ဟု သတ်မှတ်ရမည့်သဘောပင် ဖြစ်သည်။ ထို့အပြင် တာဝန်ခံမှုအပိုင်း၌ Professional တစ်ဦးမှာ ငွေကြေးအကျိုးအမြတ်သာ အလုပ်လုပ်နေလျှင် လူအများ လေးစားသည့် ကျွမ်းကျင်အဆင့်ပုဂ္ဂိုလ်မဟုတ်တော့ဘဲ ကြေးစားသက်သက်သာ ဖြစ်သွားနိုင်ခြင်းကြောင့် ကျင့်ဝတ်သက္ခာဖြင့် ထိန်းသိမ်းဖို့ လိုအပ်သည်။ ပူးပေါင်းဆောင်ရွက်မှုအပိုင်း၌ Professional များသည် သာမန်လူများနှင့် ကွဲပြားစွာ မိမိရွေးချယ်သည့် ကဏ္ဍများကို ကျွမ်းကျင် တက်မြောက်လာသည့် နည်းတူ ထိုသို့ ကဏ္ဍတူ Professional များကြားတွင် စည်းလုံးညီညွတ်မှု ရှိရမည်သာ ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခု ပုံမှန်လည်ပတ်နိုင်ရေးအတွက် Professional အချင်းချင်း ရိုင်းပင်းကူညီရင်း ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်သည်။ ထို့အပြင် ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အုပ်စုဖွဲ့ လိမ်ညာ ခြင်းမျိုး မဖြစ်အောင်လည်း အချင်းချင်း ထိန်းကျောင်းသွားရမည်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုအပိုင်း၌ ဆေးနှင့် ဥပဒေလို လွတ်လွတ်လပ်လပ် လှုပ် ရှားနိုင်သည့် Associational Professions များလည်း ရှိသလို diplomatic service, organizational management အစရှိသည့် တာဝန်ခံမှုနှင့် အလုပ် အထူးပြုမှု ပိုမိုလိုအပ်သည့် Bureaucratic Professionals များလည်း ရှိသည်။

Professional ယဉ်ကျေးမှု

မြန်မာနိုင်ငံ၏ ခေတ်သစ်စနစ်သစ် တည်ဆောက်ရေးဖြစ်စဉ်တွင် ကဏ္ဍအလိုက် ကျွမ်းကျင်တက်မြောက်သည့် ပညာရည်ပြည့်ဝပြီး ကျင့်ဝတ်သိ က္ခာရှိသည့် Professional များ ရှိလာဖို့ တနည်း Professional ယဉ်ကျေးမှု ထွန်းကားလာဖို့ စာရေးသူအနေဖြင့် အထူးမျှော်လင့်မိပါသည်။ မြန်မာနိုင်ငံ တွင် တပ်မတော်ကဲ့သို့သော ခိုင်မာသည့် အင်စတီကျူးရှင်းမှာ အနည်းငယ်သာရှိသည့်အပြင် အဆိုပါအင်စတီကျူးရှင်းများရှိ professional များ၏ အရည် အသွေးများသည်လည်း နိုင်ငံတကာစံနှုန်းများနှင့် ယှဉ်လျှင် များစွာ ခေတ်နောက်ကျနေပြီ ဖြစ်သည်။ အသစ်ပေါ်ထွန်းလာသည့် နိုင်ငံရေး အင်စတီကျူး ရှင်းများတွင်လည်း နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသား သွေးစည်းညီညွတ်ရေးအတွက် အသိဉာဏ်မြင့်မားမှုနှင့် စိတ်စေတနာကောင်းရှိသည့် နိုင်ငံရေး သမားများ လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေးစနစ်မှာလည်း ပီပီပြင်ပြင် မဖြစ်ထွန်းလာသေးသည့်အတွက် အလုပ်ခွဲခြား လုပ်ကိုင်မှု နည်းပါးပြီး Professional များကို အသုံးပြုမှု နည်းပါးသေးသည်။ ဈေးကွက်စီးပွားရေး ပီပြင်လာဖို့မှာလည်း ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင် စွမ်း ရှိသည့် Professional ယဉ်ကျေးမှုကို အလေးထားမွေးထုတ်ဖို့ လိုအပ်သည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ကျွမ်းကျင်မှုနှင့် ကျင့်ဝတ်သိက္ခာ အပြည့် ရှိသော Professional များရှိလေ လူ့ယဉ်ကျေးမှု မြင့်မားလာလေ ဖြစ်ပါကြောင်း…။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment