Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဝေါဟာရများ၏ ပဋိပက္ခ

*****************************************

ဆောင်းပါးကဏ္ဍ

ဝေါဟာရများ၏ ပဋိပက္ခ

စိုးအောင်

စက်တင်ဘာ ၁ရက်ထုတ် The Voice ဂျာနယ်အတွဲ(၈)အမှတ်(၃၅)တွင်ပါရှိသည့် ဆောင်းပါးမှ ထုတ်ယူဖော်ပြချက်။

သြဂုတ်လ၉ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ခြိမ်းခြောက်မှု ၃ရပ်ဟူသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက် ရ၏။ ထိုဆောင်းပါးထဲတွင် ပါရှိသော ဝေါဟာရတစ်လုံးမှာ ဆက်စပ်ရှင်းလင်းချက်များနှင့် ကွဲလွဲနေကြောင်း သတိပြုမိလိုက်၏။ ထိုဝေါဟာရ ပါရှိသော စာပိုဒ်ကို ဖော်ပြမှ သင့်ပေမည်။

“အလျဉ်းသင့်လို့ လက်ရှိမြန်မာနိုင်ငံတော် မှာ ဘယ်လိုမျိုးအင်စတီကျူးရှင်းကအမြင့်ဆုံးရှိသလဲ ဆိုတာလေးကို ပြန်ပြောင်း တည်ပြုပေးလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၅၇မှာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကိုကိုယ်စားပြုသည်ဆိုတဲ့ ပြဋ္ဌာန်းချက်ပုဒ်မ၅၈မှာ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝှမ်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်မှာ ရှိသည်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေကို ကြည့်ရင် ရှင်းသွားပါမယ်။ ”

အဆိုပါစာပိုဒ်အရ အမြင့်ဆုံးအင်စတီကျူးရှင်းသည် သမ္မတသာ လျှင်ဖြစ်ကြောင်းထင်ရှားပါ၏။ သို့သော် ‘အင်စတီကျူးရှင်း’ဟူသော ဝေါဟာရမှာ အဖွဲ့သုံးသော ဝေါဟာရသာလျှင်ဖြစ်၏။ လူသားကို ရည်ညွှန်းလိုလျှင် ‘ပုဂ္ဂိုလ်’ဟုသုံးသင့်၏။ သို့မှသာ ‘ဘယ်လိုလူမျိုးက အမြင့်ဆုံးမှာရှိလဲ’ဟူသော မေးခွန်း၏အဖြေသည် ယင်းစာပိုဒ်အရ သမ္မတဖြစ်ကြောင်း ဆီလျော်ဆက်စပ်မည်ဖြစ်၏။ ‘ဘယ်လိုမျိုး အင်စတီကျူးရှင်းက အမြင့်ဆုံးမှာရှိသလဲ ’မေးခွန်း အတွက်မှာမူ အဖွဲ့အစည်းတစ်ရပ်ရပ်ကို ဦးတည်စဉ်းစားရမည်ဖြစ်၏။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ(၄)တွင် ‘နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသာများထံမှ ဆင်းသက်ပြီး နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝှမ်းလုံး၌ တည်သည်ဟု သတ်မှတ်ပြဋ္ဌာန်းထားပါ၏။ထိုပုဒ်မ၄၏ ပြဋ္ဌာန်းချက်ကို စဉ်းစားကြည့်မည်ဆိုလျှင် ‘နိုင်ငံသားများ ထံမှ’ဟူသောဝေါဟာရကို သတိထားရန်လိုသည်။ အဘယ့်ကြောင့်ဆိုသော် အချုပ်အခြာအာဏာကို မူရင်းပိုင်ဆိုင်သူမှာ နိုင်ငံသားများဖြစ်ခြင်းကြောင့် ဖြစ်၏။ မည်မျှအထိ အာဏာကြီးသနည်းဆိုသော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၃)၊ပုဒ်မ(၇၁)၊အခန်း၅၊ပုဒ်မ၂၃၃၊နှင့် ပုဒ်မ ၂၃၈တို့အရ သမ္မတ၊ ဒုတိယ သမ္မတများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ အစရှိသော အစိုးရအဖွဲ့ အကြီးအကဲများ ကိုစွပ်စွဲပြစ်တင်နိုင်ပြီး မှန်ကန်ပါက ရာထူးမှ ရပ်စဲနိုင်သည်အထိ ရှိပါ၏။

စွပ်စွဲပြစ်တင်မည်ဆိုပါက (၁)နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ (၂)ဖွဲ့စည်းပုံအခြေခံဥဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ (၃) ကျင့်ဝတ်သိက္ခာပျက်ပြားခြင်း (၄) ဤဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ပြဋ္ဌာန်းထား သောနိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ(နှင့် ပြည်ထောင်စုဝန်ကြီးများ) ၏ အရည်အချင်းပျက်ယွင်းခြင်း (၅) ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာမဆောင်ရွက်နိုင်ခြင်း၊ စသော အကြောင်း တစ်ရပ်ရပ်နင့် ညီညွတ်ရန်လိုပါ၏။

ပြည်ထောင်စုလွှတ်တော်၏ အာဏာသည် ကြီးမားကျယ်ပြန့်ပါ၏။အတိုင်းအဆမရှိ၊ အကန့်အသတ်မရှိဟု ဆို၍ ရနိုင်ပါ၏။ ဖွဲ့စည်းပုံအခေံ ဥပဒေပုဒ်မ၈အရ နိုင်ငံတော်သမ္မတ တင်သွင်းသော ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုနိုင်၏၊ ငြင်းပယ်နိုင်၏၊ လျှော့၍ခွင့်ပြုနိုင်ပါ၏။ ပုဒ်မ၂၀၂(က)နှင့်(ခ)အရ သမ္မတက ဝန်ကြီးဌာနများနှင့် ပြည်ထောင်စု ဝန်ကြီးများကို သတ်မှတ်ခြင်း၊ဖြည့်စွက်ခြင်း၊တိုးခြင်း၊လျော့ခြင်းတို့ကို ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ကို ရယူရပါ၏။ ပုဒ်မ၂၀၃အရ  နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု လွှတ်တော်အား တာဝန်ခံရပါ၏။ အဘယ့်ကြောင့် ဆိုသော် သမ္မတကို ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ပေးထားခြင်းကြောင့် ဖြစ်၏။

ယင်းပုဒ်မ ၂၀၃ကို လေးလေးနက်နက် စဉ်းစားကြည့်မည်ဆိုလျှင် နိုင်ငံတော်သမ္မတ၏ အကြီးအမှူးသည် ပြည်ထောင်စုလွှတ်တော် ဖြစ်ကြောင်း ထင်ရှားပါ၏။ (ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ မဟုတ်သည်ကို သတိမူရမည်ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးများသည် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရပါ၏။ ဤသည်ပင်လျှင် အာဏာကို ထိန်းကျောင်းခြင်းမည်ပါ၏။ သမ္မတ၏ အုပ်ချုပ်ရေးအာဏာမှာ ပြည်သူတို့ကို ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်မှသော်လည်းကောင်း ၊နိုင်ငံဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီးမျာှးသော်လည်းကောင်း တစ်နိုင်ငံလုံးသို့ လွှမ်းခြုံ သက်ရောက်ခြင်းရှိသဖြင့် ယင်းအုပ်ချုပ်ရေး အာဏာသည်လည်း ကြီးမားကျယ်ပြန့်ပါ၏။ ငွေကြေး များကိုင်တွယ်သုံးစွဲရခြင်း ခွင့်ပြုမိန့်များ ထုတ်ပေးရခြင်း၊ တိုက်ရိုက်ထိတွေ့အုပ်ချုပ်ရခြင်းတို့ကြောင့် ယင်းအာဏာကို ထိန်းကျောင်းရန်အတွက် အခြေခံဥပဒေအများစုတွင် ‘ပြည်ထောင်စုလွှတ်တော်၏ သဘော တူညီချက်ဖြင့်’ဟူသော ဝေါဟာရ ပုဒ်စုကို ထည့်သင်းထားရပါ၏။ သို့ဖြစ်၍ သမ္မတအာဏာသည် အတိုင်းအဆရှိသည်၊ အကန့်အသတ်ရှိသည်ဟူသော သဘောဖြစ်ပါ၏။

ပြည်ထောင်စုလွှတ်တော်၏ အတိုင်းအဆမဲ့သည့် အာဏာ၊ အကန့်အသတ်မဲ့သည့် အာဏာကို မူပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အရေအတွက်ဖြင့် ထိန်းကျောင်းထားပါ၏။ ထိုမျှမက အချို့သော အခြေခံဥပဒေပုဒ်မများကို ပြင်ဆင်လိုလျှင် ပြည်သူတို့၏ သဘောဆန္ဒနှင့် ထောက်ခံချက် တို့ပါရရှိရန်လိုအပ်ပါ၏။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော် ထောက်ခံရုံဖြင့် မပြီးပြတ်ပါ။ ဤသည်ပင်လျှင် အာဏာများအား လုံးကို အပြန်အလှန်ပတ်လည်စနစ်ဖြင့်   ထိန်းကျောင်းထားခြင်းမည်ပါ၏။ ပြည်သူကို အုပ်ချုပ်သည်မှာ အစိုးရအဖွဲ့ဖြစ်ပြီး စိုးရအဖွဲ့ကို  ပြည်ထောင်စု လွှတ်တော်က ထိန်းကျောင်းပါ၏။ ပြည်ထောင်စုလွှတ်တော်ကို ပြည်သူများက ပြန်၍ထိန်းကျောင်းထားပါ၏။ ဤသည်မှာ ဖွဲ့စည်ုးအခြေခံဥပဒေ၏ အနှစ်သာရဖြစ်၏။ ပြည်သူကိုတိုက်ရိုက် တရားစီရင်သည်မှာ တရားရုံးအဆင့်ဆင့် ဖြစ်ပါ၏။ ထိုတရားရုံးမျာကို ပြည်ထောင်စုလွှတ်တော်က ထိန်းကျောင်းပါ၏။ ပြည်ထောင်စုလွှတ်တော်ကို ပြည်သူများက ပြန်၍ ထိန်းကျောင်းပါ၏။ ဤသည်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရဖြစ်၏။

ဆိုရပါလျှင် အစိုးရအဖွဲ့နှင့် တရားလွှတ်တော်တို့ကို ပြည်ထောင်စုလွှတ်တော်က ထိန်းကျောင်းရ၏။ သို့ဖြစ်၍ အကြီးဆုံးအမြင့်ဆုံးသော အာဏာများကို ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းထားခြင်းဖြစ်ပါ၏။ သမ္မတသည် လူပုဂ္ဂိုလ်ဖြစ်၏။ ပြည်ထောင်စုလွှတ်တော်သည် ပြည်သူ့ အဖွဲ့အစည်း ဖြစ်၏။  လူပုဂ္ဂိုလ်ကို အဖွဲ့အစည်းထိန်းကျောင်းထားခြင်းဖြစ်၏။ လူပုဂ္ဂိုလ်အရပြောရလျှင် သမ္မတသည် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်ဖြစ်၏။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့၏ အပေါ်တွင်ရှိ၏။ သို့သော် သမ္မတသည် ပြည်ထောင်စုလွှတ်တော်ဟူသော အဖွဲ့အစည်း၏ အောက်တွင် ရှိ၏။ အခြေခံပဒေပုဒ်မ ၂၁၃(ဂ)အရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ စစ်ကြေညာနိုင်၏။ စစ်ပြေငြိမ်းနိုင်၏။ ထို့မျှမက ပုဒ်မ ၂၀၄(ဂ)၊ ပုဒ်မ ၁၀၅၊ပုဒ်မ၁၀၈(က)၊ ပုဒ်၁၀၆၊ပုဒ်၂၁၂(စ)၊ ပုဒ်မ၂၈၈(က) အစရှိသဖြင့် ဥပဒေပုဒ်မပေါင်းများစွာတွင် သမ္မတ၏ လုပ်ပိုင် ခွင့်ကို ပြည်ထောင်စုလွှတ်တော်ဖြင့် ကန့်သတ်ထားသည်ကို တွေ့ရမည်ဖြစ်၏။

စာပေတွင် အက္ခရာအနက် အဓိပ္ပါယ်အနက်၊ သဘာဝတ္တအနက်၊ ဟူ၍သုံးမျိုးရှိ၏။ ဥပဒေအမျိုးမျိုးတွင် အက္ခရာအနက်သည် ပြဋ္ဌာန်းပါ၏။ အက္ခရာ များ၊ ပုဒ်၊ ပါဒများ၏ အနက်အဓိပ္ပာယ်ကို အရင်ဖော်ထုတ်ရပါ၏။ ထိုသို့ဖော်ထုတ်ရန်အတွက် ဆက်စပ်ဥပဒေများကို ထည့်သွင်းစဉ်းသစား၍ အခြေခံအနှစ်သာရကို ဖော်ထုတ်နိုင်ဖို့လိုအပ်ပါ၏။ ထိုအခြေခံအနှစ်သာရကို ဖော်ထုတ်နိုင်မှသာလျှင် ဝေါဟာရများ၊ ပုဒ်စုများ၊ ဝါကျများ၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုပေးနိုင်မည်ဖြစ်၏။

လတ်တလောတွင်မူ ‘ပြည်ထောင်စုအဆင့်’ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်နှင့်ပတ်သက်၍ လွှတ်တော်၊ နိုင်ငံတော် သမ္မတနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး တို့ အချင်းများနေကသည်ကို မြင်ကြားသိနေရ၏။ အာလုံးမှာ သူ့ရှုထောင့်နှင့်သူ ၊သူ့အကန့်အသတ်နှင့်သူ မှန်ကန်နေကြပါ၏။ လူတို့ တီထွင်ဖန်တီးကြသော ဝေါဟာရများ၊ အက္ခရာများနှင့်ပတ်သက်၍ လူအချင်းချင်ပဋိပက္ခဖြစ်ရာသည်မှာ ဝမ်းနည်းဖွယ်ရာဖြစ်၏။ ညှိနှိုင်း၍ ဆောင်ရွက် လိုက်ပါက ပြီးပြတ်သွားမည်သာဖြစ်၏။ အကူးအပြောင်းကာလတွင် မိမိအတွက်ပြဋ္ဌာန်းပေးသည့် တာဝန်များအတိုင်းသာ တိတိကျကျ လုပ်ကြကြေးဟု ဆိုလျှင် ပြည်ပျက်သည့် အဆင့်အထိတိုင် ရောက်သွားနိုင်ပါ၏။ ထိုအခြေခံဥပဒေသည် လည်းလူသားတို့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး ရေးသားသဖြင့် ပေါ်ပေါက်လာရခြင်းဖြစ်ပါ၏။ လိုအပ်ချက်တို့ များစွာရှိနေမည်မှာလည်း အမှန်ပင်ဖြစ်၏။ ထိုသည်တို့ကို လူသားတို့က ထပ်မံညှိနှိုင်းတိုင်ပင် ဆွေးနွေး သွားခြင်းဖြင့်သာ ဆက်လက်ဆောင်ရွက်နိုင်သွားရမည်သာ ဖြစ်၏။ ပညာကြီးမားသော လူသားတို့၏ မြော်မြင်ဆင်ခြင်ဥာဏ်သည် ကျမ်းစာအုပ်များထက် သာလွန်ကြောင်းကို လည်းမမေ့သင့်ပေ။ တာဝန်ရှိသူအားလုံးသည် အရာရာကို နက်နက်ရှိုင်းရှိုင်း တွေးတော၍သဟဇာတဖြင့် စခန်းသွားနိုင်လိမ့်မည်ဟု မျှော်လင့်ပါ၏။

 *****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment