Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၀.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မတူညီသော ရပ်တည်ချက်များမှသည် တူညီသော ငြိမ်းချမ်းရေးဆီသို့

*****************************************

ဆောင်းပါးကဏ္ဍ

မတူညီသော ရပ်တည်ချက်များမှသည် တူညီသော ငြိမ်းချမ်းရေးဆီသို့

မင်းလွင်ထက်

(စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် The Voice Weekly ဂျာနယ် အတွဲ(၈) အမှတ်(၃၉)မှ ထုတ်ယူဖော်ပြချက်။)

တိုင်းပြည်လွတ်လပ်ရေးရကတည်းက ကပ်ပါလာသော မြန်မာ့ငြိမ်းချမ်းရေး ပြဿနာမှာ ယခုအခါတွင် မျှော်လင့်ချက် ရောင်နီသန်းလာပြီဟု ဆိုရမည့်အချိန် ဖြစ်သည်။ ထင်ရှားသည်မှာ အစိုးရပိုင်းထိပ်သီးခေါင်းဆောင်များကိုယ်တိုင်က ငြိမ်းချမ်းရေးအတွက် သန္နိဋ္ဌာန်ချထားကြောင်း အပြောနှင့် သာမဟုတ် အလုပ်နှင့်ပါသက်သေပြလာခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အဖွဲ့ ၁၀ ဖွဲ့နှင့် အတိုင်းအတာတစ်ခုအထိ ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့ပြီ ဖြစ်ရာ နှစ်ဖက်ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလိုလားမှုနှင့် စစ်မှန်သောစေတနာကို အသိအမှတ်ပြုရမည်ဖြစ်သည်။ သို့သော် မျှော်လင့်ချက်များ ရှိနေ သည်နှင့်အတူ စိန်ခေါ်မှုများလည်း ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် အားလုံးသိကြသည့်အတိုင်း ယခုထက်တိုင် နှစ်ဖက်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသေးရာ စစ်မီးမငြိမ်း မြက်မစိမ်းသေးသည့်  အခြေအနေဖြစ်သည်။ ဤသို့ု့သောအခြေအနေတွင် Centre for Humanitarian Dialogue၏စီစဉ်ပေးမြှုဖင့် အင်ဒိုနီးရှားနို်င်ငံနှင့် ဖိလိလစ်ပိုင်နိုင်ငံတို့မှ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြေရှင်းရေးတွင် ကိုယ်တိုင်ထိပ်တန်းက ပါဝင်ခဲ့သူများ နေပြည်တော်သို့ လာရောက်၍ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများနှင့် လာရောက်တွေ့ဆုံ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်မှာ စင်စစ်အမှန်တကယ် အရေးကြီးပြီး များစွာလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။

အာဆီယံ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှာလည်း မြန်မာနိုင်ငံနည်းတူ လက်နက်ကိုင် ပဋိပက္ခပြဿနာများ ရှိကြသည်သာ။ ဖိလစ်ပိုင်ဆိုလျှင် တောင်ပိုင်းမှ မိုရိုအစ္စလာမ်မစ်လွတ်မြောက်ရေးတပ်ဦးနှင့် အစိုးရတို့ ယခုထက်တိုင် ငြိမ်းချမ်းရေး အတွက် ဆွေးနွေး နေရဆဲ ဖြစ်ပေသည်။ အင်ဒိုနီးရှားနိုင်ငံတွင်လည်း အဓိက လက်နက်ကိုင် ပြဿနာဖြစ်သော အာချေပြည်နယ် ခွဲထွက်ရေးကိစ္စကို နှစ်ပေါင်း၃၀ ကြာ အစိုးရနှင့် လက်နက်ကိုင်တပ်များအကြား အငြင်းပွားခဲ့ကြသည်။ သို့သော် ယခုအခါတွင်မူ အာချေပြည်နယ်မှာ ငြိမ်းချမ်းသာယာသော ပြည်နယ်၊ စီးပွားရေး ဖွံ့ဖြိုး သော ပြည်နယ်၊ ခရီးသွားတို့ သဘောကျနှစ်သက်သည့် ပြည်နယ်ဖြစ်နေပေပြီ။

၉-၉-၂၀၁၂ ရက်နေ့က နေပြည်တော်သို့ သွားရောက်ကြသည့်အဖွဲ့ဝင်များမှာ ဤငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထိပ်တန်းမှ ပါဝင်ပတ်သက် ခဲ့ကြသူများ ဖြစ်ပါသည်။ အင်ဒိုနီးရှားအဖွဲ့တွင် သမ္မတက ငြိမ်းချမ်းရေးအတွက် အထူးတာဝန် ပေးအပ်ခြင်းခံခဲ့ရပြီး အာချေပြည်နယ် ငြိမ်းချမ်းရေး ကိုလည်း အရယူပေးနိုင်ခဲ့သည့် ဒုတိယသမ္မတဟောင်း မိုဟာမက်ကာလာ၊ ငြိမ်းချမ်းရေးဆွေးနွေးစဉ်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန် ထမ်းရွက်ခဲ့သည့် ဗိုလ်ချုပ်ကြီးဆူတာတို၊ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲများတွင် အစိုးရဘက်မှ ဦးဆောင်ခဲ့သည့် လူ့အခွင့်အရေးနှင့် တရားရေးဝန်ကြီးဟောင်း ဟာ မစ်တို့ ပါဝင်ပြီး ဖိလစ်ပိုင်အဖွဲ့တွင် ပါဝင်သူများမှာလည်း လက်ရှိအစိုးရအဖွဲ့ဝင် ၀န်ကြီးတီရီစီတာဒါလက်စ်၊ ဖိလစ်ပိုင် တပ်မတော်၏ အမြင့်ဆုံး စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စများတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ဗိုလ်ချုပ်ကြီး (ငြိမ်း) အလက်ဇန်ဒါယာနို၊ သမ္မတ၏ကိုယ်စား ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီဝင် နိုင်ငံရေးသိပ္ပံ ပါမောက္ခ မာရီယန် ဖယ်ရာရာနှင့် သမ္မတငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့အုပ်ချုပ်မှု ဒါရိုက်တာ ဟောင်း အယ်မာအီဗန်ဂျလစ်တာတို့ ပါဝင်ကြသည်ဖြစ်ရာ နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးစွာ အရေးကြီးသည့် အတွေ့အကြုံများ ဖလှယ်နိုင်ခဲ့ကြ ပေသည်။

အင်ဒိုနီးရှားနိုင်ငံ အာချေဒေသပြဿနာကို ဖြေရှင်းရာတွင် အင်ဒိုနီးရှားတပ်မတော်မှာ များစွာအရေးပါသော အခန်းကဏ္ဍက ပါဝင်ခဲ့သည်။ အစောပိုင်းကာလများတွင် အာချေပဋိပက္ခကို စစ်ရေးနည်းလမ်းဖြင့် စစ်ဆင်ဖြေရှင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော် ဗိုလ်ချုပ်ကြီးဆူတာတို ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသောအခါ စစ်ဆင်ရေး ကာလများအတွင်း မိမိတို့ တပ်မတော်အနေနှင့် လူ့အခွင့်အရေးကို လုံးဝချိုးဖောက်ခြင်းမပြုဘဲ အထူးလေးစားလိုက်နာ နိုင်ရန် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တပ်မတော်သားများကို မှာကြားခဲ့ပြီး လိုက်နာသူများကို ရာထူးတိုးပေး၍ မလိုက်နာ သူများကို အရေးယူမည်ဟု အသေအချာမှာကြားခဲ့ကြောင်း ဗိုလ်ချုပ်ကြီးက ပြန်ပြောင်းပြောပြသည်။ တပ်မတော်အနေနဲ့ လူ့အခွင့်အရေးကို သေချာ လေးစားဖို့ ကျွန်တော်ကိုယ်တိုင် စစ်မြေပြင်ကိုထွက်မယ့် ငယ်သားတွေကိုသေချာမှာပါတယ်။ မင်းတို့ လူ့အခွင့်အရေးကို လေးစားတယ်ဆိုရင် ငါရာထူး တိုးပေးမယ်၊ မလေးစားရင်တော့ မင်းတို့နားထင်ကို ငါကိုယ်တိုင် သေနတ်နဲ့ ပစ်မယ်ဆိုတာမျိုးအထိ ပြောခဲ့ပါတယ်။ တပ်မတော်ဟာ လူ့အခွင့်အရေးကို တကယ် လေးစားလိုက်နာတာနဲ့ စစ်မြေပြင်မှာ တပ်မတော်ကို လူထုတွေကပိုပြီး ကြည်ညိုလေးစားလာကြတယ်၊ ပိုပြီးလူထုတွေနဲ့ အဆင်ပြေလာတယ်”ဟု အာချေပြည်နယ်ပဋိပက္ခ အချိန်အတွင်း တပ်မတော် ရပ်တည်ခဲ့ပုံနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်ကြီးဆူတာတို ပြန်ပြောင်းပြောပြပါသည်။

ငြိမ်းချမ်းရေး စေ့စပ်ဆဲကာလများတွင် အင်ဒိုနီးရှား ဒုတိယသမ္မတအဖြစ် တာဝန်ယူခဲ့သည့် မစ္စတာ မိုဟာမက်ကာ လာကမူ အင်ဒိုနီးရှား၏ ငြိမ်းချမ်းရေးအောင်မြင်မှုတွင် အဓိကအခန်းကဏ္ဍအဖြစ် သမ္မတကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့မှုက အထူးအရေးကြီးကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေး ရာတွင် ကတိစကားကို သမ္မတကိုယ်တိုင် သိရှိလက်ခံပြီးမှ ပေးခဲ့ခြင်းက အထူးအဆင်ပြေ ချောမွေ့စေကြောင်း ဆွေးနွေးခဲ့သည်။ ငြိမ်းချမ်းရေး ဆောင်ရွက်သူပုဂ္ဂိုလ်များအနေနှင့်လည်း မိမိတို့အား မည်မျှလုပ်ပိုင်ခွင့် အပ်နှင်းထားသည်ကို သိရှိရန်လိုပြီး မသိရှိပါက စေ့စပ်ညှိနှိုင်းသူမဟုတ်ဘဲ Messenger (သတင်းပို့ဆက်သား) သာသာဖြစ်သွားမည်ကို သတိထားသင့်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ လက်ရှိငြိမ်းချမ်းရေး ဖော်ဆောင်မှုများကိုလည်း ထုတ်ဖော်ချီးကျူးခဲ့ပြီး အောင်မြင်မှုများကို ကြိုဆိုပါကြောင်း၊ ထာဝရငြိမ်းချမ်းရေး ရရှိမည်ဟု လည်း မျှော်လင့်ကြောင်း၊ ပဋိပက္ခဖြေရှင်းခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတို့သည်၊ နိုင်ငံရေးတည်ငြိမ်မှု စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် နိုင်ငံသားများ၏ လူမှုဘ၀ တိုးတက်ရေး အတွက် အရေးတကြီးလိုအပ်ကြောင်း အကြံပေးတိုက်တွန်းခဲ့ပေသည်။ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် အပြန်အလှန် ယုံကြည်မှုသည် အရေးကြီးကြောင်း၊ အပြန်အလှန်ယုံကြည်မှု မတည်ဆောက်ဘဲ မည်သို့မျှ မအောင်မြင်နိုင်ကြောင်း ကိုယ်တွေ့အတွေ့အကြုံများနှင့်ယှဉ်၍ ၀န်ကြီး အာမစ်ကလည်း ပြောသည်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွင်လည်း ကေအင်ယူကဲ့သို့သော အဖွဲ့အစည်းများနှင့်ပင် အခြေအနေတစ်ရပ်အထိ ညှိနှိုင်းနိုင်ခဲ့ပြီဖြစ်ရာ ယုံကြည်မှု တည်ဆောက်နိုင်နေပြီဟု ယူဆမိကြောင်း ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပေသည်။

အင်ဒိုနီးရှားနိုင်ငံ အာချေပဋိပက္ခကို အဆုံးတွင်မူ ဖြေရှင်းနိုင်ခဲ့သည်။ အာချေလွတ်မြောက်ရေးပါတီက လွတ်လပ်ရေးကြိုးပမ်းမှုကို စွန့်လွှတ် လိုက်ပြီး အပြန်အလှန်အားဖြင့် အင်ဒိုနီးရှားအစိုးရကလည်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သဘောတူညီခဲ့သည့်အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့မှ အခွန်အခ များ ခွဲဝေခံစားခွင့်များကို သဘောတူညီခဲ့ပေသည်။ ၂၀၀၅ ခုနှစ်တွင် ဟဲ့လ်ဇင်ကီသဘောတူညီချက်ဖြင့် အာချေပဋိပက္ခ အပြီးသတ် နိုင်ခဲ့ပေသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မိတ်ဆက် ပြောကြားရာ တွင်လည်း မိမိတို့အစိုးရအနေနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးရရှိရန် မဖြစ်မနေ လိုအပ်ကြောင်း၊ နိုင်ငံတကာမှ အကြံဥာဏ်များနှင့် အကူ အညီများကိုလည်း အထူးလိုအပ်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် မဖြစ် မနေ လုပ်ဆောင်သွားမည်ဟု အခိုင်အမာသန္နိဋ္ဌာန်ချထားပါကြောင်း ပြောကြား သည့်အပြင် အာဆီယံမိတ်ဆွေများ၏ အကြံဥာဏ်များကို လေးစားသုံးသပ်သွားမည် ဖြစ်ပါကြောင်းကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထူးခြားသည်မှာ လက်ရှိဖြစ် ပေါ်နေသော မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ဒေသပြဿနာနှင့် စပ်လျဉ်း၍ တွေ့ကြုံနေရသည့်စိန်ခေါ်မှုများကို ပွင့် ပွင့်လင်းလင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ကချင်ဒေသ ငြိမ်းချမ်းရေးရရှိရေးကိုလည်း အထူးအင်တိုက်အားတိုက် ကြိုးပမ်း သွားမည် ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏ အတွေ့အကြုံများမှာလည်း စိတ်ဝင်စားစရာဖြစ်သည်။ မြန်မာနိုင်ငံ အခြေအနေများနှင့်လည်း များစွာဆင်တူသည်ဟု ပြောနိုင် သည်။ ၁၉၉၂ ခုနှစ်တွင် တပ်မတော်ဦးစီးချုပ်အဖြစ်မှ သမ္မတဖြစ်လာသော သမ္မတ ဖီဒယ် ရာမို့စ်က လက်နက်ကိုင်အုပ်စုများအားလုံးနှင့် စူးစမ်းအဖြေရှာ သည့် ဆွေးနွေးပွဲများ ကျင်းပရေးမဟာဗျူဟာများကို ရေးဆွဲရန်နှင့် ပြည့်စုံကျယ်ပြန့်ပြီး အားလုံးပါဝင်မှုရှိသော တိုင်ပင်ညှိနှိုင်းမှု လုပ်ငန်းစဉ်တစ်ရပ်ကို ဖန်တီးနိုင်ရန် အပြည့်အ၀ အာဏာအပ်နှင်းထားသည့် အမျိုးသားပြန်လည်သွေးစည်းရေးကော်မရှင် (National Unification Comission) ကို စတင်ဖွဲ့ စည်းပေးချိန်မှစ၍ ဖိလစ်ပိုင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ သက်ဝင်လှုပ်ရှားလာခဲ့သည်ဖြစ်ရာ ယနေ့မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင် သော အစိုးရအဖွဲ့၏အခြေအနေနှင့် များစွာဆင်တူနေပေသည်။

ဖိလစ်ပိုင်နိုင်ငံတစ်ဝန်း အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့် အထူးကျယ်ပြန့်စွာ တွေ့ဆုံပွဲများမှတဆင့် သမ္မတ၏ ငြိမ်းချမ်းရေး လမ်းပြမြေပုံတစ်ရပ် ပေါ်ထွက်လာခဲ့သည်။ ထိုမြေပုံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့တို့အကြား လုပ်ငန်းစဉ်တစ်ခု မျှသာမကဘဲ ဖိလစ်ပိုင် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပြီးလူ့ အဖွဲ့အစည်းတစ်ခုလုံးအတွက် အရေးကြီးသည့်လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားရှိရန်၊ ပိုမိုကောင်းမွန်၍မျှတသော အားလုံးအတူယှဉ်တွဲနေထိုင်နိုင်မည့် လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန် အစိုးရနှင့် လက်နက်ကိုင်တပ်များအကြား နှစ်ဦးနှစ် ဖက် အသာအနာမရှိစေဘဲ နိုင်ငံရေးသိက္ခာရှိရှိနှစ်ဖက် ငြိမ်းချမ်းရေး ရယူနိုင်ရန်ဟူသည့် အခြေခံမူကြီးသုံးရပ်ကို ချမှတ်ခဲ့ပြီး ယခုသမ္မတ အဆက်ဆက် ဆက်လက် လိုက်နာကျင့်သုံးလျက် ရှိသည်။ ယခုမြန်မာနိုင်ငံတွင်လည်း ထိုသဘောအတိုင်းဖြစ်သော မူများရှိနေသည့်အတွက် ၀မ်းမြောက်ပါကြောင်းလည်း ထုတ်ဖော်ပြောကြားကြသည်။ ယခုထက်တိုင် ဆက်လက် ကြိုးပမ်းနေရဆဲ ပဋိပက္ခများဖြစ်လေရာ ဖိလစ်ပိုင်နိုင်ငံ၏ ပဋိပက္ခများကို မြန်မာနိုင်ငံက သဘောပေါက် နားလည်နိုင်သလို မြန်မာနိုင်ငံ၏ အတွေ့အကြုံများကိုလည်း ကြားသိခွင့်ရသည်ကို ၀မ်းမြောက်ကြောင်းလည်း ပြောကြားကြသည်။

ဖိလစ်ပိုင်နိုင်ငံ အတွေ့အကြုံအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစိုးရဗျူရိုကရေစီယန္တရားပါ ပါဝင်ဆောင်ရွက်ရန် လိုကြောင်း၊ အစိုးရအဖွဲ့ အစည်းက ငြိမ်းချမ်းရေး ကတိက၀တ်များ ပေးထားသော်လည်း အစိုးရဌာနအသီးသီးက ပါ<င်ကူညီမှုမရှိလျှင် မအောင်မြင်နိုင်ပေ။ အစိုးရကသာ ငြိမ်းချမ်း ရေးစကား တွင်တွင်ပြောသော်လည်း အစိုးရဌာနများက ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေကြပေရာ လက်တွေ့တွင် ငြိမ်းချမ်းရေးအတွက် အထောက်အကူ မဖြစ်စေဘဲ အနှောင့် အယှက်ဖြစ်စေမည့်ကိစ္စများကို ဆောင်ရွက်မိတတ်ကြသည်။ ဤအခြေအနေကို ကာကွယ်ရန် အစိုးရဌာန အသီးသီး အနေ နှင့်လည်း ငြိမ်းချမ်းရေးအသိရှိစေရန် Internal Advocacy ဆောင်ရွက်သင့်ကြောင်းကို ဖိလစ်ပိုင်အဖွဲ့က အဓိက ပြော ကြားသွားကြသည်။

                နိုင်ငံတစ်ခုနှင့်တစ်ခု အခြေအနေ၊ သမိုင်းနောက်ခံအကြောင်း ခြင်းရာများမတူညီကြသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များလည်း မတူကွဲပြား ကြမည် ဖြစ်သည်ကို အားလုံးက လက်ခံသဘောတူညီကြပါသည်။ တစ်နိုင်ငံ၏ အတွေ့အကြုံကို ထပ်တူပုံတူကူး၍မရနိုင်ပေ။ သို့သော် အာဆီယံ အိမ်နီး ချင်းများ ပီသစွာ တစ်ဦးနှင့် တစ်ဦး အတွေ့အကြုံဖလှယ်ကြသည်မှာ များစွာအကျိုးရှိကြောင်းကို လက်ခံကြသည်။

မြန်မာနိုင်ငံအနေနှင့် ယခုကဲ့သို့ အထူးအရေးကြီးနေသော အခြေအနေတွင် အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် ထိပ်တန်းမှ ပါဝင်ခဲ့ကြသူများ၏ အတွေ့အကြုံများကို ဖလှယ်ခွင့်ရသည်မှာ များစွာကံကောင်းသည်ဟု ဆိုနိုင်ပေသည်။ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များမှာ နေ့ချင်းညချင်း အောင်မြင်မှုမရနိုင်ဘဲ ရေရှည်စိတ်ရှည်မှု၊ သည်းခံမှုနှင့် ဖိလစ်ပိုင်သမ္မတအကြံပေးဖြစ်သူ Alma ပြောခဲ့သလို Marathon Mentality (မာရသွန်စိတ်ဓာတ်) လိုအပ်ကြောင်းကို ဖိလစ်ပိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှ နားလည်သိရှိရသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ရိုးသား ဖြောင့်မတ်မှုနှင့် ကတိက၀တ်စောင့်ထိန်းမှုများ အရေးကြီးသလို တပ်မတော်အနေနှင့်လည်း လူ့အခွင့်အရေးကို အထူးလိုက်နာထိန်းသိမ်းသင့်ကြောင်း အင်ဒိုနီးရှားသင်ခန်းစာအရ သိမှတ်နိုင်ပေသည်။

အရေးကြီးသော အချက်တစ်ခုကား ငြိမ်အောင်မလုပ်ပါနဲ့ ငြိမ်းအောင်လုပ်ပါ (Peace,not Pacification) ဟူသော အကြံပြုချက်ပင်ဖြစ်ပေသည်။ ထာဝရငြိမ်းချမ်းရေးအတွက် အရေးကြီးသော အကြံပြုချက်တစ်ချက်ပင်ဖြစ်လေသည်။ မိမိတို့ သမိုင်းသင်ခန်းစာများအရလည်း ကောင်းစွာနားလည် နိုင်မည်ဖြစ်ပါ၏။

                သို့ဖြစ်လေရာ ပွင့်လင်းမြင်သာမှု၊ ရိုးသားဖြောင့်မတ်မှု၊ နိုင်ငံရေးသန္နိဋ္ဌာန်၊ နှစ်ဖက်ပူးပေါင်းပါဝင်မှုတို့အပြင် အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုတို့သည်ကား လက်ရှိမြန်မာနိုင်ငံငြိမ်းချမ်းရေးပြဿနာကို ဖြေရှင်းပေးနိုင်မည့် အဓိကသော့ချက်များ ဖြစ်လာကြမည်ဖြစ်ပေသည်။

                မတူညီသော ရပ်တည်ချက်များမှသည် တူညီသော ငြိမ်းချမ်းရေးဆီသို့ ဆက်လက်လျှောက်လှမ်းကြ ရပေဦး မည်သာ။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment