Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၄.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရင်းနှီးမြှပ်နှံမှုများ တိုးပွားလာမှုကြောင့် မြေသိမ်းခံရသည့် စိုးရိမ်မှုများ ကြီးထွား

(VOA News မှ 22 October ရက်စွဲပါ “Burmese Investment Boom fuels worries over land grabs” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. ကြီးမားသော ပြိုင်ပွဲကြီး၌ ပါဝင်လာမည့် မြန်မာနိုင်ငံ၏နေရာ

(22 October 2012 ရက်စွဲပါ Wall Street Journal မှ Jan Storey ရေးသားသော The Great game, Burma edition ကို ဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာမှုကြောင့် မြေသိမ်းခံရသည့် စိုးရိမ်မှုများ ကြီးထွား

(VOA News မှ 22 October ရက်စွဲပါ “Burmese Investment Boom fuels worries over land grabs” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံကစီးပွားရေး တံခါးဖွင့်ပေးမှုကြောင့် မြေယာသိမ်းဆည်းမှုပြဿနာများ ပေါ်ပေါက်လျက် ရှိသည်။ နိုင်ငံရေး အဆက်အသွယ် ကောင်းသော စီးပွားရေးသမားများက ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် လယ်မြေများကို သိမ်းယူနေကြသောကြောင့် ပြဿနာ ဖြေရှင်းရန် ကော်မရှင်ကိုအစိုးရက ဖွဲ့စည်းပေးခဲ့ရသည်။ အရှေ့တောင်ကမ်းရိုးတမ်းမှ ဒေါ်လာဘီလီယံ(၅၀)တန် အထူးစီးပွားရေးဇုန်သည် နောက်ဆုံးပိတ် ပြဿနာ နယ်မြေတစ်ခု ဖြစ်သည်။

မြေသိမ်းယူမှု

မြန်မာနိုင်ငံတွင် မြေအားလုံးကို နိုင်ငံတော်အစိုးရကသာ ပိုင်သောကြောင့် တရားဝင်မြေမပိုင်သော တစ်နိုင်တစ်ပိုင်လယ်သမားများသာ ရှိသည်။

ပြီးခဲ့သောနှစ်များတစ်လျောက်လုံး တပ်မတော်အစိုးရနှင့် အချိတ်အဆက်ရှိသူ စီးပွားရေးသမားများက သတ္ထုတွင်းနှင့် စိုက်ပျိုးရေးစီမံကိန်းများ လုပ်ကိုင်ရန်အတွက် လယ်သမားများနှင့် ရွာသားများထံမှ မြေယာများကိုသိမ်းယူခွင့် ရခဲ့ကြသည်။ မြေယာသိမ်းခံရသူအများစုမှာ လျော်ကြေးငွေ အနည်းငယ်သာ ရရှိသည်။

ယခုအခါ အစိုးရသစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ဥပဒေသစ်များရေးဆွဲလျက်ရှိပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ပိုမိုခွင့်ပြုရန် အတွက် အစိုးရ၊ ပုဂ္ဂလိက ကုမ္ပဏီကြီးများနှင့် စစ်တပ်ကသိမ်းဆည်းထားသော မြေဧရိယာ ဟက်တာ ၃.၆သန်း(ဧက ၇သန်းခန့်)ရှိနေပြီဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားသည်။

“မြန်မာတစ်နိုင်ငံလုံးမှာ တွေ့နေရတဲ့ပြဿနာ တစ်ခုကတော့ မြေပြဿနာပါပဲ။ အဆက်အသွယ်ကောင်းတဲ့ လူချမ်းသာတွေက ပြုလုပ်နေတဲ့မြေ သိမ်းယူမှုတွေ၊ တရားမဝင် မြေအပိုင်စီးမှုတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရင်က အရေးမကြီးဘူးလို့ယူဆခဲ့တဲ့ နယ်မြေတွေမှာလည်း အလားတူ ပြဿနာတွေ စဖြစ်နေပါပြီ။ အဆက်အသွယ်ကောင်းသူတွေက ရွာသားတွေနဲ့ လယ်သမားတွေကို နေစရာမရှိအောင် လုပ်နေကြတဲ့အတွက် အန္တရာယ် အရမ်းကြီးနေပါပြီ”ဟု Human Rights Watch မှ အာရှရေးရာ ဒုတိယဒါရိုက်တာ ဖီလ်ရောဘတ်ဆန်က ပြောကြားသည်။

အဓမ္မမြေသိမ်းမှု သမိုင်းကြောင်းရှိခဲ့သော တပ်မတော်သည်လည်း တိုင်းရင်းသားဒေသများတွင် မြေများဆက်လက်သိမ်းယူနေကြောင်း စွပ်စွဲမှုများ ရှိနေသည်။ ၎င်းအပြုအမူများက တပ်မတော်၏အစီအစဉ်များအပေါ် သံသယဖြစ်အောင် လမ်းညွှန်နေသည်ဟု ပြောကြားသူမှာ Burma Partnership အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခင်ဥမ္မာဖြစ်သည်။ “စစ်တပ်က တိုင်းရင်းသားဒေသတွေမှာ မြေတွေအများကြီးသိမ်းယူပြီး စစ်စခန်းသစ်တွေ ဆောက်နေတယ်လို့ သတင်းရရှိထားပါတယ်။ ဒါကြောင့် ဒီမိုကရေစီအသွင် ပြောင်းနေတဲ့နိုင်ငံမှာ ဘာကြောင့်စစ်စခန်းသစ်တွေ ဆောက်နေသလဲလို့ မေးစရာရှိလာပါတယ်”ဟု သူမက မေးခွန်းထုတ်သည်။

ရွာသားတွေ ဆန္ဒပြ

မြေပြဿနာ အခြေအနေဆိုးနေပြီဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုကြချိန်တွင် အစိုးရကသမ္မတရုံးလက်အောက်ခံ မြေယာကော်မရှင် မှတဆင့် ပြဿနာကိုဖြေရှင်းမည့် လက္ခဏာများတွေ့ရသည်။

ယခင်ကနှင့်မတူဘဲ ကန့်ကွက်လိုသူများ တိုင်ကြားခွင့်ရှိသည့် အခင်းအကျင်းသစ်တစ်ရပ်ကို ၎င်းကော်မရှင်က ဖန်တီးပေးထားသည်ဟု အမ်စတာဒမ်အခြေစိုက် Transnational Institute မှ သုတေသနပညာရှင် Kevim woods ကဆိုသည်။

“အရင်ကဆိုရင် ဒီကိစ္စမျိုးကို ရွာသားတွေပြောဆိုခွင့် လုံးဝမရှိပါဘူး။ ပြောတဲ့သူ ပျောက်ကွယ်သွားမှာပါ။ အခုတော့ ရုတ်တရတ်ပဲ ပြောဆိုခွင့် ရလာကြပြီ။ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေကတော့ ရှိသေးတာပေါ့။ ဒါပေမယ့် ဒီလိုကိစ္စတွေကို လှုပ်ရှားတက်ကြွသူတွေ ပျောက်သွားတာမျိုး မရှိတော့ဘူး။ တစ်ခြားရွာသားတွေကိုလည်း အလားတူ အမြင်ကျယ်လာစေတဲ့ သက်ရောက်မှုရှိပါတယ်”ဟု ၎င်းကပြောကြားသည်။

မြေသိမ်းယူမှုကြောင့် အိုးမဲ့ အိမ်မဲ့ ပြဿနာကြီးထွား

အထူးစိုးရိမ်ပူပန်နေကြသော ကိစ္စမှာ တောင်ဖက်ကမ်းရိုးတန်းမှ ၂၅၀ စတုရန်းကီလိုမီတာကျယ်ဝန်းသော ဒေါ်လာဘီလျံ ၅၀ တန် ထားဝယ် အထူးစီးပွားရေးဇုန်ပင် ဖြစ်သည်။ ထိုင်းနိုင်ငံပို့ဆောင်ရေး လမ်းကြောင်းများနှင့် မဟာဗျူဟာမြောက်ချိတ်ဆက်မည့် ယင်းစီမံကိန်းသည် ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်အတွက် အရေးပါသော ကြိုးပမ်းမှုတစ်ခုဖြစ်သည်။

ထိုင်းတို့ ပိုက်ဆံထုတ်မည့် စီမံကိန်းသည် လူပေါင်း ၃၀၀၀၀ ကျော်၊ မူလတန်းကျောင်း ၂၀ နှင့် ဘုန်းကြီးကျောင်းများစွာကို နေရာပျောက်အောင် ပြုလုပ်မည့် အန္တရာယ်ရှိသည်ဟု Transnational Institute ၏နောက်ဆုံးထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နေရာဖယ်ပေးရသူများအား တစ်လုံးတစ်ခဲတည်း လျော်ကြေးပေးခြင်းနှင့်အတူ ရွာသစ်များတည်ပေးသည်ဟု ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းက ပြောကြားထားသော်လည်း ဒေသခံများက သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြသည်။

မြေယာဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်များအရ မြန်မာနိုင်ငံတွင် မြေယာဈေးကွက်တစ်ခုဖန်တီးမည့် အစိုးရ၏ ဆောင်ရွက်ချက်များကြောင့် တစ်နိုင်တစ်ပိုင်လယ်သမားများ ဒုက္ခတွေ့ဖွယ်ရှိသည်ဟု Kevim Woods ကပြောကြားသည်။

Kevim Woods က“နိုင်ငံလူဦးရေရဲ့ ၇၀  ရာခိုင်နှုန်းရှိတဲ့ တစ်နိုင်တစ်ပိုင်လယ်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျောက်ကွယ် သွားနိုင်တဲ့ အနေအထားတစ်ခုကို ခင်ဗျားတို့ဖန်တီးလိုက်တာပါပဲ။ တိုးတက်ပြောင်းလဲတဲ့ ဥပဒေတွေအကြောင်းကို ကျွန်တော်တို့ပြောနေတဲ့အချိန်မှာ တိုင်းသူပြည်သားအများစုကြီး သက်မွေးဝမ်းကျောင်း၊ စားဝတ်နေရေးအတွက် တိုက်ရိုက်မှီခိုနေကြရတဲ့မြေတွေကို နိုင်ငံတော်ကရောင်းချပစ်နေ ပါတယ်”ဟု ပွင့်လင်းစွာဝေဖန်သည်။

မြေသိမ်းယူမှုများ ပြဿနာဖြစ်နေသော်လည်း ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် တိုးတက်မှုရှိနေပုံရသည်ဟု ပြောကြားသူမှာမူ အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ စီးပွားရေးပညာရှင် အယ်လဖရက်ဒိုဖါဒီဂွီရိုဖြစ်သည်။

“ဒီအနေအထား တိုးတက်လာစေမယ့် အကြောင်းရင်းတွေ အများကြီးရှိနေပါတယ်။ ပြည်သူတွေဟာ သူတို့ရဲ့အခွင့်အရေးတွေကို ပိုပြီးသိရှိ လာကြပြီဆိုတာကို ခင်ဗျားမြင်နိုင်ပါတယ်။ သတင်းမီဒီယာတွေကလည်း ပိုပြီးပွင့်လင်းလွတ်လပ်မှု ရှိလာပါပြီ။

ဒါကြောင့် မတရားသဖြင့် မြေသိမ်းယူမှုတွေ ရှိတယ်ဆိုရင် သတင်းမီဒီယာတွေက ထုတ်ဖော်ကြမှာပါ။ မြောက်ပိုင်းမှာ ထုံးစံထက် သိသိသာသာ ပိုပြီးလျော်ကြေးပေးခဲ့ရတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ဇာတ်လမ်းတွေကို ခင်ဗျားကြားမိမှာပါ”ဟု ဖါဒီဂွီရိုကဆိုသည်။

ယခု မြေပြဿနာသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရင်း၊ နိုင်ငံသားပြည်သူတို့ ကန့်ကွတ်မှုများကို ကော်မရှင်ဖွဲ့စည်းဖြေရှင်းရန် ကြိုးစားနေသည့် အစိုးရ၏စွမ်းရည်အပေါ် အဓိကစမ်းသပ်မှုတစ်ခုဖြစ်သည်ဟု အကဲခတ်လေ့လာသူများက မှတ်ချက်ပေးပြောဆိုထားသည်။

***************************************************************************************************************

ကြီးမားသော ပြိုင်ပွဲကြီး၌ ပါဝင်လာမည့် မြန်မာနိုင်ငံ၏နေရာ

(22 October 2012 ရက်စွဲပါ Wall Street Journal မှ Jan Storey ရေးသားသော The Great game, Burma edition ကို ဘာသာပြန်ဆိုသည်)

(Ian Storey သည် စင်္ကာပူရှိ Institute of Southeast Asian Studies မှ အကြီးတန်း ဖဲလိုး ဖြစ်သည်)

အိုဘားမား အစိုးရသည် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံသို့ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများကိုစေလွှတ်ခဲ့ပြီး၊ အာရှတွင် အမေရိကန်၏ အကြီးဆုံး စစ်လေ့ကျင့်ခန်းပြုလုပ်သည့်ပွဲသို့ မြန်မာနိုင်ငံမှ တာဝန်ရှိသူများအား လေ့လာသူအဖြစ် မကြာမီခွင့်ပြုရန် ရှိသည်။ မြန်မာနိုင်ငံမှ တဖြည်းဖြည်းချင်း လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် သမ္မတ Obama ၏ အာရှဗဟိုပြုရေး မဟာဗျူဟာကို လုပ်ဆောင်ရေး အတွက် ဝါရှင်တန်အား အခွင့်အလမ်းသစ်များပေးလျက်ရှိသည်ဟု နောက်ဆုံးပြသနေသည့် လက္ခဏာဖြစ်သည်။ တရုတ်သည် မကြာသေးမီကအထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးတွင် အသာစီးရထားလျက်ရှိရာ၊ ယခု စတင်ဖွံ့ဖြိုးလာသော အမေရိကန်နှင့် ဆက်ဆံရေးကို သံသယကြီးစွာ ရှုမြင်နေမည် ဖြစ်သည်။

စစ်တပ်ချင်းဆက်ဆံရေး ပြန်လည် လုပ်ဆောင်လာခြင်းသည် တစ်ချိန်က အပယ်ခံနိုင်ငံဖြစ်သော မြန်မာနိုင်ငံအား ကမ္ဘာ့အသိုင်းအဝိုင်းသို့ ပြန်လည် ခေါ်ဆောင်လာခြင်းအတွက်ကြိုဆိုရာတွင် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ၁၉၈၈ ခုနှစ်တွင်အစိုးရ ဆန့်ကျင်ရေးဆန္ဒပြမှုများကို မြန်မာစစ်အစိုးရက သွေးထွက်သံယိုနှိပ်ကွက်ခဲ့ခြင်းကြောင့် အရေးယူမှုအမျိုးမျိုးချမှတ်ခဲ့ရာ စစ်တပ်ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းခဲ့ခြင်းလည်း ပါဝင်သည်။

၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် စီးပွားရေး ပြန်လည်နလံထူလာရေးအတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာခြင်းကြောင့် အမေရိကန်သည် အရေးယူမှုများကို ဖြေလျော့ပေးခဲ့သည်။ အမေရိကန်တို့၏ အရေးယူမှုများ လုံးဝဖယ်ရှားရေးမှာမူ ရေရှည်လုပ်ငန်းစဉ် ဖြစ်သည်။ သို့သော် ဝါရှင်တန်သည် စီးပွားရေးအရ အရေးယူမှုများကို လုံးဝဖယ်ရှားနိုင်ရန် အခြေအနေများ သတ်မှတ်ပေးခဲ့ရာ စစ်မှန်သော နိုင်ငံရေးအရ ပြန်လည်ပေါင်းစည်းမှု ရရှိရေးနှင့် တိုင်းရင်းသားများနှင့် ပဋိပက္ခများ ချုပ်ငြိမ်းသွားရေးများ ပါဝင်သည်။

တစ်ချိန်တည်းမှာပင် ဆက်ဆံရေး ပုံမှန်ဖြစ်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနှင့် စစ်ရေးအရဆက်ဆံမှုများ ဖြတ်တောက် ရန်လိုကြောင်း အမေရိကန်ကပြောခဲ့သည်။ ကာကွယ်ရေးဆိုင်ရာ အပြည့်အဝဆက်ဆံရေးများ ပြန်လည်ရရှိရန်မှာမူ မြန်မာစစ်တပ်သည် နိုင်ငံရေးလောကမှ လုံးလုံးထွက်ခွာခြင်းနှင့် အရပ်သားထိန်းချုပ်မှုအောက်တွင် စစ်တပ်ပီသစေရန် အသွင်ပြောင်းနိုင်ရေးတို့အပေါ်တွင် မူတည်နေသည်။

အထက်ပါ အခက်အခဲများရှိနေသော်လည်း နှစ်နိုင်ငံစလုံးသည် ကာကွယ်ရေးဆိုင်ရာများတွင် ပိုမိုတိုးချဲ့ဆက်ဆံရန် ပြင်းပြသောဆန္ဒများ ရှိကြောင်း ပြသခဲ့ကြပြီးဖြစ်သည်။ ပြီးခဲ့သည့်အပတ်က တွေ့ဆုံဆွေးနွေးမှုများအရ မြန်မာနိုင်ငံနှင့် အမေရိကန်စစ်တပ်များသည် ၂၀၁၃ ခုနှစ်တွင် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကထက်စာလျှင် ပိုမိုထိတွေ့ဆက်ဆံမှုများရှိလာရန် အလားအလာများ ရှိနေသည်။ အနာဂါတ် ပူးပေါင်းဆောင်ရွက်မှုများသည် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကန့်သတ်ချက်များရှိနေသော်လည်း၊ နှစ်ဖက်စလုံးက အခွင့်အလမ်းများတိုးချဲ့လာရန် ရည်ရွယ် လျက်ရှိသည်။

အမေရိကန်က လုပ်ဆောင်မည့် ပထမဆုံးလုပ်ငန်းစဉ်မှာ ဒုတိယကမ္ဘာစစ်အတွင်းက ပျောက်ဆုံးခဲ့သော အမေရိကန်စစ်သားများနှင့် လေသူရဲများ ပြန်လည်ရှာဖွေရေး ဖြစ်သည်။ ယခင် စစ်ပွဲများအတွင်း ပျောက်ဆုံးခဲ့သော အမေရိကန်စစ်သားများ ပြန်လည်ရှာဖွေရေးနှင့် စစ်ဆေးရေး တာဝန်ယူထား သည့် ဟာဝိုင်ရီအခြေစိုက် စစ်သုံ့ပန်း၊ တာဝန်အတွင်း ပျောက်ဆုံးသူများရှာဖွေရေး ပူးတွဲစစ်တပ်(JPAC)၏အဆိုအရ မြန်မာနိုင်ငံတွင် မရှာဖွေရသေးသော အမှုပေါင်း ၇၀၀ ကျော်ရှိသည်ဟု သိရှိရသည်။ ဥပမာအားဖြင့် ဟိမဝန္တာတောကိုကျော်၍ တရုတ်ပြည်သို့ စ္စည်းပို့သော လေယာဉ်ပေါင်းများစွာ ပစ်ချခံခဲ့ ရခြင်းမျိုး ဖြစ်သည်။

၂၀၀၃-၂၀၀၄ တွင် JPAC အဖွဲ့များသည် မြန်မာနိုင်ငံတွင် နေရာဒါဇင် တော်တော်များများ၌ စုံစမ်မှုများ ပြုလုပ်ခဲ့သော်လည်း နှစ်နိုင်ငံကြား နိုင်ငံရေးအရ ဆက်ဆံရေးဆိုးရွားလာခြင်းကြောင့် ရုတ်သိမ်းသွားခဲ့သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းနေခဲ့ရာ ၂၀၁၁ ဒီဇင်ဘာလက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်စဉ် အဆိုပါရှာဖွေရေးများ ပြန်လည်လုပ်ဆောင်ရန် ပြောဆိုခဲ့ခြင်းကြောင့် ယခု ပြန်လည်စတင်ရန် ဖြစ်လာသည်။ ပြီးခဲ့သည့် သြဂုတ်လက မြန်မာစစ်တပ်အရာရှိများသည် နောက်ထပ် ဆွေးနွေးမှုများအတွက် ဟိုနိုလူလူသို့ လာရောက်ခဲ့ရာ ၂၀၁၃ တွင် JPAC အဖွဲ့များ မြန်မာနိုင်ငံသို့ပြန်လာနိုင်ရန် လမ်းခင်းပေးခဲံသည်။ ၁၉၈၀ ခုနှစ်များဆီက ပျောက်ဆုံးနေသော စစ်သားများ ရှာဖွေရေးသည် အမေရိကန်နှင့် ဗီယက်နမ်ကြားဆက်ဆံရေးကို နွေးထွေးစေခဲ့သကဲ့သို့ JPAC ၏ လှုပ်ရှားမှုများကလည်း အမေရိကန်-မြန်မာ ဆက်ဆံရေးအတွက် အုတ်မြစ်ချသကဲ့သို့ ဖြစ်လိမ့်မည် ဖြစ်သည်။

အမေရိကန်နှင့် မြန်မာစစ်တပ်များသည် အခြားနယ်ပယ်များတွင် လူသားချင်းစာနာသော ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ရန် လုပ်ဆောင်လျက် ရှိသည်။ လာမည့်နှစ်တွင် နှစ်နိုင်ငံစစ်တပ်သည် နိုင်ငံစုံလေ့ကျင့်မှုနှစ်ခုဖြစ်သော သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ လူသားချင်းစာနာသော အကူအညီကိုရှေးရှုသော ဘရူနိုင်းတွင်လေ့ကျင့်သင်ကြားမှုနှင့် အင်ဒိုနီးရှားတွင် အကြမ်းဖက်နှိမ်နင်းရေး လေ့ကျင့်သင်ကြားမှုများတွင် ပါဝင်ကြမည် ဖြစ်သည်။ အဆိုပါ လေ့ကျင့်သင်ကြားမှု အစီအစဉ်များသည် အာဆီယံ၏ကာကွယ်ရေး ဝန်ကြီးများ၏အစည်းအဝေး Plus ၏အစီအစဉ်အောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

စစ်တပ်အရာရှိများကြားတွင် ထိုသို့သော အပြန်အလှန်ဆက်ဆံရေးများသည် နှစ်ဦးနှစ်ဖက်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အလေ့အကျင့်များကို ဖွံ့ဖြိုးလာစေမည်ဖြစ်သည်။ အမေရိကန်နှင့် မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးများသည် လာမည့်နှစ် အောက်တိုဘာလတွင် တွေ့ဆုံရန် စီစဉ်ထားသည်။ ၂၀၁၃ နှစ်ဆန်းပိုင်းတွင် အမေရိကန်-ထိုင်း Cobra Gold စစ်ရေးလေ့ကျင့်မှုသို့ လေ့လာသူအဖြစ် မြန်မာနိုင်ငံကို ဖိတ်ကြားရန်ရှိသည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာစစ်တပ်မှအရာရှိများအနေဖြင့် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို လေးစားတန်ဖိုးထားရန် လုပ်ဆောင်ပေးပြီး မြန်မာစစ်တပ်အား ပို၍စစ်တပ်ပီသလာစေရန် ကူညီပေးလိုသည့် ဆန္ဒပြင်းပြလျက်ရှိသည်။ ထိုလုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် ပြီးခဲ့သည့်အပတ်က အမေရိကန်အရပ်ဖက်နှင့် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများသည် နေပြည်တော်တွင် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ၊ ထိုလုပ်ဆောင်မှုများသည် ရေရှည်လုပ်ငန်းစဉ်များဖြစ်ကြောင်း ဆိုခဲ့ကြသည်။ ထိုသို့ လုပ်ဆောင်နိုင်ရန် ဝါရှင်တန်သည် မြန်မာ စစ်အရာရှိများ အတွက် နိုင်ငံတကာ စစ်လေ့ကျင့်မှုနှင့် ပညာသင်ကြားရေး အစီအစဉ်များပြန်ပေးရန် လိုအပ်ပြီး၊ သို့မှသာ မြန်မာစစ်အရာရှိများ အမေရိကန် စစ်ရေး လေ့ကျင့်ရေးအဖွဲ့အစည်းများတွင် တက်ရောက်နိုင်မည် ဖြစ်သည်။

ထိုအရာများသည် အမေရိကန်-မြန်မာ ဆက်ဆံရေးတွင် များစွာအထောက်အကူပြုမည် ဖြစ်သည်။ သို့သော် အဆိုပါ တိုးတက်ဖြစ်ပေါ်မှုများသည် ဒေသတွင်း၌ သက်ရောက်မှုများ ရှိစေမည် ဖြစ်သည်။ တရုတ်၏တုန့်ပြန်မှုကိုလည်း အရေးတကြီး စောင့်ကြည့်ရန် လိုအပ်လှသည်။

အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် ရေတိုအားဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စများကြောင့် အကန့်အသတ်ရှိနေသော်လည်း Beijing ကိုမူစိတ်အနှောက်အယှက် ဖြစ်စေမည်ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း မြန်မာနိုင်ငံသည် တရုတ်အပေါ်ကုန်သွယ်ရေး၊ အကူအညီနှင့် လက်နက်ဝယ်ယူမှုများအပေါ် မှီခိုနေရမှုအပေါ် မြန်မာခေါင်းဆောင်များ စိတ်မသက်မသာ ခံစားလာရသည်။ မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် အဓိကမောင်းနှင်အားမှာ တရုတ်အပေါ် မှီခိုမှုလျော့ချရေး မဟုတ်ခဲ့သည့်တိုင် နိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးကို ချဲ့ထွင်လာခြင်းသည် တရုတ်၏နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှုနှင့် စီးပွားရေးအကျိုးစီးပွားကို အားနည်းသွားစေသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိလာစေသည်။

ထို့ကြောင့် တရုတ်သည် ၎င်း၏အကျိုးစီးပွားကိုကာကွယ်ရန်နှင့် မြှင့်တင်ရန် မြန်မာနိုင်ငံကို ၎င်း၏အဝန်းအဝိုင်း အတွင်း၌သာရှိနေစေပြီး၊ အမေရိကန်တို့၏ အရွေ့များကိုလည်း တန်ပြန်တွန်းကန်ရန် ကြိုးစားနေမည် ဖြစ်သည်။ Beijing သည် အမေရိကန်၏ ယခုစတင်သော ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို အမေရိကန်၏ သိမ်းသွင်းမှုအစိတ်အပိုင်းအဖြစ် ရှုမြင်မည်ဖြစ်သည်။ အမေရိကန်က မြန်မာနိုင်ငံအပေါ်တိုး၍ ဆက်ဆံလာခြင်းအပေါ် တရုတ်ကငြိမ်၍ လက်သင့်ခံနေလိမ့်မည်တော့ မဟုတ်ပေ။

ထို့ကြောင့် Beijingသည် မြန်မာနိုင်ငံတွင် ကာကွယ်ရေးနှင့်ဆိုင်သော ဒစ်ပလိုမေစီကို မည်သို့ခြေလှမ်းလာမည်ဆိုသည်ကို မျှော်လင့် ထားသင့် သည်။ မကြာသေးခင်ကအထိ အပယ်ခံနိုင်ငံတစ်ခုဖြစ်ခဲ့သော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အရေးပါဆုံးနိုင်ငံအဖြစ် ပါဝင်ခွင့်ရရေး အမေရိကန်နှင့် တရုတ်တို့၏ပြိုင်ဆိုင်မှုတွင် အရေးပါသောနေရာတွင် ရှိလာတော့မည် ဖြစ်သည်။

 

*********************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment