Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၃၀.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာ့စီးပွားရေးဝန်းကျင်ကို အာဆီယံစီးပွားရေးလုပ်ငန်းရှင်ကြီးများ လေ့လာမည်

(Asian News Network မှ 27 Nov 2012 ရက်စွဲပါ Asean businessmen to study Myanmar's business environment ကိုဘာသာပြန်ဆိုသည်)

  1. Jaguar Land Rover မြန်မာနိုင်ငံတွင် စက်ရှိန်မြှင့်

(Business Times မှ 30 Nov 2012 ရက်စွဲပါ “Jaguar Land Rover revving in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကြေးနီမိုင်း ဆန္ဒပြသူများကို ရဲကနှိမ်နင်းမှုကြောင့် လူ ၅၀ ခန့်ဒဏ်ရာရ

(Reuters မှ 29 Nov 2012 ရက်စွဲပါ “50 Hurt as Police try to suppress Myanmar protest” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာ့စီးပွားရေးဝန်းကျင်ကို အာဆီယံစီးပွားရေးလုပ်ငန်းရှင်ကြီးများ လေ့လာမည်

(Asian News Network မှ 27 Nov 2012 ရက်စွဲပါ Asean businessmen to study Myanmar's business environment ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် Asia Inc Forum က ကြီးမှူးကျင်းပမည့် ကွန်ဖရင့်သည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို အဓိကထား ဆွေးနွေးမည့် ဆွေးနွေးပွဲကြီးဖြစ်ကြောင်း ယင်းကွန်ဖရင့်ဖြစ်မြောက်ရေးလုပ်ကိုင်သူ Timothy Ong ကပြောကြားသည်။

ယခုနှစ်အတွက် အာဆီယံ ၁၀၀ ခေါင်းဆောင်မှုဖိုရမ် - Asean 100 Leadership Forum ကို ရန်ကုန်မြို့ရှိ၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကာ စီးပွားရေးအခွင့်အလမ်းများကို အဓိကအသားပေး ဆွေးနွေးမည်ဖြစ်သည်ဟု ၎င်းက ဘရူနိုင်းသတင်းစာ တစ်စောင်ဖြစ်သော The Brunei Times သို့ ပြောကြားသည်။

"မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်လာတဲ့အနေအထားကနေ လွတ်ထွက်လာပြီ ဖြစ်ပါတယ်။ ခင်ဗျားတို့အားလုံး မြင်တွေ့ရတဲ့ အတိုင်းပဲ တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံကို အာရုံစိုက် အလေးပေးနေကြပါတယ်။ အဲဒီအတွက်ကြောင့် အာဆီယံ ၁၀၀ ဖိုရမ်ကို မြန်မာနိုင်ငံမှာကျင်းပပြီး စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေက ဘာလဲဆိုတာကို ပထမဆုံးနားထောင်စေချင်တာပါ"ဟု Timothy Ong ကရှင်းပြသည်။

"မြန်မာနိုင်ငံဟာ ကြီးမားတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဘရူနိုင်းရဲ့စံချိန်နဲ့ ပြောမယ်ဆိုရင် အင်မတန်ကြီးမားပါတယ်။ လူဦးရေက သန်း ၆၀ လောက် ရှိတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက် နောက်ကျကျန်ရစ်နေပါတယ်"ဟု ၎င်းက မှတ်ချက်ပေး ပြောဆိုသည်။

ယခုအခါ မြန်မာနိုင်ငံရှိ စီးပွားရေးဝန်းကျင်ကို ပထမဦးစွာ လေ့လာဆန်းစစ်မှုမပြုဘဲ မြန်မာသို့အလောတကြီး မသွားကြရန် စီးပွားရေး လုပ်ငန်းရှင်ကြီးများအား အကြံပေး တိုက်တွန်းထားသည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်မည်ဆိုပါက စရိတ်စကအနည်းငယ်မျှသာ ကုန်ကျနိုင်ဖွယ်ရှိကြောင်း၊ သို့သော်လည်း အရာရာမှာ စတင် ပြောင်းလဲနေသည်ဟူသော အချက်ကို သတိပြုရမည်ဖြစ်ကြောင်း ပြောဆိုသည်။

အကယ်၍သာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဆက်တိုက်ဝင်ရောက်သွားမည်ဆိုပါက မြန်မာ့စီးပွားရေးတိုးတက်မှုမှာ အရှိန်မြင့်တက် လာမည်သာဖြစ်သည်ဟု ၎င်းကပြောကြားသည်။

မြန်မာ့စီးပွားရေး လောကထဲသို့ ဝင်ရောက်မှု မပြုရသေးသူများအနေဖြင့် မြန်မာနိုင်ငံကို စိတ်ဝင်စားကြမည်သာ ဖြစ်သည်ဟုဆိုသည်။

"မြန်မာဇာတ်ထုတ်ဟာ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ လူသားဇာတ်လမ်းတစ်ပုဒ် ဖြစ်နေမယ်လို့ထင်ပါတယ်"ဟု မြန်မာနိုင်ငံသို့ တစ်နှစ် အတွင်း ငါးကြိမ်သွားရောက်ခဲ့ဖူးသူ Timothy Ong ကပြောသည်။ အာဆီယံ ၁၀၀ သည် ပေါင်းစပ်မှုရှိသော လူ့အသိုင်းအဝိုင်းဖြစ်မြောက်ရေးနှင့် ပတ်သက်သော တိုးတက်ဖြစ်ထွန်းမှုများကို ဆွေးနွေးမည်ဖြစ်သည်။

ယခုနှစ်အတွက် Asia Inc Forum အနေဖြင့် ကြုံတွေ့ရသော စိန်ခေါ်မှုများအနက် အခြေခံအဆောက်အဦးဆိုင်ရာ ကိစ္စလည်းပါဝင်သည်ဟု ၎င်းက ပြောကြားသည်။

"ဒါပေမဲ့ ကောင်းတာတွေလည်းရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူတွေဟာ အင်မတန်နွေးထွေးပြီး အကူအညီပေးကြလို့ပါ။ မြန်မာ နိုင်ငံဟာ အမျိုးသမီးတွေအတွက် အင်မတန်လုံခြုံမှုရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ"ပာု ၎င်းက ဆက်လက်ဆိုသည်။

ယခုနှစ် အာဆီယံ ၁၀၀ ဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည် စကားပြောဆိုမည့်ကိစ္စမှာ စိတ်ဝင်စားစရာကောင်းမည် ဖြစ်သည်။ "သူဟာ ထူးခြားတဲ့ အမျိုးသမီး တစ်ဦးဖြစ်ပြီး စကားပြောလည်း အင်မတန်ကောင်းမွန်ပါတယ်"ပာု  ၎င်းကပြောသည်။

ထို့ပြင် မြန်မာသမ္မတ ဦးသိန်းစိန်လည်း မိန့်ခွန်းပြောကြားမည် ဖြစ်သည်ဟုဆိုသည်။ "တွေးခေါ်စဉ်းစားမှုတွေနဲ့ ဆွေးနွေးမှုတွေကို အာဆီယံ ၁၀၀ က နှိုးဆွပေးမှာဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

အာဆီယံ ၁၀၀ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၅ ရက်နှင့် ၆ ရက်တို့တွင် ကျင်းပရန်စီစဉ်ထားသည်။

                                                         ***********************************************

 Jaguar Land Rover မြန်မာနိုင်ငံတွင် စက်ရှိန်မြှင့်

(Business Times မှ 30 Nov 2012 ရက်စွဲပါ “Jaguar Land Rover revving in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

ပြီးခဲ့သောနှစ်အတွင်း တံခါးဖွင့်လာသော မြန်မာနိုင်ငံထဲသို့ လင့်ရိုဗာ Land Rover ကားစီးရေ ရာဂဏန်းမျှ ဝင်ရောက်လာခဲ့သည်။ ယခုအခါ Jaguar Land Rover ၏အရှေ့တောင်အာရှ စီးပွားဖက်ကုမ္ပဏီက မြန်မာနိုင်ငံဈေးကွက်ထဲသို့ ပထမဆုံးအကြိမ်တရားဝင် ထိုးဖောက်ရန် မြေစမ်းခရမ်း ပျိုးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံမှ အလားအလာကောင်းသော လက်တွဲဖက်ကုမ္ပဏီ ၃ ခုခန့်နှင့် လတ်တလောဆွေးနွေးမှုများ ပြုလုပ်နေပြီး တရားဝင်ရောင်းချမှုများကို ၂၀၁၃ တွင် စတင်နိုင်ဖွယ်ရှိသည်ဟု ၂၉ ကြိမ်မြောက် Thailand Motor International စီအီးအိုဒေးလ်ဂျုံးက ရိုက်တာသို့ပြောကြားခဲ့သည်။

“ကုမ္ပဏီကို ဘယ်လိုထောင်မလဲ ဘယ်နည်းလမ်းနဲ့ ယှဉ်ပြိုင်မလဲဆိုတာကိုနားလည်ဖို့ လူတိုင်းကြိုးစားနေကြပါတယ်။ ဈေးကွက်က မြန်မြန် ဆန်ဆန်ပြောင်းလဲနေတယ်။ အဲဒီမှာ မူဝါဒအသစ်တွေလည်း အများကြီးပဲ။ ဒါကို အကောင်းဆုံးအခွင့်အလမ်းလို့ ကျွန်တော်တို့ ရှုမြင်ထားပါတယ်။” ဟု မစ္စတာဂျုံးက ပြောကြားသည်။

Jaguar Land Rover ကို Tata Motors Ltd ကပိုင်ဆိုင်ထားသည်။ နှစ်ပေါင်းငါးဆယ် တံခါးပိတ်ထားခဲ့သော မြန်မာနိုင်ငံတွင် မနှစ်က တပ်မတော်အစိုးရ အာဏာစွန့်သွားပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲမှုများ တသီတတန်း ပြုလုပ်လျှက်ရှိသည်။ အနောက်အုပ်စု Sanctions များရုတ်သိမ်း ပေးနေခြင်း အာရှစီးပွားရေးအင်အားကြီး တရုတ်နှင့်အိန္ဒိယအကြားတွင် မဟာဗျူဟာမြောက် တည်ရှိခြင်းတို့ကြောင့် ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံတကာ ကုမ္ပဏီများ မျက်စိကျရာ ဈေးကွက်သစ်တစ်ခု ဖြစ်လာသည်။

ဥရောပ၊ အာရှ၊ အာဖရိကတစ်လွှား နိုင်ငံပေါင်း ၆၀ ကျော်တွင် Jaguar Land Rover ရောင်းချမှုနှင့် ဝန်ဆောင်မှုများ လုပ်ကိုင်နေသော Guava International က ယခုနှစ် ထိုင်းနိုင်ငံ ကားရောင်းချမှုနယ်ပယ်တွင် ဇိမ်ခံကားများ အဓိကတိုးတက်လာသည်ကို တွေ့ရှိထားသည်။

အာဆီယံဈေးကွက်တွေ အားလုံးမှာ ကုန်သွယ်ရေးအတားအဆီးတွေ ဖယ်ရှားလိုက်တဲ့အချိန်မှာ Jaguar Land Rover အနေနဲ့ ထုတ်လုပ်နိုင်စွမ်း ရှိမယ်ဆိုရင် တစ်ခုထဲ ပေါင်းစည်းကျယ်ပြန့်လာမယ့် ဈေးကွက်ရဲ့အားသာချက်တွေကို ရရှိနိုင်ဖို့မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။

                                       ***********************************************

ကြေးနီမိုင်း ဆန္ဒပြသူများကို ရဲကနှိမ်နင်းမှုကြောင့် လူ ၅၀ ခန့်ဒဏ်ရာရ

(Reuters မှ 29 Nov 2012 ရက်စွဲပါ “50 Hurt as Police try to suppress Myanmar protest” သတင်းကို ဘာသာပြန်ဆိုသည်)

အင်အားကြီး မြန်မာစစ်တပ်ကုမ္ပဏီနှင့် ယင်း၏စီးပွားဖက် တရုတ်လက်နက်ကုမ္ပဏီခွဲတို့ ဖက်စပ်လုပ်ကိုင်နေသော အကြီးစားကြေးနီမိုင်း စီမံကိန်းအပေါ် ၃ လကြာ ကန့်ကွက်ဆန္ဒပြနေမှုကို မြန်မာအဓိကရုဏ်းရဲတပ်ဖွဲ့က နှိမ်နင်းရာတွင် မီးသတ်ပိုက်နှင့် မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့သည်။

ဆန္ဒပြစခန်းများအတွင်းသို့ ရဲများက မီးခိုးဗုံးများ ပစ်သွင်းခဲ့ခြင်းကြောင့် အချို့မှာ အရေပြားလောင်ကျွမ်းမှုဝေဒနာကို ခံစားနေကြရပြီး အနည်းဆုံး လူငါးဆယ်ခန့် ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံသို့ ၂၃ ဦး ရောက်ရှိသွားသည်ဟု ဆန္ဒပြလှုပ်ရှားသူများက ပြောကြားသည်။ ရဲတပ်ဖွဲ့က ပစ်သွင်းခဲ့သော ဗုံးများဖြစ်သည်ဟု မီဒီယာကဆိုပါသည်။

နှစ်ပေါင်းများစွာ အာဏာရှင်ဖိနှိပ်ချုပ်ချယ်မှုအပြီး ဇူလိုင်လမှစ၍ ဆန္ဒပြမှုဆိုင်ရာဥပဒေများ ဖြေလျှော့ပေးခြင်းအပါအဝင် မြန်မာနိုင်ငံ၏ လွတ်လပ်ခွင့်အသစ်များကို ဆန္ဒပြသူများက လက်တွေ့အသုံးပြုလာကြခြင်းကြောင့် ယခု မုံရွာကြေးနီမိုင်းကိစ္စသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုအပေါ် စမ်းသပ်မှုတစ်ခု ဖြစ်လာပါသည်။ ထို့အပြင် မကြာသေးမီက နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံတစ်လွှား နယ်ချဲ့လာခဲ့သော တရုတ်ကုမ္ပဏီများအပေါ် မကျေနပ်မှုများ ကြီးထွားလာခြင်းကိုလည်း ပြသနေသည်။

အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသရှိ ဒေါ်လာတစ်ဘီလျံတန် ကြေးနီမိုင်းနောက်တိုး စီမံကိန်းအနီးတွင် ကန့်ကွက်ဆန္ဒပြနေသူများ၏ ဆန္ဒပြသပိတ်စခန်း ၆ ခုသို့ ထရပ်ကားများဖြင့် ရဲများရောက်ရှိလာခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။ ယင်းစီမံကိန်းအတွက် လယ်ဧက ၅၀၀၀ ကျော်ကို မတရားသိမ်းဆည်းခဲ့သည်ဟု ဒေသခံများကဆိုသည်။

မနက်လင်းအားကြီး ၃ နာရီခန့်တွင် ရဲတပ်ဖွဲ့က မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး မီးခိုးဗုံးများကြောင့် သပိတ်စခန်း မီးလောင်သွားခဲ့သည်ဟု ဆန္ဒပြရွာသားများကို ကူညီပေးနေသော ဘုန်းကြီးဦးဥတ္တမက ဖုန်းမှတဆင့် ပြောကြားသည်။

ရဲများက ဆန္ဒပြလူအုပ်ထဲသို့ မီးလောင်ဗုံးများ ပစ်သွင်းခြင်းကြောင့် သံဃာတော် ၂၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗုံးထဲမှအရည်များက အဝတ်အစားနှင့် အရေပြားကို စွန်းပေသွားသောကြောင့် သင်္ကန်းများကိုချွတ်ရန် ခါချချိန်တွင် မီးစလောင်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလှုပ်ရှားသူ ဦးမျိုးသန့် ပြောကြားပါသည်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဠေးက  “ဆန္ဒပြသူများကို လူစုခွဲရန် ရဲများကမီးသတ်ပိုက်၊ မျက်ရည်ယိုဓါတ်ငွေ့နှင့် မီးခိုးဗုံးများကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ပြီး ၊ မည်သည့် ဓါတုလက်နက်ကိုမျှ သုံးစွဲခဲ့ခြင်း မရှိပါ”ဟု တုန့်ပြန်ရှင်းလင်းထားသည်။

လယ်မြေသိမ်းဆည်းမှုများသည် မြန်မာနိုင်ငံတွင် ကြီးထွားလာသော ပြဿနာတစ်ရပ် ဖြစ်နေသည်။ မနှစ်ကအထိ အာဏာသိမ်းယူထားခဲ့သော မြန်မာတပ်မတော် အစိုးရလက်ထက်တွင် ဆန္ဒပြမှုများကို အကြမ်းပတမ်းနှိမ်နင်းခဲ့သော်လည်း နောက်တက်လာသော သမ္မတဦးသိန်းစိန်အစိုးရက ဆန္ဒပြခွင့်ပေးခြင်းအပါအဝင် ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးလာခဲ့ခြင်းကြောင့် လူထုဆန္ဒပြသမှုများ ပိုမိုထွက်ပေါ်လာခဲ့သည်။

လန်ဒန်အခြေစိုက် Burma Campaign UK မှ မတ်ဖက်မင်နာ က “ဒီဖြစ်ရပ်ဟာ မြန်မာ့ပြုပြင်ပြောင်းလဲမှုရဲ့ အတွင်းသရုပ်မှန် သာဓကပါပဲ။ ဆန္ဒပြခွင့်ဥပဒေသစ်ကို အဓိကပြောင်းလဲမှုလို့ ဂုဏ်ပြုနေကြပေမယ့် မြန်မာနိုင်ငံမှာလွတ်လပ်စွာ ဆန္ဒပြခွင့်မရှိသေးဘူးဆိုတာ ထင်ရှားနေပါတယ်”ဟု ဝေဖန်လိုက်ပါသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ဖက်အကြား စေ့စပ်ညှိနှိုင်းပေးရန် ကမ်းလှမ်းထားသည်။ ကြေးနီမိုင်းအတွင်းတွင် လူ ၁၀,၀၀၀ ခန့်ကို မိန့်ခွန်းပြောကြားရာတွင် သူမက “ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံပြီးဖြစ်ကြောင်း၊ စီမံကိန်းကို ကန့်ကွက်သူများ၊ သက်ဆိုင်ရာ ရွာသားများနှင့်လည်း တွေ့ဆုံလိုကြောင်း နှစ်ဖက်အုပ်စုအကြား စေ့စပ်ပေးလိုကြောင်း စိတ်ရှည်သည်းခံ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြည်သူများကို တိုက်တွန်းလိုကြောင်း” ပြောဆိုသွားခဲ့သည်။

**********************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment