Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၆.၁၂.၂၀၁၂

ပြည်တွင်းသတင်း

  1. အများပိုင်ကော်ပိုရေးရှင်းမှ ပေါ်ဆန်းစပါး နှစ်သိန်းခန့် ပေါက်ဈေးအတိုင်း ဝယ်ယူမည်
  2. စီမံကိန်းကြီးအချို့တွင် မှားယွင်းလုပ်ဆောင်မှုများရှိနေသည့်အတွက် ပြန်လည်စိစစ်တော့မည်

နိုင်ငံရေးသတင်း

  1. အသေးစားနှင့်အလတ်စားလုပ်ငန်း ရှင်များအတွက် ဥပဒေရေးဆွဲ
  2. သံဃာ့အထွေထွေသပိတ် ပြုလုပ်မည့်သတင်းများထွက်ပေါ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

အများပိုင်ကော်ပိုရေးရှင်းမှ ပေါ်ဆန်းစပါး နှစ်သိန်းခန့် ပေါက်ဈေးအတိုင်း ဝယ်ယူမည်

မြန်မာနိုင်ငံအတွင်းမှထွက်ရှိသည့်ဆန်များအား တရုတ်နိုင်ငံမှတင်ပို့ခွင့်ပိတ်ပင်ထားမှုကြောင့် လက်ရှိအချိန်တွင် ပြည်တွင်းဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိသည့်အတွက် တောင်သူများအဆင်ပြေနိုင်စေရန် အများပိုင်ကော်ပိုရေးရှင်းမှ ပေါ်ဆန်းစပါး တန်ချိန်နှစ်သိန်းခန့်ကို ပေါက်ဈေးအတိုင်း ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်၏အရန်ဆန်ဝယ်ယူမှုမှာ ဆန်ကြမ်းများကိုသာဝယ်ယူပြီး ဆန်ချောဖြစ်သည့် ပေါ်ဆန်းဆန်အား ဝယ်ယူမှုနည်းပါး သည့်အတွက် ဆန်ချောဝယ်လိုအားကျဆင်းလျက်ရှိပြီး ပေါ်ဆန်းဈေးနှုန်းများမှာ ဆန်ကြမ်းဈေးနှုန်းအောက်ထိသို့ပင် ကျဆင်းနေသည့်အတွက် ဈေးနှုန်း ဆက်လက်ကျဆင်းမှု မရှိနိုင်စေရန်နှင့် ပေါက်ဈေးထိန်းထားနိုင်စေရန် ယခုကဲ့သို့ ဝယ်ယူခြင်းဖြစ်ကြောင်း အများပိုင်ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အများပိုင်ကော်ပိုရေးရှင်းအနေဖြင့် ပေါက်ဈေးအတိုင်း စပါးဝယ်ယူနိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ဆန်စပါးအဓိကထွက်ရှိရာဒေသများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့တွင် နိုဝင်ဘာလအတွင်း ရာသီဥတုဖောက်ပြန်၍ မိုးရွာသွန်းမှုများကြောင့် စပါးပမာဏများစွာ ပျက်ဆီးဆုံးရှုံးခဲ့ရသည့်အတွက် တောင်သူအများ စုမှာ အခက်အခဲအကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း၊ ထိုသို့သောကိစ္စရပ်များဖြစ်ပေါ်ခဲ့သည့်အတွက် မြန်မာနိုင်ငံတော်သူလယ်သမားအသင်းမှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အရေးပေါ်အစည်းအဝေးခေါ်ယူကာ နိုင်ငံတော်မှအကူအညီပေးနိုင်ရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ဆန်စက်၊ အခြောက်ခံစက်၊ ပေါင်းစက်များပါဝင်သည့် ဆန်အထူးပြုစက်ရုံကြီး(၇)ခုအား ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် ၂၀၁၃ ခုနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

----------------------------------------------------------------------------------------------------------------

စီမံကိန်းကြီးအချို့တွင် မှားယွင်းလုပ်ဆောင်မှုများရှိနေသည့်အတွက် ပြန်လည်စိစစ်တော့မည်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုပေးထားသည့် အချို့စီမံကိန်းများတွင် မှားယွင်းလုပ်ဆောင်မှုများရှိနေသည့်အတွက် နိုင်ငံတော် အဆင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ပြန်လည်စိစစ်တော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် တရုတ်နိုင်ငံကုမ္ပဏီများက လာရောက်ရင်းနှီးမြှုပ်နှံသော ရွှေသဘာဝ ဓာတ်ငွေ့နှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြီးများနှင့် အချို့စီမံကိန်းများတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်း စသည့်ကိစ္စရပ်များအပေါ် အခြေခံ၍ ပြဿနာများပေါ်ပေါက်လာခဲ့သည့်အတွက် ယခုကဲ့သို့ ပြန်လည်စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်းကြီးများတွင် ပွင့်လင်းမြင်သာမှုမရှိသည့်စီမံကိန်းများကြောင့် နိုင်ငံအတွက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် လူမှုစီးပွား ထိခိုက်မှုများ၊ ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် မြန်မာ့လူ့ဂုဏ်သိက္ခာ ထိခိုက်မှုများဖြစ်ပေါ်လာနိုင်သည့်အတွက် အမျိုးသားလှုပ်ရှားမှုကော်မတီမှ အချက် လေးချက်ပါသော ထုတ်ပြန်ချက် တစ်ရပ်ကို တရုတ်သံရုံးသို့ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းအချက်လေးချက်တွင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရှိ စီးပွားရေးကော်ပိုရေးရှင်းများမှ လာရောင်ရင်းနှီးမြှုပ်နှံကြသော စီမံကိန်းကြီး များတွင် သဘာဝအရင်းအမြစ်ရယူရေးဆိုင်ရာလုပ်ငန်းများ၌ ပွင့်လင်းမြင်သာမှုရှိစွာ တာဝန်ခံ၊ တာဝန်ယူမှုရှိစေရန်၊ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံကူမင်းသို့ သွယ်တန်းထားသော သဘာဝဓာတ်ငွေ့သွယ်တန်းမှုများအားရပ်ဆိုင်းရန်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတည်ဆောက်နေမှုများကို ရပ်ဆိုင်း ပေးရန်နှင့် မြန်မာတိုင်းရင်းသားပြည်သူများအား ဂုဏ်သိက္ခာရှိစွာ ဆက်ဆံရန်တို့ ပါဝင်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတော်အဆင့်စီမံကိန်းကြီးများတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ၊ လူမှုစီးပွားထိခိုက်မှုများ ပေါ်ပေါက်ခဲ့သည့်အတွက် ပြည်သူလူထုမှ ဆန္ဒဖော်ထုတ်မှုများ၊ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

****************************************************************************************

နိုင်ငံရေးသတင်း

 အသေးစားနှင့်အလတ်စားလုပ်ငန်း ရှင်များအတွက် ဥပဒေရေးဆွဲ

ပြည်ပမှရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာပါက ပြည်တွင်းရှိအသေးစားနှင့် အလတ်စားလုပ်ငန်းများယှဉ်ပြိုင်နိုင်ရန်အတွက် ဥပဒေတစ်ရပ်ကို ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ်ရေးဆွဲနိုင်ရန် စီစဉ်လျှက်ရှိကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌဦးဝင်းအောင်မှ ပြောကြားသွားသည်။

အာဆီယံလွတ်လပ်စွာကုန်သွယ်ရေးဒေသ (AFTA) ကို မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင်ဝင်ရောက် ရမည် ဖြစ်သည့်အတွက် ပြည်တွင်းရှိ အလတ်စားနှင့်အသေးစားလုပ်ငန်းများကို ကာကွယ်နိုင်ရန်အတွက် ဥပဒေတစ်ရပ်လိုအပ်လျှက်ရှိကြောင်းသိရသည်။

အဆိုပါဥပဒေရေးဆွဲနိုင်ရန်အတွက် လိုအပ်သောအချက်အလက်များကို လုပ်ငန်းရှင်များထံမှ လိုက်လံစုဆောင်းနေကြောင်းနှင့် လွှတ်တော်တွင် လည်း ပြဌာန်းပြီး အတည်ပြုရန် ကျန်နေသောဥပဒေများရှိသည့်အတွက် ၂၀၁၃ ခုနှစ်မှသာ ရေးဆွဲပြဋ္ဌာန်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

ပြည်တွင်းရှိအသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များအတွက် ယခုအချိန်တွင်အဓိကလိုအပ်ချက်မှာ လုပ်ငန်းဆိုင်ရာနည်းပညာများနှင့် ငွေကြေး ဆိုင်ရာအရင်းအနှီးများဖြစ်ကြောင်းသိရသည်။ မြန်မာတပြည်လုံးတွင် အကြီးစားစက်မှုလုပ်ငန်းများမှာ ၃ ရာခိုင်နှုန်းခန့်သာရှိပြီး၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများမှာ ၉၇ ရာခိုင်နှုန်းရှိကြောင်း စက်မှုအသင်း၏စစ်တမ်းများအရသိရသည်။

YC

--------------------------------------------------------------------------------------------------

သံဃာ့အထွေထွေသပိတ် ပြုလုပ်မည့်သတင်းများထွက်ပေါ်

လက်ပံတောင်းတောင်စီမံကိန်းရပ်စဲရေးအတွက် ဆန္ဒပြနေသော ပြည်သူနှင့်သံဃာတော်များအပေါ် သက်ဆိုင်ရာအာဏာပိုင်များမှ အင်အားသုံး ဖြေရှင်းမှုကိုမကျေနပ်၍ မန္တလေးမှသံဃာများဦဆောင်ပြီးတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာအထွေထွေသပိတ်ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ပြုလုပ်ခြင်းသည် ရှစ်လေးလုံးအရေးတော်ပုံကဲ့သို့ဖြစ်သွားနိုင်ပြီး ထိုကိစ္စကို မန္တလေးမှသံဃာတော်များဦးဆောင်ပြီး ပါဝင်မည်ဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် ဦးဇင်းတို့အနေဖြင့်မသိရသေးကြောင်း၊ ဆူပူမှုများပြုလုပ်ဖြင့် နိုင်ငံ၏ဒီမိုကရေစီလမ်းကြောင်းမှ နောက်ကြောင်း ပြန်လှည့် သွားနိုင်ကြောင်း၊ ဦးဇင်းတို့အနေဖြင့် သမိုင်းတွင်တရားခံများဖြစ်သွားမှာ မလိုလားကြောင်းကို မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်အရှင် ဝီရသူ၏ ပြောကြားချက်များအရသိရသည်။

ဒီမိုကရေစီနိုင်ငံများတွင် တောင်းဆိုဆန္ဒပြခြင်းသည် လိုအပ်သော်လည်း ဆန္ဒပြခြင်းများဖြင့် ပြသနာများကို ဖြေရှင်း၍မရနိုင်ကြောင်၊ ထိုသို့ပြုလုပ်ခြင်းဖြင့် အုပ်ချုပ်ရေးယန္တရားများပျက်ပြယ်သွားလျှင် တပ်မတော်မှ အာဏာသိမ်းမှုများဖြစ်လာနိုင်ကြောင်း၊ မကျေနပ်၍ အုံကြွပြီးဆန္ဒပြ၊ ဆန္ဒပြသဖြင့် ဖိနှိပ်သောအစိုးရပေါ်လာ စသည်ဖြင့် အဆိုးသံသယာထဲမှ ရုန်းထွက်နိုင်မည်မဟုတ်သဖြင့်ဆန္ဒပြသူများအနေဖြင့် အဆိုပါ အခြေအနေ များကို စဉ်းထားသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဖြိုးမင်းသိမ်းက အထွေထွေသပိတ်ပြုလုပ်မည့်သတင်းများထွက်ပေါ်လာသည့်အပေါ် သုံးသပ်တင်ပြထားကြောင်းသိရသည်။

မန္တလေးမှသံဃာတော်များဦးဆောင်ပြီး ဒီဇင်ဘာလ ၈ ရက်နေ့တွင်တနိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာအထွေထွေသပိတ်ပြုလုပ်မည် ဖြစ်ကြောင်းကို ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက အင်တာနက်စာမျက်နှာများပေါ်တွင်ပျံ့နှံ့နေသည်။

YC

****************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီလိုဆန္ဒသဘောထားကောက်ခံတာမျိုးကို KIO ကလုပ်လေ့လုပ်ထရှိတယ်။ ပြည်သူတွေရဲ့အမြင်တွေ၊ ဆန္ဒတွေကို ကောက်ခံပြီးနိုင်ငံရေးဆွေးနွေးတော့ အကျိုးရှိမယ်ထင်ပါတယ်။ ပြည်သူတွေကလည်း ဒီစစ်ကြီးကို ဘယ်လောက်မုန်းနေတယ်ဆိုတာ သိနိုင်ပါတယ်။ လက်ရှိ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ စစ်ဖြစ်နေတာ ဘယ်လိုမှ ထိန်းလို့မရသေးဘူး။ အရင် စစ်အစိုးရ လက်ထက်မှာတောင် စစ်ကမဖြစ်ခဲ့ဘူး။ အခုဆိုရင် ကချင်ပြည်နယ်မှာ စစ်ဖြစ်နေတာ တနှစ်ကျော်ကြာနေပြီ။”

ဒီဇင်ဘာ ၈ ရက်နေ့ထုတ် UNITY Journal အတွဲ (၁) အမှတ် (၃၇) တွင်ပါရှိသော “ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ကချင်ပြည်သူများ၏ ဆန္ဒကောက်ခံခြင်းက နှစ်ဖက်စလုံးအတွက် အကျိုးရှိနိုင်” သတင်းမှ ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကိုမရန်ဂျော်ဂွမ်း ၏ပြောကြားချက်အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------

“စစ်တပ်အုပ်ချုပ်တဲ့နိုင်ငံဖြစ်ခြင်းနဲ့က ဒီမိုကရေစီအောင်မြင်ဖို့အတွက် ကျွန်တော်တို့နိုင်ငံက အခြားနိုင်ငံထက် နှစ်ဆလောက်ပိုအားနည်းပါတယ်။ အခုအချိန်က ပြောင်းလဲမှုလို့ မထင်သေးဘူး။ ဘာလို့လဲဆိုတော့ ပြောင်းလဲမှုဖြစ်ဖို့ အနိမ့်ဆုံးအဆင့်က ရွေးကောက်ပွဲမှာ ပါဝင်ဖို့တဲ့။ ဒီမှာပါဝင်တဲ့ သူတွေက လူထုဆန္ဒနဲ့ ကိုက်ညီမှုရှိရမယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲရဲ့ အားနည်းချက်ကြောင့် အဲဒီကတက်လာတဲ့ အစိုးရက ပြုပြင်ပြောင်းလဲမှုလို့ ပြောလို့ရတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ လုပ်ရမှာက ၂၀၁၅ မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတစ်ခု လုပ်နိုင်ဖို့ပါ။ အဲဒါလုပ်နိုင်ရင် ပြောင်းလဲမှုဖြစ်ပြီး ဒီမိုကရေစီရင့်သန်မှု အဆင့်တဆင့် ရနိုင်မယ်။ ဒီမိုကရေစီ လုံးဝရင့်မာဖို့က ကျွန်တော်တို့မြေးတွေရဲ့အလုပ်လို့ သတ်မှတ်လိုက်ပါ။”

ဒီဇင်ဘာ ၈ ရက်နေ့ထုတ် UNITY Journal အတွဲ (၁) အမှတ် (၃၇) တွင်ပါရှိသော “မြန်မာနိုင်ငံဒီမိုကရေစီ နောက်ပြန်လှည့်ရန်အတွက် ငါးဆယ်ရာခိုင်နှုန်းရှိဟုဆို” သတင်းမှ ဒေါက်တာမင်းဇော်ဦး ၏ပြောကြားချက်အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------

“မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ ဆက်ထိန်းထားနိုင်ဖို့ သန့်ရှင်းပြီး ထိရောက်တဲ့၊ ယုံကြည်ရတဲ့ အစိုးရအုပ်ချုပ်မှု စနစ် လိုအပ်တယ်ဆိုတာ ဒေါ်စုနဲ့ကျွန်တော်အမြင်ချင်း တူခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေး ရင်းနှီးမြှုပ်နှံမှု မရှိဘဲနဲ့တော့ မြန်မာနိုင်ငံသားတွေ မျှော်လင့်နေတဲ့စီးပွားရေး နဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေ ရလာနိုင်မှာမဟုတ်ပါဘူး။ အဓိကခြေလှမ်းတစ်ရပ်တော့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ခြစားမှုတိုက်ဖျက်ရေးညီလာခံ(UNCAC) မှာ အသိအမှတ်ပြုခံရဖို့ပါပဲ ”

ဒီဇင်ဘာလ၇ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်တွင်ပါရှိသော “ဒေါ်အောင်ဆန်းစုကြည်နှင့် UNDOC ၏အမှုဆောင်ဒါရိုက်တာတို့တွေ့ဆုံဆွေးနွေး” သတင်းမှ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNDOC) ၏ အမှုဆောင်ဒါရိုက်တာ ယူရီဖီဒိုတော့ဗ် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

****************************************************************************************

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment