Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၀.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရောထွေးသော လူ့အခွင့်အရေးအစီရင်ခံစာကို ကုလထုတ်ပြန်

`(UPI News မှ 20 Nov 2012 ရက်စွဲပါ “UN gives mixed rights report for Myanmar” သတင်းကို ဘာသာပြန်ပါသည်)

  1. သမ္မတကြီးခင်ဗျား……….မြောက်ကိုရီးယားသည် မြန်မာနိုင်ငံမဟုတ်ပါ

(21 Nov 2012  ရက်စွဲပါ The Diplomat မှ Scott A.Snyder  ရေးသားသော Mr.President: N.Korea is not Burma ကိုဘာသာပြန်ပါသည်)

  1. မြန်မာပြည်တွင် လမ်းနှင့် တံတားများ အိန္ဒိယတည်ဆောက်ပေးနေ

(New Indian Express မှ 9 Dec 2012 ရက်စွဲပါ India Building roads, bridges in Myanmar ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရောထွေးသော လူ့အခွင့်အရေးအစီရင်ခံစာကို ကုလထုတ်ပြန်

(UPI News မှ 20 Nov 2012 ရက်စွဲပါ “UN gives mixed rights report for Myanmar” သတင်းကို ဘာသာပြန်ပါသည်)

ကြားနေလူသားချင်းစာနာကူညီမှု အေဂျင်စီများအား မြန်မာနိုင်ငံ၏ ပဋိပက္ခဘေးဒဏ်သင့်ဒေသများသို့ သွားရောက်ခွင့်ပေးခြင်းသည် ၎င်းဒေသ၏ လက်ရှိစိုးရိမ်စရာကိစ္စများကို ကူညီဖြေရှင်းလိမ့်မည်ဟု ကုလသမဂ္ဂကိုယ်စားလှယ်ကပြောကြားလိုက်သည်။

ယခုသတင်းပတ်တွင် အမေရိကန်သမ္မတ အိုဘားမားသည်လည်း Burma (သို့) မြန်မာနိုင်ငံရောက် ပထမဆုံးအာဏာလက်ရှိ အမေရိကန်သမ္မတ ဖြစ်လာခဲ့သည်။ ယခင် အကြီးအကဲဟောင်းဦးသန်းရွှေနှင့် နောက်လိုက်များက Myanmar ဟု အတင်းအကျပ် နာမည်ပြောင်းထားသော်လည်း Burma ဟုသာ လူသိများသော မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း စတင်ပြုလုပ်ခဲ့သော နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကြောင့် ယခုအခါ နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ ချီးကျူးဂုဏ်ပြုမှုကို လက်ခံရရှိနေသည်။

နိုင်ငံတကာ ကြက်ခြေနီကိုယ်စားလှယ်အဖွဲ့အား ရခိုင်ပြည်နယ်မှ အကျဉ်းသားများနှင့် တွေ့ဆုံခွင့် ပေးရန် မြန်မာအစိုးရက ကတိပေးခြင်းကို ကြိုဆိုသည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်အိုဂျာကင်တာနာ ကပြောကြားပါသည်။

ရခိုင်ပြည်နယ်မှ အဓိကရုဏ်းကြောင့် လူပေါင်း ၂၀၀ ခန့်သေဆုံးကာ ထောင်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသဖြင့် အစိုးရက ပြည်နယ်တွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ရသည်။

“ဇွန်လမှစ၍ လူရာပေါင်းများစွာ ဖမ်းဆီးထားခဲ့သော ရခိုင်ပြည်နယ်အပါအဝင် အကျဉ်းသားများ ဖမ်းဆီးထိန်းသိမ်းထားသော နေရာများသို့ နိုင်ငံတကာနှင့် ပြည်တွင်း စောင့်ကြည့်လေ့လာသူများ အဖွဲ့အား အပြည့်အဝ သွားရောက်ခွင့်ပေးသည်။ ဖမ်းဆီးအကျဉ်းချခံရသူများနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော စိုးရိမ်စရာ ကိစ္စရပ်များကို ဖြေရှင်းရာတွင် အထောက်အကူ ဖြစ်လိမ့်မည်။” ဟု ကွင်တာနာက ကြေညာချက်တွင် ဖော်ပြ ထားသည်။

ရခိုင်ပြည်နယ် အနှံရိုက်ကူးထားသော ဂြိုလ်တု ဓါတ်ပုံများတွင် တစ်ရွာလုံး မီးလောင်ပြာကျသွားသည် ကိုတွေ့ရှိရကြောင်း Human Rights Watch က ထောက်ပြပြောကြားထားသည်။ ထိုနယ်မြေသို့ သွားရောက် ခြင်းကို အစိုးရက တားမြစ်ထားသည်ဟုလည်း HRW အဖွဲ့ကပြောကြားခဲ့သည်။

------------------------------------------------------------------------------------------------------------------------

သမ္မတကြီးခင်ဗျား……….မြောက်ကိုရီးယားသည် မြန်မာနိုင်ငံမဟုတ်ပါ

(21 Nov 2012  ရက်စွဲပါ The Diplomat မှ Scott A.Snyder  ရေးသားသော Mr.President: N.Korea is not Burma ကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသည် ကြီးမားသော သို့သော် မရေရာသေးသည့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းပြီး တစ်နှစ်ကျော်အကြာတွင် သမ္မတ Obama သည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ရာ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းသည် ခရီးစဉ်အပေါ် သင်ခန်းစာယူလေမည်လား ဟူသော မျှော်လင့်ချက်ကိုဖြစ်စေပါသည်။ Obama သည် ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာတွင် မြောက်ကိုရီးယားခေါင်းဆောင်များကို တိုက်ရိုက်ရည်ညွှန်း၍ စိန်ခေါ်ပြောကြားခဲ့ရာတွင် နျူကလီးယားလက်နက်များကိုစွန့်လွှတ်ပြီး၊ ငြိမ်းချမ်းရေး နှင့် တိုးတက်ရေးလမ်းကြောင်းကို ရွေးချယ်ပါက အမေရိကန်ပြည်ထောင်စုက လက်ကမ်းလာသည်ကိုတွေ့ရမည်ဟု ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ ပြောကြားခြင်းမှာ သမ္မတ Obama က ယခုနှစ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းသို့ လူသိရှင်ကြား တိုက်ရိုက်ပြောကြားမှုမှာ ဒုတိယအကြိမ်ဖြစ်ပါသည်။ ပြီးခဲ့သည့် မတ်လက ဆိုးလ်မြို့ရှိ Hankuk တက္ကသိုလ် နိုင်ငံခြားလေ့လာရေးဌာန၌ မိန့်ခွန်းပြောကြားရာတွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် ပြုံယမ်းအပေါ် ရန်လိုရန် ရည်မှန်းချက်မရှိကြောင်း၊ အမေရိကန်က ဆက်ဆံရေးပုံမှန်ဖြစ်ရန်ခြေလှမ်းများ လှမ်းနေကြောင်း၊ ရန်စလာမှုများသည် မြောက်ကိုရီးယားက ပိုမိုအထီးကျန်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်အပတ် သမ္မတ Obama ၏ ခရီးစဉ်မတိုင်မီ CSIS တွင် အမျိုးသားလုံခြုံရေးအကြံပေး Tom Donilon ကမေးခွန်းမေးမြန်းမှုကို ထည့်သွင်းပြောကြားရာတွင် အကယ်၍ မြောက်ကိုရီးယားအနေဖြင့် နျူကလီးယား ဖျက်သိမ်းရေးကို အလေးအနက်ရည်ရွယ်ကြောင်း ပြသလာပါက မြောက်ကိုရီးယားက နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ရောက်ရန် လမ်းဖွင့်ပေးထားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

သို့သော် မြန်မာနိုင်ငံ၏နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို မြောက်ကိုရီးယားနှင့် ညီမျှခြင်းချ၍ မဖြစ်နိုင်ပေ။ မြန်မာနိုင်ငံကိစ္စတွင် နျူကလီးယားဖျက်သိမ်းရေးကိစ္စပါဝင်မှုမရှိပေ။ ကင်ဂျုံအန်သည် မြောက်ကိုရီးယား၏ စီးပွားရေးပြဿနာများကို ကိုင်တွယ်ရန်လိုအပ်ကြောင်း အသိအမှတ် ပြုခဲ့ပြီးဖြစ်ပါသည်။ ပြီးခဲ့သည့် ဧပြီလက ပထမဆုံးလူထုသို့ မိန့်ခွန်းပြောကြားရာတွင် မြောက်ကိုရီးယားပြည်သူများသည် နောက်ထပ် ငွေချွေတာရန် မသင့်တော့ကြောင်းကတိစကားပြောကြားခဲ့ပါသည်။ သို့သော် မြောက်ကိုရီးယားအစိုးရသည် နျူကလီးယား အစီအစဉ်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပါသည်။ ၎င်းသည် မှန်ကန်သည့်ရွေးချယ်မှုပြုလုပ်ရမည့်အစား အမေရိကန်ကရန်သူမူဝါဒကိုမစွန့်လွှတ်ပါက နျူကလီးယားအစီအစဉ်ကို တိုးချဲ့မည်ဟု ခြိမ်းခြောက် နေပါသည်။

မြောက်ကိုရီးယားသည် နိုင်ငံခြားငွေရှာနိုင်သည့် နည်းလမ်းများမှာလည်း ကျဉ်းမြောင်းလာပါသည်။ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာခြင်းကြောင့် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံရေးများရပ်ဆိုင်းလာနေပြီး ကုလသမဂ္ဂ အရေးယူမှုများကလည်း မြောက်ကိုရီးယား ဒုံးကျည်နှင့် လက်နက်များ ရောင်းချမှုကို ခက်ခဲလာစေပါသည်။ လာမည့်လများတွင် ကင်ဂျုံအန်အနေဖြင့် တရုတ် ခေါင်းဆောင်သစ်များထံမှ အကူအညီများ တိုးချဲ့ပေးမှုကိုရရှိဖွယ်ရှိနေပါသည်။ တောင်ကိုရီးယားသမ္မတသစ်ကလည်း နျူကလီးယားဖျက်သိမ်းရေးအတွက် မဟာဗျူဟာကျသော အခြားနည်းလမ်း တစ်ရပ်အဖြစ် မြောက်ကိုရီးယားကို ထောက်ပံ့ကူညီပြီး စမ်းသပ်ဖွယ်ရှိပါသည်။ ကုလသမဂ္ဂနှင့် မဟာဗျူဟာကျသောနားလည်မှု ကြိုတင်မရှိပဲနှင့် မြောက်ကိုရီးယားအနေဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် နျူကလီးယားဖျက်သိမ်းရေးကို လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ အမေရိကန်၏ ရန်သူမူဝါဒကို မဖယ်ရှားပဲ နျူကလီးယားဖျက်သိမ်းရေး ကိုလုပ်ဆောင်လိမ့်မည်မဟုတ်ပေ။

သမ္မတ Obama သည် ၂၀၀၉ ခုနှစ်က ၎င်း၏ပထမဆုံးသမ္မတအဖြစ် လက်ခံစဉ်မိန့်ခွန်းတွင် လက်သီးဆုပ်ဖြေလျှော့ရန် လိုလားပါက လက်ကမ်းပေးရန် ကတိပြုကြောင်းပြောကြားခဲ့ပါသည်။ ကင်ဂျုံအီသည် အဆိုပါမိန့်ခွန်းကို တုန့်ပြန်သည့်အနေဖြင့် ၂၀၀၉ ဧပြီလတွင် ဒုံးကျည် စမ်းသပ်မှုများနှင့် နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ခဲ့ပါသည်။ ယခု သမ္မတ Obama ၏ ဒုတိယသက်တမ်းတွင် မြောက်ကိုရီးယားသည် ကင်ဂျုံအီလက်အောက်၌ အမေရိကန်၏ လက်ကမ်းပေးမှုကို ပိုမို၍ အပြုသဘောဆောင်သော တုန့်ပြန်မှု များရှိလာလေမလားဟု မျှော်လင့်ကြပါစို့။

------------------------------------------------------------------------------------------------------

မြန်မာပြည်တွင် လမ်းနှင့် တံတားများ အိန္ဒိယတည်ဆောက်ပေးနေ

(New Indian Express မှ 9 Dec 2012 ရက်စွဲပါ India Building roads, bridges in Myanmar ကိုဘာသာပြန်ဆိုသည်)

ယခုအခါ အိန္ဒိယနိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ချိတ်ဆက်ပေးမည့် အဝေးပြေးလမ်းမကြီးများဖောက်လုပ်ပေးခြင်းအားဖြင့် တစ်ခုတည်းသော အာရှဌာနီဟူသည့် ဒေသတွင်းဦးတည်ချက်ကို ပါဝင်ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီဖြစ်သည်။

မြန်မာနိုင်ငံ တမူးမှ ကလေးဝသို့ဆက်သွယ်သည့် အဝေးပြေးလမ်းမတွင် တံတားအစင်းပေါင်း ၇၁ စင်းဆောက်လုပ်ပေးရန် အိန္ဒိယက ကမ်းလှမ်းထားကြောင်း နိုင်ငံခြားရေးဝန်ကြီး Ranjan Mathai က ပြောကြားသည်။ ထို့ပြင် အိန္ဒိယ လမ်းပန်းဆက်သွယ်ရေးနှင့် အဝေးပြေး လမ်းမများဆိုင်ရာ ဝန်ကြီးဌာနမှကိုယ်စားလှယ်အဖွဲ့သည် အဆိုပါစီမံကိန်းကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ် လျက်ရှိသည်ဟုဆိုသည်။

အိန္ဒိယ နိုင်ငံတကာစင်ကာတွင် ဒီဇင်ဘာလ ၇ ရက်နေ့ကကျင်းပပြုလုပ်သော "Highway to the Asian Century" ရုပ်ရှင်ဇာတ်ကားဖွင့်လှစ်ပွဲ၌ မိန့်ခွန်းပြောကြားရာ၌ မစ္စတာ Ranjan Mathai က "အိန္ဒိယသည် မြန်မာနိုင်ငံတွင်း ကလေးဝနှင့် ယာကြီး လမ်းပိုင်းဖောက်လုပ်ရေးကိုလည်း အကူအညီပေးလျက်ရှိကြောင်း" ပြောဆိုသည်။

ယင်းရုပ်ရှင်ဇာတ်ကားသည် မကြာမီကျရောက်မည့် အိန္ဒိယနှင့် အာဆီယံ ၁၀ နိုင်ငံဆက်ဆံရေး နှစ် ၂၀ ပြည့်အထိမ်းအမှတ် မတိုင်မီ ပြသခဲ့ခြင်းဖြစ်သည်။

"အာရှနိုင်ငံတွေဟာ နီးစပ်တဲ့ဆက်ဆံရေးမျိုးဖြစ်ပေါ်အောင် ပုံသွင်းလုပ်ဆောင်နေပါတယ်။ ကားလမ်း၊ ရထားလမ်း၊ ရေလမ်းစတာတွေ ဖောက်လုပ်ပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့အိန္ဒိယနိုင်ငံဟာ အလယ်အာရှဒေသနဲ့ တောင်အာရှဒေသနဲ့ အရှေ့အာရှဒေသတို့ကို ဆက်သွယ်ပေးတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်" ဟု ၎င်းကပြောကြားသည်။

ထို့ပြင် အိန္ဒိယသည် ထိုင်း၊ မြန်မာ တို့ကိုဆက်သွယ်မည့် သုံးနိုင်ငံချိတ်ဆက်လမ်းမကြီးကိုလည်း ဆောက်လုပ်လျက်ရှိသည်။ ယင်းလမ်းမကြီးသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာချိတ်ဆက်ပေးမည့် အဝေးပြေးလမ်းမကြီးတစ်ခုလည်းဖြစ်သည်ဟု ဆိုသည်။

"ချိတ်ဆက်မှုဆိုတာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုအတွက် ချိတ်ဆက်ပေးတဲ့ ဖက်တာတစ်ခုလည်းဖြစ်ပါတယ်" ဟု ကုလသမဂ္ဂမှ Resident Coordinator Lise Grande ကပြောကြားသည်။

"Highway to the Asean Century" ရုပ်ရှင်ဇာတ်ကားသည် နယူးဒေလီမြို့မှ ဟနွိုင်းမြို့သို့သွားသည့် ၇၆၀၀ ကီလိုမီတာ ခရီးအား ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ အရှေ့မြောက်ဘက်၊ မြန်မာ၊ ထိုင်း၊ လာအိုတို့ကို ဖြတ်သန်းသွားပုံကို ရိုက်ကူးထားခြင်းဖြစ်သည်။  

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment