Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၁.၁၂.၂၀၁၂

ပြည်တွင်းသတင်း

  1. တစ်နှစ်အတွင်း အခွန်ထမ်းမှတ်ပုံတင်စနစ် (Taxpayer Identification Numbers) ကျင့်သုံးမည်
  2. အစိုးရသို့ တင်ပြမည့် ဆန်စပါးမူဝါဒအကြံပြုချက် ဇန်နဝါရီလတွင် အပြီးသတ်မည်

နိုင်ငံရေးသတင်း    

  1. ကာကွယ်ရေးဦးစီးချုပ်ကဆန္ဒတွေကို ရှေ့တန်းမတင်ရန် ပြောကြား
  2. တစ်နိုင်ငံလုံးအတိုင်းအတာ အရှိန်မြင့်လာသော ဆန္ဒပြမှုများကို ညှိနှိုင်းမပေးနိုင်ပါက နောက်ပြန်လှည့်နိုင်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

တစ်နှစ်အတွင်း အခွန်ထမ်းမှတ်ပုံတင်စနစ် (Taxpayer Identification Numbers) ကျင့်သုံးမည်

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အခွန်ထမ်းမှတ်ပုံတင်စနစ်ကိုကျင့်သုံးရန် ယခုမှစ၍ အကောင်အထည်ဖော်နေပြီဖြစ်ပြီး တစ်နှစ်ခန့် အချိန်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဋ္ဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

အခွန်ထမ်းများအနေဖြင့် မည်သည့်နေရာတွင်မဆို ၎င်းတို့၏ကိုယ်ပိုင်အခွန်ထမ်းနံပါတ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဖြစ်ပြီး ယင်းစနစ် ကျင့်သုံးခြင်းဖြင့် အခွန်ထမ်းဆောင်သူ အရေအတွက်အမှန်ကို သိရှိရမည်ဖြစ်ကာ အခွန်အပြည့်အဝရရှိစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ယခုအချိန်အထိ အခွန်ထမ်းဆောင်သူမှာ လူဦးရေ၏ ၁ ရာခိုင်နှုန်းသာရှိသည်ဟု ဆိုသော်လည်း လူဦးရေမှာလည်း ယခုမှ သန်းခေါင်စာရင်း ကောက်နေဆဲဖြစ်သဖြင့် မသေချာသေးကြောင်းသိရသည်။ ကမ္ဘာ့ဘဏ်၏ စာရင်းများအရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ GDP (Gross Domestic Product) နှင့် နှိုင်းယှဉ်ပါက အခွန်ကောက်ခံရငွေသည် ၃ ရာခိုင်နှုန်းမျှသာရှိသည်။ အာဆီယံနိုင်ငံများတွင်မူ အခွန်ရငွေနှင့် GDP အချိုးမှာ ၁၀ ရာခိုင်နှုန်းအထက်တွင်သာရှိကြောင်းသိရသည်။

YC

---------------------------------------------------------------------------------

အစိုးရသို့ တင်ပြမည့် ဆန်စပါးမူဝါဒအကြံပြုချက် ဇန်နဝါရီလတွင် အပြီးသတ်မည်

အစိုးရသို့တင်ပြမည့် ဆန်စပါးမူဝါဒအကြံပြုချက်တွင် ကဏ္ဍငါးရပ်ပါဝင်ပြီး ဇန်နဝါရီလအတွင်း အပြီးသတ်ပေါ်ထွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စိုက်ပျိုးထုတ်လုပ်ကြိတ်ခွဲရောင်းချရေးဆိုင်ရာမူဝါဒအား လက်တွေ့နှင့် ပိုမိုကိုက်ညီအောင်ပြုလုပ်ရေး၊ နိုင်ငံတကာဈေးကွက်တွင် ကျင့်သုံး နေသော လုပ်ထုံးလုပ်နည်းအစီအမံများအနက်မှ ပြည်တွင်းနှင့် ကိုက်ညီသည်များအား လက်ခံကျင့်သုံးရေး၊ အခြေခံအဆောက်အဦများ ပြုပြင်တိုးချဲ့ရေး၊ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရန် ငွေကြေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ဟူ၍ ကဏ္ဍငါးရပ်တွင် အခြေခံအဆောက်အဦပြုပြင်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့်အပိုင်းသာ ကျန်ရှိတော့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရောင်းချတင်ပို့သည့် လုပ်ငန်းကွင်းဆက်တစ်ခုလုံးအား ခြုံငုံသုံးသပ်ပါက တောင်သူများအရင်းအနှီးမလောက်ငှခြင်းကြောင့် ပြင်ပမှ မြင့်မားသောအတိုးနှုန်းဖြင့် ငွေချေးငှားလုပ်ကိုင်နေရသဖြင့် ကြွေးဝန်ပိခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကောင်းမွန်သော အစီအမံမရှိခြင်းကြောင့် နှစ်စဉ် အပျက်အစီးအဆုံးအရှုံး ပိုမိုများပြားလာကာ ပိုမိုဆိုးရွားသည့် အနေအထားသို့ ဦးတည်နေခြင်း၊ မြေယာစနစ်ပြုပြင်နိုင်ခြင်းမရှိသောကြောင့် ပြည်ပဈေးကွက်မှ ဝယ်အားရှိနေသော်လည်း အမြောက်အမြား မစိုက်ပျိုးနိုင်ခြင်း၊ စိုက်ဧကအမှန်နှင့် ထွက်ရှိသည့် ပမာဏအမှန်ကို မသိရသဖြင့် တိကျသည့် ဆန်စပါးမူဝါဒ မချမှတ်နိုင်ခြင်း၊ ခေတ်မီဆန်စက်အရေအတွက် နည်းပါးခြင်း၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးမှုမရှိခြင်းနှင့် ကုန်သွယ်မှု မူဝါဒ၊ ငွေကြေးဝန်ဆောင်မှုအပိုင်းများကြောင့် နိုင်ငံတကာဈေးကွက်သို့ တိုက်ရိုက်ကျယ်ပြန့်စွာ မထိုးဖောက်နိုင်ဘဲ ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သော အထွက်တိုးရေးဆိုင်ရာ တစ်လမ်းမောင်းမူဝါဒကိုသာ ဆက်လက်ကျင့်သုံးလျှက်ရှိခြင်း စသည့်အချက်များကြောင့် မြန်မာနိုင်ငံ၏ဆန်စပါးကဏ္ဍမှာ အားနည်းလျှက် ရှိနေခြင်းပင်ဖြစ်သည်။

YC

***********************************************************************************

နိုင်ငံရေးသတင်း

ကာကွယ်ရေးဦးစီးချုပ်ကဆန္ဒတွေကို ရှေ့တန်းမတင်ရန် ပြောကြား

ဆန္ဒတွေကိုရှေ့တန်းတင်ပါက မမှားသင့်သည်များ မှားတတ်သောကြောင့် အထူးသတိပြုရန်လိုကြောင်း ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှတ်စဉ် ၅၅ သင်တန်းဆင်း ဗိုလ်လောင်းများအား မှာကြားခဲ့သည်။

ထို့အပြင် မိမိတပ်ဖွဲ့ကို ခေါင်းဆောင်မှုရစေရန် အတင်းအကြပ်ပြုလုပ်ပါက အာဏာရှင်ခေါင်းဆောင်ဖြစ်လာပြီး အချိန်တိုအတွင်း မိမိခေါင်းဆောင်မှုကျဆင်းသွားမည်ဟုလည်း ကာကွယ်ရေးဦးစီးချုပ်က ဒီဇင်ဘာလ ၇ ရက်နေ့ ပြင်ဦးလွင်တွင်ပြုလုပ်သော ဗိုလ်လောင်းသင်တန်းဆင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

ယခုအချိန်သည် မြန်မာနိုင်ငံ၌ ဆန္ဒပြမှုများနှင့် နောက်ပြန်လှည့်မည့်အရေးကို စိုးရွံ့ထိတ်လန့်နေချိန်တွင် ကာကွယ်ရေးဦးစီးချုပ်က ၎င်း၏မိန့်ခွန်းတွင် ထိုသို့သော အပြုသဘောဆောင်သည့် စကားလုံးမျိုး ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

အာဏာရှင်ဟူသောစကားရပ်မှာ ယခင်အစိုးရလက်ထက် တပ်မတော်အရာရှိများအကြား သုံးနှုန်းလေ့မရှိခဲ့သော အသုံးအနှုန်းဖြစ်ပြီး ယခင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား အာဏာရှင်အဖြစ် နိုင်ငံတကာမီဒီယာများက ထည့်သွင်းဖော်ပြခဲ့ကြဖူးသည်။

နိုင်ငံတော်ကာကွယ်ရေးသည် တပ်မတော်၏ အဓိကတာဝန်ဖြစ်သည်ဟု ကာချုပ်ကပြောကြားသွားခဲ့ပြီး ယခုမြန်မာ့နိုင်ငံရေးစနစ်ပုံစံအရ လွှတ်တော်တွင်းတွင် တပ်မတော်သားအရာရှိ ၂၅ ရာခိုင်နှုန်းပါဝင် နေခြင်းကလည်း မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေး၏ ကျယ်လောင်သော ဝေဖန်မှုတစ်ခုဖြစ်နေသည်။

ဒုတိယဗိုလ်ချုပ်ကြီးလှမင်း ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူစဉ်က တပ်မတော်၏လွှတ်တော်တွင်းနေရာယူမှုကို တဖြည်းဖြည်းလျှော့ချ သွားမည်ဟု စင်္ကာပူနိုင်ငံတွင်ပြုလုပ်သော အာရှလုံခြုံရေးဆိုင်ရာညီလာခံတွင် ပြောကြားခဲ့ဖူးသည်။

YC

--------------------------------------------------------------------------

တစ်နိုင်ငံလုံးအတိုင်းအတာ အရှိန်မြင့်လာသော ဆန္ဒပြမှုများကို ညှိနှိုင်းမပေးနိုင်ပါက နောက်ပြန်လှည့်နိုင်

အထက်မြန်မာပြည် သံဃာတော်များအဖွဲ့က ဒီဇင်ဘာလ (၆) ရက်နေ့တွင် အချက် ငါးချက်ပါ ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ပြီး အစိုးရတာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါက ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဆန္ဒပြမှုများပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ထိုသို့ အရှိန်မြင့်လာသော ဆန္ဒပြမှုများကို အစိုးရဘက်မှ လျင်မြန်ညင်သာစွာ မဖြေရှင်းနိုင်ပါက မြန်မာ့နိုင်ငံရေး နောက်ပြန် လှည့်သွားမည် ကို နိုင်ငံရေးသုံးသပ် လေ့လာသူများသာမက ပြည်သူများကပါ စိုးရိမ်လျက်ရှိနေကြသည်။

ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်သော ကြေညာချက် ၅ ရပ်မှာ (၁) နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသူများကို အမြန်ဆုံးဝန်ချတောင်းပန်ရန်၊ (၂) အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူရန်၊ (၃) ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းထားသူများကို ပြန်လွှတ်ပေးရန်၊ (၄) ကြေးနီစီမံကိန်းကို ဒေသခံပြည်သူများလက်ခံလာအောင် စီမံပေးရန်နှင့် (၅) ဒီမိုကရေစီအစိုးရတရပ် ပေါ်ပေါက်လာရန်နှင့် နောက်နောင် ယခုကဲ့သို့အကြမ်းဖက်မှုမျိုးမပေါ်ပေါက်စေရန် အတွက် လွှတ်တော်များနှင့် အစိုးရအဖွဲ့များတွင် ပါဝင်လျှက်ရှိသော တပ်မတော်သားများ အမြန်ဆုံးနှုတ်ထွက် ပေးရန်တို့ဖြစ်သည်။

လက်ရှိအခြေအနေမှာ နှစ်ဖက်စလုံးက စိတ်ခံစားမှုတွေကို ဦးစားမပေးသင့်ကြောင်း၊ ဆန္ဒပြသူတွေအနေဖြင့် ဆန္ဒပြပါကလည်း အာဏာပိုင်များအနေဖြင့် သိမ်သိမ်မွေ့မွေ့ ဖြေရှင်းတတ်ရန်လိုအပ်ကြောင်း၊ ဥပဒေ အကြောင်းပြကာအကြမ်းဖက်ဖြေရှင်းပါက ယခုထက်ကြီးမားသော လှုပ်ရှားမှုများပေါ်ပေါက်လာနိုင် သောကြောင့် ပထမအဆင့်အနေဖြင့် ဆန္ဒပြသူများနှင့်အစိုးရအကြား တံခါးဖွင့်ထားပြီး အမြင်ရှင်းအောင် ဆွေးနွေးညှိနှိုင်းရမည်ဖြစ်ပြီး ညှိနှိုင်းမရသေးပါကလည်း ကြားတွင်အဆင့်များရှိသေးကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးကဆိုသည်။

ပဋိပက္ခဖြစ်စဉ်များအတွက် နိုင်ငံတော်က စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ထားပြီး ဆန္ဒပြသူများအနေဖြင့် ကော်မရှင်က တွေ့ရှိတင်ပြချက်များကို စိတ်ရှည်ရှည်စောင့်ဆိုင်းသင့်ကြောင်း၊ အပြောင်းအလဲမှာ အန္တရာယ်ကြီး သောကြောင့် လက်ရှိအနေအထားတွင် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ယုံကြည်နိုင်ဖို့ လိုကြောင်း၊ လက်ပန်တောင်းတောင်အရေးတွင် ဒေသခံများက ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်ကို လက်ခံမည်ဟုပြောထားပြီး အစိုးရက ညင်ညင်သာသာ ဖြေရှင်းချက်ပေးရမည်ဖြစ်သကဲ့သို့ ပြည်သူများဘက် ကလည်း စိတ်ရှည်ရန်လိုပါကြောင်း ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးက ပြောကြားသည်။

YC

***********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

"အီးယူတို့ အမေရိကန်တို့ကပိတ်ဆို့မှုတွေ ဖြေလျော့လိုက်ပေမယ့် အဲဒီဈေးကွက်တွေက လက်ခံမယ့် အရည်အသွေးရှိတဲ့ကုန်စည်တွေ ထုတ်လုပ်နိုင်ဖို့ လိုပါသေးတယ်၊ ဒါမှ လက်တွေ့အကျိုးရှိမှာဖြစ်ပါတယ်၊ ပြီးတော့ ဘဏ်လုပ်ငန်းတွေကိုလည်း အများကြီးပြင်ဆင်ဖို့လိုပါသေးတယ်။ ဘဏ်စနစ်မကောင်းရင် ဘာမှ လုပ်လို့မရပါဘူး။ စီးပွားရေးဆိုတာ ငွေကြေးနဲ့လုပ်ရတာပါ။ အဲဒါကြောင့်အပြင်ကဖွင့်ပေးတာနဲ့အညီ အတွင်းကလည်း လိုက်ပါပြီး ပြင်ဆင်မှပဲ လက်တွေ့အကျိုးရှိမှာပါ"

(၁၃ ဒီဇင်ဘာ၊ ၂၀၁၂ ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၈၊ အမှတ် ၄၈ တွင် ပါဝင်သော 'ပိတ်ဆို့မှုများ ဖြေလျှော့ခြင်းကြောင့် ကုန်သွယ်မှုကဏ္ဍ မကြာမီဖွံ့ဖြိုးလာမည်ဟု စီးပွား/ကူးသန်းဝန်ကြီး ပြောကြား' သတင်းတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနှင်းဦး၏ ပြောကြားချက်မှ ကောက်နှုတ်ချက်။)

--------------------------------------------------------------------------------------

"တိတိကျကျမပြဋ္ဌာန်းထားတော့ ကျွန်တော်တို့က ခလုတ်နှိပ်ဖို့တောင် မဝံ့မရဲကြောက်နေရတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဒီလိုမျိုး ပြစ်ဒဏ်တွေကို ချမှတ်တဲ့နေရာမှာ တကယ်တမ်း နည်းပညာသုံးပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်အောင်လုပ်တဲ့လူတွေအတွက် ရည်ရွယ်ပြဋ္ဌာန်း ထားပေမယ့်လို့ တစ်ဖက်ကလည်း ပြည်သူလူထုအနေနဲ့ လွတ်လပ်စွာဖော်ပြခွင့်၊ လွတ်လပ်စွာ သတင်းဖော်ပြခွင့် စတာတွေကို ခြိမ်းခြောက်နေတဲ့ အတွက်လည်း ပြန်စဉ်းစားသင့်ပါတယ်"

(၁၁ ဒီဇင်ဘာ၊ ၂၀၁၂ မဇ္ဈိမဂျာနယ် အတွဲ ၁၊ အမှတ် ၁၂ တွင် ပါဝင်သော 'ဆက်သွယ်ရေးဥပဒေကြမ်းတွင် လွတ်လပ်စွာ ဖော်ပြခွင့် သတင်းဖြန့်ဝေခွင့်များကို ခြိမ်းခြောက်နေသည်ဟုဆို' သတင်းတွင် ဦးနေဘုန်းလတ်၏ ပြောကြားချက်မှ ကောက်နှုတ်ချက်။)

--------------------------------------------------------------------------------------

"နိုင်ငံက ဆင်းရဲတာမဟုတ်ပါဘူး၊ ပြည်သူကဆင်းရဲတာပါ၊ နောက်ပြီး ကျွန်မအမြဲတမ်းဒီဟာကို ခွဲခြားပြီးပြောပါတယ်၊ ပြည်သူဆင်းရဲတာနဲ့ နိုင်ငံဆင်းရဲတာနဲ့။ ကျွန်မတို့နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် သယံဇာတကြွယ်ဝတဲ့နိုင်ငံပါ၊ ဒါပေမယ့် တကယ့်နိုင်ငံရဲ့ ရတနာကတော့ နိုင်ငံသူနိုင်ငံသားတွေပဲ၊ နိုင်ငံသူနိုင်ငံသားတွေအရည်အချင်းမရှိရင် မြေအောက်သယံဇာတတွေပဲဖြစ်ဖြစ် မြေပေါ်သယံဇာတ တွေပဲဖြစ်ဖြစ် ဘယ်လောက်များများ အချည်းနှီးပဲ၊ ဥပမာ ကျွန်မတို့သစ်တောတွေပြုန်းတီးသွားပြီ။ ပျောက်ကွယ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ တကယ့်ရတနာတွေဖြစ်တဲ့ ပြည်သူပြည်သားတွေ မကာကွယ်မစောင့်ရှောက်နိုင်ခဲ့လို့။ တချို့ကပြောတာပေါ့။ ကျွန်တော်တို့ ကျွန်မတို့ ဆိုင်တာမှ မဟုတ်ဘဲ။ အစိုးရက သူတို့လုပ်ချင်တာလုပ်သွားတာပဲလို့။ မှန်တော့လည်း မှန်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူပြည်သားတွေမှာလည်း တာဝန်ရှိတာပဲ"

(၁၂ နိုဝင်ဘာ၊ ၂၀၁၂ Weekly Eleven News ဂျာနယ်၊ အတွဲ ၈၊ အမှတ် ၁၀ တွင်ပါဝင်သော 'နိုင်ငံတော် မြေပေါ်မြေအောက်သယံဇာတပစ္စည်းများ အချည်းနှီးဖြစ်ခဲ့မှုအပေါ် တာဝန်မဲ့ပြုလုပ်သူများအား ဒေါ်အောင်ဆန်းစုကြည် ဝေဖန်' သတင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်မှ ကောက်နှုတ်ချက်)

*************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment