Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

 ၁.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ထိုင်းနိုင်ငံမှ တနင်္သာရီ မြစ်ပေါ်တွင် ဆည်တစ်ခုတည်ဆောက်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက်များကို စောင့်ကြည်ရန် ဒေါက်တာသန်းထွဋ်အောင် ညွန်ကြား
  2. ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သတ်၍ အခွင့်ရေးရပါက ကူညီပေးလိုကြောင်း ဦးကျော်ငြိမ်း၏သားဖြစ်သူကပြောကြား
  3. ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိ တရားသူကြီးများ၏ ရာထူးသတ်တမ်းပြင်ဆင်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************************

ပြည်တွင်းသတင်းများ

ထိုင်းနိုင်ငံမှ တနင်္သာရီ မြစ်ပေါ်တွင် ဆည်တစ်ခုတည်ဆောက်မည်

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံမှ တနင်္သာရီမြစ်ပေါ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ဆည်တစ်ခု တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးဆည်ကို ထိုင်းနိုင်ငံရှိ Italian-Thai Development Public Co.,Ltd မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Italian-Thai Development Public Co.,Ltd လက်ရှိအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ထိုင်းကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြစ်ပေါ်၌ ထိုင်းနိုင်ငံမှ ဆည်လာရောက်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ kPrachuab Kirikhan ခရိုင်မှ သဘာဝပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသူ မစ္စတာအော့ခ်က ''ပထ၀ီအနေအထားက မြန်မာနိုင်ငံက ပိုကောင်းနေတယ်။ ထိုင်းမှာ သဘောမတူတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ လုပ်ငန်းတွေ မြန်မာနိုင်ငံကို ရွှေ့တာပေါ့။ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပါမယ်။ လမ်းဖောက်တာ ပါမယ်။ ရေကာတာ ပါမယ်။ ရေနက်ဆိပ်ကမ်း ပါမယ်။ ရေနံဓာတု အတွက်ပေါ့။ pollution များတဲ့အတွက်ကြောင့် တခြားနေရာတွေက လက်မခံလို့ မြန်မာနိုင်ငံမှာ စမ်းသပ်ကြမယ့် သဘောပါ။ မြန်မာနိုင်ငံက သဘာဝရင်းမြစ် များတယ်။ ရေများတယ်။ သဘာဝဓာတ်ငွေ့လည်း များတယ်။ နောက်ပြီး ဥပဒေအရ ဟာကွက်တွေလည်း ရှိနေတာကို သိထားကြတယ်'' ဟု စပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ တာဝန်ယူတည်ဆောက်မည့် ၎င်းဆည်မှ လျှပ်စစ်ဓာတ်အားများကို မဂ္ဂါဝပ် ၈၀၀ ခန့် ထုတ်လုပ်မည်ဖြစ်ပြီး ၎င်း လျှပ်စစ်ဓာတ်အားများကို ထိုင်းနိုင်ငံအတွင်းသို့ ပို့လွှတ်နိုင်ဖွယ်ရှိကြောင်း သိရသည်။

Ref:Bi Weekly Eleven

************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက်များကို စောင့်ကြည်ရန် ဒေါက်တာသန်းထွဋ်အောင် ညွန်ကြား

နိုင်ငံကျော် အလဲဗင်းမီဒီယာအုပ်စု၏ အကြီးအကဲ ဒေါက်တာသန်းထွဋ်အောင်သည် ဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားနည်းချက် များကို စောင့်ကြည့်မှတ်တမ်းတင်ရန် ၎င်း၏ သတင်းထောက်တစ်ချို့ကို ညွန်ကြားထားကြောင်း ရန်ကုန်မြို့ စာနယ်ဇင်အသိုင်းက ပြောကြားသည်။

အားစားဂျာနယ်ထုတ်ဝေရာမှတဆင့် သတင်းဂျာနယ်ထုတ်ဝေပြီး နာမည်ကျော်ကြားသူ ဒေါက်တာသန်းထွဋ်အောင်သည် မြစ်ဆုံအရေးကို အကြောင်း ပြုပြီး နိုင်ငံရေးလုပ်ရန် ခြေလှမ်းပြင်နေကာ ၎င်း၏ဖေ့ဘုတ်တွင် ၈၈အရေးခင်းကာလက နိုင်ငံရေးလှုပ်ရှားမှုများကို တင်ထားကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

နိုင်ငံရေးလုပ်ခြင်းအပါအ၀င် ဘ၀ပုံသဏ္ဍန်ကို လူတစ်ဦးချင်း လွတ်လပ်စွာရွေးချယ်ခွင့်ရှိကြောင်း သို့ရာတွင် အောက်လမ်းနည်း ဖြတ်လမ်းနည်းများ သုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း  ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်အဖွဲ့မှ အလဲဗင်းကို ဆုချီးမြှင့်ခဲ့ရာ ထိုင်းနိုင်ငံ ချင်မိုင်အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော် ထောက်ခံပေးခဲ့ကြောင်း ဦးအောင်ဇော်သည် ဘက်မလိုက်သည့် မီဒီယာသမား ရပ်တည်ချက်အကြောင်းပြုပြီး နာမည်ကြီးသူ များကို တိုက်ခိုက်ကာ နာမည်ကြီးအောင်လုပ်သူတစ်ဦးဖြစ်သဖြင့် ဒေါ်စုကို တိုက်ခိုက်ရန် ကြိုးစားနေကြောင်း ၀ါရင့် အယ်ဒီတာတစ်ဦးက ပြောကြားသည်။

 နိင်ငံရေးလုပ်ခြင်း၊ မလုပ်ချင်းသည် ဒေါက်တာသန်းထွဋ်အောင်၏ လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြစ်သော်လည်း နိင်ငံရေးလောဘတက်ပြီး အောက်လမ်း နည်း ဖြတ်လမ်းနည်းများသုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သတ်၍ အခွင့်ရေးရပါက ကူညီပေးလိုကြောင်း ဦးကျော်ငြိမ်း၏သားဖြစ်သူက ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ပနိုင်ငံများတွင် နှစ်ပေါင်း ၃၀ကျော်လေ့လာခဲ့သူ ပြည်ထဲရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်သူ ဦးကျော်ငြိမ်း၏သား ဦးဘိုဘို ကျော်ငြိမ်းက မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ အကူအညီ ပေးချင်ကြောင်းပြောကြားခဲ့သည်။

သမ္မတကြီး၏ ပြည်တော်ပြန်ဖိတ်ခေါ်မှုကြောင့် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၉ရက်နေ့တွင် ယာယီရောက်ရှိနေ ကြောင်း သိရသည်။

                ဦးဘိုဘိုကျော်ငြိမ်းသည် ၁၉၇၄ခုနှစ် ဦးသန့်အရေးခင်းတွင် ပါဝင်လုပ်ဆောင်ခဲ့မှုကြောင့် ထောင်ဒဏ် ၅နှစ် ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာချိန် တွင် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ယခု မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေစဉ် မြန်မာနိုင်ငံ၏ ကဏ္ဍစုံ၌ ပြုပြင်ပြောင်းလဲလာမှုများကို အဓိကထားလေ့လာသွားမည်ဖြစ်ကြောင်း ဦးဘိုဘို ကျော်ငြိမ်းက ပြောကြားသည်။

“ထိပ်ပိုင်းကပဲ ပြောင်းလဲလာတာ တွေ့ရတယ်။ အောက်ကလူတွေက မဆလစိတ်မကုန်ကျသေးဘူး” ဟု လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို ဦးဘိုဘိုကျော်ငြိမ်းက သုံးသပ်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပါဝင် အစိုးရထိပ်ပိုင်းတာဝန်ရှိသူများနှင့်လည်း တွေဆုံဆွေးနွေးနိုင်ရန် စီစဉ်သွားမည်ဟု ၎င်းက ပြောဆိုသည်။ ယခု ခရီးစဉ်အတွင်း ရဟန်းဝတ်ရန်လည်း စီစဉ်ထားသေးကြောင်း ပြောကြားခဲ့သည်။

၎င်းအပြင် အဖေဖြစ်သူဦးကျော်ငြိမ်းကို ပြည်တွင်းစစ်၏တရားခံအဖြစ် ပြောဆိုကြသည့် ကွန်မြူနစ်ဝါဒီများကိုလည်း ပြန်လည်ဖြေရှင်းရန်အတွက် စာအုပ် တစ်အုပ်ရေးသားထုတ်ဝေသွားမည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

အဖေဖြစ်သူဦးကျော်ငြိမ်းသည် ဆိုရှယ်လစ်စနစ်ကို ယုံကြည်သူဖြစ်သော်လည်း သားဖြစ်သူ ဦးဘိုဘိုကျော်ငြိမ်းနှင့် သမီးဖြစ်သူ ချိုချိုကျော်ငြိမ်းကမူ ဒီမိုကရေစီစနစ်ကို ယုံကြည်လုပ်ဆောင်သူများ ဖြစ်ကြသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိ တရားသူကြီးများ၏ ရာထူးသတ်တမ်းပြင်ဆင်မည်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိ တရားသူကြီးများ၏ ရာထူးခန့်အပ်ခြင်းခံသည့်အချိန်မှ စတင်၍ တာဝန်ထမ်းဆောင်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေးထားသည့် ရာထူးသက်တမ်းများကို ကာလအကန့်အသတ်ထား၍ ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြေကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ရုံးခန်းဖွင့်ပွဲတွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအဖွဲ့ဝင်များ၏ သတ်တမ်းကို ငါးနှစ်သက်မှတ်ထားသည်ဖြစ်သည့်အတွက် ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများ၏ သတ်တမ်းကိုလည်း ငါးနှစ်ထားရှိရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန် ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် ခန့်အပ်တာဝန်ပေးရေးနှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်မှာ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် မိမိသဘောအလျောက်နှုတ်ထွက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ စွပ်စွဲပြစ်တင်ခံရ၍ ရာထူးမှ ရပ်စဲခံရခြင်း၊ ဥပဒေအရ သတ်မှတ်ထားသော ဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ် ချို့ယွင်းသွားခြင်းကြောင့် တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်း မရှိကြောင်း တွေ့ရှိခြင်း၊ ကွယ်လွန်ခြင်း စသည့်အကြောင်းအချက်များမှအပ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအနေဖြင့် စတင်တာဝန် ထမ်းဆောင်သည့်နှစ်မှ အသက်(၇၀) ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့် ရှိကြောင်း ဖော်ပြထားသည်။

Ref:The Voice

**********************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ကိုယ်စားလှယ်အနေနဲ့ လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဒုဥက္ကဋ္ဌတာဝန်ယူပါလို့ ဆန္ဒပြုကြတယ်။ တရားဝင်စာနဲ့ ခန့်အပ်တာတွေတော့ မရှိပါဘူး။ ဘယ်နေရာပဲဖြစ်ဖြစ်၊ ဘယ်လို နေရာမှာပဲရောက်ရောက် ပေးဆပ်မှုနဲ့အနစ်နာခံမှုပဲ အရေးကြီးတယ်။ ဒီဇတ်ကားက အမျိုးသားရေး ဇာတိမာန်အပြင် ဒီဇတ်ကားကရတဲ့ အကျိုးအမြတ်ကို လူမှုရေးလုပ်ငန်းတွေမှာ ပြန်လှူမှာဆိုတော့ ကုသလိုလဲရတယ်။ ကျွန်တော်က အမျိုး သားရေးစိတ်ဓာတ်နဲ့ပဲ လုပ်မှာပါ”

ဒီဇင်ဘာ ၂၈ ထုတ် The Express Times အတွဲ (၁) အမှတ် (၁၃) တွင်ပါသည့် “ဗိုလ်ချုပ် အတ္တုပ္ပတ္တိဇတ်ကား ရိုက်ကူးရေး ကော်မတီဖွဲ့စည်းရာတွင် ကျော်သူအား ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်” သတင်းမှ ဦးကျော်သူ၏ ပြောကြား ချက်အပေါ် ကော်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

“မြန်မာနိုင်ငံအနေနဲ့ ဒေသဆိုင်ရာနဲ့ ဒေသခွဲဆိုင်ရာ လှုပ်ရှားမှုတွေမှ ကျယ်ပြန့်တဲ့အခန်းကဏ္ဍမှာ ပါဝင်လုပ်ကိုင်လာတယ်လို့ ထင်ပါတယ်။ ဒေသတွင်း အဖွဲ့ အစည်းတွေမှာလဲ တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်လာတာ တွေ့ရတယ်။ မဟာမဲခေါင် ထိပ်သီးတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီးပြောရရင် ဒါဟာ ခရီးသွားလုပ်ငန်းကို အခြေခံတဲ့အဖွဲ့အစည်းဖြစ်လို့ ပြည်တွင်းခရီးသွား လုပ်ငန်းအတွက် အလားအလာကောင်းတွေ ရှိနိုင်ပါတယ်။ စဉ်ဆက်မပြတ်တဲ့ ခရီးသွားဖွံ့ဖြိုးမှုအတွက် အရေးပါသလို ကမ္ဘာနဲ့ ဒေသတွင်းဝန်းကျင်က ခရီးသည်တွေအတွက်လည်း လမ်းပွင်းသွားတာပေါ့”

ဒီဇင်ဘာ ၂၇ ထုတ် The Flower News အတွဲ (၇) အမှတ် (၅၀) တွင်ပါသည့် “ဂျီအမ်အက်စ်နဲ့ မြန်မာ့စီးပွားရေး အပြောင်းအလဲ” သတင်းမှ အာဆီယံ လေ့လာရေးဌာန ဒေါ်မိုးသူဇာ (Researcher, Socio-Cultural Affairs) ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အားကောင်းခိုင်မာတောင့်တင်းတဲ့ စတုတ္ထမဏ္ဍိုင်ဆိုတာဟာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ဖြစ်ပါတယ်။ အဲဒီမှာ စာနယ်ဇင်းများ အရည်အသွေး ပြည့်ဝရေး၊ စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အဝ ရရှိရေးတို့ လိုအပ်ပါတယ်။ ဒီအတိုင်း ခံယူ ကျင့်သုံးသွားမှာဖြစ်ပါတယ်။ စာနယ်ဇင်းများ၊ ကျန်တဲ့ မီဒီယာအဖွဲ့အစည်းများ အနေနဲ့ ကလည်း ပြည်သူတို့ သိသင့် သိထိုက်တဲ့ သတင်းအချက်အလက်များ ပြည့်စုံအောင်ရှာဖွေဖော်ထုတ် တင်ပြနိုင်စွမ်းရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာ သုံးရပ် လုပ်ဆောင်ချက်များနှင့်စပ်လျဉ်းပြီး မိမိတို့ရဲ့အမြင်များနဲ့ ပြည်သူများရဲ့အသံကို မပြတ်လေ့လာ တင်ပြနိုင်စွမ်း ရှိရမှာဖြစ်ပါတယ်။ နောက်တစ်ခါ နိုင်ငံတွင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ပြည်သူလူထုကြီးက စာနယ်ဇင်းများကတစ်ဆင့် သိရှိနိုင်ပါတယ်။ ထို့အတူပဲ စာနယ်ဇင်းများတစ်ဆင့် ပြည်သူ့လူထုရဲ့ အသံကို ဖော်ထုတ်နိုင်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်လိုပါက စာနယ်ဇင်းလွတ်လပ်ခွင့် ရှိကိုရှိရမယ်လို့ ကျွန်တော်ခံယူပါတယ်။ အုပ်ချုပ်နေသူ စိုးရပင် ဖြစ်စေကာမူ၊ မဟုတ်တာလုပ်ရင်၊ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်နေရင် စာနယ်ဇင်းကတစ်ဆင့် ကန့်ကွက်ပြောဆို နိုင်ခွင့်ရှိသင့်ပါတယ်။ အစိုးရ ပေါ်လစီပင် ဖြစ်စေကာမူ အကျိုးသင့်ကြောင်းသင့် ဝေဖန်ခံနိုင်စွမ်း ရှိရပါမယ်”

ဒီဇင်ဘာ ၂၉ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၅) တွင်ပါသည့် “ပြည်သူ့လွှတ်တော်အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှု ကော်မတီဥက္ကဋ္ဌ သက်ဆိုင်ရာနယ်ပယ်အသီးသီး၏ ပကတိအခြေအနေများကို ကြားနာ” သတင်းဆောင်းပါးမှ ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs