Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မင်္ဂလာရှိသော ၂၀၁၂နှင့် ကျန်ရှိနေသေးသော ပြုပြင်ပြောင်းလဲမှု

****************************************

ဆောင်းပါးကဏ္ဍ

မင်္ဂလာရှိသော ၂၀၁၂နှင့် ကျန်ရှိနေသေးသော ပြုပြင်ပြောင်းလဲမှု

နှစ်သစ်တစ်ခုသို့ ကူးပြောင်းခဲ့ပါပြီ။ ပြည်သူအများ စောင့်မျှော်နေသည့် မျှော်လင့်ချက်ရောင်ခြည်မှာလည်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။ ကုန်လွန်ခဲ့ပြီဖြစ်သော ၂၀၁၁ နှစ်ဟောင်းသည် အပြောင်းအလဲများ ဆက်တိုက်ဖြစ်ထွန်းခဲ့သော နှစ်တစ်နှစ် ဖြစ်ပါသည်။ မျှော်လင့်ချက်မဲ့သွားသော ရွေးကောက်ပွဲ ဖြစ်စဉ်များအပေါ် စိတ်အချဉ်ပေါက်သွားခဲ့သည့်လူထုမှာ အစိုးရသစ်၏ လုပ်ဆောင်ချက်များကြောင့် ကင်းမဲ့သွားသော မျှော်လင့်ချက်များ တဖန်ရှင်သန်လာခဲ့ ပါသည်။ ပြုပြင်ပြောင်းလဲမှုများသည် ပြည်သူများ၏ နိုင်ငံ့အရေးအပေါ် ပိုမိုလာခဲ့ပါသည်။ ဤသည်ပင်လျှင် ဒီမိုကရေစီသစ်ပင် ရှင်သန်ဖို့ ကောင်းမွန်သည့် မျိုးစေ့များပင်ဖြစ်သည်။

နိုင်ငံရေး ဖြစ်ထွန်းပြောင်းလဲမှုများမှာ ထင်မှတ်မထားလောက်အောင်ပင် တစ်နှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အပြောင်းအလဲများတွင် ပါဝင်ခဲ့သည့် Players များ၏ အားထုတ်ကြိုးပမ်းများကို လှိုက်လှိုက်လှဲလှဲချီးကျူး ဂုဏ်ပြုပါသည်။ နိုင်ငံရေးဆိုသည်မှာ ညစ်ပတ်သည်ဟုဆိုခဲ့သည့် အမြင်ထက် နိုင်ငံရေးဆိုသည်မှာ အားလုံးနှင့်သက်ဆိုင်သည့် နိုင်ငံ၏အရေးအရာဖြစ်သည်ဟု ပြည်သူများ ပိုမိုသဘောပေါက်နားလည်လာသည်မှာလည်း ဒီမိုကရေစီစနစ် ရှင်သန်ရေးအတွက် များစွာအထောက်အကူပြုမည့် အခြေခံအတွေးအမြင်များပင် ဖြစ်သည်။ နိုင်ငံတော်ဆိုသည်မှာ လူပုဂ္ဂိုလ်အရောင်အသွေးများ ကင်းမဲ့သည့် နိုင်ငံသားအားလုံး၏ စိတ်ကူးမျှော်မှန်း လူ့အဖွဲ့အစည်းသဏ္ဍန်ဖြင့် ဖြစ်တည်နေသော အရာပင်ဖြစ်သည်။ ယင်းစိတ်ကူးဖြင့်ပင် နိုင်ငံကိုချစ်သည့် အမျိုးသား ရေးစိတ်အခြေခံဖြစ်ထွန်းရသည်။ ထိုအတွက်ကြောင့် နိုင်ငံကိုချစ်သောသူတိုင်းသည် အရောင်အသွေးရှိသည့် လူပုဂ္ဂိုလ်ကို သစ္စာခံခြင်းထက် နိုင်ငံတော် ကိုသာ သစ္စာခံကြသည်။ ယင်းသဘောတရားကို မြန်မာနိုင်ငံ အစိုးရသစ်၏ အုပ်ချုပ်ရေးတွင် တာဝန်ထမ်းဆောင်နေသူ တစ်ချို့၏ လုပ်ရပ်များနှင့် ချိန်ထိုးအကဲဖြတ်ပါက ကွဲလွဲမှုများ ရှိနေသေးသည်။ မူပြောင်း၊ လူမပြောင်းဖြစ်ခဲ့ရသော အုပ်ချုပ်ရေးယန္တရားတွင် ယခင်အာဏာပိုင်စနစ်၏ ဆိုးကျိုးဟုသတ်မှတ်ရမည့် အထက်က အမိန့်မှားမှားမှန်မှန် နာခံကျင့်သုံးသည့်အကျင့်ဆိုးမှာ ယခုအုပ်ချုပ်မှုကာလတွင်လည်း စွဲစွဲမြဲမြဲစူးဝင်နေသည်ကို တွေ့ရသည်။ ယင်းစွဲမြဲစွာ စူးဝင်နေသည့် မပြုပြင်နိုင်သော အကျင့်ဆိုးသည်ပင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောသည့် ကောင်းမွန်သည့်အုပ်ချုပ်ရေး ဖြစ်လာဖို့ ခဲယဉ်းနေပါဦးမည်။ ဖြတ်သန်းရတော့မည့် ၂၀၁၂ တွင် အုပ်ချုပ်ရေးယန္တရား၏ ယင်းလိုအပ်ချက်ကို တာဝန်ရှိသူများအကြား ညှိနှိုင်းအဖြေရှာလိမ့်မည်ဟု အထူးပင် မျှော်လင့်မိပါသည်။ သို့မှသာ ဒီမိုကရေစီ စနစ်၏ အနှစ်သာရ တစ်ခုဖြစ်သော ဒီမိုကရက်တစ် တာဝန်ခံမှုကို ပြည်သူများ ယုံကြည်သက်ဝင်စေပြီး အစိုးရတစ်ရပ်၏ တရားဝင်မှုလည်း မြင့်မားလာနိုင်ပါမည်။

အစိုးရအုပ်ချုပ်မှုအပြင် နောက်ထပ် နိုင်ငံရေး အင်စတီကျူးရှင်းများဖြစ်သော လွှတ်တော်နှင့် တရားစီရင်ရေးတို့သည်လည်း အပြန်အလှန်ထိန်းကျောင်းမှု ပီပြင်စေမည့် အသက်သွင်းမှုမှာလည်း နိုင်ငံအရေး၏ သိမ်မွေ့သောအနုပညာတစ်ရပ်ပင် ဖြစ်သည်။ အပြန်အလှန်ထိန်းကျောင်းမှု ရှိခြင်းသည်ပင်လျှင် ဒီမိုကရေစီမှာ အခြားနိုင်ငံရေး စနစ်များထက် သဘောတရားရေးအရ အသာစီးရသွားသည့် အခြင်းအရာပင်ဖြစ်သည်။ ၂၀၁၀ရွေးကောက်ပွဲအပြီး လမ်းညှိုးထောင် ခေါင်းညိမ့် လွှတ်တော်ဖြစ်လိမ့်မည့်ဟု ပြည်သူများ ထင်မှတ်ထားခဲ့သော လွှတ်တော်မှာ မေးခွန်းမေးသူက မေး၊ အဆိုတင်သွင်းသူက တင်သွင်းနှင့် အတော် မြိုင်ခဲ့သည်ကို မီဒီယာမျက်နှာစာတွင် တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ အတိုက်အခံ အနည်းငယ်သာ ရှိခဲ့သောလွှတ်တော်သည်ပင်လျှင် ထင်မှတ်ထားသည်ထက် ပိုမိုလုပ်ဆောင်သွားနိုင်လျှင် ကြားဖြတ်ရွေးကောက်ပွဲအပြီး အတိုက်အခံအင်အားစုများ အမတ်နေရာ အများစုရရှိသွားပါက ပိုမြိုင်ပိုသွက်သွားနိုင်မည်ဟု ခန့်မှန်၍ ရနိုင်ပါသည်။ မြန်မာနိုင်ငံရေးဖြစ်စဉ်တွင် နောက်ထပ်ပါဝင်လာဦးမည့် Players များအနေဖြင့် ဒီမိုကရေစီအားသာချက်ကို အသုံးချ၍ နိုင်ငံဖွံ့ဖြိုးရေးလမ်းကြောင်း ဆီသို့ ဦးတည်သွားနိုင်သည်ကို ယုံကြည်စေချင်ပါသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပြီးတွင် နောက်ထပ် အရေးတကြီးဆောင်ရွက်ရဦးမည့် ကိစ္စရပ်မှာ စီးပွာရေး ပြုပြင်ပြောင်းလဲမှုများပင် ဖြစ်သည်။ ကမ္ဘာအဆုံးရဲဆုံး နိုင်ငံစာရင်းဝင် နိုင်ငံတစ်ခုတွင် နေထိုင်နေရသည့် ပြည်သူများအဖို့ စီးပွားရေးပြုပြင်ပြောင်းလဲမှုအား မည်မျှလိုလားကြောင်းကို ပြောဆို နေစရာပင် လိုလိမ့်မည်မထင်ပါ။ စီးပွားရေးဘဝ အဆင် ပြေမှုသည် ဒီမိုကရေစီစနစ်ရှင်သန်ဖို့အတွက် လိုအပ်ချက်တစ်ခုပင်ဖြစ်သည်။ သို့သော် ၂၀၁၁ခုနှစ်၌ အစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများလောက် ဖြစ်ထွန်းမှု မရှိခဲ့ပေ။ ယင်းမှာလည်း စီးပွားရေးဖွံ့ဖြိုးဖို့အတွက် နိုင်ငံရေး ရေခံမြေခံကောင်းကို ပေါ်ဖော်နေရသည့်အတွက်ကြောင့်ပင် ဖြစ်သည်။ ယခုအခါတွင် နိုင်ငံရေးအင်အားစုများကြား ဘုံသဘောတူညီချက်နှင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အရယူနိုင်ခဲ့ပြီဖြစ်ရာ စီးပွားရေးရင်းနှီးမြုပ်နှံမှုအတွက် နိုင်ငံရေးစွန့်စားရမှုကို အနည်းဆုံးဖြစ်သွားပြီဟု တွက်ချက်၍ ရနိုင်ပါသည်။ ထိုအတွက်ကြောင့် ယခု ၂၀၁၂ ခုနှစ်သည် နိုင်ငံ၏ စီးပွားရေးကို စနစ်တကျတည်ဆောက်ရတော့မည့်နှစ် တစ်နှစ်ပင် ဖြစ်သည်။

မြန်မာနိုင်ငံမှာ သဘာဝသံယံဇာတများပေါများပြီး အလွန်နေထိုင်၍ ကောင်းသည့် နိုင်ငံတစ်နိုင်ငံပင် ဖြစ်ပါသည်။ ကမ္ဘာလှည့်ခရီးသည်များ၏ အာရုံကို သိမ်းယူထားနိုင်လောက်အောင် လှလွန်းပါသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှာ ကမ္ဘာ့အလည်တွင် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့ရသည်။ ယခုအခါတွင်တော့ ထိုတွင်းနက်ကြီးထဲမှ မြန်မာနိုင်ငံမှာ ထွက်စပြုနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုကို လိုလာသည့် Stake holders များအားလုံး အနေဖြင့် အပြီးတိုင်ရုံးထွက်နိုင်ရန် ယခု မင်္ဂလာရှိသော နှစ်သစ်မှ စတင်ကြိုးပမ်းရမည်ဖြစ်ပါကြောင်း….။

***************************************************************************************                                                                                 

Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂.၁.၂ဝ၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာ့စတော့ရှယ်ယာဈေးကွက် ဖွံ့ဖြိုးတိုးတက်ရန် ဂျပန်ကူညီမည်
  2. ပြည်သူများနှင့် ဝန်ထမ်းများ အသက်အာမခံကို သင်္ဘောသား အသက်အာမခံကဲ့သို့ ပြုလုပ်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အမျိုးသမီးရပိုင်ခွင့်များနှင့် ပတ်သက်၍ လွှတ်တော်အမတ်များ ဆွေးနွေးမည်
  2. အကျင့်ပျက်ခြစား တရားသူကြီးများအား အရေးယူနိုင်ရန် ဥပဒေပြဋ္ဌာန်းမည်
  3. NLD မှ ကြားဖြတ်ရွေးကောက်ပွဲတရားမျှတရေး စောင့်ကြည့်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                            ********************************************

ပြည်တွင်းသတင်းများ

မြန်မာစတော့ရှယ်ယာဈေးကွက် ဖွံ့ဖြိုးတိုးတက်ရန် ဂျပန်ကူညီမည်

မြန်မာနိုင်ငံအတွင်း မကြာမီဖြစ်ပေါ်လာမည့် မြန်မာစတော့ရှယ်ယာဈေးကွက် ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် ဂျပန်နိုင်ငံရှိ Tokyo Stock Exchange (TSE) မှ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် (TSE) သည် မြန်မာနိုင်ငံသာမက အခြားအာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး အဓိက အနေဖြင့် မြန်မာနိုင်ငံရှိ စတော့ရှယ်ယာဈေးကွက် လုံခြုံမှု၊ ဥပဒေရေးရာစည်းမျဉ်း စည်းကမ်းများ ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်စေရန် ကူညီသွားမည်ဖြစ်ကြောင်း Tokyo Stock Exchange (TSE)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရာတွင် TSE အနေဖြင့် မည်သည့်အကျိုးအမြတ်ကိုမှ မျှော်မှန်းထားခြင်းမရှိဘဲ မြန်မာနိုင်ငံနှင့် TSE တို့၏ ပူးပေါင်းဆောင်ရွက်မှုများကို ကာလတို၊ ကာလလယ်၊ ကာလရှည်ထိတိုင် ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် အကျိုးအမြတ် ရရှိနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့၌ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိချိရိုဂမ်ဘာသည် မြန်မာနိုင်ငံသို့ လာရောက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အထွေထွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းစစ်လေ့လာမှု များ လုပ်ဆောင်သည့်နေရာတွင် ရန်ကုန်၌ရှိသည့် သီလဝါဆိပ်ကမ်း ကိစ္စများကိုပါ လေ့လာသုံးသပ်မည်ဖြစ်ကြောင်း၊ ၎င်းကိစ္စရပ်များသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏  အထူးမျှော်လင့်ထားဟု ပြောကြားသည့် ကိစ္စများပင်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိချိရိုဂမ်ဘာမှ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် သတင်း ထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိချိရိုဂမ်ဘာ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာ-ဂျပန် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် စာချုပ် ချုပ်ဆိုနိုင်ရေး စတင်နိုင်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပြည်သူများနှင့် ဝန်ထမ်းများ အသက်အာမခံကို သင်္ဘောသား အသက်အာမခံကဲ့သို့ ပြုလုပ်မည်

မြန်မာနိုင်ငံရှိ ပြည်သူများနှင့် ဝန်ထမ်းများ၏ အသက်အာမခံများကို သင်္ဘောသားများ၏ အသက်အာမခံ ပုံစံမျိုးကဲ့သို့ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သင်္ဘောသားအသက်အာမခံ လျော်ကြေးမှာ မြင့်မားသော အာမခံအမျိုးအစားတစ်ခုဖြစ်ပြီး သင်္ဘောသား အသက်အာမခံအတွက် ပရီမီယံကြေး တစ်နှစ်စာ ကျပ် ၂၅,၀၀၀ အာမခံထား၍ ၎င်းအာမခံထားသူသည် တစ်နှစ်အတွင်း သေဆုံးခဲ့ပါက ကျပ်သိန်းငါးဆယ် လျော်ကြေးပေးသည့် အာမခံ အမျိုးအစား တစ်ခုဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိတိုင် မြန်မာ့အာမခံလုပ်ငန်း၏ အာမခံထားရှိမှုအခြေအနေမှာ  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်ပါက တစ်နှစ်ထက်တစ်နှစ် ပိုမို တိုးတက်လာလျက်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်မှ စတင်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အာမခံလုပ်ငန်းမှ ပုဂ္ဂလိကအာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ဆောင်ရွက်ပေးမည်ဖြစ်သော်လည်း အာမခံလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ရှိနေသေးသည့်အတွက် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆောင်ရွက် နိုင်မည်မပာုတ်သေးကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ မြန်မာ့အာမခံလုပ်ငန်း၌ အာမခံရောင်းချသော အမျိုးအစားပေါင်း ၄၈ မျိုးရှိပြီး ၎င်း အာမခံလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ကိုင်ရန် ခွင့်ပြုပေးခြင်းမှာ မြန်မာ့အာမခံလုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်းမပာုတ်ဘဲ ပုဂ္ဂလိကသို့ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ကို ခွင့်ပြုပေးခြင်းသာဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

YC

                                 ****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အမျိုးသမီးရပိုင်ခွင့်များနှင့် ပတ်သက်၍ လွှတ်တော်အမတ်များ ဆွေးနွေးမည်

မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ရပိုင်ခွင့်များကို သိရှိနားလည်နိုင်စေရန် အမျိုးသမီးများကိုသာမက လွှတ်တော်အမတ်များကိုပါ ဆွေးနွေးပွဲ ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း Gender and Development In initiative မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးအများစုမှာ မိမိတို့၏ ရပိုင်ခွင့်များနှင့် သိရှိသူနည်းပါးလျက်ရှိသည့်အတွက် ၎င်းတို့အား အမျိုးသမီး ရပိုင်ခွင့်ဆိုင်ရာ အသိပညာပေးခြင်းများကို လုပ်ဆောင်ပေးမည်ဖြစ်ပြီး အမျိုးသမီးများအတွက် လက်ရှိကျင့်သုံးနေသည့် ဥပဒေများကို ပြင်ဆင်ရေးဆွဲနိုင်ရန် လွှတ်တော်အမတ်များနှင့် ဆွေးနွေးခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“လက်ရှိအချိန်မှာ နိုင်ငံတော်အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေမှာ မြန်မာ အမျိုးသမီးတွေကို နေရာပေးတာ အတော်နည်းပါတယ်။ အနီးစပ်ဆုံး အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကိုကြည့်မယ်ဆိုရင်တောင် ဝန်ကြီးချုပ်နေရာကို အမျိုးသမီးကို နေရာပေးထားပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ မြန်မာအမျိုးသမီးတွေကို တော့ နေရာပေးတာ နည်းပါတယ်။ တကယ်မြန်မာအမျိုးသမီးတွေကပဲ ညံ့နေလို့လားဆိုတာ ကျွန်မ သံသယရှိလာပါတယ်။ ဒါကြောင့် အမျိုးသမီးရပိုင်ခွင့်တွေ အတွက် လွှတ်တော်အမတ်တွေနဲ့ဆွေးနွေးတယ်ဆိုတဲ့ ကိစ္စက ကောင်းပါတယ်” ပာု နိုင်ငံရေးလေ့လာနေသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အမျိုးသမီးများ၏ ရပိုင်ခွင့်ဆိုင်ရာများနှင့် ပတ်သက်၍ စီဒေါ(CEDAW)စာချုပ် (အမျိုးသမီးများအား ခွဲခြားမှု ပပျောက်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်း)ကို ကုလသမဂ္ဂသို့ လေးနှစ်လျှင်တစ်ကြိမ် တင်သွင်းရပြီး ၎င်းစီဒေါစာချုပ်၌ အမျိုးသမီးများ၏ ရပိုင်ခွင့်များနှင့် ပတ်သက်၍ ရေးသားဖော်ပြ ထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် အမျိုးသမီးများ ရပိုင်ခွင့်ဆိုင်ရာ စာချုပ်(စီဒေါ) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Ref: Messenger

-----------------------------------------------------------------------------------------------------------------------------------

အကျင့်ပျက်ခြစား တရားသူကြီးများအား အရေးယူနိုင်ရန် ဥပဒေပြဋ္ဌာန်းမည်

မြန်မာနိုင်ငံရှိ အစိုးရသစ်လက်ထက်မှ စတင်၍ ဥပဒေနှင့် ညီညွှတ်ခြင်းမရှိဘဲ အကျင့်ပျက်ခြစား အဂတိလိုက်စားသည့် တရားသူကြီးများအား အရေးယူနိုင်မည့် ဥပဒေကို ပြည်သူ့လွှတ်တော်သို့ တင်ပြပြဋ္ဌာန်းဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြေင်း တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီနှင့် ပြည်တွင်းသတင်းမီဒီယာများ တွေ့ဆုံပွဲကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီဆောင် (1-12)တွင် ကျင်းပခဲ့ပြီး ဥပဒေရေးရာကော်မတီမှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီမှ မြန်မာနိုင်ငံရှိ ဥပဒေနှင့် ညီညွှတ်ခြင်းမရှိဘဲ အဂတိလိုက်စားသည့် တရားသူကြီးများ၊ ဥပဒေဝန်ထမ်းများ၊ ရှေ့နေရှေ့ရပ်နှင့် တရားရေး အသိုင်းအဝိုင်းရှိသူများကို အရေးယူနိုင်သည့် ဥပဒေမျိုးရေးဆွဲနိုင်ရန် အချက်အလက် စတင် စုဆောင်းနေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီအနေဖြင့် တတိယမဏ္ဍိုင် တည့်မတ်ခိုင်မာနိုင်ရန် ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း အောက်ခြေရှိ တရားစီရင်ရေးအချို့သည် စနစ်ပောာင်းကို ဆက်လက်ဖက်တွယ် လျက်ပင် ရှိနေသေးကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပါတီစုံမှ ကော်မတီအဖွဲ့ဝင် (၁၅) ဦး ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

NLD မှ ကြားဖြတ်ရွေးကောက်ပွဲတရားမျှတရေး စောင့်ကြည့်မည်

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရာတွင် တရားမျှတမှုရှိစေရေးအတွက် အဓိက အတိုက်အခံ ပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း NLD မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ်(၆၁/၂၀၁၁) ဖြင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

အစိုးရအဖွဲ့အတွင်းသို့ ရောက်ရှိသွားသည့် လွှတ်တော်တွင်း လစ်လပ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရမည့် လစ်လပ်မဲဆန္ဒနယ်မှာ ၄၈ နေရာ ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၎င်း လစ်လပ်မဲ ဆန္ဒနယ် (၄၈) နေရာလုံး၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗပိာုအလုပ်အမှု ဆောင်အစည်းအဝေးခေါ်ယူ၍ ပါတီ မှတ်ပုံ တင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ၎င်းအစည်းအဝေး၌ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာလုံး၌ ဝင်ရောက် ယှဉ်ပြိုင်သွားရန် ကန့်ကွက်သူမရှိ တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့သည်။

YC

                                 *************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- အကိုက လူငယ်တွေနဲ့ပတ်သက်ပြီး လုပ်စရာတွေရှိခဲ့တယ်လို့ ပြောခဲ့တယ်။ ယခု တောင်ငူဒေသခံ လူငယ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးနဲ့ အကျွမ်းတဝင် ရှိသင့်တယ်လို့ ယူဆထားရင် ဘာတွေပြောစာရှိပါသလဲ။

ဖြေ- ဒီလိုဗျ။ တောင်ငူ လူငယ်တွေမှ မဟုတ်ဘူး။ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ လူငယ်တွေနဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အရေးတကြီးလိုအပ်နေတဲ့အရာက ပညာဗျ။ ဒါကြောင့် နောက်လာမယ့် အနှစ် ၃၀ လောက်မှာ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် အခက်အခဲတွေက ဒေသတွင်းမှာ အင်မတန်ပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတော့မယ်။ ဘာလို့အဲဒီစကားကို ကျွန်တော်ပြောရလဲဆိုတော့ ‘အာရှ’ (ASIA) လို့ခေါ်တဲ့ အာရှတွင်းမှာ လွတ်လပ်စွာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးဆိုတဲ့ စာချုပ်က သဘောတူထားပြီးဖြစ်တယ်။ အဲဒါကို အားလုံးက မေ့နေကြတယ်။ မသိသလို ဖြစ်နေကြတယ်။ မသိကြတာလည်း ဖြစ်နိုင်ပါတယ်။ သို့တည်းမဟုတ် မေ့နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမျိုးဖြစ်နေတာမို့ ကျွန်တော်တို့နိုင်ငံမှာ အရမ်း အရေးကြီးတဲ့ အချိန်ဖြစ်နေပါပြီ။ အဲဒါကို ရင်ဆိုင်ဖို့ဆိုတာက (အီမိုးရှင်း) စိတ်ခံစားမှုနှင့် မဖြစ်နိုင်ပါဘူး။ ပညာနဲ့ ယှဉ်ပြိုင်မှရနိုင်မှာ။ ကျွန်တော်တို့ တိုင်းပြည်မှာ အင်စတီကျူးရှင်း နှင့်ပတ်သက်ပြီး လူကြားကောင်းအောင် လုပ်လို့မရတော့ဘူး။ လက်တွေ့လုပ်ပြဖို့ အရေးကြီးတယ်။ ကျွန်တော့်ပါးစပ်ကပြောတာ နည်းပါတယ်။ လက်တွေ့ လုပ်ပါတယ်။ ဒါကြောင့် ထောင်ကထွက်လာပြီး နှစ်လအတွင်း ကျွန်တော်လုပ်တဲ့အလုပ်တွေကို အားလုံးလည်းမြင်ပါတယ်။ ကျွန်တော် ထောင်က ထွက်လာပြီး ပညာရေးဆုံးခန်းမတိုင်ခဲ့တဲ၊ ထောင်ထဲမှာ အချိန်ကုန်ခဲ့ရတဲ့ လူငယ်တွေရဲ့ပညာရေးကို အပူတပြင်းဆောင်ရွက်ပေးခဲ့တဲ့အတွက် မြန်မာလူငယ် ၈၈ ဦး အဆင့်မြင့် ပညာရေးကို နိုင်ငံခြားမှာ ပညာသင်ခွင့်ရခဲ့ပါပြီ။ အဲဒီလူငယ်တွေက ကျွန်တော်တို့တိုင်းပြည်ကို ကယ်တင်မှာပါ။ အဲဒီလိုပဲ မိဘတွေက ပညာမသင်ပေးနိုင်တဲ့ လူငယ်တွေအတွက်လည်း ထောက်ပံ့ပေးဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့နိုင်ငံ နောက်ကျခဲ့တဲ့ ပညာရေးကို အဆင့်အတန်း မြှင့်ပေးဖို့ အရေးတကြီး လိုအပ်လာပြီလို့ ပြောချင်ပါတယ်။

ဇန်နဝါရီ ၂ ထုတ် Favourite News အတွဲ (၃) အမှတ် (၁၃၁) တွင်ပါသည့် “ဇာဂနာနှင် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“၂၀၁၂ အတွက်ကတော့ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ အဓိကဆောင်ရွက်မယ့်ဟာတွေ ရှိပါတယ်။ ဒီ ၂၀၁၂ ခုနှစ်ဟာ လုံးဝကို စနစ်ပြောင်း ခေတ်ပြောင်း ကာလဖြစ်လာမှာပါ။ ဒီ့အတွက် လွှတ်တော်ကနေပြီး စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေလည်း ဆက်တိုက် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ နိုင်ငံအတွက် အလုပ်ဖြစ် မယ့် ဥပဒေတွေလည်း ပြဋ္ဌာန်းသွားမှာပါ။ စိန်ခေါ်မှုအနေနဲ့ကတော့ လွှတ်တော်ကြီးကို ခိုင်မာအောင်လုပ်ဆောင် ဖို့လိုပါလိမ့်မယ်”

ဇန်နဝါရီ ၄ ရက်နေ့ထုတ် The Messenger အတွဲ (၂) အမှတ် (၃၃) တွင်ပါသည့် “၂၀၁၂ရဲ့ စိန်ခေါ်မှုများ” သတင်းမှ သူရ ဦးရွှေမန်း (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“မြန်မာနိုင်ငံဟာ ကြိုးနီစနစ်တွေ ဖျက်သိမ်ပြီး ကော်ဇောနီခင်းနေပြီဆိုတဲ့အကြောင်း နိုင်ငံတကာစီးပွားရေး လုပ်ငန်းရှင်တွေကို အသိပေးလိုက်တယ်။ လေယာဉ်ပျံ တက်သွားသလို အထစ်အငေါ့ အတက်အကျလေးတော့ ရှိမှာပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ဘယ်တော့မှ နောက်ကြောင်းပြန် မလှည့်တော့ဘူးလို့ ပြောခဲ့တယ်။ နိုင်ငံတကာကလဲ တော်တော်လေး ဝေဖန်ချင့်ချိန်ပြီး သွားနေတဲ့ အနေအထားမှာပဲ ရှိသေးတယ်။ ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်ကလဲ မထွက်သေးဘူး။ ဒါတွေထွက်မှ ပုံအောင်ပြီး ဝင်လာကြမှာ”

ဇန်နဝါရီ ၃ ထုတ် The Flower News အတွဲ (၈) အမှတ် (၁) တွင်ပါသည့် “မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်မှု ၂၀၁၂ လားရာ” သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်