Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၅.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကို ဗြိတိသျှ နိုင်ငံခြားရေးအတွင်းဝန် တွေ့ဆုံမည်

(Reuters သတင်းဌာနမှ 5 January 2012 ရက်စွဲပါ Hague to meet Suu Kyi and Burma President ကို ဘာသာ ပြန်ဆိုသည်)

  1.  အမျိုးသားရေးညီညွတ်မှုရှိရန် သမ္မတဦးသိန်းစိန် တိုက်တွန်း

(AP သတင်းဌာနမှ 4 Jan 2012 ရက်စွဲပါ Myanmar's president calls for national unity ကိုဘာသာပြန်ဆိုသည်)

  1. နိုင်ငံရေးအကျဉ်းသား ၁၂ ဦးခန့်သာ လွတ်ငြိမ်းချမ်းသာခွင့်ရဟု ဆို

(Reuters သတင်းဌာနမှ 4 Jan 2012 ရက်စွဲပါ Myanmar freed only 12 political prisoners: group says ကို ဘာသာပြန်ဆိုသည်)

  1. ငါးနိုင်ငံကားပြိုင်ပွဲ မြန်မာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

(Xinhua သတင်းဌာနမှ 4 January 2012 ရက်စွဲပါ Myanmar to Host Five-Country Car Rally သတင်းကို ဘာသာ ပြန်ဆိုသည်)

*************************************************************************************

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကို ဗြိတိသျှ နိုင်ငံခြားရေးအတွင်းဝန် တွေ့ဆုံမည်

(Reuters သတင်းဌာနမှ 5 January 2012 ရက်စွဲပါ Hague to meet Suu Kyi and Burma President ကို ဘာသာ ပြန်ဆိုသည်)

ဗြိတိသျှနိုင်ငံခြားရေးအတွင်းဝန် ဝီလျံဟေ့ဂ် (William Hague) သည် ယနေ့ (၅ ဇန်နဝါရီ ၂ဝ၁၂) နေ့လယ်အချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်သည်။ ယင်းခရီးစဉ်သည် အရပ်သားအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အားပေးရန် ဖြစ်သည်ဟု ဆိုသော်လည်း တာဝန်ရှိသူအချို့က ဟေ့ဂ်အနေဖြင့် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ (Sanctions) ရုတ်သိမ်းရေးကိစ္စကိုပါ ဆွေးနွေးဖွယ်ရှိသည်ဟု ဆိုသည်။

မစ္စတာဟေ့ဂ်၏ မြန်မာပြည်ခရီးစဉ်သည် နှစ်ရက်တာကြာမြင့်မည်ဖြစ်ပြီး ၁၉၆၂ ခုနှစ် တပ်မတော်အစိုးရ စတင် အုပ်ချုပ်သည့် အချိန်မှစ၍ တွက်လျှင် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေဖြင့် ပထမဆုံးအလည်အပတ်ခရီးစဉ် ဖြစ်လာသည်။ ယခင်ကိုလိုနီအင်အားကြီးနိုင်ငံတစ်နိုင်ငံအနေနှင့် ယခုကဲ့သို့ ဗြိတိသျှကက်ဘိနက်ဝန်ကြီးတစ်ဦး၏ လည်ပတ်မှုသည် ယမန်နှစ်ကစတင်၍ အရပ်သားအစိုးရသစ်က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆက်တိုက် ဆောင်ရွက်လာပြီးနောက် ဗြိတိန်နှင့် မြန်မာနိုင်ငံအကြား သံတမန်ရေးရာ တိုးတက်ပြောင်းလဲလာခြင်း လက္ခဏာ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်လျက် ရှိကြသည်။

ဗြိတိန်နိုင်ငံသည် မြန်မာ့လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်၍ တင်းမာစွာ ရပ်တည်ခဲ့သူ ဖြစ်သော်လည်း ယမန်နှစ် အောက်တိုဘာ ၁၂ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ၂၃ဝ ကို လွှတ်ပေးခဲ့ပြီးနောက် အစိုးရအပေါ် အကောင်းမြင် သဘောထားအချို့ကို ပြသလာခဲ့သည်။ မစ္စတာဟေ့ဂ်သည် တည်ဆောက်သက် ခြောက်နှစ်ရှိပြီဖြစ်သော မြို့တော် နေပြည်တော်သို့ ရောက်ရှိလာပြီး ယခင်တပ်မတော်အစိုးရ ဗိုလ်ချုပ်တစ်ဦးဖြစ်သူ လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်သည်။ ယင်းနောက်တွင် ဟေ့ဂ်သည် အောက်စဖို့တက္ကသိုလ်ကျောင်းဆင်း၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သောကြာနေ့တွင် တွေ့ဆုံရန် ရန်ကုန်သို့ ခရီးဆက်မည်ဖြစ်သည်။

"အခုခရီးစဉ်က မြန်မာအစိုးရရဲ့ လတ်တလောခြေလှမ်းတွေကို အားပေးကူညီဖို့ လာရောက်ဖြစ်ခြင်း ဖြစ်ပါတယ်" ဟု မစ္စတာဟေ့ဂ်က ဆိုသည်။ "မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ဆက်လျှောက်နိုင်ရန် အားပေးဖို့နဲ့ ဒီလမ်းကြောင်းမှာ ဗြိတိန်က ဘာတွေများ ကူညီထောက်ပံ့ ပေးနိုင်မလဲ ဆိုတာကို ကြည့်ရှုလေ့လာဖို့ လာခဲ့တာပါ" ဟုလည်း ဆက်လက်ပြောကြားသည်။

ယင်း၏ ခရီးစဉ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ခရီးစဉ်အပြီးတွင် ပေါ်ထွက်လာခြင်း ဖြစ်ပြီး ဟီလာရီက မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို ထပ်မံလွှတ်ပေးပြီး တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အပါအဝင် လိုက်လျောမှုများ ပိုမိုပြုလုပ်လာပါက အမေရိကန်အနေဖြင့် ထိထိရောက်ရောက် အကူအညီပေးမည့်အကြောင်း ကတိပေးပြောကြားသွားခဲ့သည်။

ဗြိတိန်အနေဖြင့်လည်း အလားတူသက်သေများကို ရှာဖွေမည်ဖြစ်ကြောင်း ဗြိတိန်မှ မစ္စတာဟေ့ဂ် မထွက်ခွာမီ တာဝန်ရှိသူတစ်ဦးက လန်ဒန်တွင် ပြောကြားခဲ့သည်။ မြန်မာအစိုးရက ယင်းတို့လိုလား တောင်းဆိုနေသော အချက်သုံးချက်ကို တိုးတက်ဆောင်ရွက်လာပါက ဥရောပသမဂအနေဖြင့် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုများကို ဖြေလျှော့ပေးမည့် အရိပ်အယောင်များကို တွေ့ရသည်။ အဆိုပါ အချက်သုံးချက်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ ဧပြီတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတမှုရှိရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကို လက်ရှိ နိုင်ငံရေး လမ်းကြောင်းပေါ်သို့ ခေါ်ယူရေး တို့ဖြစ်သည်။

ပြီးခဲ့သော ဇန်နဝါရီ ၄ ရက်နေ့က လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၉ဝဝ ကျော် လွှတ်ပေးခဲ့ရာ နိုင်ငံရေးအထိန်းသိမ်းခံ ၁၂ ဦးသာ ပါရှိခဲ့ပြီး ၆ဝဝ ဦးခန့် အကျဉ်းကျခံနေရဆဲ ဖြစ်ကြောင်း သိရသည်။ သမ္မတကြီး၏ လွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် ကမ္ဘာ့ပါဝါနိုင်ငံကြီးများသည် နိုင်ငံငယ်ကလေးများ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လျက်ရှိကြောင်း ပါရှိသည်။

ယခုခရီးစဉ်သည် မစ္စတာဟေ့ဂ်အတွက် အစွန်းနှစ်ဘက် မလွတ်သော ခရီးစဉ်ဖြစ်နေသည်။ ယင်းအနေဖြင့် ယခင်တပ်မတော်အစိုးရ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အားပေးပြီး နိုင်ငံသို့ ပြန်လာချိန်တွင် ယခင်တပ်မတော်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းများနှင့် ကြမ်းကြုတ်မှုများကို ဖြေဖျောက်ပေးရာရောက်သည်ဟု ဝိုင်းဝန်းဝေဖန်ခံရဖွယ်လည်း ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်မက်ဖြစ်ပွားရာ နေရာများ၌ စစ်တပ်က ကျူးလွန်ခဲ့သော လူ့အခွင့်အရေးဖောက်ဖျက်မှုများမှာ ယခုအချိန်ထိ မှတ်တမ်းဝင်နေဆဲ ဖြစ်သည်။

"ဟေ့ဂ်အနေနဲ့ ခပ်ပျော့ပျော့ ကိုင်တွယ်လို့မဖြစ်ဘူး။ မြန်မာပြည်အရေးက ဗြိတိန်ပြည်တွင်းမှာ နိုင်ငံရေးဘောလုံးပွဲတစ်ခု ဖြစ်လာပြီ။ တဲ့တိုး မလုပ်ဘူးဆိုရင် သူအဝေဖန်ခံရမှာ။" ဟု ယခင်ဗြိတိသျှသံတမန်ဟောင်း၊ ယခုအခါ ထင်ရှားသော မြန်မာ့အရေးလေ့လာသူ ဒဲရက်တွန်ကင် (Derek Tonkin) က မှတ်ချက်ပေးသည်။

"ကျွန်တော်တို့အနေနဲ့ မြန်မာပြည်ကို အနှစ်နှစ်ဆယ်လောက် ပစ်ထားခဲ့ပြီး ဘယ်ကိုမှလည်း ခရီးမပေါက်ခဲ့ဘူး။ ဗြိတိန်ဟာ အမေရိကန်တွေရဲ့ လွှမ်းမိုးမှုအောက် တော်တော်လေးရောက်နေပါတယ်။" ဟုလည်း ဗြိတိန်က ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များတွင် ဥရောပသမဂထက် ပိုမိုတင်းကြပ်ခဲ့ခြင်းအပေါ် ရည်ရွယ်၍ ယင်းက ဆက်လက်ဆိုသည်။

ဥရောပသမဂနှင့် အမေရိကန်တို့က မြန်မာအစိုးရသစ်နှင့်တကွ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများဖြစ်သော အိန္ဒိယ၊ ထိုင်းနှင့် တရုတ်တို့အား အခြေခံအဆောက်အဦများ တည်ဆောက်ရန်နှင့် ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မျက်ရတနာနှင့် သစ် အပါအဝင် သယံဇာတများအတွက် ရင်းနှီးမြှုပ်နှံရန် ပြည့်စုံသော ထောက်ပံ့မှုများပေးမည်ဖြစ်ကြောင်း အသံပြုထားကြပြီ ဖြစ်သည်။ လက်ရှိတွင် စွမ်းအင်နှင့် ငွေကြေးလုပ်ငန်းတို့မှ အချို့ ဗြိတိသျှ စီးပွားရေးလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက် ရှိကြသည်။ သို့ရာတွင် မစ္စတာဟေ့ဂ်၏ ခရီးစဉ်သည် ဧပြီတွင် ကျင်းပမည့် အီးယူ၏ နှစ်စဉ် Sanctions သုံးသပ်ပွဲအခမ်းအနား မတိုင်မီ မြန်မာနိုင်ငံကို လာရောက်စစ်ဆေးခြင်း ဆိုသည့်အဆင့်ထိ  ရောက်ရှိသေးပုံကား မရပေ။

နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာသော ကူညီမှုဆိုင်ရာ အထောက်အပံ့များ ပေးမည့်ကိစ္စကို ဆွေးနွေးဖွယ်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုသာ ရရှိပါက ပြည်တော်ပြန်ပြီးနောက် ဝေဖန်ခံရမှုများမှ သက်သာနိုင်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သည်လည်း မကြာသေးသော လများအတွင်းက အစိုးရနှင့် ပူးပေါင်း၍ နိုင်ငံရေး ဆောင်ရွက်ချက်များ ပြုလုပ်လိုသည့် သဘောထားကို ဧပြီတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သူမ၏ NLD ပါတီက တရားဝင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သဘောတူခဲ့ခြင်းအားဖြင့် ပြသခဲ့ပြီး ဖြစ်သည်။

"ဟေ့ဂ်က လိုက်လျောမှု အသေးစားအချို့ကို လုပ်ပေးရင် လုပ်ပေးမှာပါ။ ဒါပေမဲ့ လောလောဆယ်တော့ စီးပွားရေးဒဏ်ခတ်မှုတွေ ရုတ်သိမ်းရေး အတွက်က ပိုပြီးစစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လိုသေးတယ် ဆိုတာ အသိပေးဖို့ သူသွားတာ ဖြစ်ပါတယ်။" ဟု UK Burma Campaign မှ ဒါရိုက်တာ မာ့ခ် ဖာမန်နာ (Mark Farmaner) က ပြောကြားသည်။ "ဗြိတိန်အနေနဲ့ အများကြီးသတိထားသွားမှာပါ။ မြန်မာပြည်တွင်းက စေ့စပ်ညှိနှိုင်းမှုအတွက် ထောက်ခံမှုတွေ အများကြီး ရထားကြပါတယ်။ ဒါပေမဲ့ သူတို့ကတော့ သိပ်မြန်မြန်ဆန်ဆန်ကြီး ရွေ့ဦးမယ် မထင်ဘူး။" ဟု မြန်မာ့ အပြောင်းအလဲများ အတွက် အချိန်များစွာ ယူရနိုင်သည့်အချက်ကို ရည်ညွှန်း၍ ဆက်လက်ပြောဆိုသွားသည်။

******************************************************************

အမျိုးသားရေးညီညွတ်မှုရှိရန် သမ္မတဦးသိန်းစိန် တိုက်တွန်း

(AP သတင်းဌာနမှ 4 Jan 2012 ရက်စွဲပါ Myanmar's president calls for national unity ကိုဘာသာပြန်ဆိုသည်)

သြဇာအာဏာကြီးမားသည့် ကမ္ဘာ့ပါဝါနိုင်ငံကြီးများသည် နိုင်ငံငယ်ကလေးများ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၄ ရက်နေ့တွင် သတိပေးပြောကြားလိုက်သည်။

ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိသည့် နှစ်ပေါင်း ၆၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သဝဏ်လွှာစကားပြောဆိုရာ၌ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလူမျိုးစုံနေထိုင်ရာ မြန်မာနိုင်ငံတွင် အမျိုးသားရေးညီညွတ်မှု ရှိကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။ သို့သော် အင်အား ကြီးမားသည့် နိုင်ငံကြီးများနှင့်ပတ်သက်၍ သတိပေးပြောဆိုချက်မှာ လတ်တလောကာလများအတွင်း အနောက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု ရရှိရန် ကြိုးပမ်းချက်များကို ဆန့်ကျင်သလိုဖြစ်နေသည်။

ဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရသည် ပြီးခဲ့သည့် မတ်လ စစ်အစိုးရထံမှ အာဏာလွှဲပြောင်းရယူခဲ့သည့် အချိန်မှစ၍ နိုင်ငံရေးနှင့် စီးပွားရေး ဖြေလျှော့ပေးမှုများနှင့် ပြုပြင်ပြောင်းလဲမှုအချို့ကိုဆောင်ရွက်ခဲ့သည်။ ထို့ပြင် အနောက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်နိုင်မည့် နည်းလမ်းများကို ရှာဖွေပြီး စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားလာစေရန်လည်း ကြိုးပမ်းလျက်ရှိသည်။

****************************************************************

နိုင်ငံရေးအကျဉ်းသား ၁၂ ဦးခန့်သာ လွတ်ငြိမ်းချမ်းသာခွင့်ရဟု ဆို

(Reuters သတင်းဌာနမှ 4 Jan 2012 ရက်စွဲပါ Myanmar freed only 12 political prisoners: group says ကို ဘာသာပြန်ဆိုသည်)

ယခုရက်သတ္တပတ်အတွင်း မြန်မာအစိုးရက အကျဉ်းသား ၉၀၀ ခန့်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သော်လည်း ရာပေါင်းများစွာရှိသည့် နိုင်ငံရေး အကျဉ်းသားများအနက် အနည်းငယ်မျှသာပါဝင်ခဲ့ကြောင်း ဒီမိုကရေစီရေးလှုပ်ရှားသော ထိပ်တန်းအဖွဲ့တစ်ဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြောကြားလိုက်သည်။ မြန်မာအရပ်သားအစိုးရသည် အနောက်၏ စီးပွားရေးပိတ်ဆို့မှုများဖယ်ရှားလာရန်အလို့ငှာ ယင်းသို့လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည့် အကျဉ်းသားများအနက် နိုင်ငံရေးအကျဉ်းသားမှာ တစ်ဒါဇင်မျှသာ ပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်းနိုင်းက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။ လက်ရှိ အရပ်သားအစိုးရသည် မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ် ကတည်းက စတင်အုပ်ချုပ်ခဲ့သော စစ်တပ်၏ ချီးမြှောက်မှုဖြင့် အာဏာရရှိလာခြင်းဖြစ်သည်။ မြန်မာအစိုးရက ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တက်ကြွစွာ လှုပ်ရှားသူပေါင်း ၂၃၀ ခန့်ကို လွှတ်ပေးခဲ့ပြီဖြစ်သော်လည်း အနောက်နိုင်ငံများက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုထားခြင်း ဖြစ်ရာ စီးပွားရေးပိတ်ဆို့အရေးယူမှုများအားလုံးဖယ်ရှားရေး သို့မဟုတ် ပြန်လည် သုံးသပ်ရေးမှာ အလှမ်းဝေးနေဆဲဖြစ်သည်။ သို့သော် အဆိုပါ အောက်တိုဘာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကာ စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ထားရာ ပိတ်ဆို့မှုများဖယ်ရှားရေးနှင့်ပတ်သက်၍ မျှော်လင့်ချက်များဖြစ်ပေါ်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ နိမ့်ကျသော လူ့အခွင့်အရေးမှတ်တမ်းများကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ပိတ်ဆို့ဒဏ်ခတ်မှုများပြုလုပ်ခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်းတွင် အထီးကျန်ဖြစ်ခဲ့ပြီး တိုင်းပြည်စီးပွားရေးမှာ လွန်စွာ ချွတ်ချုံ ကျခဲ့ရသည်။ လက်ရှိအစိုးရသစ်က နိမ့်ကျသွားသော မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ရန် ပြင်းပြင်ထန်ထန်ကြိုးစားပြီး အနောက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု ပြန်လည်ရရှိရန်လည်း စေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်လျက်ရှိသည်။ သို့သော် လေ့လာဆန်းစစ်သူ ပညာရှင် အချို့က အချို့သော နိုင်ငံရေးအကျဉ်းသားများ၊ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များအား လွှတ်ပေးလိုက်ပါက တိုင်းပြည် လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သည့် အခြေအနေတွင် ရှိကြောင်း သုံးသပ်ပြောဆိုသည်။

မြန်မာသမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၂ ရက်နေ့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် သေဒဏ်ကျခံထားရသူများအား ထောင်ဒဏ် တစ်သက်တစ်ကျွန်းသို့ လျှော့ချပေးပြီး အခြားသော အကျဉ်းသားများကိုလည်း ပြစ်ဒဏ်များလျှော့ပေါ့ပေးခဲ့သည်။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ စီနီယာ အရာရှိကြီးကြီးတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောပြချက်အရ ဇန်နဝါရီလ ၃ ရက်နေ့တွင် ယင်းထောင်တစ်ခုတည်းမှ အကျဉ်းသား ၉၀၀ ကျော်ခန့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြည်ထဲရေးဝန်ကြီးဌာနက အထင်ကရ နိုင်ငံရေးအကျဉ်းသား အချို့အား မိသားစုများနှင့် နီးစပ်သည့် အကျဉ်းထောင်များသို့ ပြောင်းရွှေ့ နေရာချထားပေးခဲ့ပြီး ယင်းတို့အား တဖြည်းဖြည်းချင်းလွှတ်ပေးသွားမည်ဟု ပြောဆိုခဲ့သည်။ သို့သော် မည်သည့် အချိန်ကာလတွင် လွှတ်ပေးမည်ဟူသောအချက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

**************************************************************************

 ငါးနိုင်ငံကားပြိုင်ပွဲ မြန်မာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

(Xinhua သတင်းဌာနမှ 4 January 2012 ရက်စွဲပါ Myanmar to Host Five-Country Car Rally သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအတွေ့အကြုံရရှိစေရေးအတွက် ယခုလအတွင်း၌ ကျင်းပမည့် ငါးနိုင်ငံကားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ဗုဒဟူးနေ့တွင် ပြောကြားလိုက်သည်။

Top Ruby Land Racing Karts Club မှ ကမကထပြုလုပ်သော အဆိုပါကားပြိုင်ပွဲတွင် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် စင်ကာပူတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ပြည်တွင်းထုတ် Messenger News ဂျာနယ်က ဆိုသည်။ "လောလောဆယ်တော့ မြန်မာပြည်တွင်းက ကားမောင်းပြိုင်မယ့်သူ အနည်းငယ်သာ ကလပ်မှာ လာရောက် လေ့ကျင့်နေပါတယ်။ သူတို့အနေနဲ့ အားနည်းချက်တွေရှိနေပြီး အရည်အချင်းပြည့်မီဖို့ လိုနေပါသေးတယ်။" ဟု Top Ruby Land Racing Karts Club မှ တာဝန်ရှိသူတစ်ဦး၏ အဆိုကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။ နိုင်ငံတွင်းမှ အရည်အချင်းရှိ ပြိုင်ပွဲဝင်များကို ဖော်ထုတ်ရေးအတွက် ပြည်တွင်းကားပြိုင်ပွဲတစ်ခုကို ပြီးခဲ့သော ဒီဇင်ဘာလအတွင်းက ကျင်းပပေးခဲ့သည်။

Top Ruby Land Racing Karts Club သည် ဧရိယာအားဖြင့် 2.6325 ဟက်တာရှိကာ ၂ဝဝ၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလက ထိုင်းနိုင်ငံတွင် ထိုင်းခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနက ကျင်းပပေးခဲ့သော ASEAN မိသားစု ကားပြိုင်ပွဲတွင် မြန်မာက Congeniality Award ဆုရရှိခဲ့သည်။

*******************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs