Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၆.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီး စီးပွားရေးပိတ်ဆို့မှုကိစ္စ ဆွေးနွေး

(Reuters သတင်းဌာနမှ 6 January 2012 ရက်စွဲပါ Mary Petty ရေးသားသော Myanmar's Suu Kyi, UK's Hague in tune on sanctions ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

  1. ဗြိတိန်ဝန်ကြီး၏ ခရီးစဉ်အတွင်း မြန်မာ့နိုင်ငံရေး သုံးသပ်ချက်

(BBC ၏ အရှေ့တောင်အာရှ correspondent ဖြစ်သူ Rachel Harvey ရေးသားသော Analysis on Williams Hague's Visit ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနှင့် အင်ဒိုနီးရှား ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စများ ပူးပေါင်းဆောင်ရွက်မည်

(Xinhua သတင်းဌာနမှ 6 Jan 2012 ရက်စွဲပါ Indonesia, Myanmar to cooperate in promoting democracy, human rights သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ဒိန်းမတ်ဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိ

(Xinhua သတင်းဌာနမှ 6 Jan 2012 ရက်စွဲပါ Danish minister visits Myanmar to enhance engagement ကို ဘာသာ ပြန်ဆိုသည်)

*****************************************************************************************

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီး စီးပွားရေးပိတ်ဆို့မှုကိစ္စ ဆွေးနွေး

(Reuters သတင်းဌာနမှ 6 January 2012 ရက်စွဲပါ Mary Petty ရေးသားသော Myanmar's Suu Kyi, UK's Hague in tune on sanctions ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေ့ဂ် (Williams Hague) နှင့် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် သောကြာနေ့ (ယနေ့)တွင် ယခင်စစ်အစိုးရအပေါ် ချမှတ်ထားသော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းရေး အတွက် ဆွေးနွေးခဲ့ကြသည်။

အနောက်နိုင်ငံများအနေနှင့် လက်ရှိမြန်မာအရပ်သားအစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များကို အကောင်းဘက်မှ ရှုမြင်လာကြ ပြီးနောက် အစိုးရနှင့် ပြန်လည်ဆက်သွယ်လာလျက် ရှိကြရာ ယခု နှစ်ရက်တာခရီးစဉ် အဖြစ် လာရောက်သော ဗြိတိန်ဝန်ကြီး မစ္စတာဟေ့ဂ်က စီးပွားရေး ဒဏ်ခတ်မှုများကို ဖြေလျှော့နိုင်မည့် အခြေအနေ (၄) ရပ်ကို ကြေညာခဲ့သည်။ ယင်း အချက်(၄) ချက်မှာ  နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ စစ်တပ်ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆုံးသတ်ခြင်း၊ တိုင်းရင်းသားပဋိပက္ခများ ဖြေရှင်းခြင်းနှင့် လွတ်လပ်တရားမျှတသော ကြားဖြတ် ရွေးကောက်ပွဲကျင်းပခြင်း တို့ ဖြစ်သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း "နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးသင့်ပါပြီ။ နိုင်ငံတွင်းမှာဖြစ်နေတဲ့ တိုင်းရင်းသားပြဿနာတွေလည်း အဆုံးသတ်သင့်နေပါပြီ။ လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ် ရွေးကောက်ပွဲကိုလည်း မြင်တွေ့ချင်ပါတယ်။" ဟု ဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံကြီးတော်တော်များများအနေဖြင့် မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို အားပေး ထောက်ခံသောအားဖြင့် အစိုးရနှင့် ဆက်ဆံမှုများ ပြုလုပ်လာကြပြီး စီးပွားရေးလုပ်ငန်းများကလည်း တရုတ်၊ ထိုင်းနှင့် အိန္ဒိယ စသည့် အာရှနိုင်ငံများက အမြတ်ထုတ် စားသုံးပြီး ဖြစ်သည့် ကြွယ်ဝသော မြန်မာ့ သယံဇာတများအပေါ် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားလျက်ရှိနေကြသည်။

၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲပြီးသည့်အချိန်ထိ ထိန်းသိမ်းခံနေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည်လည်း လွှတ်တော်နိုင်ငံရေးတွင် ပါဝင်နိုင်ရန် လာမည့်ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ မစ္စတာဟေ့ဂ်သည် မြို့တော်နေပြည်တော်တွင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးရန် တို့ကို တောင်းဆိုခဲ့သည်။

"အစိုးရကို ကျွန်တော်အသိပေးလိုတဲ့ အချက်ကတော့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းစေချင်ရင် ဒီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ရမယ် ဆိုတာပါပဲ။ ခုဆို အစိုးရဟာ ရိုးသားတဲ့ ပြောင်းလဲမှုတွေ လုပ်နေပြီဆိုတာ ကျွန်တော်တို့ ယုံကြည်နေပါပြီ။ ဒီတော့ ဒီပြောင်းလဲမှုကို မြန်မြန်သာ ပြီးမြောက်အောင် လုပ်လိုက်ပါတော့။" ဟု ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံအား အကူအညီပေးမှုအများဆုံး နိုင်ငံဖြစ်သည်။

အဓိက Key ဒေါ်အောင်ဆန်းစုကြည်

                အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည်လည်း ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသို့ အထင်ကရ ခရီးစဉ်အဖြစ် လာရောက် လည်ပတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့ကို တွေ့ဆုံဆွေးနွေးခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ ပြုပြင်ပြောင်းလဲမှုများကို အားပေးရန်နှင့် အကူအညီများ ပေးရန်တို့ ဖြစ်သည်။

********************************************************************

ဗြိတိန်ဝန်ကြီး၏ ခရီးစဉ်အတွင်း မြန်မာ့နိုင်ငံရေး သုံးသပ်ချက်

(BBC ၏ အရှေ့တောင်အာရှ correspondent ဖြစ်သူ Rachel Harvey ရေးသားသော Analysis on Williams Hague's Visit ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

ဝီလျံဟေ့ဂ်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို အားပေး ထောက်ခံလျက် ရှိသော နိုင်ငံကြီးများမှ ရာထူးကြီးသံတမန်များစာရင်းတွင် နောက်ဆုံးပါဝင်လာသူဖြစ်သည်။

အနောက်ဥရောပနိုင်ငံများမှ တာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက် ရှိသော ကုန်သွယ်ရေးသမဂများ တရားဝင် ဖွဲ့စည်း ပေးလိုက်ခြင်း၊ မီဒီယာဆင်ဆာအချို့ ရုတ်သိမ်းပေးလိုက်ခြင်းနှင့် နိုင်ငံရေးအကျဉ်းသားအချို့အား အကန့်အသတ်ဖြင့် လွှတ်ပေးခြင်း စသည်တို့အပါအဝင် ပြုပြင်ပြောင်းလဲမှုများကို အားပေး ထောက်ခံလျက် ရှိသည်။

သို့ရာတွင် မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းများနှင့် သံတိုင်များနောက်တွင် နိုင်ငံရေး အကျဉ်းသားများစွာ ကျန်ရှိနေသေးခြင်း ဟူသည့် စိုးရိမ်ဖွယ်အကြောင်းအချက်များလည်း ရှိနေသေးသည်။

မြန်မာပြည်သူလူထုအနေဖြင့် စစ်မှန်သောလွတ်လပ်ခြင်းနှင့် ဒီမိုကရေစီ၏ အရသာကို ခံစားလိုပါလျှင် အဖက်ဖက်မှ ရရှိနိုင်သော အန္တရာယ် များနှင့် ကြုံတွေ့ရနိုင်သော်လည်း နှစ်ပေါင်းများစွာကြာအပြီး လက်ရှိအချိန်တွင်မူ ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်ရောင်ခြည်များ သမ်းလျက် ရှိနေပေသည်။

**************************************************************

မြန်မာနှင့် အင်ဒိုနီးရှား ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စများ ပူးပေါင်းဆောင်ရွက်မည်

(Xinhua သတင်းဌာနမှ 6 Jan 2012 ရက်စွဲပါ Indonesia, Myanmar to cooperate in promoting democracy, human rights သတင်းကို ဘာသာ ပြန်ဆိုသည်)

ပြီးခဲ့သော ၂ဝ၁၁ ဒီဇင်ဘာ ၂၈ ရက်နေ့က လာရောက်လည်ပတ်ခဲ့သော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ၏ ခရီးစဉ်အပြီး နောက်ဆက်တွဲအနေဖြင့် မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စရပ်တို့၌ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သောကြာနေ့ (ယနေ့)တွင် တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

"အင်ဒိုနီးရှားနဲ့ မြန်မာတို့ရဲ့ ပူးတွဲအစည်းအဝေး ကာလမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ နှစ်ဦးနှစ်ဘက် လက်တွဲ ပူးပေါင်းဆောင်ရွက်ဖို့တွေ အပါအဝင် အချို့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။" ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ Michael Tene က ပြောကြားသွားသည်။

"အင်ဒိုနီးရှားနဲ့ မြန်မာတို့က အထွေထွေရွေးကောက်ပွဲ၊ လူ့အခွင့်အရေးကိစ္စတွေအပြင် သိပ္ပံပညာရပ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ပါတယ်" ဟု ယင်းက ဆက်လက်ပြောသည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများအပေါ် ရလဒ်ကောင်းများ ပေါ်ထွက်လာရေးအတွက် ဆောင်ရွက် ထိန်းမတ်သွားမည် ဖြစ်သည်ဟုလည်း Tene က ထပ်လောင်း ပြောကြားသည်။

*****************************************************************

ဒိန်းမတ်ဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိ

(Xinhua သတင်းဌာနမှ 6 Jan 2012 ရက်စွဲပါ Danish minister visits Myanmar to enhance engagement ကို ဘာသာ ပြန်ဆိုသည်)

ဒိန်းမတ်နိုင်ငံ၊ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန ဝန်ကြီး Christian Friis Bach သည် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်စေရေးအတွက် ယနေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။ Bach သည် မြို့တော်နေပြည်တော်တွင် အစိုးရအဖွဲ့ဝင်များနှင့်လည်းကောင်း၊ ရန်ကုန်တွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံစကားပြောဆိုမည် ဖြစ်သည်။

ထို့အပြင် ယင်းအနေဖြင့် ဒိန်းမတ်နိုင်ငံက အထောက်အပံ့ပေးထားသည့် ဖွံ့ဖြိုးမှုလုပ်ငန်းရပ်များမှ သက်ဆိုင်သူများနှင့် စကားပြောဆိုနိုင်ရန် ရှမ်းပြည်နယ်သို့ ခရီးတစ်ထောက် ထွက်မည်ဟုလည်း သိရသည်။ အဆိုပါ ခရီးစဉ်တွင် ၂ဝ၁၂ ခုနှစ်မှ စ၍ ဆက်လက်လုပ်ဆောင်မည့် UNICEF ၏ အဆင့် ၂ ပညာရေးရန်ပုံငွေ အလှူရှင်များနှင့် ဒိန်းမတ်က ပူးပေါင်းပါဝင်မည့် စာချုပ်ကို ဌာနေ UNICEF အဖွဲ့နှင့် လက်မှတ်ရေးထိုးမည် ဖြစ်သည်။

ဒိန်းမတ်အစိုးရနှင့် NGO အဖွဲ့အစည်းများသည် မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အပံ့များ ပေးလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ ဖြစ်သည်။ မြန်မာပြည်တွင်း၌ ဆင်းရဲမွဲတေမှု လျှော့ချတိုက်ဖျက်ရေးနှင့် ဒီမိုကရေစီထွန်းကားရေးတို့အတွက် ဒိန်းမတ်နိုင်ငံက အထူး အားပေး ကူညီခဲ့သည်။ အကူအညီများထဲတွင် ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးမှုဆိုင်ရာများလည်း ပါဝင်သည်။ မြန်မာ အတွက် ဒိန်းမတ်၏ အကူအညီစုစုပေါင်းမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ရှိသည်။

**************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၆.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံရေးပါတီတစ်ခုကိုကိုယ်ပိုင်ပစ္စည်းဟု မြင်တတ်ခြင်း

            **********************************

ဆောင်းပါးကဏ္ဍ

နိုင်ငံရေးပါတီတစ်ခုကိုကိုယ်ပိုင်ပစ္စည်းဟု မြင်တတ်ခြင်း

ဦးကြည်မြင့် (လသာ)

ဇန်နဝါရီ ၆ ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၄၂) မှ ထုတ်ယူဖော်ပြသည်။

ယနေ့ မြန်မာနိုင်ငံရေးတွင် ပါတီစုံဆိုသည်မှာမှန်သော်လည်း နှစ်ပါတီစနစ်မျှသာဖြစ်သင့်ပြီဟု မြင်ပါသည်။ အ ဘယ်ကြောင့်နည်း။ ပါတီများ၊ လေသံများ၊ အတ္တများပြီး နောင်မကြာမီကိုယ်ကျိုးစီးပွားများအတွက် အပေးအယူအရောင်းအဝယ်သဘောများသာ ထွန်းကားရန် ရှိသောကြောင့် ဖြစ်ပါသည်။

ပါတီများခြင်းသည် ဒီမိုကရေစီမဟုတ်ပါ။ ဒီမိုကရေစီကို လက်ကုန်နှိုက်ခြင်းသာဖြစ်ပါသည်။

အတ္တလျှော့ကြပါ

ဒီမိုကရေစီတွင် လွတ်လပ်စွာပါတီထူထောင်ခွင့်ရှိပါသည်။ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲသလောက် ခွဲနိုင်၊ တွဲနိုင် ပါသည်။ သို့သော် တိုင်းပြည်နှင့် လူမျိုးအတွက် တကယ်တမ်းထိရောက်သောဒီမိုကရေစီဖြစ်ရန် အတ္တစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲများတတ်နိုင်သလောက် ဖယ်ရှားသီးခံလျက် တကယ်အင်အားစုစည်းမှုရှိသည့် ပါတီကြီးများထူထောင်နိုင်ရန်၊ ယင်းပါတီကြီးများတွင် လက်အောက်ငယ်သားမှ စတင်ဝင်ရောက်နိုင်ရန်၊ ပါတီတွင်းဒီမိုကရေစီအရ မိမိဆန္ဒသဘောထားကို ဦးစွာပေါက်မြောက်အောင် ကြိုးစားရန် စသည်တို့သာအမှန်ဟုထင်မြင်ပါသည်။

တစ်သီးပုဂ္ဂလနှင့် ပါတီငယ်တစ်ခုချင်းမှ လွှတ်တော်ကိုယ်စားလှယ်အနည်းငယ်မျှဖြင့် လွှတ်တော်တွင် ဥပဒေပြုရေးအဆိုတစ်ခုတစ်လေမျှ ပေါက်မြောက်နိုင်ရန် အကြောင်းမရှိပါ။ အုပ်ချုပ်ရေးအာဏာအတွက် ပြည်ထောင်စုဝန်ကြီးတစ်နေရာမပြောနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့တွင်ပင် အလွန်နည်းပါးသော လွှတ်တော်ကိုယ်စားလှယ်ဦးရေဖြင့် ဝန်ကြီးအဖွဲ့တွင် နေရာမျှပါဝင်ရန်မဖြစ်နိုင်ပါ။

ယနေ့ပါတီလေးဆယ်ကျော်နေပြီ။ ဒါတွေကိုမသိဘူးလား။ သိလျက်နှင့်ဘာကြောင့် ပါတီထပ်ဖွဲ့နေကြသနည်း။ တိုင်းပြည်နှင့် လူမျိုးအတွက် ထိရောက်စွာပါဝင်လုပ်ကိုင်နိုင်လိုပါလျှင် ပါတီကြီးတစ်ခုအဖြစ် ထူထောင်နိုင်မှသာအဓိပ္ပာယ်ရှိပါမည်။ ဒီမိုကရေစီပါတီကြီးတစ်ခုတွင် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း စည်းကမ်းများမှအစ ပါတီ၏စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးမူဝါဒများအထိ မိမိဖြစ်လို၊ လုပ်လိုသည်တို့ကိုအဆင့်ဆင့် သဘောတူညီချက်ဖြင့် နောက်ဆုံးပါတီညီလာခံ၏ ဆုံးဖြတ်ချက်အဖြစ် ပါဝင်ပေါက်မြောက်အောင် လုပ်နိုင်ပါသည်။ မိမိအဆို၊ အလိုဆန္ဒက ကာလ၊ ဒေသနှင့် ကိုက်ညီမှန်ကန်ရန်သာလိုပါသည်။

ဤသို့မဟုတ်ဘဲကိုယ့်ပါတီကိုယ်ထောင်၊ ကိုယ်ဖြစ်ချင်တာကိုယ်ပြောရရင်ပြီးတာပဲဟု သဘောထားလျှင် ဒီမိုကရေစီကို အလွဲသုံးရာသာကျပါမည်။ ဒီမိုကရေစီတွင် နိုင်ငံရေးလမ်းကြောင်းသာရှိသည်မဟုတ်ဘဲ မီဒီယာလမ်းကြောင်း၊အင်တာနက်လမ်းကြောင်း၊ မဲဆန္ဒရှင်လမ်းကြောင်းစသည်များလည်းရှိ ကိုယ်ပြောချင်၊ ဖြစ်ချင်တာလောက်ကို သဘောထားရိုးမည်ဆိုလျှင် ထိုလမ်းကြောင်းများဖြင့် ကောင်းစွာရောက်ရှိနိုင်ပါသည်။

ကိုယ်ဖြစ်ချင်၊ ပြောချင်သည်ကိုပါတီထောင်ရုံနှင့် လက်မြှောက်အောင်မလုပ်နိုင်မှုကို မဟာမိတ်ပါတီများတွင်ပါဝင်ကာ အားနာလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုရွံ့ကြောက်လို့ပဲဖြစ်ဖြစ် ထောက်ခံသံကို ကျယ်အောင်လုပ်နိုင်တာပဲဟုသဘောထားမှုများကိုလည်းတွေ့ရပါသည်။ ယင်းသည် အမှန်အားဖြင့် ပြည်သူတို့စိတ်မချမ်းမြေ့ဆုံးအရာဖြစ်သည်ကို သူတို့မောဟနှင့် သူတို့သတိမထားမိဘဲရှိနေသည်။

မဟာမိတ်ပါတီများဆိုသည်နှင့် ပြည်သူ့အမြင်တွင် မကြိုက်သည့်ပါတီတွေပါနေသည်။ ကြိုက်သည့် ပါတီအပေါ် မကြိုက်သည့်ပါတီနှင့် တွဲနေသည်ဟူသောခံစားမှုစသည်တို့ဖြစ်ပေါ်သည်။ မကြာမီပင် သူထွက်သည်၊ ငါထွက်သည်၊ သူစည်းဖောက်သည်၊ ငါ့ကိုမတိုင်ပင်၊ ငါတို့မသိဟူသော အသံများကြားလာရမည်။ လူပေါ်လူဇော်လုပ်ရပ်များတွေ့လာရမည်။ မဟာမိတ်တို့တွင် သူကခေါင်းဆောင်လိုလို၊ ငါကခေါင်းဆောင်လိုလိုလုပ်လာမည်။ ပြောရေးဆိုခွင့်ရှိသူမထားပါဟုဆိုသည့် ကြားမှ ကိုယ့်ကိုယ်ကိုယ်အတင်းပြောရေးဆိုခွင့်ရှိသူဟု လုပ်လာမည်။ ပါတီ၏ သဘောထားမဟုတ်ပါ။ သူ့ကိုလည်းမစေလွှတ်ပါ။ သူ့ဘာသာသူသွားပြီးသူပြောချင်တာပြောတာပါ။ တာဝန်မယူပါ စသည့်ဖြေရှင်းချက်တို့လည်း ကြားလာမည်။

ဘာမှမကွာခြားလှပါ

နှစ်ပါတီစနစ်ဆန်ဆန်ဖြစ်သည်ဟုဆိုရာ၌ အတ္တစွဲဖြင့် ပါတီငယ်များမဖွဲ့ကြရေးသာမက ပါတီကြီးဖြစ်နိုင်ချေရှိသောပါတီတို့ကလည်း သဘောထား ကြီးအမြင်ကျယ်ရန်လိုကြောင်း တွေ့ရပါသည်။ နောက်တစ်ချက်မှာပါတီများအနေဖြင့် လစ်ဘရယ်ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်နှင့် မကိုက်ညီသည့် နိုင်ငံရေးများသောတစ်ပါတီ ဆိုရှယ်လစ်ခေတ်ကပါတီဖွဲ့စည်းပုံမျိုးကိုဆက်လက်ကျင့်သုံးနေမှုဖြစ်သည်။

ပါတီငယ်အဖြစ် သီးခြားရပ်တည်မှုတွင် ပါတီကြီးဥက္ကဋ္ဌလည်းဥက္ကဋ္ဌပဲ။ ကိုယ်လည်းဥက္ကဋ္ဌပဲ။ နိုင်ငံခြားဧည့်သည်လာလို့တွေ့ရရင် တန်းတူပဲ။ နိုင်ငံတော်ကဖိတ်ရင်လည်း တန်းတူပဲစသောမဆိုင်သည့်ကိုယ့်ကိုကိုယ် အထင်ရောက်မှုကြောင့်လည်းဖြစ်သည်။ မြန်မာပြည်ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် ပြည်ပမှငွေကြေး အဆောက်အအုံဝင်ရာတွင် ခွဲတမ်းရရှိနိုင်မှုသည်လည်းအချက်တစ်ချက်ဖြစ်သည်။ ပြည်ပမှပါတီအားလုံးပါဝင်သောကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ပါသည်ဆိုလျှင်လည်း ကိုယ့်အထဲမှာတစ်ယောက်နှစ်ယောက်ရမည်။ ဒါတွေ သည် ပုဂ္ဂိုလ်ရေးအကျိုးသာဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးဆောင်ရွက်ရာတွင်မှု တကွဲတပြားစီဖြစ်အောင် ခွဲခြားမှုပြုနေသည်။

တခြားတစ်ဖက်တွင် ပါတီကြီးများတွင် ဦးသူကနေရာမဖယ်လိုခြင်း၊ လက်ဝါးကြီးအုပ်ထားခြင်း၊ အရည်အချင်းရှိသူအလုပ်လုပ်သူကို နေရာမပေးလိုခြင်း စသည်များသည်လည်း ပါတီငယ်များပေါများစေသည့် အကြောင်းကြီးတစ်ရပ်ဖြစ်သည်။ စင်စစ် ပါတီကြီးတွင် ခေါင်းဆောင်နေရာ ရယူထားသူများနှင့် ပါတီငယ် ခေါင်းဆောင်များ အရည်အချင်းကွာလှသည်မဟုတ်ပါ နောက်ခံအကြောင်းတရားသာကွဲချင်ကွဲမည်။ သာရည်ရှိသလို နာရည်ရှိကြသူ၊ အမှန်ရှိခဲသလိုအမှားရှိခဲ့သူချည်းဖြစ်သည်။

ရင်ဖွင့်ကြိုပါ

နိုင်ငံရေးကိုအသက်အရွယ်မရွေး၊ ပညာနည်းများမရွေး၊ ကျား- မ မရွေး၊ လူမျိုးဘာသာမရွေးဝင်လုပ်ခွင့်ရှိပါ သည်။ ထို့အတူပါတီတစ်ခုသို့ အောက်ခြေမှ ဝင်မည်ဆိုလျှင် မည်သူ့ကိုမဆို (ရှုးသွပ်ခြင်း၊ သာသနာ့ဝန်ထမ်း ဖြစ်ခြင်း၊ အချို့နိုင်ငံတွင် အချို့ဝန်ထမ်းဖြစ်ခြင်း၊ ငယ်ရွယ်လွန်းခြင်း စသည်မှတစ်ပါး) ကြိုဆိုလက်ခံကြရပါမည်။ ဝဲ-ယာအစွန်းရောက် ဖက်ဆစ်နှင့် ကွန်မြူနစ်ပါတီကြီးတို့တွင်  အားလုံးကိုအသုံးချပါသည်။ အလယ်နှင့် အပေါ် အဆင့်၌ မည်သူမဝင်ရ၊ စဉ်းစားဦးမည်၊ အစည်းအဝေးဆုံးဖြတ်ရဦးမည် စသည့် အဟန့်အတားကြီးပါသည့် ရှုတ် ချခြင်း၊ ထုတ်ပယ်ခြင်း ( သတ်ဖြတ်ခြင်း ပင်ပါဝင်သည်) စသည်တို့ကိုအရေးတယူအကျယ်တဝင့်ပြုတက် ပါသည်။

အကြောင်းမည်သို့ ရှိသည်ကိုမိမိတို့ဘာသာသာမိမိတို့ ဆင်ခြင်အပ်သည်။ နားလည်၊ သည်းခံသဘောထားပြီးရင်ဖွင့်ထားရန် အခြေခံမူထား အပ်သည်။ အဘယ်ကြောင့်ဆိုသော် လောလောဆယ် မိမိတို့ကပါတီကြီးဟူသောမာန်တက်မူ မောဟဖုံးလွှမ်းနေမည်ဖြစ်သောကြောင့်ပင်။ ဥပမာအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သက်တမ်းသည် နှစ် ၂၀ ကျော်ပြီး ဒုက္ခလည်းများစွာကြုံတွေ့ထားသည်။ ပါတီမှ ကင်းကွာနေသူ၊ ဟိုရောက် သည်ရောက်ရှိနေသူတို့တွင် အကြောင်းတရားအမျိုးမျိုးဖြစ်နိုင်သည်။ ၁၉၈၉ ဇူလိုင်လကုန် နောက်ပိုင်းမျိုးချစ်က ယခင် ဖ.ဆ.ပ.လများကို ပါတီတွင်းခေါ်သွင်းလာသည်။ ခေါင်းဆောင်ပိုင်းနေရာယူသည်။ တတ်သိအုပ်စုများအလူးအလဲခံရသည်။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကိုပင် ထုတ်ပစ်သည်။

ထိုသူတို့ကနယ်ခေါင်းဆောင်၏ ‘တစ်နိုင်ငံလုံးကိုအကျဉ်းထောင်ထဲမထည့်နိုင်ပါဘူး’ ဟူသောညွှန်ကြားချက်အတိုင်းခေါင်းဆောင်မရှိခိုက် သီးခြား လှုပ်ရှားသူတို့ပါဝင်ခဲ့သည်။ ‘ မိမိတို့ကိုယ်ကိုယ် စွမ်းရည် မြှင့်တင်မှု Capacity Building ပြုထားကြပါ’ ဟူသောညွန်ကြားချက်အတိုင်းစီးပွားရေး၊ လူမှုရေး၊ စာပေအနုပညာနယ်ပယ်တွင် ခြေကုတ်ယူတည်ဆောက်မှုပြုသူတို့ရှိခဲ့သည်။ ၁၉၉၃ အမျိုးသားညီလာခံ၊ ၁၉၉၅ ဇွန်လ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခြင်း၊ ၂၀၀၁ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထိန်းသိမ်းခံရခြင်း၊ ၂၀၀၄ အမျိုးသားညီလာခံပြန်လည်စတင်ခြင်း၊ ၂၀၀၉ သွေးသစ်လောင်းဗဟိုအလုပ်အမှုဆောင် ပြန်ဖွဲ့ခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲစသည့် သမိုင်းတလျှောက်ကိုယ်ခံယူချက်၊ ယုံကြည်ချက်ဖြင့် ကိုယ်ရပ်တည်လှုပ်ရှားကြသော်လည်း ဒီမိုကရေစီရေးသာဦးတည်ချက်ပန်းတိုင်ဖြစ်ခဲ့သည်မှာရှင်းပါသည်။

ရဲဘော်ရဲဘက်လုပ်ဖော်ကိုင်ဖက်များရော၊ မျိုးဆက်သစ်၊ လူသစ်များအပေါ်ရော ပါတီကြီးတစ်ရပ် အနေဖြင့် ပါတီဝင်ခွင့်ကို အကုန်ဖွင့်ထား ရပါမည်။ အကြွင်းမဲ့၊ ချွင်းချက်မရှိဝင်လာစေနိုင်ရမည်။ ပါတီညီလာခံအဆင့်ဆင့်အားဖြင့် သူ့သမိုင်း၊ သူ့စေတနာ၊ သူ့လုပ်ရပ်၊ သူ့အရည်အသွေးအရ နေရာအမျိုးမျိုး အဆင့်ဆင့်ကိုရောက်ရှိအပ်သည်။ ကိုယ်နေရာရထားတုန်း ဟိုပိတ်သည်ပိတ်လုပ်မည့်စကား၊ သဘောထားများမထွက်အပ်ပါ။ နိုင်ငံ၊ လူမျိုးအတွက် ပိုမိုထက်မြက်ထိရောက်မည့် နှစ်ပါတီအနည်ထိုင်ပါတီစုံဒီမိုကရေစီနိုင်ငံရေးသို့ ရှေ့ရှုနေသည့် ကာလကောင်းတွင် နိုင်ငံရေးပါတီဟူသည် ကိုယ်ပိုင်ပစ္စည်း မဟုတ်ကြောင်းအထူးသတိပြုအပ်ပါသည်။

                  **************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs