Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၇.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ကောင်းစေချင်၊ ပြောင်းစေချင် စိတ်တွေနဲ့

*******************************

ဆောင်းပါးကဏ္ဍ

ကောင်းစေချင်၊ ပြောင်းစေချင် စိတ်တွေနဲ့

နောင်ကျော်

(ဇန်နဝါရီ ၅ ထုတ် Popular News အတွဲ(၄) အမှတ် (၁) မှ ထုတ်ယူဖော်ပြသည်)

၂ဝ၁၁ ခုနှစ်ကို  မြန်မာပြည်ရဲ့ ခြေလှမ်းကောင်းတွေစလှမ်းတဲ့နှစ်လို့ အတော်များများက ပြောနေကြတယ်။ တချို့ကလည်း အဲဒီ ခြေလှမ်းတွေဟာ ခြေလှမ်းကောင်း ဟုတ်၊မဟုတ်ကို စောင့်ကြည့်ရဦးမယ်လို့ ပြောကြတာလည်း ရှိတယ်။ တချို့ကတော့ အရင်အစိုးရတွေရဲ့ လုပ်ရပ်တွေကို ထောက်ပြပြီး သင်္ကာမကင်းတဲ့အမြင်နဲ့ စိုးရိမ်တကြီး ပြောကြတာလည်း ရှိတယ်။ ကိစ္စတစ်ခုဖြစ်လာပြီဆိုရင် ထုံးစံအတိုင်းပဲ မတူကွဲပြားတဲ့ အမြင်သဘောထားတွေ ရှိလာ တတ်တာဟာ သဘာဝလို့ ပြောရမှာပါ။ ဘယ်သူမှ မငြင်းကြတဲ့ ကိစ္စကတော့ အခုလက်ရှိ အစိုးရဟာ အရင်အစိုးရလို မဟုတ်ဘူးဆိုတာပါပဲ။ လွှတ်တော်နှစ်ခုနဲ့၊ သမ္မတနဲ့၊ ဝန်ကြီးချုပ်တွေနဲ့၊ အရပ်သားတွေနဲ့ ဖွဲ့ထားတဲ့ အစိုးရဖြစ်လာပြီဆိုတာရယ်  အသိအမှတ်ပြု လက်ခံထားကြတာပဲ ဖြစ်ပါတယ်။

ပြောင်းလာတာတွေ

အခုအစိုးရသစ် လက်ထက်မှာ သမ္မတကအတိုက်အခံခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး ဆွေးနွေးတယ်။ အဲဒီ ဆွေးနွေးပွဲကို  အစိုးရ ဘက်ကရော၊ အတိုက်အခံ ပါတီဘက်ကပါ အဆိုးမြင်တဲ့ မှတ်ချက်ပေးသံမျိုး မကြားရဘူး။ အစိုးရဘက်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြားမှာ ကူးလူးဆက်ဆံ မှုတွေ ရှိလာတယ်။ သမ္မတနဲ့ဆွေးနွေးကြတဲ့ကိစ္စကို သတင်းအနေနဲ့ပဲဖော်ပြပြီး ဝန်ကြီးဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ကိစ္စရဲ့ ခေါင်းစဉ်တွေကိုတော့ သတင်းထုတ်ပြန်ခဲ့ တယ်။ ဒီလိုကိစ္စတွေဟာ အရင်အစိုးရလက်ထက်က မလုပ်ခဲ့ဖူးတဲ့ကိစ္စမျိုးလို့ ပြောရင်ရတယ်။ အရင် အစိုးရခေါင်းဆောင်နဲ့၊ ဝန်ကြီးနဲ့ အတိုက် အခံ ပါတီခေါင်းဆောင်နဲ့ တွေ့ခဲ့တာတွေ ရှိခဲ့ပေမယ့် အစိုးရသာ ပြောင်းသွားခဲ့တယ်။ အခြေအနေက အပြောင်းအလဲမရှိဘူး။ အခုအစိုးရ လက်ထက်မှာတော့ အပြောင်းအလဲ ဖြစ်လာနိုင်ခြေတွေ ရှိလာပြီလို့ ပြောကြဆိုကြတာရှိတယ်။ တချို့က ပြောင်းလဲလာပြီလို့ပြောတယ်။ ဘာတွေ ဘယ်လိုပြောင်းလဲလာခဲ့ပြီလဲ။ ပြောင်းလဲလာပြီလို့ပြော လို့ရနိုင်တာတွေက ဘာတွေလဲ။ ဘာတွေကတော့ အရင်အတိုင်းပဲလို့ ပြောစရာဖြစ်နေသေးလား။ ၂ဝ၁၁ဟာ၂ဝ၁ဝနဲ့ မတူခဲ့တာကတော့ သေချာပါတယ်။ မတူတဲ့အခြေအနေ ဖြစ်လာတာတွေထဲမှာ အဓိကအချက်က တော့၂ဝ၁၁ ထဲမှာ အရပ်သားအစိုးရပေါ်လာတာနဲ့ အဲဒီအရပ်သား အစိုးရဘက်က အရင်အစိုးရနဲ့ မတူတဲ့ စကားတချို့၊ ခြေလှမ်းတချို့ကြောင့်လို့ ပြောရင်ရမယ်ထင်ပါတယ်။ ဒီစကားကို တချို့က စောဒကတက် နိုင်ပါတယ်။”အရင်က ယူနီဖောင်း ဝတ်အစိုးရ၊ အခုက အရပ်သားအစိုးရဆိုတော့ အရပ်သားအစိုးရက လုပ်ကိုလုပ်ရမယ့် အလုပ်တွေကို လက်ရှိအစိုးရက လုပ်တာပဲလေ။ အစိုးရချင်း မတူတော့ လုပ်တာကိုင်တာ၊ စဉ်းစားတာချင်းတော့ ဘယ်တူပါ့မလဲ” ဆိုပြီး စောဒကတက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလို ပြောတယ်ဆိုရင်ပဲ အရင်နဲ့အခုက မတူဘူး ဆိုတာကို အသိအမှတ်ပြုပြီးသား ဖြစ်နေပါပြီ။ ပုံသဏ္ဌာန်ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေရှိမယ့် အခြေအနေ၊ အခင်းအကျင်းတွေရှိ လာအောင်တော့ လုပ်ဖို့ လိုတယ်ဆိုတာကိုတော့ အစိုးရဘက်ကရော၊ အတိုက်အခံတွေဘက်ကပါ နားလည်ထားကြပြီးသားပါ။ ဒီကြားထဲမှာ အသိခေါက်ခက်အဝင်နက်ပြီး ပုံသဏ္ဌာန် အပြောင်းအလဲနဲ့အတူ စဉ်းစားပုံ၊ လုပ်ကိုင်ပုံတွေ လိုက်မပြောင်းနိုင်ကြသူတွေဟာ ဘယ်သူတွေပါလဲ။ ကျွန်တော်က ဒီမေးခွန်းပဲ မေးနိုင်ပါတယ်။ အဖြေကိုတော့ အတွင်းသိ၊  အဆင်းသိတွေက ဖြေကြပါလိမ့်မယ်။ အစိုးရဘက်ကလား၊ အတိုက်အခံတွေဘက်ကလား။

 တွေ့တာကောင်းတယ်

မတူလို့ကွဲကြတာကနေ ဆန့်ကျင်ဘက်အနေအထားကို ရောက်ခဲ့ပြီး ပဋိပက္ခဖြစ်ခဲ့ကြတဲ့ ကာလဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး သက်တမ်းနဲ့အမျှပါပဲ။ မတူတာဟာ ဘက်ပေါင်းစုံမှ မတူတာလား။ တူတာတွေရော မရှိတော့ဘူးလားဆိုတာကို စဉ်းစားကြည့်ရုံနဲ့ မပြီးပါဘူး။ ဆန့်ကျင်ဘက် အနေအထားမှာ ရှိနေကြတဲ့ ဖက်နှစ်ဘက်စလုံးက တွေ့ဆုံဆွေးနွေးကြည့်မှ အတိအကျသိရမှာပါ။ အခုရှိနေတဲ့ နိုင်ငံရေးစနစ်ဟာ ပါတီစုံစနစ်ပါ။ ပါတီစုံဆိုကတည်းက တစ်ပါတီနဲ့ တစ်ပါတီရဲ့ ရည်မှန်းချက်ခြင်းက ကွဲပြားနေကြမှာ သေချာပါတယ်။ ရည်မှန်းချက်တွေချင်း မတူညီကြတဲ့ ပါတီတွေဟာ ပါတီစုံနိုင်ငံရေးစနစ်အောက်မှာ အတူယှဉ်တွဲ ရပ်တည် ခွင့်ရှိပါတယ်။ အဲဒီအတိုင်းလည်း ရပ်တည်နေကြတယ် လို့ပြောရင်ရပါတယ်။ ဒါဆိုရင် တခြားသော ပါတီအဖွဲ့အစည်းတွေပါ အဲဒီပါတီစုံ နိုင်ငံရေးစနစ်အောက်မှာ လွတ်လပ်ပြီး အာမခံချက်ရှိရှိနဲ့ ရပ်တည်နေနိုင်ကြဖို့၊ စည်းရုံးလှုပ်ရှားနိုင်ကြဖို့ လိုအပ်တယ်ဆိုတာ မပြောဘဲနဲ့ သိပြီးသားဖြစ်နေလိမ့်မယ် ထင်ပါတယ်။ အဲဒီအတွက် အရင်ကတည်းက ပဋိပက္ခဖြစ်နေခဲ့တဲ့ ပါတီအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းကြဖို့လိုတယ်ဆိုတဲ့ အဖြေထွက်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ အဲဒီဆွေးနွေးညှိနှိုင်းမှုတွေရဲ့ လတ်တလောအဖြေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲတာပါပဲ။ အဲဒီဆုံးဖြတ်ချက်ကို ကြိုဆိုသူတွေ၊ ထောက်ခံသူတွေ ရှိသလို သဘောမတူသူတွေ၊ စိုးရိမ်သူတွေ၊ ဆန့်ကျင်သူတွေလည်းရှိကြတယ်။ အစောပိုင်းမှာ ပြောခဲ့သလိုပါပဲ။ အရေးကြီးတဲ့ ကိစ္စတစ်ခုပေါ်လာရင် အမြင်အမျိုးမျိုး၊ သဘောထားပုံ အမျိုးမျိုး ရှိလာတတ်တဲ့ သဘာဝကိုပဲ ပြန်ပြောရမယ် ထင်ပါတယ်။ ကြိုဆိုသူတွေထဲမှာ အစိုးရအဖွဲ့ရဲ့ထိပ်ပိုင်းတာဝန်ရှိသူတွေ ပါဝင်နေတယ်ဆိုတာကိုလည်း သတိထား မိပါတယ်။ အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေ၊ အာရှက တရုတ်၊ ဂျပန်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တွေလည်း စကားလုံးကွဲပေမယ့် ခပ်သွက်သွက် ကြီးပဲကြိုဆိုခဲ့ကြပါတယ်။ ဒီလို အခြေအနေတွေကြောင့် မြန်မာနိုင်ငံထဲက သဘောထားကွဲလွဲမှုတွေ၊ ပဋိပက္ခတွေပြီးဆုံးသွားပြီလို့ ဘယ်သူကမှ မပြောကြပါဘူး။ အစိုးရအဖွဲ့ကလည်း မပြောခဲ့ဘူး။ အတိုက်အခံ အင်အားစုတွေဘက်ကလည်း မပြောဘူး။ နိုင်ငံတကာကလည်း မပြောခဲ့ကြပါဘူး။ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အစပျိုးတဲ့ ခြေလှမ်းအနေနဲ့ပဲ သဘောထားခဲ့ကြ၊ ကြိုဆိုခဲ့ကြ၊ လမ်းဖွင့်ခဲ့ကြတာပါ။ ဒါဟာ မတွေ့ဘဲ နေတာထက်တွေ့တာ ကောင်းတယ်။ တွေ့ပြီး ဆွေးနွေးညှိနှိုင်းကြတာ ကောင်းတယ်ဆိုတဲ့ အမြင်သဘောထားကို အတည်ပြုလိုက် တာလည်း ဖြစ်ပါတယ်။

မကောင်းမှန်းသိရင်ပြောင်း

              အဲဒီကာလထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းနေကြတယ် ဆိုတာရယ်၊ တချို့အဖွဲ့တွေနဲ့ စစ်ရပ်စဲရေး (အပစ်အခတ်ရပ်စဲရေး) လုပ်နိုင်ခဲ့ပြီ ဆိုတာရယ်ကို ဖတ်နေကြားနေရတယ်။ တကယ်တော့ ကျွန်တော်တို့ တိုင်းပြည်မှာ လက်နက် ကိုင်ပြီး တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ကြရတဲ့အထိ ဖြစ်ခဲ့ရတဲ့ ပြဿနာရဲ့အရင်းခံအကြောင်းကတော့ နိုင်ငံရေးပြဿနာပဲ ဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ အပစ်အခတ်ရပ်စဲနိုင်ခြင်းဟာ ပြဿနာကို ယာယီဖြေရှင်းတာပဲဆိုတာကိုလည်း အားလုံးနားလည်ပြီးသားပါ။ အခြေခံကျတဲ့ နိုင်ငံရေးပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ကြရင် စစ်ပွဲတွေ ပြန်ဖြစ်လာတတ်တယ်ဆိုတာကို လည်းသက်ဆိုင်တဲ့ ကာယကံရှင်တွေအားလုံးက တွေ့ခဲ့ကြုံခဲ့ဖူးပြီးသားပါ။ လွတ်လပ်ရေးရပြီး ကတည်းက ကျွန်တော်တို့တိုင်းပြည်မှာ အမျိုးသားညီညွတ်ရေး ပြိုကွဲခဲ့တာကို သမိုင်းဖတ်ဖူးသူတိုင်း သိကြပါတယ်။ ဥပဒေတွင်းမှာ အငြင်းအခုံ၊ အကွဲအပြဲတွေ ဖြစ်ကြ၊ ဥပဒေပြင်ပမှာ စစ်ပွဲတွေ ဖြစ်ခဲ့ကြနဲ့ အနှစ် ၆ဝ ကျော်ကြာလာချိန်မှာ ဘယ်သူတွေပဲ တကယ်အကျိုးရှိခဲ့ဖြစ်ခဲ့ပါသလဲ။ ပြည်သူတွေမွဲပြီး တိုင်းပြည် ဆင်းရဲတွင်းနက်ခဲ့တာပဲ။ အဖတ်တင် ကျန်ခဲ့တာမဟုတ်လား။ ပညာရေး လူစဉ်မမီ၊ စီးပွားရေး လူစဉ်မမီ၊ ကျန်းမာရေးလူစဉ်မမီတဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ရစ်ခဲ့တဲ့ တိုင်းပြည်ဘဝနဲ့ ကမ္ဘာ့ဇာတ်ခုံပေါ်ကနေ ဇောက်ထိုးကျခဲ့ရတာ မဟုတ်လား။ ဒီအခြေအနေကို တာဝန်ရှိတဲ့ အစိုးရရော၊ တာဝန် သိတဲ့ပြည်သူတွေပါ မြင်ခဲ့၊ သိခဲ့၊ ခံစားခဲ့ကြရပြီးပါပြီ။ ဒီအခြေအနေဟောင်းကို ပြောင်းပစ်မှဖြစ်မယ်ဆိုတဲ့ အမြင်တွေလည်း ပြန့်နှံ့ကျယ်ပျံ့ခဲ့ပြီးပါပြီ။ ဒုက္ခဘုံထက်က သုခပျားရည်စက်ကို လျှာနဲ့လျက်ပြီးတော့ ငြိမ့်နေနိုင်သူတွေထဲမှာလည်း အဟောင်းကို ပြောင်းပစ်ချင်သူတွေရှိလာ၊ ပေါ်လာနေတဲ့ကာလကြီးတစ်ခု ဖြစ်ပါတယ်။သူတို့တွေက တကယ် ပြောင်းလဲချင်စိတ် ရှိလို့လား။ ဟန်ဆောင်ပြောနေတာ ရောမဖြစ်နိုင်ဘူးလားဆိုတဲ့ သံသယ စောဒကတက်သံတွေကိုလည်း ကြားနေရတဲ့ အချိန်မျိုးပါ။ သံသယ ပျောက်ဖို့ဆိုရင် အမှန်ဘဝရောက်ဖို့ လိုပါတယ်။ အမှန်ဘဝရောက်ဖို့ဆိုတာ တိုင်းပြည်ထဲမှာ ညီညွတ်ငြိမ်းချမ်းပြီး လွတ်လပ်သာယာတဲ့ အခြေအနေ ဖြစ်လာအောင် လုပ်ပြနိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီလို အခြေအနေဖြစ်လာအောင် လုပ်ဖို့ဆိုရင် အစိုးရဘက်မှာ ပိုပြီးတာဝန်ရှိပါတယ်။ အခုရေတွင်းတူးပြီး အခု ရေကြည်သောက်ဖို့ ဆိုတာ မလွယ်ကူမှန်း တိုင်းပြည်ကောင်းမွန်စေချင်သူ အားလုံးက နားလည်ကြပါတယ်။ ဒါပေမဲ့ ရေထွက်လာတဲ့ အထိ ရေတွင်းတူးပြတာ ကိုတော့ အရင်ဆုံး မြင်ချင်ကြမှာ တကယ့်ကို သေချာပါတယ်။

အတိတ်မှာ ထားခဲ့ရမယ့် အကွဲ

အခုတွေ့ဆုံကြ၊ ဆွေးနွေးညှိ နှိုင်းကြတာတွေဟာ တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်သင့်သလဲဆိုတဲ့ အခြေခံစိတ်နဲ့ ဆွေးနွေးနေကြတာလို့ အဓိပ္ပာယ်ကောက်ယူမယ် ဆိုရင်ဘယ်လို ထင်မြင်ပါသလဲ။ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး ရရှိဖို့ဆို တဲ့အမြင်ပေါ်ကနေ တွေ့ဆုံဆွေးနွေး ညှိနှိုင်းနေကြတယ်ဆိုရင် သဘောတူနိုင်ပါသလား။ သဘောတရားအရရော၊ လက်တွေ့ဖြစ်ရပ်တွေအရပါ တိုင်းပြည်နဲ့ လူထုအတွက် အကျိုးသက်ရောက်မှု ကောင်းတွေ ဖြစ်စေနိုင်မှာက တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းဖြေရှင်းခြင်းသာဖြစ်ပြီး ဒါကလွဲလို့ တခြားနည်းလမ်းမရှိနိုင်ဘူးလို့ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ နှစ်ဖက်စလုံးက ပြောနေလုပ်နေကြတာလို့ သတ်မှတ်မယ်ဆိုရင် လက်ခံချင်ပါသလား။ အရင်တုန်းကဖြစ်ခဲ့တဲ့ အမှားဟောင်းတွေမျိုး ထပ်မမှားအောင် ရှောင်ရင်း သံသယတွေ၊ အမုန်းတွေ၊ အငြိုးအတေးတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားစေချင်တဲ့ စိတ်တွေနဲ့ အာမခံချက်ရှိရှိ တွေ့ဆုံညှိနှိုင်းကြတဲ့ ဆွေးနွေးပွဲတွေဆီကို ဦးတည်လာနေပြီ ဆိုရင်ဘယ်လိုဝေ ဖန်ချင်ပါသလဲ။ ကျွန်တော်က ဒီလိုမေးခွန်းတွေကို ကိုယ်တိုင်ဖြေကြည့်ဖို့လည်း စဉ်းစားမိ လိုက်ပါသေးတယ်။ တော်လှန် ရေး တပ်ပေါင်းစုတစ်ခုရဲ့ မူတွေထဲ မှာ’တူတာတွဲလုပ်၊ မတူတာခွဲလုပ်’ လို့ ဆိုဖူးပါတယ်။ နိုင်ငံတည်ဆောက်ရေး ကိစ္စတွေမှာတော့ တူတာတွဲလုပ်တာ မှန်ပေမယ့် မတူ တာ ခွဲလုပ်မယ်ဆိုရင် မှားနိုင်ပါလိမ့်မယ်။ မတူတာက ဘာမတူတာလဲ။ အထူးသဖြင့် အစိုးရနဲ့ အတိုက်အခံဆိုတဲ့ ဘက်နှစ်ဘက်က ညီညွတ်ပြေလည်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြတဲ့ ကာလမှာ အရင်တုန်းက မတူလို့ကွဲခဲ့၊ ဆန့် ကျင်ဘက်ဖြစ်ခဲ့တာမျိုး ထပ်မဖြစ်အောင် အပေးအယူ၊ အလျှော့အတင်းတွေနဲ့ အနီးစပ် ဆုံး၊ အပြေလည်ဆုံးဖြစ်အောင် ညှိနှိုင်းကြရမှာပါ။ အခြေခံအားဖြင့် မတူနိုင်ခဲ့ကြတာကို နှစ်ဖက်စလုံးက အတိတ်မှာ ထားရစ်ခဲ့နိုင်ရေးအတွက် ကြိုးပမ်းကြရမှာပါ။ တစ်ထပ်တည်း မတူနိုင်ပေမယ့် အလုပ်တွဲလုပ်လို့ရတဲ့ တူညီမှုမျိုးရအောင် အားထုတ်ရလိမ့်မယ်လို့ မြင်ပါတယ်။

ပုံသဏ္ဌာန်သစ်နဲ့အတူ

၂ဝ၁၁ ထဲမှာ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက် ပြန်လည်သင့်မြတ်ရေးရနိုင်အောင် ကြိုးစားအားထုတ်မှုတွေ တွေ့ခဲ့ရတယ်။ အစိုးရ ပုံသဏ္ဌာန် ပြောင်း သွားခဲ့တာနဲ့အတူ စဉ်းစားပုံ၊ ဆောင်ရွက်ပုံတွေပြောင်း ဖို့ပြင်ဆင်လာတဲ့ ကနဦးခြေလှမ်း။ ပုံသဏ္ဌာန်န်နဲ့ အနှစ်သာရတွေ လိုက်လျောညီထွေရှိအောင် ပြုပြင်လာတဲ့ ကနဦးခြေလှမ်းတွေဆိုပြီး သတ်မှတ်လို့ရပါတယ်။ ပုံသဏ္ဌာန်နဲ့ အနှစ်သာရက လိုက်ဖက်ညီမှု ရှိနေမှသာ ကောင်းတယ်လို့ပြောခဲ့ကြတာပဲ မဟုတ်ပါလား။  အစ ပိုင်းမှာတော့ သံသယတွေ  ရှိနေကြမယ်ဆိုတာကို အစိုးရဘက်ကလည်း တွက်ထားပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ တကယ်လည်း သံသယ ရှိနေကြတုန်းပါပဲ။ သံသယတွေ၊ သင်္ကာမကင်းစိတ်တွေ ပျောက်အောင်တကယ် လုပ်ပြနိုင်တဲ့သူတွေဟာ လက်ရှိအစိုးရပဲ ဖြစ်ပါတယ်။ သံသယဖြစ်နိုင်တာတွေ၊ ဖြစ်နေတာတွေကို တစ်ခုပြီးတစ်ခု၊ တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းနိုင်ခဲ့လေလေ၊ ယုံကြည်လက်ခံမှု တိုးတက်ရရှိလေလေ ဖြစ်လာလိမ့်မှာပါ။ အဲဒီလို ဖြစ်ဖို့ဆိုတာကလည်း လမ်း ဟောင်းဆီကို နောက်ပြန်မလှည့်ချင်တဲ့စိတ်နဲ့ အပြောင်းအလဲအတွက် ခိုင်ခိုင်မာမာ ယုံကြည်မျှော်လင့်ပြီး လက်တွေ့လုပ်ပြနိုင်မှုပေါ်မှာ အခြေခံနေတယ်လို့ ယူဆ မိကြောင်းပါ ခင်ဗျာ။

*************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၇.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပြည်ထောင်စုတိုင်းရင်းသားများ၏ ပညာရေးအတွက် NLD ပါတီမှ သိန်း ၅၀၀ကျော်အသုံးပြုမည်
  2. IMF နှင့်အတူ နိုင်ငံခြားငွေလဲနှုန်း အထူးပြုအဖွဲ့ လာရောက်မည်
  3. ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွက် ဂျပန်နိုင်ငံမှ ကမ်းလှမ်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်တွင်းငြိမ်းချမ်းရေးခေါင်းဆောင် ဦးအောင်မင်းနှင့်ABSDF ဥက္ကဋ္ဌပောာင်းတို့ တွေ့ဆုံ
  2. NLD ပါတီမှတ်ပုံတင်ကျပြီ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

 ပြည်ထောင်စုတိုင်းရင်းသားများ၏ ပညာရေးအတွက် NLD ပါတီမှ သိန်း ၅၀၀ကျော်အသုံးပြုမည်

ပြည်ထောင်စုတိုင်းရင်းသားများ၏ ပညာရေးကိုထောက်ပံ့ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကျပ်ငွေသိန်း ၅၀၀ကျော် အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တောင်စု တိုင်းရင်းသားများအတွက် ပညာရေးရန်ပုံငွေပွဲတော်ကျင်းပရေး ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်ဦးက အထက်ပါ အတိုင်း ပြောကြားသည်။

“သွားလှူမဲ့ နေရာတွေအတွက် ဒီငွေတွေဟာ မလောက်သေးဘူးဆိုရင် ဒေါ်စုဆီမှာအလှူခံသွားမှာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ သိန်း ၅၀၀ကျော် ပညာရေးရန်ပုံငွေများ ရရှိရန်အတွက် ပြည်တောင်စုတိုင်းရင်းသားများအတွက် ပညာရေး ရန်ပုံငွေပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။

အထက်ပါကော်မတီက ပြည်နယ်ခုနှစ်ခုသို့ သွားရောက်ကွင်းဆင်းလေ့လာပြီး အမှန်တကယ် လိုအပ်နေသော စာသင်ကျောင်းများကို လှူဒါန်းသွားမည် ဖြစ်ကြောင်း ဦးမြင့်ဦးက ဆက်လက်ပြောဆိုသည်။

ယင်းသို့ သွားရောက်လှူဒါန်းရာတွင်လည်း ကုန်ကျမည့်စရိတ်များကို ရန်ပုံငွေထဲမှ အသုံးပြုသွားမည် မဟုတ်ကြောင်း NLD မှီးဝင်းတင်က ပြောကြားသည်။

NLD ပါတီသည် ပုံမှန်အားဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမေ့အိမ်ပညာဒါနလုပ်ငန်းများ ပြုလုပ်ပေးနေရာမှ ယခုကဲ့သို့ ပထမဆုံးအကြိမ် တိုးချဲ့ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

IMF နှင့်အတူ နိုင်ငံခြားငွေလဲနှုန်း အထူးပြုအဖွဲ့ လာရောက်မည်

မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ထပ်မံလာရောက်မည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) အဖွဲ့နှင့် အတူ မြန်မာနိုင်ငံ၏ ငွေလဲနှုန်းတစ်မျိုးတည်းဖြစ်စေရန် နည်းပညာပေးမည့် (Article 8 Missions) အဖွဲ့ပါ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ (Article 4 Missions) အဖွဲ့သည် မြန်မာနိုင်ငံသို့ နှစ်စဉ်လာနေကျ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၂၀၁၂ ဇန်နဝါရီလအတွင်း၌ လာရောက်မည့် IMF ခရီးစဉ်တွင် နိုင်ငံခြားငွေလဲနှုန်း အထူးပြု (Article 8 Missions) အဖွဲ့ပါ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ ယခုတစ်ကြိမ် ခရီးစဉ်သည် ပြီးခဲ့သည့် ၂၀၁၁ အောက်တိုဘာလအတွင်းက ငွေလဲလှယ်နှုန်းအတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်၏အဆက်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် IMF Article 4 Missions အဖွဲ့သည် မြန်မာနိုင်ငံအတွင်း နိုင်ငံငွေ ကန့်သတ်ချက်များ လျှော့ချရေး လိုအပ်သည့် နည်းပညာများပေးရန်၊ လက်ရှိ မြန်မာနိုင်ငံ ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ဥပဒေအချို့ပြင်ဆင်ရေးများတွင် ကူညီ ပေးရန်နှင့် မြန်မာငွေလဲနှုန်း ပေါင်းစည်းရေးကို အထူးပြု၍ လာရောက်သော အဖွဲ့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်မျိုးတည်းဖြစ်စေရန် လိုအပ်သည့် ဆောင်ရွက်မှုများကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(IMF) နှင့် ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

                Ref:မော်ဒန်

-----------------------------------------------------------------------------------------------------------------------------------

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွက် ဂျပန်နိုင်ငံမှ ကမ်းလှမ်း

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံရှိ စွမ်းအင်ကုမ္ပဏီကြီး(၇)ခုမှ မြန်မာတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ဂျပန်နိုင်ငံမှ လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိနိုင်စေရန် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံရှိ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌတို့အား လာရောက်တွေ့ဆုံ ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှ စတင်၍ ထုတ်ပြန်လိုက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများနှင့် ညီညွှတ်မှုရှိပါက ဂျပန်နိုင်ငံမှ မြန်မာ့ ကုန်းတွင်းရေနံလုပ်ကွက်များတွင် အကျိုးတူစနစ်ဖြင့် လုပ်ကိုင်သွားမည်ဖြစ်ပြီး တူးဖော်ရရှိသည့် ပမာဏအပေါ် မူတည်၍ သတ်မှတ်ပမာဏ နှုန်းထားများကို မြန်မာနိုင်ငံမှ ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ဂျပန်နိုင်ငံမှ လုပ်ကိုင်ရန် ကမ်းလှမ်းမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဂျပန်နိုင်ငံ ဆိုင်ရာ ရေနံ သဘာဝဓာတ်ငွေ့နှင့် သတ္တုရှာဖွေရေး ကော်ပိုရေးရှင်း(JOGMEC) ၏ စီစဉ်ပေးမှုဖြင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ ပြောင်းလဲလာသည့် နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ စီးပွားရေး အပြောင်းအလဲများကိုပါ လုပ်ဆောင်လာသည့်အတွက် နိုင်ငံတကာမှ မြန်မာနိုင်ငံအတွင်း စီးပွားရေး ရင်းနှီး မြှုပ်နှံမှုများကို တရှိန်ထိုး လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

Ref:First Weekly

                                 ********************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်တွင်းငြိမ်းချမ်းရေးခေါင်းဆောင် ဦးအောင်မင်းနှင့်ABSDF ဥက္ကဋ္ဌပောာင်းတို့ တွေ့ဆုံ

ပြည်တွင်းငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် အထူးကြိုးစားလုပ်ဆောင်လျက်ရှိသော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဋ္ဌပောာင်း ဒေါက်တာ နိုင်အောင်တို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့၌ မဲဆောက်မြို့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကျောင်းသား မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဋ္ဌပောာင်း ဒေါက်တာနိုင်အောင်သည် တပ်မတော်၏ စစ်ကော်မရှင် ဥက္ကဋ္ဌပောာင်းအဖြစ် တာဝန်ယူခဲ့ပြီး ယခုလက်ရှိ ဒီမိုကရက် တစ်အင်အားစု(FDB)၏ အထွေအထွေအတွင်းရေးမှူးဖြစ်သူ တာဝန်ထမ်းဆောင် လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဒေါက်တာ နိုင်အောင် အနေဖြင့် ပါဝင်နိုင်ရန်နှင့် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

၎င်း တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ဒေါက်တာနိုင်အောင်သည် လက်ရှိ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များအကြား ယခုပြုလုပ်လျက်ရှိသည့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲများဆီသို့ ဦးတည်ရန် လိုအပ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးအင်အားစုများ အားလုံး ပါဝင်သည့် နိုင်ငံတည်ဆောက်ရေး အစီအစဉ်များကို ဖော်ထုတ်သင့်ကြောင်းတိုက်တွန်းကာ ၎င်းကိုယ်တိုင်လည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။

ဒေါက်တာနိုင်အောင်၏ ကြေညာချက်၌ ယခုတွေ့ဆုံမှုသည် မိတ်ဆက်သည့်သဘောအနေဖြင့်သာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားပြုဆွေးနွေးခဲ့ခြင်းမရှိကြောင်း ဖော်ပြပါရှိသည်။

Ref:The Voice

-----------------------------------------------------------------------------------------------------------------------------------

NLD ပါတီမှတ်ပုံတင်ကျပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ဇန်နဝါရီ ၅ရက်နေ့တွင် ပါတီမှတ်ပုံတင်ကျပြီဖြစ်ကြောင်း NLD မှပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ပါတီမှတ်ပုံတင်အမှတ်စဉ်မှာ (၄၇) ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြပါရှိသည်။

တရားဝင်ဖြစ်သွားသော NLD ပါတီသည် မြို့နယ်ရုံးခွဲများကို တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် တပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း NLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောကြားသည်။

NLD ပါတီကိုပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည့် ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ချက်အရ ၂၀၁၁ခုနှစ် နိုဝင်ဘာ ၁၈ရက်နေ့တွင် ဆုံးဖြတ် ချက်ချခဲ့သည်။

ယင်းကဲ့သို့ ရွေးကောက်ပွဲဝင် ရောက်အရွေးချယ်ခံခြင်းနှင့် ပတ်သက်၍ အတိုက်ခံပါတီများက ကြိုဆိုကြသော်လည်း နိုင်ငံရေးအင်အားစုတချို့ကမူ ကြိုက်နှစ်သက်မှုမရှိကြောင်း နိုင်ငံရေးသမားတချို့က ပြောကြားသည်။

NLDပါတီသည် ၂၀၁၀ရွေးကောက်ပွဲကို အပျင်းအထန်ကန့်ကွဲ့ခဲ့သော်လည်း လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအပြောင်းအလဲတွင် လာမည့် ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက်အရွေးချယ်ခံသွားမည်ဖြစ်သည်။

“လစ်လပ်မဲဆန္ဒနယ် ၄၈နေရာစလုံး အန်ကယ်တို့နိုင်ဖို့ မလွယ်လှဘူး” ဟု အထက်ပါ ဦးဝင်းထိန်က ပြောကြားသည်။

မကြာသေးမီကာလအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ မှတ်ပုံတင်လိုက်သော ခွပ်ဒေါင်း ပုံ ပါတီတံဆိပ်သည် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၏ ၂၀၁၀ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ခွပ်ဒေါင်းပုံ ပါတီတံဆိပ်နှင့် ဆင်တူနေသည့်အတွက် NLD ပါတီတံဆိပ်အား ၈၈ မျိုးဆက်သစ် ကျောင်း သားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီမှ  ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကန့်ကွက်ခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအား ပါတီမှတ်ပုံတင် အမှတ်စဉ်(၄၇) ဖြင့် ပါတီမှတ်ပုံတင်ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။

တရားဝင်ပါတီဖြစ်လာသည့် NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အင်အားကြီးများသော ပါတီကြီးတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း အတိုက်အခံ နိုင်ငံရေးသမားများက သုံးသပ်ပြောဆိုလိုက်သည်။

Peace Press

                                        *******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့ခေတ်ဂျာနယ်မှာ စတုတ္ထမဏ္ဍိုင်ကို မထိပါးနဲ့ဆိုပြီး ဆောင်းပါးရေးပါတယ်။ ဦးခင်ရွှေလို့ နာမည်တပ်မရေးပါဘူး။ ဒါပေမဲ့ ယေဘူယျ ပေါ့။ စတုတ္ထမဏ္ဍိုင်ကို အလေးထားဖို့ တန်ဖိုးထားဖို့ နိုင်ငံတော်သမ္မတကြီးက ပြောထားတဲ့အချိန်မှာ နိုင်ငံတော်သမ္မတကြီးက ပြေားထားတဲ့အချိန်မှာ ဒီလို ထိပါးမှုတွေ ဖြစ်လာတာ စိတ်မကောင်းပါဘူး။ အဲဒီဆောင်းပါးရေးတဲ့နေ့က အပြည်ပြည်ဆိုင်ရာ သည်းခံခြင်းနေ့ဖြစ်လို့ ကျွန်တော်သည်းခံပါတယ်လို့ ရေးလိုက်ပါတယ်။ ကျွန်တော်ဘက်ကလည်းသည်းခံပါတယ်။ ခဲ့ရပေါင်းလည်း များပါပြီ အကြိမ်ကြိမ်ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့က ပြန်ပြီး အပေါ်စီးယူချင်စိတ် လည်းမရှိပါဘူး”

ဇန်နဝါရီ ၆ ထုတ် The Hot News အတွဲ (၂) အမှတ် (၇၃) တွင်ပါသည့် “အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၏ ဦးခင်ရွေအား “အပြစ်မမြင် အချစ်ဝင်ပေးပါ” မီဒီယာသမားများပြောဆိုခဲ့သော ခေါင်းစဉ်မှားတဲ့နေ့” သတင်းမှ မောင်ဝံသ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- အခုလွှတ်တော်က ဥပဒေအသစ်တွေတော့ ပြဋ္ဌာန်းနေတယ်။ အဲဒီအပေါ်မှာရော အန်တီ့အမြင် ဘယ်လိုရှိလဲ။

ဖြေ- အခုက ဥပဒေအသစ်တွေပဲ ပြဋ္ဌာန်းနေတယ်။ မရှိသေးတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းတာဆိုတော့ ဒါတွေကလည်း လိုအပ်တယ်။ တစ်ချိန်တည်းမှာပဲ ခေတ်စနစ်နဲ့ မလျော်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့တို့၊ ပယ်ဖျက်ဖို့တို့က အင်မတန်အရေးကြီးတာ။ အဲဒီကဏ္ဍကို ပြည်ထောင်စုလွှတ်တော်က မသွားနိုင်သေးဘဲ တိုင်း ဒေသကြီး အလုပ်တွေဖြစ်တဲ့ လမ်းတို့တံတားတို့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေကိုလုပ်နေပြီး သူတို့ရဲ့ အဓိကတာဝန်တွေကို အခုထက်ထိ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်။

ဇန်နဝါရီ (၆) ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၄၂) တွင်ပါသည့် “ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“တကယ်တမ်း မညာတမ်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်သွေးအပြည့်ပါတယ်လို့ပြောရမယ်။ ဗိုလ်ချုပ်ကလည်း လွတ်လပ်ရေးရဖိုပအတွက် ပင်လုံညီညာလာခံကြီး ကျင်းပတဲ့အချိန်မှာ တိုင်းရင်းသား ညီအကိုမောင်နှမတွေကို ရှမ်းတစ်ကျပ်၊ ဗမာတစ်ကျပ် ဒီစံနှုန်းအတိုင်းအကျိုးတူခံစားစံစားမယ်ဆိုတဲ့ ကတိကဝတ်နဲ့ ပင်လုံညီလာခံကြီးက တစ်ဆင့် လွတ်လပ်ရေးကို လမ်းပြခဲ့တယ်လေ။ ဗိုလ်ချုပ်က လမ်းခုလတ်မှာ ကျဆုံးခဲ့တာ ဆိုတော့ ဗိုလ်ချုပ်ရဲ့ တိုင်းရင်းသား စည်း လုံးညီညွတ်ရေး၊ တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေး၊ အမျိုးသားရေး အကျိုးတူခံစားစံစားရရေးဆိုတဲ့ မူအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ချီတက် နေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဖခင်ရဲ့ မပြီးပြတ်သေးတဲ့ တာဝန်တွေကို သူမလုပ်ခွင့်ရတဲ့အချိန်မှာ ကျေအောင်ဆပ်ချင်တဲ့ဆန္ဒနဲ့ တိုင်းပြည်ကို တိုးတက် အောင်လုပ်ချင်တဲ့ ဆန္ဒကလွဲရင်၊ အာဏာကို မက်မောတွယ်ဖက်နတဲ့ သူထဲမှာ မပါဘူးလို့ ယုံကြည်ရမယ်လေ။ ဘာကြောင်ဆို မျိုးရိုးကရှိပြီးသား မဟုတ်လား”

ဇန်နဝါရီ ၆ ထုတ် First Weekly အတွဲ (၁) အမှတ် (၁၀) တွင်ပါသည့် “ ပြည်တွင်းစစ်ငြိမ်းချမ်းရေး အင်မတန် အရေးကြီးတယ်၊ ဒီမိုကရေစီ တိုးတက် ပြောင်းလဲရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာလည်း အင်မတန်အရေးကြီးတယ်၊ မိတ်ဆွေနိုင်ငံများ အားလုံးကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အဆောက်အအုံတွေ ခိုင်မာရေး ထည့်သွင်းစဉ်းစားပေးပါလို့” သတင်းမှ ကောက်နှုတ်ချက်

*******************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs