Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၁.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြည်ပန်းညို ချိုပါလျက် ဆားဖျက်တဲ့ မိုဘိုင်းကဒ်  

*******************************

ဆောင်းပါးကဏ္ဍ

ပြည်ပန်းညို ချိုပါလျက် ဆားဖျက်တဲ့ မိုဘိုင်းကဒ်

ယနေ့ ပြည်သူတွေ စိတ်အဝင်စားဆုံးသတင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်ကဝင်ပြိုင်မှာလဲဆိုသည့် သတင်းမဟုတ်၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘာတွေပြောသွားလဲဆိုသည့် သတင်းလည်းမဟုတ်၊ မာစီးဒီးလို တန်ဖိုးကြီးကားတွေ သွင်းခွင့်ပြုလိုက်ပြီဆိုသည့် သတင်းကလည်း သာမန်လက်လုပ်လက်စား တွေအတွက် စိတ်ဝင်စားစရာ သတင်းမဟုတ်ပေ။ သို့သော် ပြည်သူလူထု အများစု သိချင်နေကြသည့် သတင်းတစ်ခု အရပ်တကာထဲတွင် ဟိုးဟိုးကျော်နေပြီ။

ငါးထောင်တန် ဖုန်းကဒ်များ ရောင်းချတော့မည့်သတင်းမှာ အင်တာနက်စာမျက်နှာများမှ ပုံနှိပ်ဂျာနယ်များပေါ် အထိ ရောက်ရှိလာသည်။ ရွှေပြည်တံခွန် ကုမ္ပဏီမှ မိုဘိုင်ဆင်းကဒ် တစ်ကဒ်လျှင် ငါးထောင်ကျပ်နှင့် ရောင်းချပေးနိုင်မည့် Proposal ကို နိုင်ငံတော်သမ္မတကြီးထံ တင်ပြထားသည်ဟု အဆိုပါကုမ္ပဏီ၏ ထိပ်တန်းအရာရှိကြီးတစ်ဦးက မီဒီယာများကို ဖိတ်ခေါ်၍ အသိပေးလိုက်သည်။ သမ္မတကြီးမှ ခွင့်ပြုသည်နှင့်တပြိုင်နက် စတင်ဖြန့်ချိတော့မည်ဟုလည်း အသိ ပေးလိုက်သည်။ ဈေးနှုန်းနှင့် ခေါ်ဆိုခမှာ မြန်မာ့ဆက်သွယ်ရေးမှ GSM, CDMA, ကမ်းရိုးတမ်းတွေထက် အံသြဖွယ်ကောင်းလောက်အောင် နည်းပါးသော်လည်း စီးပွားရေးအရ တွက်ခြေကိုက်သည့်အပြင် အရှိန်ရလာလျှင် ဆင်းကဒ်ဖိုး ငါးထောင်ကိုပင် ယူတော့မည်မဟုတ်ဘဲ ခေါ်ဆိုခကိုသာ ကောက်ခံတော့မည်ဟုလည်း ၎င်းအရာရှိကြီးက ဆက်လက်ပြောကြားလိုက်သေးသည်။ ခေါ်ဆိုခပင်လျှင် ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျှင်များပြားနေသေးကြောင်းလည်း ဝန်ခံသွားခဲ့သည်။

ပြည်သူတွေအနေဖြင့် ထိုကိစ္စ အမှန်တကယ် အကောင်အထည်ဖော်လာရန် ဆုတောင်းနေကြရပါည်။ မည်သည့်နိုင်ငံတွင်မှ မပေးရသည့် ဖုန်းဈေးနှုန်းနှင့် ကြီးမြင့်လှသော ခေါ်ဆိုခတွေကို ဆင်းရဲသောပြည်သူတွေ ပေးဆောင်နေကြရသည်။ စီးပွားရေးလုပ်ငန်းတွေမှာလည်း မလိုလားအပ်သည့် အပိုကုန်ကျစရိတ်( Transaction Cost) တွေကြောင့် ဒေသတွင်းနိုင်ငံတွေနှင့် ယှဉ်ပြိုင်ရောင်းချနိုင်စွမ်းမရှိ ဖြစ်နေရသည်။ Transaction Cost တွေ လျော့ချရမည့် ကိစ္စကို တိုင်းပြည်အခြေပြုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည့် သမ္မတကြီးအနေဖြင့်လည်း ယခုကိစ္စကို သဘောတွေ့လိမ့်မည် ထင်ပါသည်။

ပြည်ပန်းညိုချိုပါလျှက် ဆားကဖျက်ဆိုသကဲ့သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထိုကိစ္စကို အနှုတ်လက္ခဏာဆောင်သည့်အမြင်ဖြင့် ရှုမြင်သည်။ ဆက်သွယ်ရေးမပါဘဲ လုပ်၍မရကြောင်း မီဒီယာများကို အသိပေးသည်။ ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိသည့် ကိစ္စဟူ၍လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုးကားပြောဆိုပြန်သည်။ မြန်မာ့ဆက်သွယ်ရေး၏ ကွန်ယက်ပေါ် ဖြတ်သန်းခြင်းမရှိဘဲ မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းများနှင့် ချိတ်ဆက်၍မရ၊ နိုင်ငံတကာ ဖုန်းများနှင့် ချိတ်ဆက်၍မရဟူ၍လည်း နည်းပညာပိုင်းအရ မဖြစ်နိုင်ပါဟူ၍လည်း ငြင်းဆိုလိုက်သေးသည်။ အကယ်၍ ပုဂ္ဂလိက လုပ်ငန်းက ကိုယ်ပိုင် ဆက်သွယ်ရေး ပစ္စည်များ၊ တိုင်များ၊ ဂြိုလ်တုများနှင့် လုပ်ကိုင်မည်ဆိုလျှင် မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းများကို မည်သူမျှ သုံးကြတော့မည်မဟုတ်ပေ။ အစိုးရမှာ တပ်မတော် အစိုးရကို ဆက်ခံသော အစိုးရဖြစ်၍ လုံခြုံရေးအမြင်အရဆိုလျှင်လည်း ထိုပုဂ္ဂလိကကုမ္ပဏီများမှာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမည့် ကိစ္စရပ်များ အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီပြီးဖြစ်ပါလိမ့်မည်။ အမေရိကန် ပြည်ထောင်စုကဲ့သို့ နိုင်ငံကြီးများပင်လျှင် ၉/၁၁ အရေးအခင်းအပြီးတွင် တယ်လီဖုန်းများ ကြားဖြတ်နားထောင်သည့်ကိစ္စကို ပြုလုပ်ခဲ့ရသည်ဖြစ်ရာ လုံခြုံရေးအမြင်ဖြင့် ကြည့်လွန်းသော အစိုးရအနေဖြင့် ထိုကိစ္စကို ပူပန်စရာမလိုပါဟုသာ ဆိုရပေလိမ့်မည်။

သို့ရာတွင် အစိုးရဘက်မှ တစ်စုံတစ်ရာ သဘောထားထုတ်ပြန်ချက်မရှိသေးဘဲ မြန်မာ့ဆက်သွယ်ရေးကသာ ထိုကိစ္စကို ငြင်းဆိုနေခြင်းဖြစ်ရာ မည်သို့ ဆက်ဖြစ်မည်ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းနေပေသည်။ ခြစားမှုများလွန်းသော ကဏ္ဍများကို ပြုပြင်ပြောင်းလဲရေးလုပ်ရန်မှာ လွယ်ကူသည့် ကိစ္စ မဟုတ်ပေ။ ဆိုရလျှင် မြန်မာ့ဆက်သွယ်ရေးသာ မဟုတ်၊ အစိုးရ၏ လုပ်ငန်းတော်တော်များများတွင် ခြစားမှုတွေမှာ သူ့နည်းသူ့ဟန်နှင့် ရှိနေကြပြီး ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးကို ဥပမာပေးရလျှင်ပင် မြန်မာစာ၊ ရုက္ခဗေဒ စသည်ဖြင့် လုပ်ငန်းသဘောသဘာဝနှင့် မည်သို့မျှဆက်စပ်ခြင်းမရှိသည့် ဝန်ထမ်းတွေ အမြောက်အများရှိနေသည်။ သို့ရာတွင် ပြန်တမ်းဝင်ဝန်ထမ်းအဖြစ်မဟုတ်ဘဲ အကူ၊ နေ့စား ဝန်ထမ်းအဖြစ်၊ အချို့ဆိုလျှင် လခမရဘဲ လုပ်အားပေးအဖြစ် ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ သက်ဆိုင်ရာအရာရှိကြီးများ၏ နီးစပ်မှုဖြင့် ထိုသို့ ဝင်ရောက်နေကြသည့် ဝန်ထမ်းတွေ မနည်းမနောရှိပါသည်။ သူတို့၏ ရည်ရွယ်ချက်မှာလည်း ဖုန်းပွဲစားလုပ်ခြင်း၊ ဖုန်းဘီလ်ဆောင်ခြင်း၊ ပီစီအို တည်ထောင်ခြင်း၊ လိုင်းပြင်ခြင်း စသည်ဖြင့် ကြားပေါက်ရမည့် ကိစ္စတွေ အတွက်သာ ထိုကဲ့သို့ လစာကို မက်မောခြင်းမရှိဘဲ ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် မြန်မာ့ဆက်သွယ်ရေး၏ ခြစားမှု မည်မျှကြီးမားနေသည်ကို ခန့်မှန်း နိုင်ကြပါလိမ့်မည်။ ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေး ရှုထောင့်မှကြည့်လျှင် လုပ်ငန်းအတွကသာမက၊ ဝန်ကြီးအစ၊ အရာရှိအလယ် အောက်ခြေဝန်ထမ်းအဆုံး ကိုယ်ကျိုးစီးပွား ထိခိုက်နိုင်ကြသည်ဖြစ်၍  ယခုကိစ္စကို လက်မခံနိုင်ကြသေးခြင်း ဖြစ်ပါလိမ့်မည်။

ဥပမာပေးရလျှင် ကြေးနန်းပို့သည့် ခေတ်ကုန်သွားပြီဖြစ်၍ ကြေးနန်းကဏ္ဍမှာ နှစ်စဉ်အရှုံးပေါ်လျှက်ရှိသည်။ ထို့ကြောင့်  ကြေးနန်းဝန်ထမ်းတွေ အလုပ်ပြုတ်မည့်အရေးမှ အကာအကွယ်ပေးနိုင်ရန် ကြေးနန်းဝန်ထမ်းများကို အင်တာနက်၊ အီးမေးလ်သင်တန်းများပေး၍ မြန်မာ့ဆက်သွယ်ရေး၏ အများပြည်သူ သုံး အင်တာနက်စခန်းများ၊ အင်တာနက်ကြေးနန်း ဝန်ဆောင်မှုလုပ်ငန်းများကို ပြုလုပ်ကြရသည်။ အစိုးရရှုထောင့်မှကြည့်လျှင် အစိုးရဝန်ထမ်းများ အစုလိုက် အပြုံလိုက် အလုပ်ပြုတ်မည့်အရေးကို ထည့်သွင်းစဉ်းစားရခြင်းလည်း ရှိနိုင်ပါသည်။ သို့ရာတွင် ပုဂ္ဂလိကဆက်သွယ်ရေး ကုမ္ပဏီများ အပြိုင်အဆိုင် ပေါ်လာသည် နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါ်ပေါက်လာမည်ဖြစ်ရာ ထိုကိစ္စမှာ စိုးရိမ်ပူပန်ဖွယ်မရှိနိုင်ပါ။ သို့ရာတွင် ထိုက်တန်သော လုပ်ခလစာနှင့် လုပ်ရမည်ဖြစ်၍ လိုအပ်သည်ထက် အခွင့်အရေးပိုယူလွန်းသော ဝန်ထမ်းများအတွက်မူ ဆက်သွယ်ရေးကုမ္ပဏီများထက် မြန်မာ့ဆက်သွယ်ရေးကို ပို၍ ဖက်တွယ် လိုကြပါလိမ့်မည်။ အထူးသဖြင့် အကျိုးအမြတ်များစွာရရှိနေသာ ထိပ်တန်းအရာရှိများက ပိုပါလိမ့်မည်။ စီမံကိန်း ဒါရိုက်တာရာထူး၊ ညွှန်ကြားရေးမှူးရာထူး စသူတို့မှာ အများအားဖြင့် တပ်မတော်မှ အငြိမ်းစားများဖြစ်လေ့ရှိပြီး နည်းပညာအကြောင်း နကန်းတစ်လုံးမျှ နားမလည်သူတွေလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ရှိနေပါသေးသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးတွေကို ငဲ့ညာနေလျှင် ကျန်သန်းခြောက်ဆယ်သော ပြည်သူတို့၏ ဘဝကို မညှာတာရာ ရောက်ပေလိမ့်မည်။ ယနေ့ခေတ်မှာ မိမိကိုယ်ကို တာဝန်ခံရသောခေတ်ဖြစ်ရာ လုပ်ငန်းအမှန်တကယ် တတ်ကျွမ်းခြင်းမရှိလျှင်၊ ခေတ်နှင့်အညီ လိုက်ပါနိုင်ခြင်းမရှိလျှင် ကျန်ရစ်ခဲ့မည်မှာ လည်း ဓမ္မတာပင်ဖြစ်ပါသည်။

စာရေးသူတို့ နိုင်ငံအနေဖြင့် ထိုကိစ္စအပေါ် အသစ်အဆန်းဖြစ်နေသော်လည်း ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင်  ဆက်သွယ်ရေးနှင့် သတင်းပျံ့နှံ့ စီးဆင်းမှုတို့မှာ အဓိကမောင်းနှင်အားဟုဆိုရမည်ဖြစ်ရာ ဆက်သွယ်ရေးအတွက် တယ်လီဖုန်းနှင့် အင်တာနက်တို့ကို ကောင်းနိုင်သမျှ ကောင်းအောင် လုပ်နေကြ ရသည်။ ဆရာကျော်ဝင်း၏ စာအုပ်များထဲက စကားနှင့်ဆိုရလျှင် ယခင်က တစ်နိုင်ငံနှင့် တစ်နိုင်ငံ မည်သည့်နိုင်ငံ၏ ဒုံးပျံက ပိုမြန်သလဲ ပြိုင်ကြရင်းမှ ယခုအခါတွင် ကွန်ပျူတာချိပ်စ်တွေ ဘယ်လောက်မြန်သလဲ၊ ထိုနိုင်ငံ၏ အင်တာနက်ဒေါင်းလုပ် ဘယ်လောက်မြန်သလဲဆိုတာတွေနှင့် ပြိုင်လာကြရပြီဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဟု တလျှောက်လုံး ကြွေးကြော်ကြုံးဝါးနေခဲ့စေကာမူ လျှပ်စစ်မီး၊ အင်တာနက်၊ တယ်လီဖုန်းတို့ကို ယနေ့တိုင် အဆင်ပြေပြေလုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ ထိုကဏ္ဍကြီးသုံးခုမှာ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအကျဆုံးသော လုပ်ငန်းကြီး သုံးရပ်လည်း ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေးများသည် ကနဦးပိုင်းတွင် အခက်အခဲများနှင့် ရင်ဆိုင်ရလေ့ရှိသော်လည်း ရေရှည်တွက် အကျိုးများ သည့် ကိစ္စရပ်များဖြစ်ကြောင်းကို မော်တော်ကားအသစ်များ လဲလှယ်ခွင့်ပြုခဲ့သည့် ဖြစ်ရပ်က သက်သေပြခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်း သက်သာသော ဖုန်းများကိစ္စလည်း မကြာမီ အကောင်အထည်ပေါ်လာဖွယ် ရှိပါသည်။ လက်ဝါးကြီးအုပ်ရုံမျှမက အမြတ်ကြီးပါစားလိုသော ခရိုနီများနှင့် ကိုယ်ကျိုးစီးပွား ကြည့် လွန်းသော အုပ်စုများမှလွဲ၍ လူတိုင်းနှစ်သက်လက်ခံသောကိစ္စပင် ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရမည် မှန်သော်လည်း မြစ်ဆုံကဲ့သို့ သော ကိစ္စ၊ ဝန်ကြီးများရုံးကိစ္စ၊ မော်တော်ယာဉ်တင်သွင်းခွင့် စသည့် ကိစ္စရပ်များသည် နိုင်ငံတိုးတက်ရေးကို လိုလားသော သမ္မတကြီးနှင့် အစိုးရထိပ်တန်း ပုဂ္ဂိုလ်ကြီး များထံမှ တိုက်ရိုက်လာသည်ကို မမေ့မလျော့ရှိကြရန်လည်း လိုအပ်သည်ဟု ဆိုရပေလိမ့်မည်။

*************************************************************************************

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၁.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. စာပေစိစစ်ရေးသို့ သတ်မှတ်စာအုပ် အရေအတွက်ထက် ပိုတင်နေရဆဲ
  2. ထားဝယ်စီမံကိန်းရှိ ကျောက်မီးသွေးစက်ရုံတည်ဆောက်မှု ရပ်ဆိုင်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကချင်လွတ်မြောက်ရေးတပ်မတော် စစ်ပြင်ဆင်
  2. ပြည်သူတို့၏ အခွင့်အရေးအတွက် လမ်းလျှောက်ဆန္ဒ ထုတ်ဖော်
  3. မြန်မာနိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်၍ EU မှ စည်းဝေးကျင်းပမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

စာပေစိစစ်ရေးသို့ သတ်မှတ်စာအုပ် အရေအတွက်ထက် ပိုတင်နေရဆဲ

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်ရေးသို့ ဖြန့်ချိခွင့်အတွက် စာအုပ်အချောတင်ရာတွင် အုပ်ရေ ၂၅ အုပ်နှင့် ရုံးလက်ခံတစ်အုပ် (အားလုံးပေါင်း ၂၆ အုပ်) တင်ရန် တရားဝင်သတ်မှတ်ထားသော်လည်း စာအုပ် လေးငါးဆယ်ခန့် ရုံးအချောတင်ချိန်တွင် ယူသွားရကြောင်း ထုတ်ဝေဖြန့်ချိရေးနှင့် နီးစပ်သူတစ်ဦးမှ ပြောကြားသည်။

"ကျွန်တော်တို့ကို စာပေစိစစ်ရေးအချောတင်ဖို့ စာအုပ် ၂၆ အုပ်ပေးရမယ်လို့ တရားဝင် သတ်မှတ်ထားပေမဲ့ တကယ်တမ်းကျတော့ စိစစ်ရေးမှူးတွေ အတွက်ရယ်၊ ရုံးသူရုံးသားတွေအတွက်ရယ်၊ ညွှန်မှူးအခန်းအတွက်၊ ဒုညွှန်မှူးအခန်းအတွက်၊ ဘာညာသာရကာအတွက် အားလုံးပေါင်း အနည်းဆုံး အုပ် ၅ဝ လောက် ယူသွားရတယ်။ အဲလိုမှ မဟုတ် ရင် ခဏခဏ အရစ်ခံရတယ်။ ဒါကြောင့် ကျွန်တော်တို့က ထုတ်ဝေသူတွေကို နားလည်အောင်ပြောပြီး စာအုပ်တွေ ပိုပို တောင်းလာရတယ်" ဟု အမည်မဖော်လိုသူ စာပေအသိုင်းအဝိုင်းနှင့် နီးစပ်သူမှ ရန်ကုန်ခရော်နီကယ်သို့ ပြောကြားသွားသည်။

"တချို့ထုတ်ဝေသူတွေက တရားဝင် သတ်မှတ်ထားတဲ့အတိုင်း ၂၆ အုပ်ပဲ ပေးရတယ်လို့ ထင်နေကြတာ။ ဒါပေမဲ့ စစ်ဖက်နဲ့နီးစပ်တဲ့ ဗိုလ်ကြီး စာရေးဆရာတို့၊ ဗိုလ်မှူးစာရေးဆရာတို့ကျ တရားဝင်အတိုင်း ၂၆ အုပ်ပဲ ပေးရတယ်။ တခြားစာရေးဆရာတွေရဲ့ စာအုပ်တွေကျတော့ သတ်မှတ်ထားတဲ့အတိုင်း ၂၆ အုပ်ပဲ ပေးလို့မရဘူး။ ဟိုလူ့အတွက်၊ ဒီလူ့အတွက် ဆိုပြီး ပိုပိုပေးနေရတယ်ဗျ။" ဟု ယင်းက ဆက်လက်ဆိုသည်။

စာပေစိစစ်ရေးသည် ယခင် စာပေစိစစ်ရေးတင်းကြပ်သော တပ်မတော်အစိုးရလက်ထက်က စာပေအမျိုးအစား အားလုံးကို စိစစ်ရေးမူကြမ်းတင်၊ လိုသလိုဖြတ်တောက်၊ တည်းဖြတ်ပြီးမှ အချောထုတ်ဝေခွင့် ပေးခဲ့သော်လည်း ယခုအစိုးရ သစ်လက်ထက်တွင် ဆင်ဆာဥပဒေများ အတန်အသင့် ဖြေလျော့ ပေးခဲ့ရာ နည်းပညာ၊ အားကစား၊ ကလေးစာပေ၊ စီးပွားရေး စသည့် စာပေအမျိုးအစားများကို တင်ထုတ်စနစ်မှ ထုတ်တင်စနစ်သို့ ပြောင်းလဲပေးခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ထားဝယ်စီမံကိန်းရှိ ကျောက်မီးသွေးစက်ရုံတည်ဆောက်မှု ရပ်ဆိုင်း

ထားဝယ်ရေနက်ဆိပ်ကမ်းအတွင်း မဂ္ဂါဝပ် ၄၀၀၀ ကျော်လျှပ်စစ်ဓာတ်အားထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ထားဝယ်ရေနက်ဆိပ်ကမ်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မှု ရပ်ဆိုင်းရခြင်းမှာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆွေးနွေးရာ၌ ၎င်း တည်ဆောက်နေမှုများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုများကို တွေ့ရှိရသည့်အတွက် ရပ်ဆိုင်းရခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၉ ရက် နေ့၌ ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ ပြောကြားခဲ့သည်။

ထို့ပြင် ထားဝယ်ရေနက်ဆိပ်ကမ်းရှိ မဂ္ဂါဝပ် ၄၀၀၀ ကျော်ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆက်လက်တည်ဆောက်ရန် သင့်၊ မသင့် ကိစ္စရပ်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ကျွမ်းကျင်ပညာရှင်များမှ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ထိုင်းနိုင်ငံရှိ Italian-Thai Development Public Co.,Ltd မှ တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်ပြီး ထားဝယ်ရေနက်စီမံကိန်း၏ လုပ်ငန်းစဉ်များ၌ ရေနက်ဆိပ်ကမ်း၊ ရေနံ-ဓာတု အခြေပြုလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

ယခု ထားဝယ်ရေနက်ဆိပ်ကမ်း၌ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရာတွင် ကျောက်မီးသွေးစက်ရုံမှ တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် တန် သန်းပေါင်း ၃၀ ကျော်ထွက်ရှိမည်ဖြစ်ပြီး ၎င်းထွက်ရှိမှုများမှ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့်အတွက် ရပ်ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ref: ရန်ကုန်တိုင်းမ်

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကချင်လွတ်မြောက်ရေးတပ်မတော် စစ်ပြင်ဆင်

မြန်မာအစိုးရစစ်တပ်များနှင့်တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့သည့် ကချင်လွတ်မြောက်ရေးတပ်မတော်သည် ဇန်နဝါရီလ ပထမပတ်မှ စတင်ကာ စစ်ပြင်ဆင်နေပြီဖြစ်ကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားအထက်ရှိ ဒေသခံများက အတည်ပြုပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ တပ်မတော်အား တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရန် အမိန့်ကြော်ငြာစာထွက်ပြီး ရက်သတ္တပတ် သုံးပတ်ကျော် အကြာတွင် ယင်းသို့ စစ်ပြင်ဆင်ခြင်းဖြစ်ပြီး ကေအိုင်အေအုပ်စိုးမှုအောက်ရှိ ကျောက်စိမ်းတွင်း၊ ရွှေတွင်းတူးဖော်သည့် ကုမ္မဏီများ၊ ကုန်သည်များကို ဇန်နဝါရီလ ၂၀ ရက်ထက် နောက်မကျဘဲ ဆက်ကြေးပို့ရန် အမိန့်စာဆင့်ထားကြောင်း သိရသည်။

“လောပန်တစ်ဦးချင်းအလိုက်ကော၊ ကုမ္ပဏီတစ်ခုချင်းအလိုက် လစဉ်အခွန်၊ နှစ်စဉ် အခွန်ဆက်ရတာတွေ ရှိတယ်။ အခု အမြန်ပေးခိုင်းနေတာကတော့ နှစ်စဉ်အခွန်လို့ကြားတယ်”ဟု  ဝိုင်းမော်မြို့နယ်နေ ဒေသခံပြည်သူတစ်ဦးက ရန်ကုန်ခရော်နီကယ်သို့ ပြောကြားသည်။

                ကေအိုင်အေအနေဖြင့် ယခင်ရက်ပိုင်းအတွင်းက ပြည်မနှင့်ကချင်ပြည်နယ်တို့ ဆက်သွယ်ထားသည့်လမ်းကြောင်းဖြစ်သော မိုးကောင်းနှင့် ဖားကန့် လမ်းပိုင်းအား ပိတ်ဆို့ခဲ့ပြီး ယင်းဒေသအတွင်းရှိ အစိုးရတပ်များအား ရိက္ခာထောက်ပံ့ခြင်း မပြုနိုင်ရန် စီစဉ်ထားသည်။

“ကေအိုင်အေကတော့ သူတို့ရဲ့ခံစစ်ကို အသင့်ပြင်ထားတာကိုတွေ့ရတယ်။ ပြီးတော့ သူတို့တွေ နှစ်သစ်ကူးအပြီးမှာ မြန်မာဘက်က ထိုးစစ်ကြီး ဆင်လာမှာကို မျှော်လင့်ထားပုံရတယ်”ဟု ကေအိုင်အေနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ပြည်သူတို့၏ အခွင့်အရေးအတွက် လမ်းလျှောက်ဆန္ဒ ထုတ်ဖော်

ဇန်န၀ါရီလ ၁၀ ရက်နေ့၊မနက် ၁၀ နာရီ ပတ်ဝန်းကျင်က တောင်ဒဂုံမြို့နယ်နေ ပြည်သူများခံစားနေရသည့် လူမှုဒုက္ခအဝဝကို  စက္ကူချပ်ပေါ်တွင် ရေးသားကာ ဆန္ဒထုတ်ဖော်သည့် တောင်ဒဂုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးစိုးကြွယ်အား ယင်းမြို့နယ်ရဲစခန်းက ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။

ဦးစိုးကြွယ်သည် ပြည်ခိုင်ဖြိုးပါတီအမည်သုံးက ငွေကြေးကောက်ခံနေခြင်းများကို အရေးယူပေးပါ။ အကျင့်ပျက်ဝန်ထမ်းများအား တိုင်ကြားမှုကို အရေးယူပေးပါ။၊ ရပ်ကွက်အတွင်းရှိ လမ်းများကို တပြေးညီဖြစ်အောင် ကွန်ကရစ်ခင်းပေးပါ၊ ယာဉ်လိုင်းပြေးဆွဲနေသော အဓိကလမ်းများကို  ပြုပြင်ပေးပါ၊ လျှပ်စစ်မီတာခကို ပြန်လည်ပြင်ဆင်ပေးရန်နှင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိအောင် ဆောင်ရွက်ပေးပါ။ မြို့တော်စည်ပင် ရေပေးဝေရေးမှ ရေကို ရေမီတာဖြင့် ပေးဆောင်သုံးစွဲနေသူများအတွက် ရေပုံမှန်ရရေး ဆောင်ရွက်ပေးပါ စသည့်အချက်များ ရေးသားထားသော စာရွက်ကို တောင်ဒဂုံမြို့နယ်၊ ၄၉ ကားဂိတ်အနီးရှိ ၇၁ ရပ်ကွက်ရှိ အောင်စုမွန် လက်ဖက်ရည်ဆိုင်မှ စတင်၍ လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။

“အခုတော့ သူ့ကို ရဲစခန်းက စစ်ဆေးနေတယ်။ အာမခံပေးမပေးတော့ မသိဘူး။ ကျွန်မတို့တော့ သူအိပ်ဖို့ စောင်နဲ့ ခြင်ထောင် ပြန်ယူရဦးမယ်”ဟု ဦးစိုးကြွယ်၏ ဆွေးမျိုးနီးစပ်တစ်ဦးက ပြောကြားသည်။

ဦးစိုးကြွယ်အား တောင်ဒဂုံမြို့နယ် ရဲစခန်းက ခွင့်မပြုသည့်ကိစ္စအား လုပ်ကိုင်မှုနှင့် အရေးယူရန် ရှိကြောင်း သိရသည်။

ဇန်န၀ါရီလ ၉ ရက်က ဆူးလေစေတီတော်တွင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနှင့် ပြည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် ဝတ်ပြုဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်၍ EU မှ စည်းဝေးကျင်းပမည်

မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်တပ်မှုအဖြစ် နှစ်ပေါင်းများစွာ လုပ်ဆောင်ထားသော စီးပွားရေးပိတ်ဆို့မှုများနှင့် ပတ်သက်၍ ဥရောပသမဂ္ဂမှ လာမည့် ဧပြီလတွင် စည်းဝေးပွဲတစ်ခု ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ မကြာသေးမီမှ ရောက်ရှိခဲ့သည့် ဗြိတိန်ဝန်ကြီးဝီလျံပိာတ်ဂ်က ပြောကြားခဲ့သည်။

၎င်း စည်းဝေးပွဲ၌ မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂမှ ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ မည်သည့် အတိုင်းအတာအထိ ဖြေလျှော့ ပေးမည်၊ စီးပွားရေး ပိတ်ဆို့မှု ဆက်လက်ထားရှိရေး၊ မရှိရေး ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ အစိုးရသစ်အနေဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော အကျဉ်းသားများ လွှတ်ပေးရေးနှင့် ဧပြီလအတွင်း ကျင်းပမည့် ဥရောပသမဂ္ဂ၏ အစည်းအဝေးမှာ ဆက်စပ်မှုရှိနေသည်ကို စဉ်းစားရန်လိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးမှ ၎င်း၏ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်လက်ထက်မှစတင်၍ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းအချို့ကို လုပ်ဆောင်ပြခဲ့သည့် အတွက် ရန်ကုန်မြို့တွင် ဥရောပသမဂ္ဂအနေဖြင့် ရုံးခွဲ လာရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ဥရောပသမဂ္ဂ၏ ကိုယ်စားပြု ရုံးခွဲလာရောက်ဖွင့်လှစ်မည်ဖြစ်သော်လည်း full-fledged mission တစ်ခုမပာုတ်ဘဲ မြန်မာ နိုင်ငံ၌ စေ့စပ်ညှိနှိုင်းမှုပိုမိုဖြစ်ထွန်းလာခြင်း၏ နည်းလမ်းတစ်ခုသာဖြစ်ကြောင်း ဥရောပသမဂ္ဂအရှေ့တောင် အာရှရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း၌ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့ အရေးယူမှုများ လျှော့ချရေးအတွက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုအခြေအနေများကို စောင့်ကြည့်လေ့လာလျက် ရှိကြောင်း ကြေညာခဲ့သည်။

ရန်ကုန်၌ ဖွင့်လှစ်မည့် ဥရေပသမဂ္ဂ၏ ကိုယ်စားလှယ်ရုံးခွဲသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးရာကဏ္ဍများတွင် ဝင်ရောက်စွက်ဖက်မည် မပာုတ်ဘဲ မြန်မာ နိုင်ငံနှင့် ဥရောပသမဂ္ဂတို့၏ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် ကြီးကြပ်ရန်သာ ဖြစ်ကြောင်း သိရသည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော် သေချာဂရုစိုက်ပြီး လေ့လာကြည့်တယ်။ အဓိကကတော့ ကြိုတင်မဲနဲ့ပတ်သက်လို့ စနစ်တကျနဲ့ ဆောင်ရွက် ပေးနိုင်ဖို့ပဲလိုတာပါ။ ကျွန်တော့်အမြင်အရ ကြိုတင်မဲ ပြဿနာကို ဖြေရှင်းနိုင်ဖို့က တစ်နည်းပဲရှိတယ်။ ကြိုတင်မဲထည့်မယ့်သူတွေစာရင်းကို သက်ဆိုင်ရာနေရာက အများပြည်သူမြင်နိုင်တဲ့ နေရာမှာ ကပ်ထားပေးဖို့ လိုပါတယ်။ မဲထည့်မယ့်ရက် မတိုင်မီတစ်ပတ်ဖြစ်ဖြစ်၊ ၁၀ ရက်ဖြစ်ဖြစ်ပေါ့ဗျာ ထင်သာမြင်သာအောင် ထုတ်ပြန်ဖို့ လိုပါတယ်။ အဲဒါကကိစ္စ တော်တော် များများကို ဖြေရှင်းပေးနိုင်မယ်လို့ မြင်ပါတယ်။ အတွေ့အကြုံအရ ကြိုတင်မဲစာရင်းကို ထင်သာမြင်သာ ကပ်ထားဖို့ လိုပါတယ်”

ဇန်နဝါရီ ၁၂ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၇၇) တွင်ပါသည့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေကို ပြင်ဆင်သည့် နည်းဥပဒေများ၊ လွှတ်တော်အသီးသီး၏ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနဲ့ စပ်လျဉ်းသည့် အမြင်များ” သတင်းမှ ဦးဇိုဇမ် (ဥက္ကဋ္ဌ၊ ချင်း အမျိုးသားပါတီ) ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အခုငါးထောင်တန် ဂျီအက်စ်အမ်ဆင်းမ်ကတ် ဝန်ဆောင်မှုဆိုတာမှာ သမ္မတရုံးကို တိုက်ရိုက်တင်ပြထားပေမယ့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့နဲ့ ညှိနှိုင်းဆွေးနွေးပြီး ခွင့်ပြုချက်ရယူထားခြင်းမျိုး မရှိတောကြောင့် အမှန်တကယ် ဖြစ်ပေါ်လာဖို့အတွက် ရာခိုင်နှုန်း နည်းပါးနေသေးတယ်လို့ ယူဆ ရပါတယ်”

ဇန်နဝါရီ ၁၂ ထုတ် 7DAYS အတွဲ (၁၀) အမှတ် (၄၃) တွင်ပါသည့် “မိုဘိုင်းဆင်းမ်ကတ် ကျပ် ၅၀၀၀ဖြင့် ရောင်းမည့်အစီအစဉ် လက်တွေ့ဖြစ်ပေါ်ရန် ရာခိုင်နှုန်း နည်းပါး” သတင်းမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဘာဖြစ်သင့်သလဲဆိုရင်တော့ ဖြစ်သင့်သလဲဆိုရင်တော့ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့ စကားကို လက်ခံသလို စာသင်ကျောင်းတွေ ကောင်းမှလဲ တိုင်းပြည်အင်အားရှိမယ်။ နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ အားရှိမှလည်း တိုင်းပြည်ကအင်အားရှိတယ်။ ဒီဘက်ခေတ်မှာတော့ အားလုံးအားတွေရှိမှ ဖြစ်နိုင်တော့မယ်။ ဒါကြောင့် Equalibriumပေါ့။ အားလုံးကတော့ မျှတမှုရှိတယ်။ အခုမြန်မာပြည်က မိမိနိုင်ငံတော်ကို ကာကွယ်တဲ့ တိုင်းပြည်။ သူတစ်ပါးတိုင်း တစ်ပါးကို တိုက်ခိုက်သိမ်းပိုက်တဲ့တိုင်းပြည်လည်း မဟုတ်ဘး။ ဘယ်နိုင်ငံမှလည်း စစ်ဖြစ်နေတာ မဟုတ်တဲ့အတွက် ဒါကြောင့် တပ်မတော်အတွက် လိုအပ်တဲ့ အသုံးစရိတ်တွေကို အမှန်တကယ်လိုအပ်တဲ့ အသုံးစရိတ်တွေကိုတော့ လုပ်ခွင့်ပြုပေါ့။ လိုအပ်တာထက်ပိုပြီးတော့ အကျိုးထက်အပြစ်ဖြစ်မယ့် ကုန်ကျစရိတ်တွေ ဆိုရင်တော့ လွှတ်တော်အမတ် တွေရော ပြည်သူတွေကပါ ထောက်ပြရမယ်”

ဇန်နဝါရီ ၁၂ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၂) တွင်ပါသည့် "ဘတ်ဂျက်ဘယ်လိုခွဲဝေသုံးစွဲမလဲ” သတင်း ဆောင်းပါးမှ ဥပဒေပညာရှင် ဦးမောင်သန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*****************************************

 

 

 

                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs