Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဝန်ထမ်းဂုဏ်သိက္ခာနဲ့  ကြွေသီး ဖန်သီး

*******************************************

ဆောင်းပါးကဏ္ဍ

ဝန်ထမ်းဂုဏ်သိက္ခာနဲ့  ကြွေသီး ဖန်သီး

ပြေလွင်မြင့် 

(ပေါ်ပြူလာနယူး(စ်) အတွဲ (၄) အမှတ် (၂)မှ ထုတ်ယူဖော်ပြသည်)

အစိုးရ၊ ဝန်ထမ်းနဲ့ အခမဲ့ဝန်ဆောင်မှု

ပြောမှဖြစ်မှာမို့ ဖတ်မိမှတ်မိတာလေး နည်းနည်းပြောချင်ပါတယ်။ ‘နိုင်ငံ’ရယ်လို့ဖြစ်ဖို့ရာ အင်္ဂါလေးရပ်နဲ့ ပြည့်စုံရပါသတဲ့။ (၁)ပြည်သူလူထု၊ (၂) နယ်နိမိတ်၊ (၃)အချုပ်အခြာ အာဏာ၊ (၄)အစိုးရဆိုတဲ့ အင်္ဂါရပ်တွေ ပြည့်စုံမှ နိုင်ငံတကာ ဥပဓိရုပ် (International Personality) ရှိတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီနိုင်ငံဆိုရင် နိုင်ငံရဲ့အချုပ်အခြာအာဏာ (အာဏာသုံးရပ်)ကို ကိုင်စွဲအုပ်ချုပ်ဖို့ရာအတွက် သူတို့ကြိုက်တဲ့၊ အကောင်းဆုံး လုပ်ပေးနိုင်မယ်လို့ ယုံကြည် ကိုးစားတဲ့ ‘အစိုးရ’ကိုဖွဲ့စည်းပုံ ပြည်သူလူထုက နိုင်ငံအခြေခံဥပဒေနဲ့အညီ (ရွေးချယ်တင်မြှောက်)ရတာ ဖြစ်ပါတယ်။ အဲဒီအစိုးရက သူ့ရဲ့မူဝါဒ ရည်မှန်းချက် တွေကို ထုံးနည်းတကျလုပ်ကိုင်ဖို့ ဝန်ထမ်း(service)တွေကို အသုံးပြုရပါတယ်။ အရည်အချင်းသတ်မှတ် စိစစ်ခန့်ထားရပါတယ်။ အဲဒီအတွက် အစိုးရက သူ့အတွက်လစာရိက္ခာကို ယူပါတယ်။ ဝန်ထမ်းအတွက်လည်း လစာရိက္ခာကို ပေးပါတယ်။ နိုင်ငံ့ဘဏ္ဍာထဲကပါ။ လစာရိက္ခာ ဘာကြောင့်ပေးသလဲဆိုရင် စားဝတ်နေရေး ပြေလည်စွာနဲ့ နိုင်ငံ့တာဝန်ထမ်းစေချင်လို့ပါ။ လစာရိက္ခာ ဘာကြောင့်ယူသလဲဆိုရင် (ရေရှည်မှာ) အငတ်ခံလုပ်ဖို့ မဖြစ်လို့ပါ။ အဲဒီလို ယူတဲ့အတွက် အစိုးရနဲ့ သူ့ရဲ့ဝန်ထမ်းအဖွဲ့အစည်းဟာ နိုင်ငံတိုးတက်အောင်၊ ကြီးပွားအောင်၊ ပြည်သူလူထု သက်သောင့်သက်သာရှိအောင် ‘ဝန်ဆောင်မှု’ ပေးရတာဖြစ်ပါတယ်။ သူ ဘာတွေလုပ်ထားတယ်၊ ဘာတွေလုပ်နေတယ်၊ ဘာတွေလုပ်ရဦးမယ် ဆိုတာ ပြည်သူကို ပြန်အစီရင်ခံရပါတယ်။ ဒါကြောင့် မေးမြန်းချက်တွေကို ဖြေနေတာ ဖြစ်ပါတယ်။ အဆိုပြုချက်တွေကို ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ကမ္ဘာမှာရှိတဲ့ ဘယ်အစိုးရအဖွဲ့မဆို သူ့ရဲ့ရည်မှန်းချက်နဲ့ လုပ်ငန်းဆောင်တာတွေ ပြီးမြောက်ဖို့ ဝန်ထမ်းအဖွဲ့အစည်းကို ခိုင်းရပါတယ်။ အခွင့်အာဏာရဲ့ အစိတ်အပိုင်းတချို့ကို ခွဲဝေပေးရပါတယ်။ သင့်လျော်တဲ့ လုပ်ခလစာကို အဆင့်အရည်အသွေး အလိုက်ပေးရပါတယ်။ ဒီလစာကိုယူ၊ ဒီတာဝန် (ဝန်ဆောင်ဝန်ထမ်း ဂုဏ်သိက္ခာနဲ့မှု)ကို ကျေပွန်အောင်လုပ်။ ဝန်ထမ်းအလုပ်ဆိုတာ ချမ်းသာအောင် အစီးအပွားလုပ်တဲ့ (Business) မဟုတ်ဘူး။ ဘဏ္ဍာတိုက်ထဲက ထပ်မခိုးနဲ့၊ မဝှက်နဲ့၊  လူထုအိတ်ထဲက ထပ်မနှိုက်နဲ့၊   မောင်ရင့်တာဝန်က  ပြည်သူ့အတွက် ဝန်ဆောင်မှုကို ‘အခမဲ့’လုပ်ပေးရမယ်။ မဟုတ်ရင် အရေးယူမယ်မှတ်။ လစာရိက္ခာကို ထိုက်တန်သင့်မြတ်အောင် ပေးထားရင်၊ ‘ဆီကိုင်တဲ့ လက်ဆီပေမှာပေါ့’လို့ ပြောစရာမလိုဘူး။ ‘သဒ္ဓါလို့ပေးတာယူ’လို့ မပြောဘူး။ ‘ကြွေတဲ့အသီးတော့ ကောက်ပေါ့’လို့ မပြောဘူး။ ‘ငါ့အမျိုး ငါ့ရွာသားမို့ ဒါလေးတော့’လို့ မပြောဘူး။ ကမ္ဘာမှာ လာဘ်စားမှုအနည်းဆုံးနဲ့ အသန့်ရှင်းဆုံး တိုင်းပြည်လို့နာမည်ရတဲ့ စင်ကာပူမှာ ဘယ်သူ့လက်မှ ဆီမပေ စေရဘူး။ ကြွေသီးရော၊ ဖန်သီးရော ကောက်မစားရဘူး။ မီးပွိုင့်မှာလည်း ဘယ်သူမှအခွင့်အရေး ပိုမယူရဘူး။ အရေးကြီးတဲ့အချက်တစ်ချက်က လစာရိက္ခာကို အပြင်မှာထက်ပိုပြီး မက်လောက်အောင် ပေးထားတယ်။ (လူထုအိတ်ထဲက ထပ်ဆောင်းပေးစေဖို့ မလိုပါဘူး)။ ဒီတော့ သူတို့ဟာ အလုပ် ထိခိုက်မှာကို သိပ်စိုးရိမ်တယ်တဲ့။

 

ယူတိုပီယာ မျှော်မှန်းချက်

သိပ်ကို ဝမ်းနည်းစရာကောင်းတဲ့ အချက်ပါပဲ။ အကျင့်ပျက်မှုအနည်းဆုံးနဲ့ အသန့်ရှင်းဆုံးအဖြစ် လက်ညှိုးထိုးပြရတဲ့ တိုင်းပြည်ဟာ တို့ဗမာသာကီမျိုး တွေနေတဲ့ တိုင်းပြည်မဟုတ်ဘဲ ပုလုသေးကွေး စင်ကာပူကျွန်းနိုင်ငံလေး ဖြစ်နေလို့ပါ။ ကျွန်တော်တို့ လူမျိုးတွေကသူတို့ထက်ပိုပြီး ဝိသမလောဘတွေ များလွန်း နေသလား၊ အကျင့်ပျက်ပြား သူတွေပိုများနေလို့လား၊ မဟုတ်လောက်ဘူး ထင်ပါရဲ့။ လျှာမြက်ပေါက်အောင် တောင့်ခံနေသူတွေ၊ မတရားတဲ့နည်းနဲ့ ရတဲ့ တံစိုးဟူသမျှ တစ်ပြားတစ်ချပ်မှလက်မခံဘဲ ငြင်းပယ်တဲ့သူတွေ အသေအချာကို ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ဝန်ထမ်းအဖွဲ့အစည်း တစ်ခုလုံးကို သိမ်းကျုံးပြီး အကျင့်ပျက်တယ်၊ ခြစားတယ်လို့ပြောရင် တော်တော်စော်ကားမော်ကားပြုရာ ရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ထမ်း အဖွဲ့အစည်းတစ်ခုတည်း မဟုတ်လို့ပါ။ နိုင်ငံကိုချစ်လှချည်ရဲ့လို့   အော်သူပဲဖြစ်ဖြစ်၊ မအော်တဲ့သူပဲ ဖြစ်ဖြစ်နိုင်ငံ့ တာဝန်ထမ်းရတဲ့ ဝန်ထမ်းတွေမှာ မျှော်မှန်းချက် နှစ်ခုတော့ဖြင့် (အနည်းဆုံး)ရှိပါတယ်။ ဂုဏ်သိက္ခာလုံခြုံမှုနဲ့ စားဝတ်နေရေး လုံခြုံမှု မျှော်မှန်းချက်နှစ်ခုပါ။ ဟိုတုန်းက စာရေးကြီးဆိုတာ ရပ်ထဲရွာထဲမှာ ဂုဏ်သရေ ရှိသတဲ့၊ ဟိုတုန်းက ပြာတာလို့ခေါ်တဲ့ (အနိမ့်ဆုံးအဆင့်) ဝန်ထမ်းဟာ မိသားစုလေးယောက်လောက်ကို ဗိုက်ရိုက်ကျွေးနိုင်သတဲ့။ ဝန်ထမ်းဆိုတာ ဂုဏ်သိက္ခာ ရှိသတဲ့၊ အိနြေ္ဒရသတဲ့။

အခု….။ ဝန်ထမ်းဆိုတာနဲ့ တစ်ပြိုင်နက်’ ဘာကောင်ကြီးလဲ၊ ပါးစပ်ပါရဲ့မဟုတ်လား’ပြောသူက ပြောတယ်။ ‘အထုပ်ကြီးပြလိုက်တာနဲ့ ငမ်းငမ်းတက် နေမှာပါကွာ’ လို့ ဆိုသူကဆိုတယ်။ ‘အထုပ်သေးသေးနဲ့ လေးလေးပေးရင် လက်တိုလက်တောင်းခိုင်း လို့ရမယ်’ ထင်သူကထင်တယ်။ စားဝတ်နေစရိတ်စကနဲ့ လုပ်ခလစာက ဆင့်ပါးစပ်နှမ်းပက် ဖြစ်လာတဲ့အခါ မလိုက်လျောဘဲ တင်းခံနေတဲ့သူကို ‘စာအုပ်ကြီးသမားငတုံး’လို့ ပြောတယ်။ ‘ကြိုးနီစနစ်ရဲ့ နောက်ဆုံး အမွေခံ’လို့ ပြောတယ်။ ရိုးသားဖြောင့်စင်းမှုဆိုတာ ‘လူနုံလူအတွေရဲ့ ကိရိယာတန်ဆာ’လို့ ရှုတ်ချပြစ်တင်တယ်။ ခေတ်တွေ တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလာ ခဲ့တယ်။ ကုန်ဈေးနှုန်းတွေက တရိပ်ရိပ်တက်လာခဲ့တယ်။ လစာရိက္ခာကိုလည်း တိုးနိုင်သမျှတော့ တိုးလာပေးခဲ့ပါတယ်။ ဒါပေမဲ့ ကာလတစ်ခုမှာ နှမ်းအဖြစ်ပဲ ဘဝပြောင်းသွားပြန်တော့တယ်။ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းလည်း တန်ဖိုးထားတဲ့နှုန်းစံတွေ ပြောင်းလာခဲ့တယ်။ စက်ဘီးလေး တချောက်ချောက် စီးလို့ ပုဆိုးအနွမ်းနဲ့ ကျောင်းတက်သွားတဲ့ မူလတန်းပြဆရာနဲ့ (ခွင့်လွှတ်ပါ) ပါဘလစ်ကာမောင်းပြီး ဓာတ်ဆီဆိုင်ပန့်ကိုင်ဖို့ သွားတဲ့သူကို ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းက ဘယ်လိုခွဲခြားဆက်ဆံခဲ့သလဲ။ ဘယ်လိုနည်းနဲ့ပဲ ဝင်ငွေရရ၊ ငွေကြေးသုံးစွဲနိုင်တဲ့၊ အလှူကြီးအတန်းပေးနိုင်တဲ့သူတွေနဲ့ ကျူရှင်မပြဖို့တားမြစ်ခံ ထားရတဲ့ ကျောင်းဆရာလေးကို ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းက ဘယ်လိုခွဲခြားဆက်ဆံခဲ့သလဲ။ စိတ်ဓာတ်ချွတ်ခြုံကျနေတဲ့ လူ့အဖွဲ့အစည်းမှာ ခါးသီးနာကျင် နေတဲ့ လူကောင်းသူကောင်းတွေ တစ်ယောက်မှ မရှိဘူးလို့ ကျွန်တော်မထင်ပါဘူး။ ခုလောလောဆယ် အနိမ့်ဆုံးဝန်ထမ်းတစ်ဦးရဲ့ လစာဟာ (ကျပ်၃၅ဝဝဝ ) ဖြစ်ပြီး အမြင့်ဆုံးဝန်ထမ်းဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်ရဲ့လစာက ကျပ် ၂ဝဝ,ဝဝဝ ဖြစ်ပါတယ်။ ဟိုတုန်းက ဝန်ထောက်လို့ခေါ်တဲ့ ပြန်တမ်းဝင် အရာရှိတစ်ဦးရဲ့ (အခု) လစာက ကျပ် ၁ဝဝ,ဝဝဝ တဲ့။ ရန်ကုန်၊ တာမွေကျောက်မြောင်းလို နေရာမျိုးမှာ ညနေ ၃ နာရီကနေ ည ၈ နာရီအထိ ဝက်သားတုတ်ထိုး ရောင်းနေတဲ့သူက ၆ လွှာတိုက်ခန်းကို တစ်လ ကျပ် ၅ဝဝဝဝ ပေးပြီး ငှားနေနိုင်တယ်။ ပြန်တမ်းဝင်အရာရှိက အဲဒီလိုအခန်းမျိုးငှားနေရင် ကျန်တဲ့ငွေကို လင်မယားနှစ်ယောက် ခြိုးခြံ စားနိုင်တယ်ထား၊ နှာမစေးနဲ့၊ မဖျားနဲ့၊ မနာနဲ့၊ သားသမီးကိုတက္ကသိုလ် မပို့နဲ့၊ အလှူမသွားနဲ့၊အိုမင်းမစွမ်း ဖြစ်နေတဲ့ မိဘနှစ်ပါးအိမ်ကို သီတင်းကျွတ်ရင်လည်း မသွားနဲ့။ သူ့ဝမ်းဗိုက်ထဲမှာ တကြုတ်ကြုတ်မြည်နေတဲ့ အူတစ်စုံရှိတယ်။ သူ့ရှေ့မှာ ဆာလောင်လို့ ဝင်းပြောင်နေတဲ့ ရင်သွေးငယ်တို့ရဲ့ မျက်လုံးအစုံ ရှိတယ်။ သူ့ဝန်းကျင်မှာ အကောင်းစား စကားလုံးတွေနဲ့ ဟန်ဓာတ်ခုတ်နေတဲ့ လူ့အဖွဲ့အစည်းရှိတယ်။ သူ့လက်ထဲမှာ ကျိန်စာမကင်းတဲ့ လုပ်ပိုင်ခွင့်တချို့ရှိတယ်။ သူ့ရဲ့ အင်မတန် အဖိုးတန်လှတဲ့ ဂုဏ်သိက္ခာကို ရွှေချည်ထိုးပြီး ဘယ်လောက်ကြာကြာ တင်းခံနိုင်မလဲ။’ တစ်တက်စား ကြက်သွန်’ ဘဝကနေ အရှိန်မထိန်းနိုင်တော့တဲ့ ‘လောဘကောင်ကြီး’ဖြစ်သွားသူတွေဘယ်လောက်ရှိလေမလဲ။ ဘာမဟုတ်တဲ့လူတွေကို မျက်နှာချိုသွေးဖို့မလိုဘဲ (သူ့အဆင့်သူ့ အရည်အချင်းနဲ့ လျော်ညီတဲ့ လစာရိက္ခာကိုပဲ ခံစားပြီး) ခပ်တင်းတင်းနေချင်တဲ့သူမျိုး တစ်ယောက်မှမရှိဘူးလို့ ကျွန်တော်မထင်မြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုဝန်ထမ်း အဖွဲ့ အစည်းမဆို ငခုံးမတွေ စာရိတ္တချွတ်ခြုံကျနေသူတွေကို တမင်ရွေးချယ်စိစစ်ပြီး ခန့်ထားခဲ့တာ မဟုတ်လို့ပါပဲ။ Empty Sacks cannot Stand ဘာမှထည့်မထားတဲ့ အိတ်ခွံလွတ်တွေဟာ ဘယ်လောက်ကြာကြာ   ထောင်မတ်နေနိုင်မလဲ။ ဒုတိယ ကမ္ဘာစစ် မတိုင်မီက ဂျာမန်ကဗျာဆရာကြီးရဲ့ ကဗျာတစ်ပုဒ်ရှိတယ်။ ‘ဗိုက်အပြည့် စားသောက်နေတဲ့ လူတွေက လူငတ်တွေကို အနစ်နာခံကြစမ်းပါတဲ့’တဲ့။ ရေးပါ၊ပြောပါ။ လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်တွေကို တစ်စက်မှ ထည့်မစဉ်း စားဘဲ အကောင်းဆုံးစကားလုံးတွေနဲ့ ရေးခဲ့ပြောခဲ့တဲ့ခေတ်တွေ ဘယ်လောက်များခဲ့ပြီလဲ။ ဒါပေမဲ့ ချစ်လှချည်ရဲ့လို့ လူသိရှင်ကြား ကြွေးကြော်ခဲ့သူတွေက မူလတန်းပြ ဆရာတစ်ယောက်ရဲ့ လစာရိက္ခာနဲ့ ညီတူမျှ တူယူပြီးချစ်ပြမှ စံနမူနာကောင်းဖြစ်ပါလိမ့်မယ်။ ပိုအော်တဲ့သူက ပိုပြီး လျှော့ယူရပါမယ်။ ဒါမှမဟုတ်၊ ယူတိုပီယာ အိပ်မက်ထဲက ရုန်းထွက်ဖို့ လိုလိမ့်မယ်လို့ထင်ပါတယ်။

တတိယကျမ်း

အခုပြောခဲ့တာတွေက အဂတိလိုက်စားတာ အပြစ်ကင်းတယ်။အရေးယူလောက်စရာ မဟုတ်တဲ့ သနားစရာသတ္တဝါလေးတွေ ဖြစ်တယ်။ အဲဒီလိုဆိုရာ မရောက်ပါဘူး။ ဝန်ထမ်းဆိုတာ တရားဝင်ရရှိတဲ့လစာရိက္ခာအပြင်တံစိုးနဲ့ အကျိုးအလို့ငှာ ကောင်တာဖွင့်ဈေးရောင်းသလို၊ ကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးသလို (Business) စီးပွားရေး လုပ်တဲ့အလုပ်မျိုး မဟုတ်ဘူး။ အစီးအပွားရှာချင်ရင် ဝန်ထမ်းမလုပ်နဲ့ ဆိုတာကတော့ဖြင့် တော်တော်ရှင်းလင်းတဲ့ သီအိုရီပဲ ဖြစ်ပါတယ်။ သို့သော် အငတ်ခံလုပ်ရမယ့် အခြေအနေမျိုး မဟုတ်သေးဘူးဆိုတာကိုလည်း မြင်သာစေချင်တာ ဖြစ်ပါတယ်။ စွပ်စွဲခံရသူတွေထဲက အချို့သောသူတွေရဲ့ ရောဂါ လက္ခဏာချက်ကို စာနာကြည့်တာပဲ ဖြစ်ပါတယ်။ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ "လက်"ကို မြင်နေပါလျက်နဲ့ ဒါ..လက်မဟုတ်ဘူး။ အရိုးအကြော အသွေးအသား တွေပါပဲလို့ ‘ဝိ’ချင်တတ်တယ်။ ခမ်းနားချင်တတ်တယ်။ တည့်တည့်သွားရင် ရောက်နိုင်တာကို ကွေ့ပတ်လျှောက်တတ်တယ်။ ရောဂါလက္ခဏာချက်နဲ့ လွှဲဖယ်နေတတ်တယ်။ လူ့သဘာဝကို ငြင်းပယ်ပြီးရှာထားတဲ့အဖြေဟာ ရေရှည်မမှန်ကန်နိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အဂတိနဲ့ခြစားမှု တိုက်ဖျက်ရေး အတွက် လောလောဆယ်ကျင့်သုံးနေတဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ အရေးယူ အပြစ်ပေးတဲ့နည်းနဲ့ ပညာပေး(ဝေဖန်ချေချွတ်၊ ညွှန်ကြား)တဲ့နည်းပါ။ အလွယ်ကူဆုံးနဲ့ အမြင်သာဆုံးလုပ်တဲ့နည်းကတော့ အရေးယူအပြစ်ပေးတဲ့နည်းပဲ ဖြစ်ပါတယ်။   မေးစရာကျန်နေသေးတာက ဒါဆိုရင် လုံလောက်ပြီလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ခုတလော တော်တော်လက်ညှိုးထိုးခံနေရတဲ့ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုရှိတယ် (ဆိုပါစို့) အဲဒီဝန်ထမ်းတွေကို တစ်ယောက်မကျန် ဖယ်ရှားပစ်လိုက်ပြီး ပိုကောင်းမယ်လို့ထင်ရတဲ့၊ သို့မဟုတ် လက်ညှိုးထိုးနေတဲ့သူတွေနဲ့ အစားထိုးကြည့်မိပါတယ် (စိတ်ကူးနဲ့ပါ)။ သေချာတာကခဏတော့ ကောင်းနေနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်ကာလအထိလဲ၊ သူတို့ ဘယ်လောက်တောင့်ထားနိုင်မလဲ။ နောက်ထပ်သေချာတဲ့အချက်က လူတို့ရဲ့ ရိုးဖြောင့်မှုနဲ့ ဖြူစင်မှုဟာ အကန့်အသတ် ရှိတယ်ဆိုတာပါပဲ။ လူတိုင်း စဉ်းစားနိုင်ကြပါတယ်။ အသစ်အဆန်းလည်း မဟုတ်ပါဘူး။အင်မတန်လည်း ရိုးစင်းပါတယ်။ လူတိုင်း လူတိုင်းကို သူ့အရည်အချင်း သူ့အဆင့်အတန်းနဲ့ လျော်ညီတဲ့လစာရိက္ခာကို ရယူစေဖို့နဲ့ဂုဏ်သိက္ခာရှိရှိ အလုပ်တာဝန် ကျေခွင့်ပြုစေဖို့ပဲ   ဖြစ်ပါတယ်။ အဂတိ လိုက်စားမှု တားမြစ်ရေးကို (နည်းလမ်းတကျ) တိုးမြှင့်ဆောင်ရွက်သင့်ပါတယ်။

***************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၅.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ဌာနဆိုင်ရာဝန်ထမ်းများ အခမဲ့ပာန်းဖုန်း တစ်လုံးထက်ပိုသုံးစွဲပါက ပြန်သိမ်းမည်
  2. အရန်ဆန်များ ထပ်မံဝယ်ယူစုဆောင်းမည်
  3. တရားမဝင် ကားတင်သွင်းမှုအတွက် အကောက်ခွန်ဝန်ထမ်းများအား စသုံးလုံး စစ်ဆေးပြီ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. KNU နှင့် ငြိမ်းချမ်းရေးတည်ဆောက်နေချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတ ညွှန်ကြား                
  2. စီးပွားရေးပိတ်ဆို့မှု စာရင်းတွင်ပါဝင်သော မြန်မာအချို့အား သြစတြေးလျ ပယ်ဖျက်ပြီ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ဌာနဆိုင်ရာဝန်ထမ်းများ အခမဲ့ပာန်းဖုန်း တစ်လုံးထက်ပိုသုံးစွဲပါက ပြန်သိမ်းမည်

မြန်မာ့ဆက်သွယ်ရေးမှ ဌာနဆိုင်ရာအသီးသီးရှိ အဆင့်မြင့်အရာရှိများ၊ ပြောရေးဆိုခွင့်ရှိသူများနှင့် တာဝန်ရှိသူများအား အခမဲ့ ပာန်းဖုန်းသုံးစွဲခွင့် ပြုပေးထားမှုကို ပြန်လည်စိစစ်၍ ၎င်းဌာနဆိုင်ရာဝန်ထမ်းများ အခမဲ့ပာန်းဖုန်းတစ်လုံးထက် ပိုမိုသုံးစွဲမှုများ တွေ့ရှိရပါက ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဌာနဆိုင်ရာဝန်ထမ်များ၏ အခမဲ့ပာန်းဖုန်း တစ်လုံးထက်ပိုမိုသုံးစွဲမှုကို မအပ်နှံလိုပါက ၎င်းဖုန်း၏ လက်ရှိပေါက်ဈေးအတိုင်း တန်ဖိုးပေးချေကာ ဆက်လက်သုံးစွဲစေမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ဆက်သွယ်ရေး အဆင်ပြေချောမွေ့နိုင်စေရန် မြန်မာ့ဆက်သွယ်ရေးမှ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ ၎င်းဌာနဆိုင်ရာဝန်ထမ်းများ၏ သုံးစွဲခွင့်ပြုထားသည့် ဖုန်းအရေအတွက်မှာ များပြားလာသည့်အတွက် ယခုကဲ့သို့ ပြန်လည် စိစစ်၍ သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ဌာနအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများအတွက် မြန်မာ့ဆက်သွယ်ရေးမှ အခမဲ့ဖုန်းများ သုံးစွဲခွင့်ချထားပေးသည့်ဖုန်းများမှာ GSM ၀၉၅၀၊ စီဒီအမ်အေ ၀၉၈၆၊ ၀၉၈၃ နှင့် ၀၉၇၃ စသည့် ဖုန်းအမျိုးအစားများ ဖြစ်ကြောင်း သိရသည်။

“အရင်လိုမျိုးသုံးချင်သလိုသုံးဆိုတာမျိုး မပာုတ်တော့ပဲနဲ့ အခုလို ပြန်လည်စိစစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းတွေဆီက အခမဲ့ဖုန်းတွေကို ပြန်လည် သိမ်းဆည်းမယ်ဆိုတဲ့ ကိစ္စက အတော်ကောင်းပါတယ်။ နိုင်ငံတော်က အပိုကုန်ကျနေရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဆီက အခမဲ့ဖုန်း သုံးစွဲခတွေကိုလည်း အများနည်းတူ ဖြစ်သင့်ပါတယ် ”ပာု စီးပွားရေး ပညာရှင် တစ်ဦးက ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အရန်ဆန်များ ထပ်မံဝယ်ယူစုဆောင်းမည်

မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးမှုဖူလုံရေးမူဝါဒအရ (၁/၂၀၁၁-၂၀၁၂) ဘဏ္ဍာရေးနှစ်တွင် ၂၅ မှတ်တန် အရန်ဆန် တန်ချိန် (၁၀၀၀)ကို ဝယ်ယူ စုဆောင်းပြီး ဖြစ်သော်လည်း ထပ်မံ၍ ဈေးကွက်အရန်ဆန် တန်ချိန် ၁၀၀၀ ကို ထပ်မံဝယ်ယူ စုဆောင်းသွားနိုင်ဖွယ်ရှိကြောင်း ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ အရန်ဆန်များ ဝယ်ယူစုဆောင်းထားရှိသော်လည်း ပြည်တွင်းဆန်ဈေးမှာ တက်နိုင်ဖွယ်မရှိကြောင်းနှင့် ဆန်ဈေးတက်ခဲ့ပါက ပြည်တွင်း ကုမ္ပဏီများအား ကာလပေါက်ဈေးထက် လျော့ရောင်းခိုင်းမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် တောင်သူများထံမှ အရန်ဆန်တန်ချိန် တစ်သန်းနှင့် ညီမျှသော စပါးတင်းပေါင်း ၈၅ သိန်းအား ဝယ်ယူရန် အများပိုင် ဆန်ကုမ္ပဏီကြီး တစ်ခုကို ဖွဲ့စည်းထားလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတော်မှ အရန်ဆန်တန်ချိန် တစ်သန်းနှင့် ညီမျှသော စပါးတင်းပေါင်း ၈၅ သိန်းဝယ်ယူရန် တစ်တင်းလျှင် ၄၆ ပေါင် တိတိကျကျဖြင့် ဝယ်ယူမည် ဖြစ်ပြီး ဒေသအသီးသီးရှိ တောင်သူများမနစ်နာနိုင်စေရန် စပါးကြမ်းခင်းဈေးအား တင်းတစ်ရာလျှင် ကျပ်သုံးသိန်းနှင့် ပေးဝယ်ရန် သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဆန်စပါးရောင်းဝယ်မှုများတွင် လူနည်းစုမှ လက်ဝါးကြီးအုပ်မှု မဖြစ်နိုင်စေရန် ဆန်စပါးဝယ်ယူရာ၌ လူတစ်ဦးလျှင် အများဆုံး ကျပ်သိန်း ၅၀၀၀ အထိသာဝယ်ယူရန် ခွင့်ပြုထားပြီး အများပိုင်ဆန်ကုမ္ပဏီကြီးတစ်ခု ဖွဲ့စည်း တည်ထောင်ရာ၌ မည်သူမဆို အလွယ်တကူ ဝင်ရောက်နိုင်စေရန် အစုရှယ်ယာတစ်ခု တန်ဖိုးအား ကျပ် ၁၀၀၀၀ သတ်မှတ် ထားကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

တရားမဝင် ကားတင်သွင်းမှုအတွက် အကောက်ခွန်ဝန်ထမ်းများအား စသုံးလုံး စစ်ဆေးပြီ

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများမှတစ်ဆင့် တရားမဝင်ကားတင်သွင်းမှုများဖြစ်ပွားခဲ့သည့်အတွက် အကောက်ခွန်ဝန်ထမ်းများအား အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အကောက်ခွန်ဦးစီးဌာန ရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းမှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အကောက်ခွန်ဝန်ထမ်းများအား ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် တရားမဝင် လိုင်စင်မဲ့ကားများ တင်သွင်းခဲ့သည့်အတွက် စသုံးလုံးမှ စစ်ဆေးလျက်ရှိသော်လည်း ဝန်ထမ်းမည်မျှ စစ်ဆေးခံနေရသည်ကို မိမိအနေဖြင့် သိရှိခြင်းမရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တရားမဝင် ကားတင်သွင်းမှုများသည် ပုဂ္ဂလိကဆိပ်ကမ်းဖြစ်သော အေးရှားဝေါလ်ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သွင်းကုန်လိုင်စင်တွင် တစ်ရှုးပေပါ မပါပာု ဖော်ပြပြီး Super Custome ကားများတင်သွင်းမှု၊ တရုတ်ကား တင်သွင်းမှုများ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း အကောက်ခွန်ဦးစီးဌာနနှင့် ပတ်သက်၍ သိရှိလိုသည်များ၊ ဌာနဆိုင်ရာ မသမာမှုသတင်းများကို မေးမြန်းအတည်ပြုလိုပါက အကောက်ခွန်ဦးစီးဌာနသို့ တရားဝင်ဆက်သွယ်မေးမြန်းနိုင်ပြီဖြစ်ပြီး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးများ၏ ဌာနတွင်း လာဘ်စားမှု၊ မသမာမှုများ ပေါ်ပေါက်ပါက အရေးယူဆေင်ရွက်နိုင်ရန် တိုင်ကြား နိုင်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

Ref: The Voice

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

KNU နှင့် ငြိမ်းချမ်းရေးတည်ဆောက်နေချိန် တိုက်ခိုက်မှုများ ရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတ ညွှန်ကြား

အစိုးရနှင့် KNU (ကရင်အမျိုးသား အစည်းအရုံး)တို့အကြား ၆၃နှစ်အတွင်း ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေုးထိုး နိုင်ခဲ့ပြီးနောက်၊ နိုင်ငံတော်သမ္မတက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ထံသို့ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် ဇန်န၀ါရီ ၁၃ ရက်တွင် ညွှန်ကြားစာပို့ခဲ့ကြောင်း သတင်းရရှိသည်။

ဤသို့ ပဏာမအဆင့် သဘောတူ လက်မှတ်ရေးထိုးပြီးဖြစ်၍ နှစ်ဖက်နားလည်မှု တည်ဆောက်နေချိန်တွင် ဆက်စပ်လျက်ရှိသည့် မိမိတပ်စခန်းများနှင့် လှုပ်ရှားစစ်ကြောင်း အသီးသီးတို့အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အား နိုင်ငံတော်သမ္မတရုံးမှ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) သို့ ဇန်နဝါရီ ၁၃ ရက်စွဲဖြင့် ပေးပို့ထားပြီးဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် မြဝတီသတင်းစာတွင် ဖော်ပြထားချက် အရ  သိရသည်။

ဇန်နဝါရီ ၁၂ ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ဟိုတယ်၌ နှစ်ဖက်တာဝန်ရှိသူများက ပဏာမသဘောတူညီချက် ငါးချက်နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အချက်(၁၁) ချက်ကို ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့သည်။

၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ၁၉၄၉ ခုနှစ်မှစတင်၍ အစိုးရနှင့် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သော KNU နှင့် ယခု အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးနိုင်ခြင်းမှာ နှစ်ပေါင်း ၆၃နှစ်အတွင်း  ပထမဆုံးနှစ်ဖက် တာဝန်ရှိ သူများက စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြေင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

စီးပွားရေးပိတ်ဆို့မှု စာရင်းတွင်ပါဝင်သော မြန်မာအချို့အား သြစတြေးလျ ပယ်ဖျက်ပြီ

သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ပြုထားသူများစာရင်းမှ အချို့ကို ပယ်ဖျက်တော့မည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲနေမှုများအပေါ် ရောင်ပြန်ဟပ်တုံ့ပြန်ခြင်းဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကီဗင်ရပ်ဒ်က တနလာင်္နေ့ကပြောကြားခဲ့သည်။

သြစတြေးလျသည် မြန်မာနိုင်ငံသားအချို့အား စီးပွားရေးအရ ပိတ်ပင်တားမြစ်မှုများအပြင် ခရီးသွားလာခွင့်ကိုပါ ပိတ်ပင်မှုပြုထားခဲ့ရာ ယင်း စာရင်းထဲဝယ် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမှ အစိုးရအရာရှိကြီးများ၊ ယခင်ဝန်ကြီးများနှင့် ဒုဝန်ကြီးများ ပါဝင်နေခဲ့သော်လည်း ယခုတွင်မူ ယင်းတို့ကို စာရင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

"အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျွန်တော်တို့ မျှော်လင့်နေကြပါတယ်။ နိုင်ငံရေး ဆောင်ရွက်မှုတွေမှာ အတိုက်အခံပါတီတွေ ပါဝင်ခွင့်ကို တိုးမြှင့်ပေးတာမျိုး၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်ပေးတာမျိုး၊ အလုပ်သမား ဥပဒေသစ်ကို တရားဝင် ပြဋ္ဌာန်းပေးမှာမျိုးတွေ ဆက်လက်ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလိုတိုးတက် ပြောင်းလဲမှုတွေကို ကျွန်တော်တို့ မပြတ်လေ့လာ သုံးသပ်နေမှာပါ" ဟု ကီဗင်ရပ်ဒ်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ပြည်သူ့ခေတ်ဂျာနယ်၏ အတိုင်ပင်ခံအယ်ဒီတာဖြစ်သူ မောင်ဝံသကလည်း မြန်မာနိုင်ငံတွင် ၁၉၆၀ နှစ် အစောပိုင်း ကာလများတွင်က Burma Press Council နှင့် Burma Journalists Association စသည်တို့ ရှိခဲ့ဖူးကြောင်း၊ ထုတ်ဝေသူများအတွက်လည်း အသင်းများရှိခဲ့ဖူးကြောင်း ဆိုသည်။

“အခုဆိုလည်း မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေသူများအသင်းဆိုတာ ရှိတယ်။ အဲဒါကိုပဲ ပြန်ပြောင်းပြီးလုပ်မလား မပြောတတ်ဘူး။ ဒါမှမဟုတ် အသွင်ပြောင်းပြီး သတင်းသမားတွေကိုလည်း ပါနိုင်အောင် ဘယ်လိုလုပ်မှာလည်းဆိုတာ မပြောနိုင်ဘူး” ဟု ၎င်းက ပြောသည်။

ဇန်နဝါရီ ၂၈ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၈) အမှတ် (၅၅၂) တွင်ပါသည့် “သတင်းမီဒီယာများအတွက် အဖွဲ့ဖွဲ့စည်းရန် စဉ်းစားနေ” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အရေးယူတာလည်း ယူတာပေါ့။ တစ်ဖက်ကလည်း လူကူးမျဉ်းကျားလေးတွေ ထင်ထင်ရှားရှားဖြစ်အောင် ဆေးထပ်ဖို့ တာတို့လည်း လုပ်သင့်ပါတယ်။ နောက်ပြီး လူကူးမျဉ်းကျားတွေအနီးမှာ ကာလအတန်ကြာနားထားရတဲ့ လူကူးမီးပွိုင့်လေးတွေကိုလည်း ပြင်ဆင်ပြီးစည်းကမ်းတကျ ကားရှောင်တိမ်းပြီး ကူးနေရတာ ကိုလည်း ဆောင်ရွက်ပေးစေ ချင်ပါတယ်”

ဇန်နဝါရီ ၁၇ ထုတ် NewsWatchအတွဲ (၇) တွင်ပါသည့် “စည်းကမ်းမဲ့လမ်းဖြတ်ကူးသူ ရာနှင့်ချီ အရေးယူခဲ့၊ လူကူးမျဉ်းကြား ပြင်ဆင်ရန်လို” သတင်းမှ လူကူးမျဉ်းကြား ပြင်ဆင်ရန်လိုအပ်မှုနှင့် ပတ်သက်၍ လေ့လာနေသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကုမ္ပဏီတိုင်းအတွက်တော့ မဟုတ်ဘူး။ လုပ်ငန်းသဘောသဘာဝအပေါ်မှာ မူတည်တယ်။ ကျွန်တော်တို့သိရတာ ရေနံလုပ်ငန်းတွေမှာတော့ နိုင်ငံခြား ကုမ္ပဏီတွေကို ခွင့်ပြုမိန့်ပေးမယ်ဆိုရင် နိုင်ငံသားကုမ္ပဏီတစ်ခု ပါရမယ်ဆိုတာ မလွဲမသွေထည့်ရမယ်။ ကိုယ့်နိုင်ငံသားတွေ သူတို့နဲ့လက်တွဲလုပ်ရင်း အတွေ့အကြုံတွေ ရမယ်၊ နည်းပညာတွေရမယ်။ လုပ်ပိုင်ခွင့် အကုန်လုံးကို ပြည်ပကုမ္ပဏီတွေကို လွှဲပေးရင် ကျွန်တော်တို့ နိုင်ငံသားတွေက လခစား၊ နေ့စားတွေ ဖြစ်ပြီး ဘာထူးမှာလဲ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျွန်တော်တို့ဆီက လုပ်နင်းရှင်တွေကလည်း သူတို့နိုင်ငံတွေမှာ သွားပြီးရင်းနှီးမြှုပ်နှံတဲ့အထိ ဖြစ်ရမယ်။ အခုအချိန်က ရင်းနှီးမြှုပ်နှံမှုဆိုတာ ကိုယ့်ဆီလာတာလောက်ပဲ သိတယ်။ ဗီယက်နမ်မှာဆို Oversea Investment၊ Local Investment  နှစ်မျိုးရှိတယ်။ ဗီယက်နမ် ဆိုတာ အမေရိကန်နဲ့ စစ်ဖြစ်ပြီး ပြာပုံဘဝကနေ အခုရှေ့ကို ရောက်လာတာ။ ကျွန်တော်တို့ဆီမှာက သူများထက်အများကြီးလှမ်းနိုင်မှ ပုံမှန်သွားမယ်ဆိုတာ မျိုးထက် ခြေလှမ်းသွက်သွက်နဲ့ မြန်မြန်ဆန်ဆန်သွားရမယ်။ သူများ ၁၀ နှစ်၊ ကိုယ် ၁ နှစ်နှုန်းနဲ့ လိုက်ရမယ်။ ဒါမှ တန်ကာကျမယ်။ သူများတွေ တိုးတက်နေတုန်း ကျွန်တော်တို့ကကျန်ရစ်ခဲ့တယ်။ အခုသူတို့သွားနေတဲ့နှုန်းနဲ့ ကျွန်တော်တို့လိုက်တော့ မရတော့ဘူး။ မြန်နှုန်းမြှင့်ပြီးတော့ကိုလိုက်ရမယ့် အနေအထားလေ”

ဇန်နဝါရီ ၁၃ ထုတ် First Weekly အတွဲ (၁) အမှတ် (၁၁) တွင်ပါသည့်“သူများ ၁၀နှစ်၊ ကိုယ် ၁နှစ်နှုန်းနဲ့လိုက်ရမယ်၊ ဒါမှ တန်ကာကျမယ်၊ သူများတွေ တိုးတက်နေတုန်း ကျွန်တော်တို့ကကျန်ရစ်ခဲ့တယ် အခု သူတို့သွားနေတဲ့နှုန်းနဲ့ ကျွန်တော်တို့ လိုက်လို့တော့ မရတော့ဘူး။ မြန်နှုန်းမြှင့်ပြီးတော့ကို လိုက်ရမယ့် အနေအထားလေဟု” သတင်းမှ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီမှ ဦးသန်းမောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*****************************************

 

 

                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs