Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၆.၁.၂ဝ၁၂

ဘာသာပြန်သတင်းများအပိုင်း(၂)

  1. အစိုးရရာထူး ရယူရန် အလားအလာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေး

(AFP သတင်းမှ 15 January 2012 ရက်စွဲပါ Suu Kyi hints at possible government role ကို ဘာသာ ပြန်ဆိုသည်)

  1. အီးယူက မြန်မာအား အပြုသဘော တုန့်ပြန်တော့မည်

(The telegraph မှ 15 January 2012 ရက်စွဲပါ "Burma: EU to respond 'positively' " ကို ဘာသာ ပြန်ဆိုသည်)

  1. နီယိုလစ်ဘရယ်ထောင်ခြောက်ကို မဖြစ်မနေရှောင်ရမည့် မြန်မာ

(The Guardian မှ 15 Jan 2011 ရက်စွဲပါ Burma must avoid the neoliberal trap ကို ဘာသာပြန်ဆိုသည်)

  1. တရုတ်ရေနံကုမ္မဏီကို အမေရိကန်က အရေးယူ ပိတ်ဆို့ခဲ့၍ တရုတ်စိတ်ဆိုး

(BBC news မှ 15 January 2012 ရက်စွဲပါ China angry at US sanctions on oil firm Zhuhai Zhenrong ကို ဘာသာ ပြန်ဆိုသည်)

  1. အာဆီယံကုန်သွယ်ရေးလမ်းကြောင်း မြန်မာဖွင့်လှစ်ပြီ

(The Nation သတင်းစာမှ 14 Jan 2012 ရက်စွဲပါ Burma opening up to Asean trade links ကို ဘာသာပြန်ဆိုသည်)

***********************************************************************************

အစိုးရရာထူး ရယူရန် အလားအလာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေး

(AFP သတင်းမှ 15 January 2012 ရက်စွဲပါ Suu Kyi hints at possible government role ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကယ်၍ သူမအနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် အမတ်နေရာ အနိုင်ရရှိပါက အစိုးရရာထူး ရယူခွင့်ကို မဖြစ်နိုင်ပါဟု ငြင်းဆန်မည်မဟုတ်ကြောင်း မနေ့က ပြောကြားလိုက်သည်။ အကယ်၍ ဝန်ကြီးရာထူးတစ်နေရာ ကမ်းလှမ်းလာပါက လက်ခံမည်လားဟု မေးမြန်းသောအခါ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က “အခြေအနေတွေပေါ်မှာ မူတည်ပါတယ်၊ ပြီးတော့ ဘယ်ဌာနဝန်ကြီးလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်” ဟု ပြန်လည်ပြောကြားသည်။

သတင်းထောက်က နိုင်ငံခြားရေးဝန်ကြီးရာထူးကို အကြံပြု ပြောဆိုသောအခါ သူမက ရယ်မော၍ “ဒီကိစ္စနဲ့ ပတ်သက်လို့ အများကြီး လေးလေး နက်နက် စဉ်းစားရမှာပါ” ဟု ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်အနီး မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅ဝ ခန့် စစ်ဖက်က အုပ်ချုပ်ခဲ့ခြင်းကို မနှစ်က အဆုံးသတ်ကာ အမည်ခံ အရပ်ဖက်အစိုးရက အာဏာလွှဲပြောင်း ယူခဲ့သော်လည်း အစိုးရအဖွဲ့ရာထူးများကို ယခင် ဗိုလ်ချုပ်ဟောင်းများကသာ ရယူထားကြသည်။ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် အမြင့်ဆုံးအဆင့် ပြင်သစ်သံတမန် နိုင်ငံခြားရေးဝန်ကြီး အလန်ယု(ပ်) (Alain Juppe) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်ဟု သိရှိရသည်။

ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်ရန် လျာထားသော ကိုယ်စားလှယ်အမတ် စုစုပေါင်း ၄၈ နေရာတွင် အောက်လွှတ်တော်မှနေရာ ၄ဝ၊ အထက်လွှတ်တော်မှ ၆ နေရာနှင့် ဒေသကြီးလွှတ်တော်များမှ ၂ နေရာတို့ ပါဝင်သည်ဟု သိရသည်။ မနှစ်က အငြင်းပွားဖွယ်ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်းခံရပြီးနောက် အစိုးရအဖွဲ့တွင် ဝန်ကြီး၊ ဒုတိယဝန်ကြီး ဖြစ်သွားသူများ၏ လစ်လပ်နေရာများကို ဖြည့်တင်းရန် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်း ဖြစ်သည်။ သို့သော် ယခုလျာထားသော အမတ်နေရာ အရေအတွက်သည် အာဏာရပါတီ၏ လူအများစုအင်အားကို ခြိမ်းခြောက်ရန် လုံလောက်ဦးမည် မဟုတ်ပေ။

နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် သမ္မတဦးသိန်းစိန် အပါအဝင် ဗိုလ်ချုပ်ဟောင်းများနှင့် သူမအကြား ဟိုးလေး တကျော် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ထွက်လာကာ အစိုးရနှင့် အတိုက်အခံ အုပ်စုအကြား ဆက်ဆံရေး သိသိသာသာ နွေးထွေးလာခဲ့သည်။

***************************************************************************

အီးယူက မြန်မာအား အပြုသဘော တုန့်ပြန်တော့မည်

(The telegraph မှ 15 January 2012 ရက်စွဲပါ "Burma: EU to respond 'positively' " ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမှ လတ်တလော ပြုပြင်ပြောင်းလဲမှုများကို အီးယူက ထိရောက်သော အစီအစဉ်များဖြင့် တုန့်ပြန်သွားမည်ဟု ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက မနေ့က ပြောကြားခြင်းဖြင့် Sanctions များ ရုတ်သိမ်းနိုင်ဖွယ် ရှိကြောင်း အထင်ရှားဆုံး အချက်ပြမှုကို ပြသလိုက်သည်။

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော ထိပ်ပိုင်းအဆင့် ပြင်သစ်သံတမန် နိုင်ငံခြားရေးဝန်ကြီး အလန်ယု(ပ်) (Alain Juppe) သည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမိုင်းဝင်တွေ့ဆုံမှုကို တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည်။ မနှစ်က အငြင်းပွားဖွယ် ရွေးကောက်ပွဲတွင် အာဏာ ရလာသော အရပ်ဖက်အစိုးရသစ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုင်ယာလော့ခ်ပြုလုပ်ခြင်း၊သူမ၏ ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုခြင်းတို့ အပါအဝင် ပြုပြင်ပြောင်းလဲမှုများ တသီတတန်း ပြုလုပ်ခဲ့ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပမှ အကဲခတ် လေ့လာသူများကို အံ့အားသင့်စေခဲ့သည်။

"ကျန်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးနဲ့ အတူ ကျွန်တော်တို့လည်းပဲ သမ္မတဦးသိန်းစိန် ပြသနေတဲ့ အပြုသဘောဆောင် လက္ခဏာတွေကို သတိအများကြီး ထားပြီး အကဲခတ်စောင့်ကြည့်နေကြပါတယ်၊ ဒီလို သိသာထင်ရှားနေတဲ့ အချက်ပြမှုတွေကို ကျွန်တော်တို့ (ပြင်သစ်နှင့် အီးယူ) က အကောင်းဖက်က ရှုမြင်ပြီး ထိရောက်တဲ့ အစီအစဉ်တွေနဲ့ အပြုသဘော တုန့်ပြန်သွားမှာ ဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် အင်းလျား ကန်စောင်းနေအိမ်တွင် တွေ့ဆုံပြီးနောက် မစ္စတာယု(ပ်) က ပြောကြားခဲ့သည်။

"ဒီလို ဖြစ်ပေါ်တိုးတက်မှု အသစ်တွေဟာ ဒီမိုကရေစီကူးပြောင်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အားဖြည့်ပေးလိမ့်မယ် လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က မစ္စတာအလန်ယု (ပ်) နှင့် တွေ့ဆုံမှုအပြီးတွင် ပြောကြားခဲ့သည်။

"ကျွန်မတို့ အဓိက စိုးရိမ်ပူပန်နေတဲ့ ကိစ္စတွေထဲက တစ်ခုကတော့ တိုင်းရင်းသားပဋိပက္ခတွေ ဆုံးခန်းတိုင်သွားဖို့ပဲ ဖြစ်ပါတယ်။ ကျွန်မ ပြောနိုင်တာကတော့ သမ္မတကြီးဟာ ကတိတည်တဲ့သူဖြစ်လို့ သူ့ကို ကျွန်မ ယုံကြည်တယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်" ဟု သူမက ဆက်လက် ပြောကြားကာ သမ္မတဦးသိန်းစိန်အပေါ် ထောက်ခံမှုကို ပြသခဲ့သည်။

သူမ၏ ဒီမိုကရေစီအရေး ကာလရှည် လှုပ်ရှားရုန်းကန်မှုကို ဂုဏ်ပြုသောအားဖြင့် ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး ဘွဲ့တံဆိပ်တစ်ခု ဖြစ်သည့် Commander in the National Order of the Legion d'Honneur ဘွဲ့ကို ဒေါ်အောင်ဆန်းစုကြည်အား မစ္စတာယု(ပ်) က အပ်နှင်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်နေရာကို အနိုင်ရရှိပါက အစိုးရဝန်ကြီး ရာထူး ကမ်းလှမ်းလာမှုကို ငြင်းပယ်စရာ မရှိသော်လည်း အခြေအနေ အရပ်ရပ်ပေါ်တွင် မူတည်နေသည်ဟု ပြောခဲ့သည်။

****************************************************************************

နီယိုလစ်ဘရယ်ထောင်ခြောက်ကို မဖြစ်မနေရှောင်ရမည့် မြန်မာ

(The Guardian မှ 15 Jan 2011 ရက်စွဲပါ Burma must avoid the neoliberal trap ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေ့ဂ် အပါအဝင် နိုင်ငံတကာမှ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများနှင့် အရာရှိကြီးများကို လက်ခံကြိုဆိုခဲ့သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းလည်း မြန်မာပြည်သို့ ထပ်မံ သွားရောက်လည်ပတ်ဦးမည်ဟု သိရသည်။

ဆယ်စုနှစ်များစွာ အနောက်နိုင်ငံများ၏ အထီးကျန်ဖြစ်ရန် ပိတ်ဆို့ဒဏ်ခတ်မှုများခံခဲ့ရသည့် မြန်မာနိုင်ငံသို့ အထက်ပါပုဂ္ဂိုလ်ကြီးများ လာရောက် လည်ပတ်မှုများက နွေးထွေးသောဆက်ဆံရေးများကို ကိုယ်စားပြုလျက်ရှိသည်။ ထိုသို့ နွေးထွေးလာရခြင်းမှာလည်း မြန်မာအစိုးရသစ်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခြင်း၊ အလုပ်သမားသမဂ္ဂများ ထူထောင်ခွင့်ပြုခြင်း၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ သတင်းအချက်အလက်များအပေါ် တင်းကျပ်စွာ ထိန်းချုပ်ထားမှုများအား ဖြေလျှော့ပေးခြင်းအစရှိသည့် လုပ်ရပ်များကြောင့်ဖြစ်သည်။ ကမ္ဘာ့ဘဏ်သည်လည်း မြန်မာနိုင်ငံတွင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် တိုက်တွန်းခြင်းခံနေရပြီဖြစ်သလို ရင်းနှီးမြှုပ်နှံရေးသမားများကလည်း မြန်မာပြည်သို့ ဝင်ရောက်ရန် စောင့်ဆိုင်းလျက်ရှိကြပေသည်။

မြန်မာပြည်သူပြည်သားများအတွက် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးရရှိရေးအတွက် အနောက်နိုင်ငံများ၏ စိတ်ပါလက်ပါဖြစ်လာမှုများမှသည် စစ်မှန်သော အထောက်အပံ့ များရရှိလာမည်ဟု ကျွန်ုပ်တို့မျှော်လင့်နိုင်ပြီဖြစ်သည်။ သို့သော် ပကတိအရှိတရားကိုကြည့်လျှင် အဆိုပါအပြောင်းအလဲထဲတွင် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားရှာဖွေနိုင်မည့် အနေအထားများစွာ ရှိနေသည်ကိုတွေ့နိုင်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့သည် ဆယ်စုနှစ် များစွာအတွင်း မြန်မာနိုင်ငံတွင်း အနောက်စီးပွားရေးလုပ်ငန်းများရင်းနှီးမြှုပ်နှံမှုမပြုနိုင်အောင် တင်းကြပ်စွာပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။ အဆိုပါ ကာလများအတွင်း ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ၊ အထူးသဖြင့် တရုတ်အစရှိသည့်နိုင်ငံများက မြန်မာနိုင်ငံတွင်း ဝင်ရောက်ကာ တိုင်းပြည်၏ သဘာဝ သယံဇာတဖြစ်သော သဘာဝဓာတ်ငွေ့နှင့် ရေနံတူးဖော်ခြင်း၊ ကျောက်မျက်ရတနာများ တူးဖော်ခြင်း၊ ရေအားလျှပ်စစ်စီမံကိန်းများ လုပ်ကိုင်ခြင်း စသည်ဖြင့် အကျိုးအမြတ် ထုတ်ယူခဲ့ကြသည်။

သမိုင်းကြောင်းကိုကြည့်မည်ဆိုပါက အရပ်ဘက်လွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးအစရှိသည်တို့ ရရှိရေးအတွက် လှုပ်ရှားမှုတိုင်းသည် နီယိုလစ်ဘရယ် အရင်းရှင်စနစ် မိတ်ဆက်ကျင့်သုံးရန် သို့မဟုတ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများဝင်ရောက်လာရန် ကြိုးပမ်းမှုများ၏ လွှမ်းမိုးခြင်းကို ခံခဲ့ကြရစမြဲဖြစ်သည်။ ဥပမာအားဖြင့်ဆိုပါက အရှေ့နှင့် အလယ်ပိုင်းဥရောပဒေသတို့မှ နိုင်ငံများသည် ဆိုဗီယက်ယူနီယံကြီးပြိုကွဲမှု နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်လာပြီ ဖြစ်သည့်တိုင် နှိမ်ချခွဲခြားမှုပါဝင်သော ပုဂ္ဂလိကပိုင်ပြုမှုနှင့် စီးပွားရေးဖြေလျှော့မှုများ၏ ဆိုးမွေကို ယနေ့အချိန်အထိ ခံစားနေရဆဲပင် ဖြစ်သည်။ အဆိုပါနိုင်ငံများမှ အစိုးရများနှင့် ပြည်သူများသည် ဆိုဗီယက်လက်ထက် ဖိနှိပ်ချုပ်ခြယ်မှုနည်းလမ်း၏ လွှမ်းမိုးမှုခံနေရဆဲဖြစ်ပြီး အဂတိ လိုက်စားမှု၊ အရည်အသွေးညံ့ဖျင်းမှု အစရှိသည်တို့က ပြည်သူ့ကျန်းမာရေးနှင့် ပညာရေးအခန်းကဏ္ဍတို့ကို အောက်ခြေမှ လှိုက်စားလျက်ရှိသည်။ ပြုပြင် ပြောင်းလဲမှုနှင့် မြှင့်တင်မှုတို့ လုပ်ကိုင်ပေးခြင်းထက် သမားရိုးကျအသိပညာများက ယင်းနိုင်ငံများမှ ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများကို အရည်အသွေး လျော့ကျအောင်ပြုလုပ်နေသကဲ့သို့ရှိသည်။

အဖိုးတန်သဘာဝရင်းမြစ်များစွာပေါကြွယ်ဝသည့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါ အခြေအနေမျိုး၊ တစ်နည်းအားဖြင့် ထောင်ခြောက်မျိုးကို ရှောင်ရှားနိုင်မည့် အနေအထားတွင် ရှိပါသည်။ မြန်မာနိုင်ငံသမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာဦးမြင့်က ဆင်းရဲနွမ်းပါးသည့် ပြည်သူများ ရှိနေလင့်ကစား မြန်မာပြည်သည် ချမ်းသာကြွယ်ဝသောနိုင်ငံဖြစ်သည် ဟုဆိုဖူးသည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါရင်းမြစ်များကိုအသုံးပြုပြီး တီထွင် ဆန်းသစ်မှု ရှိသော၊ ဒီမိုကရေစီဆန်သော လူမှုဖူလုံရေးနိုင်ငံတော်တစ်ခုကို တည်ဆောက်ကာ တန်းတူညီမျှဖြစ်အောင် ကြိုးပမ်းလုပ်ကိုင်နိုင်သည်။ မှန်ပါသည်။ မြန်မာနိုင်ငံသည် ကျန်းမာရေး၊ ပညာရေး၊ လူမှုဝန်ဆောင်မှုများ၊ အရပ်ဘက်အုပ်ချုပ်ရေးလုပ်ငန်းများအစရှိသည်တို့တွင် ရင်းနှီးမြှုပ်နှံပြီး ခေတ်မီ သေသပ်သော လုပ်ငန်းဆောင်တာများကိုဖန်တီးရယူနိုင်ပေသည်။ ကျေးလက်ဒေသနှင့် ဝေးလံခေါင်သီသောဒေသများ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်မှုချော့မွေ့ရေး အစရှိသည်တို့ကို တည်ဆောက်နိုင်ပေသည်။ ကျေးလက်ဒေသ စီးပွားရေးကောင်းမွန်ရေးအတွက်လည်း ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်နိုင်သည်။ အဆိုပါ နယ်ပယ်များ အားလုံးသည် ဆယ်စုနှစ်ပေါင်းများစွာ လျစ်လျူရှုခြင်းခံခဲ့ရသည်။ အကြောင်းမှာ ယခင် စစ်အစိုးရက စစ်တပ်အင်အား ကောင်းမွန် တောင့်တင်းရေးအတွက်သာ ဘဏ္ဍာငွေအမြောက်အမြားသုံးစွဲခဲ့ခြင်းကြောင့်ပင်ဖြစ်၏။ ထို့ပြင်စစ်တပ်သာမက လက်နက်ကိုင် ရဲတပ်ဖွဲ့အင်အားကောင်းမွန်ရေးကို လုပ်ဆောင်ခဲ့သလို အလယ်ပိုင်းဒေသ၌ မြို့တော်သစ်တစ်ရပ်ကို ငွေကုန်ကြေးကျခံကာ တည်ဆောက်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များကို အတုယူအခြေခံကာ တိုင်းပြည်စီးပွားရေး တိုးတက် ကောင်းမွန်နိုင်ရေး အတွက် မဟာဗျူဟာတစ်ရပ်ချမှန်ရန်လည်း စဉ်းစားသင့်သည်။ ဥပမာ ပြရမည်ဆိုပါက အစိုးရအနေဖြင့် တစ်ဖက်တွင် ကောင်းမွန်သော လုပ်အားခနှင့် လုပ်ငန်းခွင်အခြေအနေများ ဖြစ်ပေါ်အောင် ဖန်တီးပြီး အခြားတစ်ဖက်၌ ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများတွက် သီးခြား အခန်းကဏ္ဍများ ပေါ်ထွန်းအောင် မြှင့်တင်ဆောင်ရွက်နိုင်သည်။ လတ်တလောအစိုးရကပြဋ္ဌာန်းထားသည့် အလုပ်သမားအခွင့်အရေးသတ်မှတ်ချက်များ ဟူသည် မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ရောက်ရှိစေမည့် အဆင့်တစ်ဆင့်ပင်ဖြစ်သည်။ ထိုမျှမကသေးပါ။ နိုင်ငံသူနိုင်ငံသားများ အားလုံးအကျိုး ဖြစ်ထွန်းစေမည့် လူမှုကာကွယ်ရေးအစီအစဉ်များကိုလည်း မြန်မာအစိုးရအနေဖြင့် တိုးချဲ့လုပ်ကိုင်နိုင်သေးသည်။ လတ်လောအနေအထားတွင် မြန်မာ လူဦးရေ စုစုပေါင်း၏ ၁ ရာခိုင်နှုန်းသည်သာ လူမှုလုံခြုံမှုရှိကြသည်။

အစိုးရအခန်းကဏ္ဍအတွက် လူမှုလုံခြုံရေးအကျိုးအမြတ်များမှာ လတ်တလောတွင်မြင့်တက်လာခဲ့သည်ဟု သိရသည်။ သို့သော် အခြား အနည်းငယ်သော အသင်းအဖွဲ့များသည်သာ လူမှုရေးထောက်ပံ့မှုများရရှိကြသည်။ အများစုမှာမူ လုံးလုံးလျားလျားမရရှိကြပေ။ ကျန်းမာရေးအာမခံ သို့မဟုတ် ဆင်းရဲနွမ်းပါးမှုများအတွက် တိကျခိုင်မာသော စနစ်ကောင်းများမပေါ်ထွန်းသေးပေ။ မြန်မာအနေဖြင့် ကုလသမဂ္ဂ၏ လူမှုကာကွယ်ရေး အစီအမံ အတိုင်း အခြေခံဝင်ငွေကောင်းများ ရရှိရေးနှင့် အဆင့်မြင့်လူမှုဝန်ဆောင်မှုများရရှိရေး အစရှိသည်တို့ကို လုပ်ဆောင်နိုင်သည်ကို သတိပြုသင့်သည်။

အရည်အသွေးကောင်းမွန်သည့် လုပ်ငန်းစဉ်များ၊ လူမှုကာကွယ်ရေးစနစ်များ၊ စက်မှုလုပ်ငန်းဆိုင်ရာ မဟာဗျူဟာများကို မြှင့်တင်ပေးနိုင်မည့် မူဝါဒများ ချမှတ်ကာ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ ဝင်ငွေမညီမျှမှု လျော့နည်းစေရေး၊ ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးရေးကွာဟမှုလျှော့ချရေး အစရှိသည်တို့ကို လုပ်ကိုင်ဆောင်ရွက်နိုင်သည်။ ဆိုပါက မြန်မာနိုင်ငံသည် ဒီမိုကရက်တစ်လူမှုဖူလုံရေးနိုင်ငံတော်တည်ဆောက်နိုင်မည့် ရွေးချယ်စရာများ ရှိနေပါသည်။ ဤစဉ်းစားပုံ စဉ်းစားနည်း သို့မဟုတ် ချဉ်းကပ်နည်းဖြင့် နိုင်ငံသားများ ဆင်းရဲတွင်းမှလွတ်ကင်းရေး၊ ဖိနှိပ်ချုပ်ခြယ်မှုများမှ ကင်းဝေးစေရေး အစရှိသည်တို့ ဖြစ်ပေါ်အောင် လုပ်ကိုင်နိုင်သည်ကို သတိချပ်သင့်ကြောင်း ရေးသားလိုက်ပါသည်။

**************************************************************************

တရုတ်ရေနံကုမ္မဏီအပေါ် အမေရိကန်က အရေးယူ ပိတ်ဆို့မှုပြုခဲ့၍ တရုတ်စိတ်ဆိုး

(BBC news မှ 15 January 2012 ရက်စွဲပါ China angry at US sanctions on oil firm Zhuhai Zhenrong ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်နိုင်ငံက အီရန်သို့ ချက်လုပ်ပြီးရေနံထွက်ပစ္စည်းများ ရောင်းချသော တရုတ်ကုမ္မဏီအား အရေးယူမှုများ ချမှတ်ခဲ့ခြင်းအား တရုတ်က ဝေဖန်ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားရာတွင် အမေရိကန်ဥပဒေကို အခြေခံ၍ Zhuhai Zhenrong အပေါ် အရေးယူမှုများ တစ်ဖက်သတ်ချမှတ်ခြင်းမှာ ကျိုးကြောင်း ဆီလျော်မှု မရှိကြောင်းပြောခဲ့သည်။ အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့က ပြောကြားရာတွင် Zhuhai Zhenrong သည် အီရန်နှင့် ဆက်ဆံသော ပြစ်ဒဏ်ချမှတ်ရမည့် နိုင်ငံတကာကုမ္မဏီသုံးခုအနက် တစ်ခုဖြစ်ကြောင်း ဆိုသည်။

ယခုကိစ္စဖြစ်လာချိန်သည် တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင် အာရပ်ရေနံထုတ်လုပ်သော နိုင်ငံများသို့ သွားရောက် လည်ပတ်နေချိန်တွင် အီရန်၏ ရေနံတင်ပို့မှုကို အနှောင့်အယှက်ပြုနိုင်သည့် အဓိက အရေးယူပိတ်ဆို့မှုများကို စိုးရိမ်နေသည့်အချိန် ဖြစ်သည်။ ဝမ်ကြားပေါင်သည် တရုတ်၏ ရေနံတင်သွင်းမှု အဓိက ရင်းမြစ်နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံသို့ စနေနေ့က သွားရောက်လည်ပတ်ခဲ့သည်။ နှစ်နိုင်ငံစလုံးသည် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးကြီးသော အဆင့်များသို့ ရောက်ရှိနေကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကျယ်ပြန့်သော အလားအလာများရှိကြောင်း ဝမ်က ဆော်ဒီမင်းသား Nayef သို့ ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။ "ကုန်သွယ်မှု တိုးချဲ့ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ အတက်တွေ အကျတွေနဲ့ ဒီရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ကို နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းရမှာ ဖြစ်ပါတယ်" ဟု ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ယင်း၏ ခရီးစဉ်တွင် ဆော်ဒီပိုင် Aramco နှင့် တရုတ်နိုင်ငံ၏ Sinopec တို့သည် ပင်လယ်နီမြို့တော် Yanbu တွင် တစ်ရက်လျှင် စည်လေးသိန်း ချက်နိုင်သည့် ရေနံချက်စက်ရုံ ဆောက်လုပ်ရန် ကနဦး သဘောတူညီချက် လုပ်ဆောင်နိုင်ခဲ့သည်။

အရေးယူမှုခံရခြင်း

စနေနေ့က ဘေဂျင်းသည် ဝါရှင်တန်က Zhuhai Zhenrong အား ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းကို ကန့်ကွက်ခဲ့သည်။"တရုတ်ကုမ္မဏီတစ်ခုကို အမေရိကန်ပြည်တွင်း ဥပဒေနဲ့ အရေးယူပိတ်ဆို့တာဟာ ကျိုးကြောင်း မဆီလျော်ပါဘူး။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အီရန် နျူကလီယာကိစ္စ ဆုံးဖြတ် ချက်မှာ ပါဝင်တာနဲ့လည်း ကိုက်ညီမှု မရှိပါဘူး" ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Weimim က ပြောသည်။ ဝါရှင်တန်က Zhuhai Zhenrong သည် အီရန်သို့ ချက်လုပ်ပြီး ရေနံထွက်ပစ္စည်းများ အများဆုံး တင်သွင်းသော ကုမ္မဏီဖြစ် စွပ်စွဲခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားရာတွင် အရေးယူမှုများသည် ကုမ္မဏီများ အမေရိကန် ထုတ်ကုန် လိုင်စင်ရယူခြင်း၊ အမေရိကန် ထုတ်ကုန်သွင်းကုန်ဘဏ်တွင် ငွေကြေးကိစ္စဆောင်ရွက်ခြင်း သို့မဟုတ် အမေရိကန် ငွေကြေးအဖွဲ့အစည်းများထံမှ ဒေါ်လာ ၁ဝ သန်း ထက်ကျော်၍ ငွေချေးခြင်းများ မပြုလုပ်နိုင်ရန် ကာကွယ်ထားပြီး အီရန်၏ နျူကလီယာ ရည်မှန်းချက်များကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းမှုဖြစ်သည်။

ဥရောပသမဂ္ဂကလည်း အမေရိကန်နှင့် လုပ်ဆောင်မှုကို သဘောတူခဲ့ပြီး အီရန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခြင်းနှင့် ရေနံတင်သွင်းခြင်းများ ပိတ်ပင်ခြင်းတို့ လုပ်ဆောင်မည် ဖြစ်သည်။

အီရန်မှ ရေနံတင်ပို့ခြင်းများအပေါ် အရေးယူမှုများ ချမှတ်ခြင်းမှာ တရုတ်အတွက် စိုးရိမ်ပူပန်ဖွယ် ဖြစ်သည်။ တရုတ်သည် ယင်း၏ စီးပွားရေး တိုးတက်မှုအတွက် လိုအပ်သော စွမ်းအင်ဖြည့်ဆည်းမှုအတွက် ဖိအားဝင်ခဲ့ရသည်။ လက်ရှိအားဖြင့် အီရန်သည် အန်ဂိုလာနှင့် ဆော်ဒီအာရေဗျတို့ပြီးလျှင် တရုတ်နိုင်ငံသို့ တတိယအများဆုံး ရေနံ တင်သွင်းသော နိုင်ငံဖြစ်သည်။ တီဟီရန်သည် ယင်း၏ ပင်လယ်ကွေ့အိမ်နီးချင်းများအား အမေရိကန်နှင့် အီးယူအရေးယူမှုများကြောင့် ကျဆင်းသွားသော ရေနံတင်ပို့မှု ပမာဏနေရာတွင် ဝင်ရောက်နေရာယူခြင်းများကို သတိပေးခဲ့သည်။

"ဒီအပြုအမူတွေဟာ မိတ်ဆွေကောင်းပီသတဲ့ အပြုအမူ မဟုတ်ဘူး" ဟု တီဟီရန်၏ အိုပက်ကိုယ်စားလှယ် Mohammad Ali Khatibi က တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ "ပါရှန်ပင်လယ်ကွေ့က ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေဟာ အီရန်ရဲ့ နေရာမှာ အစားထိုးဝင်ရောက်မယ်ဆိုရင် ဖြစ်လာသမျှ တာဝန်ယူရပါလိမ့်မယ်" ဟုလည်း ယင်းက ဆက်လက်ပြောကြားခဲ့သည်ဟု Sharq သတင်းစာက ဖော်ပြခဲ့သည်။

*****************************************************************************

အာဆီယံကုန်သွယ်ရေးလမ်းကြောင်း မြန်မာဖွင့်လှစ်ပြီ

(The Nation သတင်းစာမှ 14 Jan 2012 ရက်စွဲပါ Burma opening up to Asean trade links ကို ဘာသာပြန်ဆိုသည်)

ထားဝယ်ရေနက်ဆိပ်ကမ်းဖွံ့ဖြိုးရေးကုမ္ပဏီမှ Managing Director ဖြစ်သူ Dr Somchet Thinphong သည် Ital-Thai Group ကိုယ်စား မြန်မာနိုင်ငံတွင် ဧရာမအခြေခံ အဆောက်အဦ နှင့် ရင်းနှီးမြှုပ်နှံရေးအစီအစဉ်ကြီးတစ်ခုကို ဦးစီးလုပ်ဆောင်လျက် ရှိသည်။

"လွန်ခဲ့တဲ့ တစ်နှစ်ခန့်လောက်ကတည်းက ကျွန်တောတို့ မြန်မာအစိုးရထံမှ သဘောတူခွင့်ပြုချက် လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံက ထားဝယ်ရဲ့ပင်လယ်ကမ်းခြေဘက်မှာ

စတုရန်းကီလိုမီတာ ၂၅၀ အထိကြီးမားကျယ်ပြန့်တဲ့ စီမံကိန်းဧရိယာကို ဒီဇိုင်းချပေးခဲ့တယ်။ ထားဝယ် အထူးစီးပွားရေးဇုန်အဖြစ်ပေါ့ဗျာ" ဟု ၎င်းက ပြောကြားသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော အဆိုပါအထူးစီးပွားရေးဇုန်သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက် အသင့်ဖြစ်နေပြီ ဖြစ်သည်။ လာမည့် ၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုင်းအဝိုင်း(Asean Economic Community) သာ ထွက်ပေါ်လာပါက အဆိုပါ ထားဝယ်စီမံကိန်းကြီးသည် အာဆီယံ အရှေ့-အနောက်စီးပွားရေးစင်္ကြံတွင် အနောက်ဘက်မှပူးပေါင်းပါဝင်လာမည်ဖြစ်သည်။ အရှေ့ဘက်တွင်မူ ဗီယက်နမ်နိုင်ငံ Quy Nohn စီတီ၊ ကမ္ဘောဒီးယားမှ Siem Reap နှင့် Si Sophon၊ ထိုင်းနိုင်ငံ ဘန်ကောက်၊ ထိုမှတစ်ဆင့် ထားဝယ်သို့ ဆက်သွားမည် ဖြစ်သည်။ တောင်တရုတ်ပင်လယ်(ဗီယက်နမ်) နှင့် အက်ဒမန်ပင်လယ်(မြန်မာ) တို့အကြား ချိတ်ဆက်မှုအဖြစ် လေးနိုင်ငံ ဆက်သွယ်သော အဝေးပြေး လမ်းမကြီးတစ်ခုလည်း ပေါ်ထွန်းလာလိမ့်မည်ဖြစ်၏။

အာဆီယံအသိုင်းအဝိုင်းဟူသည်မှာ ထိုသို့ လမ်းပန်းဆက်သွယ်မှုများ၊ ကုန်စည်ထောက်ပို့မှုများ စသည်ဖြင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများ ဖြစ်ပေါ်လာရန် ရည်ရွယ်သလို နယ်စပ်ဖြတ်ကျော် ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှု၊ ဥပဒေနည်းစနစ် အစရှိသည်တို့ပါဝင်သည့် အင်စတီကျူးရှင်း ဆိုင်ရာ ချိတ်ဆက်မှုများ ထွက်ပေါ်လာရန် ဦးတည်ထားခြင်း ဖြစ်သည်။ စံတန်ဖိုးသတ်မှတ်ဖန်တီးမှု အကြောင်းအရ အာဆီယံနိုင်ငံတိုင်းအနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့် အာဏာများကို မဖြစ်မနေသတ်မှတ်ပြဋ္ဌာန်းကြရမည်သာဖြစ်သည်။ အကယ်၍ နိုင်ငံတစ်နိုင်ငံက ဒီဇိုင်းရေးဆွဲမှုတွင် ထူးချွန်မှုရှိသည် ဆိုပါက ထိုနိုင်ငံအနေဖြင့် ဒီဇိုင်းရေးဆွဲမှုကိုသာ အာရုံစိုက်ဆောင်ရွက်ရမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတွင် ထူးချွန်ကောင်းမွန်သည့် နိုင်ငံ အနေဖြင့်လည်း ယင်းကိစ္စကိုသာအာရုံစိုက်လုပ်ကိုင်ရမည်ဖြစ်သည်။

အထူးအရေးကြီးသည့်အချက်မှာ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ အချင်းချင်းအပြန်အလှန် ကူညီထောက်ပံ့ပေးရေး မဖြစ်မနေပေါ်ထွန်းလာရန်သာ ဖြစ်သည်။ ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်း၏ အခရာကျသောအစိတ်အပိုင်းမှာ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် လိုအပ်သော အခြေခံအဆောက်အဦများ စတင် တည်ဆောက်ပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ၊ ရေအရင်းအမြစ်များ ထုတ်ဖော်အသုံးပြုနိုင်ရေးပင်ဖြစ်သည်။ ထိုမှတစ်ဆင့် စတီး၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ရေနံဓာတုတို့နှင့်ပတ်သက်သော စက်မှုလုပ်ငန်းများ၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ လွတ်လပ်စွာ ကုန်သွယ်ခွင့်ရဇုန်နှင့် ခရီးသွားလုပ်ငန်းများ အစရှိသည်တို့ကို အပိုင်းလိုက် လုပ်ကိုင်ဆောင်ရွက်မည် ဖြစ်သည်။

ယင်းဧရာမစီမံကိန်းကြီးတစ်ခုလုံးအတွက် ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ သို့မဟုတ် ဘတ်ငွေ ၂၄၀ ဘီလီယံဖြစ်သည်။ ထားဝယ် လျှပ်စစ်ဓာတ်အားစက်ရုံစီမံကိန်းနှင့် ပတ်သက်၍ ယခင်က ကျောက်မီးသွေးစွမ်းအင် အသုံးပြုရန်လျာထားခဲ့သော်လည်း မြန်မာအစိုးရက ရေနံ သို့မဟုတ် သဘာဝဓာတ်ငွေ့စွမ်းအင်ကို ပြောင်းလဲအသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။ အကြောင်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုများ၏ ဆန့်ကျင် ကန့်ကွက်မှုများကြောင့် ဖြစ်သည်။ နိုင်ငံရေးနှင့်ပတ်သက်၍ ကြည့်မည်ဆိုလျှင်လည်း ယခုအခါ ကမ္ဘာ့အသိုင်းအဝိုင်း တစ်ခုလုံးက မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမြင်မှာပြောင်းလဲလာပြီဖြစ်သည်။ မြန်မာပြည်၏ အလားအလာကို မြင်တွေ့နေရပြီဖြစ်ပြီး တံခါးဖွင့်စနစ်ကျင့်သုံးရန် ပြည်သူများက လိုလားလျက် ရှိသည်။ ယခုဆိုလျှင် မြန်မာနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့သည် အပြုသဘောဆောင်လာကြပြီး မြန်မာသို့ သွားရောက် ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းနေကြပြီဖြစ်သည်။

မကြာသေးခင်ကာလအတွင်း မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သွားရောက် လည်ပတ်မှုကြောင့် အခြေအနေများ တိုးတက်ကောင်းမွန်အောင် ဖန်တီးပေးလိုက်ရာရောက်ခဲ့သည်။ ဟီလာရီ၏ မြန်မာခရီးစဉ်သည် အဓိပ္ပာယ်ပေါင်းများစွာကို ဖော်ကျူးသည်။ လာမည့် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဒီမိုကရေစီနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မည့် ကိစ္စကိုကြည့်လျှင် မြန်မာနိုင်ငံသည် လွတ်လပ်ပွင့်လင်းလာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စတင်ဖိတ်ခေါ်မှုပြုသည့်

အချက်ပြမှုတစ်ရပ်ဖြစ်သည်ကို တွေ့နိုင်သည်။ ယင်းထားဝယ်စီမံကိန်းကြီးသည် ထိုင်း၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ အာဆီယံတို့မှ နီးစပ်မှုရှိပြီး နှိုင်းရ အကျိုးအမြတ်ရှိသည့် ရင်းနှီးမြှုပ်နှံသူများကို အဓိက ပစ်မှတ်ထားသည်။ ရေနက်ဆိပ်ကမ်းနှင့် အခြေခံအဆောက်အဦများ တည်ဆောက်မှုမှာ လာမည့် ၄ နှစ်တာ ကာလတွင် ပြီးဆုံးမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယခုအချိန်ကတည်းက ထားဝယ်၌ စက်ရုံ၊ အလုပ်ရုံများ စတင်ထူထောင်ထားနိုင်ပြီ ဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှ ထားဝယ်သို့ အကွာအဝေးမှာ ကီလိုမီတာ ၃၅၀ မျှသာရှိသည်။ ထိုင်းအစိုးရ၏ စီမံကိန်းတစ်ခုဖြစ်သော Bang Yai မှ Kanchanaburi၊ ထိုမှတစ်ဆင့် မြန်မာနယ်စပ်သို့ မော်တော်ကားလမ်း ဖောက်လုပ်ရေးမှာလည်း ယင်းဧရာမစီမံကိန်းကြီးအတွက် အကျိုးစီးပွား ဖြစ်ထွန်းစေမည်ဖြစ်သည်။

"ပမာဏအတိုင်းအတာအရပြောမယ်ဆိုရင် ဒီစတုရန်းကီလိုမီတာ ၂၅၀ ရှိတဲ့ ဧရာမစီမံကိန်းကြီးဟာ ထိုင်းနိုင်ငံအရှေ့ဘက် ပင်လယ်ကမ်းခြေ ပိုင်းထက် ၁၀ ဆလောက် ကြီးမားပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းဆိုလျှင် ထိုင်းနိုင်ငံရဲ့ Laem Chabang ဆိပ်ကမ်းထက် နှစ်ဆလောက်ကြီးမားတယ်။  အဲဒီ Laem Chabang ဆိပ်ကမ်းကနေ ထားဝယ်ကို အဝေးပြေးကားလမ်းမကြီးကနေ ဆက်သွယ်နိုင်တယ်ဆိုတော့ အရင်အိန္ဒိယသမုဒ္ဒရာဘက်ကို ထိုင်းကုန်ပစ္စည်းတွေတင်ပို့တဲ့ သမားရိုးကျပင်လယ်ရေကြောင်းလမ်း ခရီးရှည်ကြီး လိုအပ်တော့မှာမဟုတ်ပါဘူး" ဟု Dr Somchet Thinaphong က ပြောကြားသည်။

*****************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs