Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၇.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အပြောင်းအလဲနှင့် ငြိမ်းချမ်းရေးအဓိပ္ပာယ် အော်တာနေးတစ်

****************************

ဆောင်းပါးကဏ္ဍ

အပြောင်းအလဲနှင့် ငြိမ်းချမ်းရေးအဓိပ္ပာယ် အော်တာနေးတစ်

စိုးမြင့်သိန်း

(ဇန်နဝါရီ ၁၈ မြန်မာပို့စ် အတွဲ (၄) အမှတ် (၃) မှ ထုတ်ယူဖော်ပြသည်)

၃၇လမ်း၊ ကုန်သည်လမ်း၊ ရေတမာပင်တန်း၊ စာပေဗိမာန်၊ လေအန်ကုန်း၊ ပန်းဆိုးတန်း၊ အမေ့အိမ် စာအုပ်ဆိုင်များအနှံ့ ကျွန်တော့်ကို လိုက်ရှာသတဲ့။ အယ်ဒီတာလည်းမောပေါ့။ ဖိအားတွန်အားဆွဲအားညှစ်တွေနဲ့ အယ်ဒီတာခင်ဗျာလည်း ပိန်ပျော့ပျော့သာ ရှိတော့သည်။

ကျွန်တော်က ဆိပ်ကမ်းသာလမ်း ဆင်သုံးကောင်ဂျာနယ်ဆိုင်ကိုရောက်နေသည်။ တွေ့တွေ့ချင်း ဆောင့်နှင့်ထွင်းသည်။ ဟေ့လူ မင်းနိပ်မင့် ဒီမိုကရေစီတွေ ဘာတွေလုပ်မနေနဲ့တော့။ ခင်ဗျားပဲ ရေးရေးနေတာပဲ မဟုတ်လား။ မြစ်တစ်မြစ်ထဲ နှစ်ခါမဆင်းနိုင်ဆိုတဲ့ ဂရိခေတ်ဒဿနအဆိုတစ်ခု။ မှန်တယ်နော်။ ရေကစီးသွားပြီ။ ခင်ဗျားက ဘာလို့ရပ်နေချင်တာလဲ။ အပြောင်းအလဲကို မြင်အောင်ကြည့်ပါဗျ။ ငြိမ်းချမ်းရေးကို ဘယ်လိုမြင်သလဲ။ လက်ရှိ အနေအထားကို ပြောတာနော်။ အတိတ်တွေအတတ်တွေ လုပ်မနေနဲ့။ ဒီတစ်ခါ ခင်ဗျားကို ကျွန်တော်ဆရာလုပ်လိုက်မယ် အယ်ဒီတာရဲ့ သြဘာပေါ့ဗျာ။ ဟုတ်ပေါင်သြဇာပေါ့ဗျာ။ အင် ခင်ဗျားလိုလူကို သြဘာလည်းသိပ်မပေးရဲဘူး။ သြဇာလည်း မသုံးချင်ပါဘူး ဟဲဟဲ။

William Arthur Wlard ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ စကားရှိတယ်။ Change, like Sunshine, can be a friend or foe, a blessing of a curse, a down or a dusk. အပြောင်းအလဲသည် နေရောင်ပမာမိတ်ဆွေလည်း ဖြစ်နိုင်ပြီး ရန်သူလည်း ဖြစ်သွားနိုင်တာပဲ။ မင်္ဂလာလည်းဖြစ်နိုင်ပြီး အမင်္ဂလာလည်းဖြစ်နိုင်တာပဲ။ မိုးသောက်လည်း ဖြစ်နိုင်ပြီး ဆည်းဆာလည်း ဖြစ်နိုင်တယ်။

အဒမ်စမစ်ရဲ့ ကိုယ်ပျောက်လက်ဒဿနကနေ ဂျွန်မေးနတ်ကိန်းရဲ့ အစိုးရဝင်ရောက် စွက်ဖက်ရေး ဘောဂဗေဒပေါ်လစီကိုလည်း ရွေ့သွားနိုင်တယ်။ ပုဂ္ဂလိကအရင်းရှင်စနစ်ကနေ အစိုးရအရင်းရှင်စနစ်ကိုလည်း သွားနိုင်တယ်။ ထိန်းချုပ်မှုလျှော့ချရာက ပြန်လည်ထိန်းချုပ်ရေးကိုလည်း ပြန်သွားနိုင်တယ်။ ရုပ်ရှင်ဆင်ဆာ လျှော့ပေါ့ရေးမှာတော့ လျှော့ပေါ့ပြီးမှ ပြန်ထိန်းချုပ်တာ မလုပ်ချင်ဘူးလို့ သက်ဆိုင်ရာအကြီးအကဲကပြောတာ မဆိုးဘူးဗျ။

လစ်ဘရယ်ဝါဒထက် တကယ့်လက်တွေ့နိုင်ငံရေးကို လုပ်သွားနိုင်တယ်လို့ နိုင်ငံရေးအကဲခတ် (မီဒီယာ)နှင့် နိုင်ငံရေးသုခမိန် (သီဝရီ) တွေက ဆိုတယ်ဗျ။

ဒီတစ်ခါ အယ်ဒီတာက ဆရာတယ်လုပ်ပါလား။

ခင်ဗျားက ကဗျာဆရာပီပီ အကောင်းမြင်အနာဂတ်ဝါဒီ သက်သက်ပဲဗျ။

ကျွန်တော်ကအယ်ဒီတာဆိုတော့ အကောင်းလည်းမြင်၊ အဆိုးလည်းမြင်တယ်ဗျ။

ထားပါတော့။ ထားပါတော့။ (ရွှေမန်းတင်မောင်ဇတ်လေသံ)

ဂလိုဘယ်လိုက်ဇေးရှင်းလှိုင်းက နောက်လည်းပြန်သွားနိုင်တယ်လို့ နိုင်ငံရေးဘောဂဗေဒသမားတွေက ပြောနေတာ။ ခင်ဗျားလည်း ကြားမှာပေါ့။ တရုတ်- အမေရိကန်ဆက်ဆံရေးသာ ကမ္ဘာကြီးကိုမောင်းနှင်မယ် ဆိုနေပါလား။ အင်အားကြီး ချိန်ခွင်လျှာ ညှိနှိုင်းညီမျှရေးက “စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး” ကို ပြဋ္ဌာန်းမယ် ဒီလိုလား။ ကမ္ဘာ့ဘဏ် အဖွဲ့ကြီးကလည်း ထွန်းသစ်စနိုင်ငံတွေရဲ့ ဈေးကွက်ထဲကလူ ၅၃ သန်းသော (ကမ္ဘာ့ ပြည်သူ)တွေဟာ အလွန်အကျွံ ဆင်းရဲတွင်းထဲ ကျသွားနိုင်တယ်လို့ ခန့်မှန်းဟောကန်းထုတ်နေပါလားဗျ။ သတိထားရမယ်နော်။ တရုတ်ပုံစံ၊ အိန္ဒိယပုံစံ၊ ဗီယက်နမ်ပုံစံ၊ အင်ဒိုနီးရှားပုံစံ၊ အင်း...အိုဘားမားကလည်း စန်းတက်နေသဗျ။ လမ်းဘက်ကအကိုင်းကိုတော့ မခုတ်နဲ့ဗျ။ နတ်နေကိုင်း ချန်ထားနော်။

ဂလိုဘယ်စာရးဆရာကျော်ဝင်းကိုယ်၌က မြန်မာ့နိုင်ငံရေး ခရီးနောက်ပြန်ကွေ့မှာ ရယ်ဒီကယ်အမှားကျော့မှာ “ဦးမပြောင်းမလဲ” တို့၊ “ကိုမပြောင်းမလဲ” တို့ တစ်ခန်းထလာမှာစိုးရိမ်နေသဗျ။

ကျွန်တော်ကတော့ အနာဂတ်ဟာတောက်ပတယ်ဆိုတဲ့ မော်ရဲ့ကဗျာလို တောက်ပတဲ့ဘက်ကိုပဲ ကြည့်တယ်။ ဟားဗတ်တက္ကသိုလ် ပါမောက္ခ စတီဗင်ဝေါ့ ကတော့ အန္တရာယ်ကြီးတဲ့ အိုင်ဒီယာဆိုးသမားတွေဟာ ကိုယ်ကျိုးစီးပွား နက်နက် ရှိုင်းရှိုင်းကြည့်တက်တဲ့လူမျိုးတွေလို့ ထောင်ပြသဗျ။

သူရဲကောင်းမျက်နှာဖုံးကာပြီး ကိုယ့် identity ကို ရွှေချလိုတဲ့ စတန့်ဆရာတချို့လည်း ရှိတယ်နော်။ ယုံကြည်ချက် တစ်ခုကို နောက်ဆုံးထွက်သက်ထိ ဆုပ်ကိုင်သွားမယ်ဆိုတဲ့ လူတွေလည်း (သင်္ကြန်အမြောက်တွေ) ရှိနေသးဗျ။ ဒီတစ်ခါ အယ်ဒီတာက စာရေးဆရာကို “ပို့ချချက်” ပေးနေရသလိုပါလား . . ဟား..ဟား။

ဒီလိုသဘောမထားပါဘူးဗျာ။ The Foolish and the dead alone never change their opinion လို့ James Russell Lowell ဂျိန်းရပ်ဆယ်လို ဝဲပြောသဗျ။ ကိုယ့်အတွေးအခေါ် ကိုယ့်အမြင့် ကိုယ့်ခံယူချက်ကို ဘယ်တော့မှမပြောင်းဘူးဆိုတာ “လူမိုက်နဲ့လူသေ” တွေလောက်ပါပဲလို့ အဓိပ္ပယ်ရသဗျ။ ကျွန်တော် ရပ်မနေ ချင်ပါဘူး။ အယ်ဒီတာ ရယ်။ ခရီးဆက်သွားပါ့မယ်။ ခင်ဗျားကလည်း လက်တွဲဗျ။ ရာသီဥတုက ပြောင်းပြန်ဇောက်ထိုး ပူလိုက်အေးလိုက်ရယ်။ အယ်ဒီတာရယ်။

ဒီမိုကရေစီကိုသွားတဲ့အခါမှာတော့ လူအများကြိုက် တရားဝင်လာအောင်လုပ်ဖို့ ပြဿနာရှိမယ်။ ဒီမိုကရေစီ တန်ဖိုးစံတွေ လူထုထဲပျံ့နှံ့ဖို့ ပြဿနာ ရှိမယ်။ စနစ်ကို ပြန်ခုခံဆန့်ကျင်မယ့် အင်အားစုတွေကို စည်းရုံးဖို့ ပြဿနာရှိမယ်။ နိုင်ငံရေးဆိုတာ တိုက်ဖို့ထက်၊ စည်းရုံးဖို့က အဓိကဗျ။ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ဖြန့်ခွဲအာဏာ ပါဝါပြဿနာ ရှိမယ်။ ဒီမိုကရေစီတိုက်ရိုက်သွားဖို့ ပြဿနာရှိမယ်။ တရားစီရင်ရေးဘက်မှာ ပြဿနာရှိမယ်။ (ခေတ်ဟောင်း စရိုက်ဟောင်း ကိစ္စ)၊ စီးပွားရေးတည်ငြိမ်အောင်လုပ်ဖို့ ပြဿနာရှိမယ်။

ဒါတွေဟာဒီမိုကရေစီရေးရာ Debates ဒီဘိတ်အခြေအတင် ပြောရဆိုရရင် ဆိုင်ရဖြေရှင်းရမယ့် ကိစ္စတွေပဲ။ ဒါတွေကို ကျော်နိုင်ရင် ဒီတောင်ကို မောင်ကျော်နိုင်ရင် မြက်ခင်းလဲ့လဲ့ မြေညီညီ စိမ်းစိမ်းလန်းလန်း ပန်းပေါင်စုံပွင်တဲ့ဆီရောက်ပြီ။

ခင်ဗျားက ကဗျာဉာဉ် မပျောက်သေးပဲကိုး။

ကောင်းတဲ့ဉာဉ်ပါဗျာ။ အယ်ဒီတာရ။ ကဗျာကိုတော့ မထိပါးနဲ့ဗျ။

ငြိမ်းချမ်းရေးကရောဘယ်လိုလဲစာရေးဆရာ။

တိုင်းပြည်နှစ်ပြည် မြစ်ရေခွဲဝေမျှတသုံးစွဲရေးဆင်မပြေလို့ စစ်ခင်းမယ်လုပ်နေတုန်း ဗုဒ္ဓကြွလာပြီး မျှတရေး၊ ညီမျှရေး မေတ္တာထားကြရေး ဟောပြလို့ စစ်မတိုက်ကြတော့တဲ့ ဗုဒ္ဓဝင်လာနိပါတ်တော်လာ ရာဇဝင်သမိုင်း ရှိသဗျ။

ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ်ဆိုတဲ့ စောဘဦးကြိးရဲ့ ကြွေးကြော်သံရှိသဗျ။ မကြာခင်ကကရင်တွေကလည်း ဒီလိုတန်းတူဆက်ဆံခွင့်ရရင် စစ်သံ မပေးတော့ဘူး ဆိုလာသဗျ။ (နိုင်ငံပိုင်သတင်းစာများရဲ့ သတင်းဖော်ပြချက်များအရ)

ကချင်ပြည်နယ်မှာလည်း တန်းတူညီမျှဆက်ဆံရေး ပေါ်ထွန်းလာရင် (နိုင်ငံရေးအရ တန်းတူလာရင်) ငြိမ်းချမ်းရေးရမှာပဲဗျ။ ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ ၁-၆-၅၈ နယုန်လပြည့်တနင်္ဂနွေနေ့မိန့်ခွန်း (ရန်ကုန်မြို့၊ ကန်တော်မင်ပန်းခြံ ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြလူထုအစည်းအဝေးပွဲ) မှာ “ငြိမ်းချမ်းရေးကို သူမနာကိုယ် မနာနည်းနဲ့ အရယူကြပါ” လို့ ပြောသဗျ။

မောင်ကျော်ငြိမ်း၊ မောင်ဗဆွေတို့ရဲ့ အပြုတ်တိုက်ရေးလမ်းစဉ်ကို ဆရာများစွာဝမ်းနည်းတယ်။ မောင်နုရဲ့ သင်ပုန်းချေရေး၊ အာဃာတ မထားရေး၊ အလုပ်အတူ ပူးပေါင်းဆောင်ရွက်ရေး လမ်းစဉ်ကို အကောင်အထည်ဖော်ပါလို့ ဆရာ မေတ္တာရပ်ခံပါတယ်လို့ ပြောသဗျ။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျွန်မကိုဂုဏ်ပြုတာထက် ငြိမ်းချမ်းရေးကိုဂုဏ်ပြုပါ။ ငြိမ်းချမ်းရေးကို ချစ်ပါ။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ကြပါလို့ ပြောပြောနေသဗျ။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးဦးကျော်ဆန်းတို့ကလည်း Win Win နိုင်နိုင် ပေါ်လစီ၊ နှစ်ဖက်လုံး ပြုံးပျော်ရွှင်ရေးလမ်းစဉ် ကိုသာ ခဏခဏပြောပြောနေသဗျ။

ကောင်းတဲ့ဆီသို့ ရွေ့သွားနေတာ၊ ဒီမိုကရေစီလူ့ဘောင်သစ်ဆီ ချီနေတာ အပြောင်းအလဲကောင်းကို ဆောင်ရွက်နေတာ။ ငြိမ်းချမ်းရေးကို ဆောင်ရွက် နေတာမှာ ရုရှားခေါင်းဆောင် လီနင်ပြောသလို လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ ပါတီတစ်ရပ်ဟာ သူဘာတွေပြောသလဲ၊ မိန့်ခွန်းခြွေသလဲ၊ ကြေညာသလဲနဲ့ မတိုင်းတာပဲ သူ ဘာလုပ် သလဲနဲ့ တိုင်းတာရမှာပဲလို့ အဖြေထွက်သဗျ။ လက်တွေ့ဟာ အကောင်းဆုံး အမှန်ဆုံး ပေတံပဲဗျ။ အကောင်းဆုံးအမှန်ဆုံးပေတံပဲဗျ။ အယ်ဒီတာရ။

ဟုတ်ပဟုတ်ပစာရေးဆရာ။

ဥရောပနိုင်ငံတွေ တည်ငြိမ်တဲ့၊ ညီညွတ်တဲ့၊ စည်းကမ်းရှိတဲ့၊ ငြိမ်းချမ်းရေးရှိတဲ့ အခြေအနေရှိလို့မို့ ဒီမိုကရေစီရဲ့ အသီးအပွင့်ကို ခံစားကြရတာဗျ။ တည်ငြိမ်မှ၊ ညီညွတ်မှ၊ စည်းကမ်းရှိမှ၊ ငြိမ်းချမ်းရေးရှိမှ ဒီမိုကရေစီအောင်ပွဲ ရမှာဗျ။ စာရေးဆရာရ။

ဟုတ်ပ ... ဟုတ်ပ အယ်ဒီတာ။

ကဲ. . . လမ်းမတ်တပ်ကြီး ဒီမိုကရေစီတရားပွဲ ကျင်းပနေလိုက်တာ လက်ဖက်ရည်ဆိုင်ကို သွားကြစို့၊ အာခြောက်လှပြီ။ စိုစိုလေး ချိုချိုလေး လွေးဦးစို့။

*******************************************************************************

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၇.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပြည်တွင်းငါးလုပ်ငန်းရှင်များ အရှုံးနှင့် ရင်ဆိုင်ရလျက်ရှိ
  2. နယ်စပ်ဒေသရှိ လုပ်ငန်းရှင်များ၏ အခက်အခဲတင်ပြရန် အသိပေးထား
  3. မီဒီယာသမားများအတွက် အသက်အာမခံ ထားရှိရေး အကောင်အထည်ဖော်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြန်မာ့လွှတ်တော်တိုးတက်ရေး အမေရိကန်နိုင်ငံ ကူညီပေးမည်
  2. ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်မဲထားရှိမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ပြည်တွင်းငါးလုပ်ငန်းရှင်များ အရှုံးနှင့် ရင်ဆိုင်ရလျက်ရှိ

လက်ရှိအချိန်၌ မြန်မာနိုင်ငံ၏ ပြည်တွင်းငါးလုပ်ငန်းကဏ္ဍတွင် ငါးမြစ်ချင်းဈေးကွက်ရှားပါးခြင်းနှင့် ဒေါ်လာဈေး မတည်ငြိမ်မှုများကြောင့် ငါးလုပ်ငန်းရှင် အချို့မှာ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ၂/၂၀၁၂ ကြိမ်မြောက် သားငါးကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲ၌ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထိုကြောင့် ပြည်တွင်း ငါးလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာနိုင်ရန်မှာ ကြီးမားသည့် ငွေကြေးများဖြင့် ငါးလုပ်ငန်းအတွင်း ရင်းနှီးမြှုပ်နှံရန် လိုအပ်ပြီး သယံဇာတ၊ လူအား၊ ငွေအား၊ နည်းပညာနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ကြိုးစားသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် ဒီမိုကရေစီအရ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံခွင့် ပေးထားသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် ဥပဒေ မရှိသေးသည့်အတွက် ၎င်းဥပဒေ ထုတ်ပြန်ပြဋ္ဌာန်းနိုင်ရန် လိုအပ်ပြီး ငါးလုပ်ငန်းရှင်များနေဖြင့်လည်း လုံလောက်သည့် အရင်းအနှီးငွေဖြင့် ငါးလုပ်ငန်း ဆက်လက် လုပ်ကိုင်ပါက တစ်နှစ်အတွင်း ငါးမွေးမြူရေးလုပ်ငန်းမှာ ပြန်လည်ဦးမော့လာနိုင်မည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းကဏ္ဍ၌ ပြည်ပသို့တင်ပို့ရောင်းချမှုများတွင် တင်ပို့သူ၊ ဈေးကွက်ရှာသူနှင့် မွေးမြူထုတ်လုပ်သူများမှာ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဘဲ ကိုယ့်စိတ်ကြိုက် လုပ်ကိုင်နေခြင်းကြောင့် မြန်မာ့ငါးလုပ်ငန်းကဏ္ဍတွင် အရှုံးနှင့်ရင်ဆိုင်ရလေ့ရှိကြောင်း မြန်မာ့ငါးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုပြင် ၂၀၁၁ နှစ်လယ်ခန့်တွင် မြန်မာ့ရေထွက်ပစ္စည်း ပြည်ပပို့ကုန်လုပ်ငန်းများ အရှုံးနှင့် ရင်ဆိုင်ရသည့်အတွက် ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ရသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင်မူ ရေထွက်ပစ္စည်းပို့ကုန်မှ ဝင်ငွေစံချိန်တင် ရရှိနိုင်ကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ သုံးသပ်ခဲ့ကြသည်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းငါးထုတ်လုပ်မှု တန်ချိန်မှာ ၄ ဒဿမ ၁၄ မီလျံမက်ထရစ်တန် ရှိခဲ့ပြီး ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့နိုင်မှုမှာ ၀ ဒဿမ ၃၇ မီလျံမစ်ထရစ်တန်သာ ရှိခဲ့သည့်အတွက် ထုတ်လုပ်မှုစုစုပေါင်း၏ ၉ ဒဿမ ၂ ရာခိုင်နှုန်းသာ ပြည်ပတင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

              YC

-----------------------------------------------------------------------------------------------------------------------------------

နယ်စပ်ဒေသရှိ လုပ်ငန်းရှင်များ၏ အခက်အခဲတင်ပြရန် အသိပေးထား

နယ်စပ်ဒေသ၌ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်မှုများတွင် လုပ်ငန်းရှင်များ အခက်အခဲရှိပါက တင်ပြပေးရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များမှ ကုန်သည်များအား အသိပေးထားကြောင်း သိရသည်။

လက်ရှိအချိန်၌ တရုတ်-မြန်မာ နယ်စပ်၌ရှိသည့် မူဆယ်-နမ့်ခမ်း ကုန်သည်များအသင်းကို ဖိတ်ကြား၍ ရန်ကုန်မြို့၌ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူနိုင်စေရန် လိုအပ်သည် များကို ဖြေလျော့ပေးနိုင်ရန် ဆွေးနွေးခဲ့ပြီး နယ်စပ်ဒေသရှိ ကုန်သည်များ၏ တွေ့ကြုံခံစားနေရသော အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်နိုင်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်သို့ သွားသော ကုန်တင်ကားများအား စစ်ဆေးအခွန်ကောက်ခံနေသည့် ရေပူဂိတ်အား ယခုလဆန်းပိုင်းတွင် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်အတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဖွင့်လှစ်၍ အခွန် ကောက်ခံလျက်ရှိသော မရမ်းချောင်း စစ်ဆေးရေးဂိတ်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော မုပ္ပလင်လမ်းဆုံ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် စစ်တောင်း တံတား(မုပ္ပလင်)ထိပ် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ကမ်းကြီးဆိပ်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်များကို ဇန်နဝါရီလ ၇ ရက်နေ့မှ စတင်၍ အခွန် ကောက်ခံခြင်း မပြုရန် စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မီဒီယာသမားများအတွက် အသက်အာမခံ ထားရှိရေး အကောင်အထည်ဖော်မည်

၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာသမားများ အသက်အာမခံထားရှိရေး ကိစ္စရပ်အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ သင်္ဘောသား အသက်အာမခံထားသည့် ပုံစံ သဘောတရားနှင့် တူညီသည့် အသက်အာမခံ ထားရှိသည့် စနစ်ကို သတင်းမီဒီယာ သမားများအတွက် အသက်အာမခံထားရှိ မကြာမီအချိန်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

သတင်းမီဒီယာသမားများအနေဖြင့် ထိခိုက်နစ်နာမှု အသက်အာမခံထားရှိလိုပါက မြန်မာ့အာမခံရုံးသို့ လာရောက်၍ အသက်အာမခံထားရှိမှုပုံစံကို အခမဲ့တောင်းယူ ဖြည့်စွက်ရမည်ဖြစ်ပြီး တစ်နှစ်စာပရီမီယံကြေး ကျပ်ငွေနှစ်သောင်းခွဲ ပေးသွင်းရမည်ဖြစ်သည်။ ၎င်းအာမခံထားရှိသည့် သတင်းမီဒီယာသမား အနေဖြင့် တစ်စုံတစ်ရာ အကြောင်းကြောင်းကြောင့် သေဆုံးခဲ့ပါက မြန်မာ့အာမခံလုပ်ငန်းမှ ငွေကျပ်သိန်း ၅၀ လျော်ကြေးပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

သို့သော် အာမခံထားရှိသည့် သတင်းမီဒီယာသမားတစ်ဦးသည် ကိုယ့်ကိုကို သတ်သေလျှင်ဖြစ်စေ၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် သေဆုံးခဲ့လျှင်ဖြစ်စေ၊ ကိုယ်တိုင် ရာဇဝတ်မှုကျုးလွန်ခဲ့ပြီး သေဆုံးခဲ့လျှင် ခြွင်းချက်အနေဖြင့် အာမခံထားရှိမှုမှာ အကျုံးမဝင်တော့ဘဲ အသက်အာမခံထားရှိမှု လျော်ကြေးငွေကို ပေးအပ်မည်မပာုတ်ကြောင်း သိရသည်။

Ref:Street View

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာ့လွှတ်တော်တိုးတက်ရေး အမေရိကန်နိုင်ငံမှ ကူညီပေးမည်

၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်လက်ထက်မှ စတင်၍ ဒီမိုကရေစီခေတ်နှင့်အညီ ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံ လွှတ်တော်အသီးသီး၏ ပြောင်းလဲပြုပြင်သင့်သည့် အချက်များနှင့် လွှတ်တော်ဆိုင်ရာ ပညာရပ်များကို အမေရိကန်နိုင်ငံမှ ကူညီပြသပေးမည်ဖြစ်ပြီး လိုအပ်ပါက အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန် အောက်လွှတ်တော်အမတ် Mr.Joseph F.Crowley မှ ပြည်တွင်းရှိ အဖွဲ့အစည်းတစ်ချို့နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

၎င်း တွေ့ဆုံပွဲ၌ အမေရိကန်အောက်လွှတ်တော်အမတ် Mr.Joseph F.Crowley မှ “ကျွန်တော်တို့ ဒီကနေ့ နေပြည်တော်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ သူရဦးရွှေမန်းက ပွင့်လင်းစွာနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဒီမှာ တိုးတက်စရာတွေအများကြီး ကျန်နေသေးတယ်။ ကျွန်တော်တို့နဲ့ ဆက်ပြီးလက်တွဲပါ။ ကျွန်တော်တို့လဲ ဒီအခြေအနေကနေ နောက်မလှည့်ပါဘူး။ ကျွန်တော်တို့လဲ သင်ယူစရာတွေ ကျန်နေ သေးပါတယ်။ သင်ယူချင်ပါတယ်။ သင်ပေးပါလို့ တကယ်ပွင့်ပွင့်လင်းလင်း ပြောတဲ့အတွက် ကျွန်တော်တို့လဲ မြန်မာနိုင်ငံနဲ့ ဆက်လက်တွဲဖို့ အားတက်မိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအတွက် လွှတ်တော်ထဲမှာ ပြုပြင်သင့်တဲ့အချက်တွေနဲ့ လွှတ်တော်ဆိုင်ရာ ပညာရပ်တွေကို လိုအပ်လာရင် ဝိုင်းဝန်းကူညီသွားမယ်။ လိုအပ်လာရင် မြန်မာ အစိုးရနဲ့ ပူးပေါင်းဆောင် ရွက်မယ်” ပာု ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိ မြန်မာနိုင်ငံရှိ လွှတ်တော်များတွင် အမျိုးသမီးလွှတ်တော်အမတ်များမှာ နည်းပါးလျက်ရှိနေသေးသည့်အတွက် အမျိုးသမီးလွှတ်တော် အမတ်များကို လွှတ်တော်တွင်းနိုင်ငံရေးသို့ ဝင်ရောက်ခွင့်ပေးခြင်းဖြင့် နိုင်ငံတွင်းငြိမ်းချမ်းရေး ကိစ္စရပ်များ၊ ကလေးသူငယ် အခွင့်အရေးနှင့် အမျိုးသမီး အခွင့်အရေးများအတွက် လုပ်ဆောင်ပါဝင်ခွင့်ပေးသင့်ကြောင်း နိုင်ငံရေးလေ့လာနေသူတစ်ဦးက ပြောကြားခဲ့သည်။

                ထို့ပြင် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံရှိ ပါလီမန်အား လာရောက်လေ့လာခွင့် ရရှိနိုင်စေရန်နှင့် အမေရိကန် လွှတ်တော်များသို့ မြန်မာနိုင်ငံမှ လာရောက် လေ့လာရာတွင်လည်း သင်ကြားပြသမှုများ ပြုလုပ်ပေးရန် အမေရိကန် အောက်လွှတ်တော်အမတ်မှ သဘောတူညီခဲ့သည်။

Ref:ရန်ကုန်တိုင်းမ်

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်မဲထားရှိမည်

လာမည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ကြိုတင်မဲ ထားရှိမည်ဖြစ်ပြီး ရပ်/ကျေးနှင့် မြို့နယ် ကော်မရှင် အဖွဲ့ခွဲများအနေဖြင့် ပြဋ္ဌာန်းထား ရှိသည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း တိတိကျကျ လုပ်ကိုင်ဆောင်ရွက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့၌ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ ကြားဖြတ်ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ကြိုတင်မဲထားရှိရေးကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာနေသူတစ်ဦးက “ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲကိစ္စက တော်တော်ကို အငြင်းပွားစရာဖြစ်သွားခဲ့တယ်။ ဒီတော့ ခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကြိုတင်မဲကိစ္စကိုတော်တော် တိတိကျကျလုပ်ရမှာပါ။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကလည်း မှန်မှန်ကန်ကန်နဲ့ လုပ်လိမ့်မယ်လို့ ထင်ပါတယ်” ပာု ပြောကြားခဲ့သည်။

ကြိုတင်မဲနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖော်ပြထားသည်မှာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၌ မဲပေးရမည့်နေ့တွင် ကိုယ်တိုင် မဲမပေးနိုင်သူများဖြစ်သည့် ခရီးသွားရမည့်သူများ၊ မဲဆန္ဒနယ်ပြင်ပတွင် တာဝန်ထမ်းဆောင်ရန်ရှိသူများ၊ နာမကျန်းဖြစ်နေသူများနှင့် ဆေးရုံတက်နေသူများ၊ အချုပ်ခန်းရောက်နေသူများမှာ မဲပေးရမည့် ရက်မတိုင်မီ နှစ်ရက်ကြိုတင်၍ ကြိုတင်မဲပေးပို့နိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပြည်တွင်းရှိ နိုင်ငံရေးပါတီများကလည်း ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ တရားမျှတမှုရှိစေရန် ကြိုတင်မဲကိစ္စအား ရှင်းလင်းသိသာ နိုင်စေရန် ဆောင်ရွက်သင့်ပြီး ကြိုတင်မဲ စနစ်ကို ဥပဒေနှင့်အညီ ဝင်ရောက်ကြည့် ရှုခွင့်ပေးရန်နှင့် ကိုယ်စားလှယ်လောင်းများ၏ ဥပဒေနှင့်အညီ ဆောင်ရွက်ချက် များကို ခွင့်ပြုပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တိုက်တွန်းပြောဆိုခဲ့သည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

Voice:  ကိုမင်းကိုနိုင်အနေနဲ့ နိုင်ငံတော်အစိုးရကို ဘာများပြောချင်လဲ။

MKN:  အခု ကျွန်တော်တို့ လွတ်လာတယ်။ ဒါပေမဲ့ ထောင်ထဲမှာ အကျဉ်းသားအများစု ကျန်နေခဲ့တယ်။ သူတို့တွေက SSA  မြောက်ပိုင်းတို့၊ KNU တို့၊ ကချင် တို့လို တိုင်းရင်းသားတွေဖြစ်တယ်။ တကယ်တမ်း သူတို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတယ်ဆိုရင် သူတို့တွေက ထောင်ထဲမှာ ဆက်မရှိသင့်ဘူး။

ဇန်နဝါရီ ၁၆ ထုတ် The Voice အတွဲ (၈) အမှတ် (၅) တွင်ပါသည့် “ဒေါင်းအိုးဝေသံ ပြန်လာမည်ပေါ့ဗျာ” အင်တာဗျူးမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့် တွေ့ဆုံခြင်းအပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- ဒါဆို ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး ဘာတွေများ သိထားပါလဲ။

ဖြေ- အကြီးစားစက်မှုဇုန်ဖြစ်မှာဖြစ်လို့ ဘယ်လောက်ဆိုးကျိုးထိခိုက်မလဲ၊ ညစ်ညမ်းမလဲဆိုတာ သိထားပြီးသားပါ။ တွက်ထားပြီးသားပါ။ ဒီလိုအကြီးစား စက်မှုဇုန်ရှေ့ရေးမှာ သဘာဝပတ်ဝန်းကျင် ထိန်းချုပ်တဲ့အရေးမှာလည်းပါဝင်ပြီး တွက်ချက်ရမှာပါ။ ထိုင်းလိုမျိုး မဖြစ်စေချင်ဘူး။ ထိုင်းမှာ သင်ခန်းစာအနေနဲ့ မှားတာရော မှန်တာရော တွေ့ခဲ့ပြီးပြီ။ ဒီလိုလုပ်လို့ အောင်မြင်ရင်ကောင်းတယ်။ မအောင်မြင်ရင် ဆိုးကျိုးကနောက်ထပ်တစ်ဆပါ။ ဆိုးကျိုးက ထိုင်းကိုပြန်ထိမယ်။ အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံလို အမှားမျိုး မြန်မာပြည်မှာ မကျူးလွန်စေချင်ဘူး။ လုပ်ရင်လည်း သဘာဝပတ်ဝန်းကျင် ဥပဒေဖြစ်ဖြစ်၊ ဖွံ့ဖြိုးတိုးတက် ရေး ထိန်းချုပ်တဲ့ဥပဒေအတိုင်း ဖြစ်စေချင်ပါတယ်။

ဥပမာ စက်မှုဇုန် ပတ်ဝန်းကျင်ဘယ်လောက်ဝေးဝေး သတ်မှတ်ချက်အတိုင်း ရေ၊ လေ၊ မြေ၊ အသံ ညစ်ညမ်းမှု ဘယ်လောက်ထိခိုက်မလဲ အစီရင်ခံစာ လုပ်သင့်တယ်။ သဘောဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်၊ ကျန်းမာရေးအပေါ် ထိခိုက်မှု ဆန်းစစ်ချက်တွေ လုပ်သင့်တယ်။ ထိုင်းနိုင်ငံလို ကျောက်မီးသွေး ထဲမှာပါဝင်တဲ့ ဓာတုအဆတွေကို စစ်တာမျိုးရှိသင့်တယ်။ အဲဒီအတိုင်း ကျင့်ကြံနိုင်တဲ့ အနေအထားလုပ်မှ လူတွေအတွက် မထိခိုက်ဘဲ ကြာရှည်တည်မြဲတဲ့ ဖွံ့ဖြိုးမှုကိုရမှာပါ။

ဇန်နဝါရီ ၁၈ ထုတ် The Express Times အတွဲ (၁) အမှတ် (၁၆) တွင်ပါသည့် “ထိုင်းနိုင်ငံ၏ ပတ်ဝန်းကျင်နှင့် သဘာဝရင်းမြစ်ဆိုင်ရာ ကော်မတီ အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်သူ Mr.Surajit နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက အပြုသဘောဆောင်နေတဲ့အတွက် ဆန်ရှင်မရှိသင့်တော့ပါဘူး။ ဆန်ရှင် ရုပ်သိမ်းဖို့အတွက် ပြဿနာက ကိုယ့်ပြည်တွင်းမှာ ရှိနေတယ်။ ပွင့်လင်းမြင်သာတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့နဲ့ လူ့အခွင့်အရေးတွေ အပြည့်အဝရရှိလာရင် ဆန်ရှင်ဆိုတာ ပြေပျောက်သွားမှာပါ။ ဒါကြောင့် ကိုယ့်အပေါ်မှာ မူတည်နေပါတယ်”

ဇန်နဝါရီ ၁၇ ထုတ် The Flower News အတွဲ (၈) အမှတ် (၃) တွင်ပါသည့် “မြန်မာနိုင်ငံအပေါ် စီးပွားရေး အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် အာဆီယံအဖွဲ့က တောင်းဆိုလိုက်ပြီ” သတင်းမှ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒီနေ့ သတင်းမီဒီယာက Control Press ဖြစ်နေတယ်။ လုံခြုံရေးက ပထမဖြစ်နေတော့၊ သတင်းရမယ့်နေရာကို အရောက်သွားလို့ မရဘူး။ ဥပမာပြောရရင် ဟီလာရီကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်သံရုံ ညစာစားပွဲမှာ တွေ့တယ်။ အဲဒီညက သတင်းသမားတွေအတွက် အရမ်းအရေးကြီးတဲ့ညပဲ။ ဒါပေမဲ့ ဝင်ခွင့်မရကြတဲ့အတွက်အထဲမှာ ဘာပြောကြသလဲမသိရဘူး။ နောက်တစ်နေ့ အင်တာနက်ကလာမှ အဲဒီသတင်းကို ပြည်တွင်းမီဒီယာတွေက ရတယ်။ အင် တာနက်ကနေ ယူရတော့ သတင်းအမှန်လို့ ကိုယ်တိုင်တာဝန်ယူပြီး ပြောလို့ မရဘူး။ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ ဆန်ခါနဲ့တိုက်ရင် တန်းမဝင်ဘူး၊ Quality မရှိဘူး”

ဇန်နဝါရီ ၁၉ ထုတ် Envoy အတွဲ (၂) အမှတ် (၃၉) တွင်ပါသည့် “သတင်းလွတ်လပ်ခွင့်နှင့် အနာဂတ်မီဒီယာ” သတင်း ဆောင်းပါးမှ ဆရာဖိုးသောကြာ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*****************************************

 

 

 

                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs