Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၉.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံရေးဘောဂဗေဒ အပြောင်းအလဲ ဖြစ်ပေါ်ချိန်တန်

***************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံရေးဘောဂဗေဒ အပြောင်းအလဲ ဖြစ်ပေါ်ချိန်တန်

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခင်းအကျင်းသည် အာဏာချိန်ခွင်လျှာ ပြောင်းလဲမှု အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို စာရေးသူအနေဖြင့် ၁၆.၁.၂၀၁၂ ထုတ် Yangon Chronicle တွင် နိုင်ငံရေးချိန်ခွင်လျှာပြောင်းလဲချိန်ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံ၏ အသစ်ပေါ်ထွန်းလာပြီဖြစ်သည့် နိုင်ငံရေးအင်စတီ ကျူးရှင်းများသည် အဆိုပါ နိုင်ငံရေးအင်အားစုများ၏ လမ်းကြောင်း ရွေးချယ်မှုအပေါ် များစွာမူတည်ကြောင်း Path dependency သီအိုရှုထောင့်မှ ရေးသားတင်ပြခဲ့ပါသည်။ ယခု စာရေးသူ ဆက်လက် သုံးသပ်တင်ပြလိုသည့် အကြောင်းအရာမှာ နိုင်ငံရေးအင်အားစုများ၏ ရွေးချယ်လမ်းသည့်လမ်းကြောင်း၍ ပေါ်မူတည်ကာ စီးပွားရေး အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်နှင့် ယင်းတို့ရလဒ် (result) တို့ပင် ဖြစ်သည်။ ရှေ့ဦးစွာ အားလုံးပါဝင်မှု ရှိနိုင်ပြီဖြစ်သော မြန်မာနိုင်ငံရေး ဖြစ်စဉ်သစ်တွင် ဖြစ်တန်ရာသော နိုင်ငံရေး scenario များကို စိစစ်သုံးသပ်ကြည့်မည်။

ယခု လက်ရှိ အာဏာရပါတီကြီးဖြစ်သော USDP ပါတီနှင့် ယင်းပါတီမှ နိုင်ငံတော် အဆင့်မြင့်ရာထူးများကို တာဝန်ထမ်းဆောင်နေသူများမှာ (သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်လျှင် မိခင်ပါတီနှင့် ပတ်သက်ခြင်း မရှိတော့ဟု ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဆိုထားသည့်တိုင်) ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာ အပ်နှင်းခြင်းခံရသည့် dejure political power ရှိသူများဖြစ်သည်။ တနည်းဆိုရလျှင် အဆိုပါ တရားဝင် အာဏာရှိသူများဖြင့် အုပ်ချုပ်ရေး၊ လွှတ်တော် အစရှိသည့် နိုင်ငံရေးအင်စတီကျူးရှင်းများမှာ ပြည်ထောင်စုအပါအဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပေါ်ပေါက်လာခဲ့ပြီး ဖြစ်သည်။ တရားဝင်အာဏာ မရှိသော်လည်း လူထုရော၊ နိုင်ငံတကာကပါ ထောက်ခံသည့် အတိုက်အခံအသွင်ဆောင်သည့် နိုင်ငံရေးအင်အားစုများမှာလည်း မြန်မာနိုင်ငံရေးတွင် ဖယ်ထုတ်လို့ မရသည့် အင်အားစုကြီးဖြင့် ဖြစ်တည်လျက်ရှိသည်။ ထိုအင်အားစုကြီးမှာ တရားဝင်အာဏာရှိသူများကို လူထုလမ်းပေါ်ထွက်သည့် နည်းလမ်းကို အဓိကအသုံးပြု၍ လူ့အဖွဲ့အစည်းအတွက် ယင်းတို့ဖြစ်စေချင်သော နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့်အတွက် defacto political power ပိုင်ဆိုင်သူများဟု သတ်မှတ်၍ ရနိုင်ပါသည်။

သီအိုရီအရ အဆိုပါ defacto political power ပိုင်ဆိုင်သူများမှာ နိုင်ငံ၏ အရင်းအမြစ်များ(စီးပွားရေး) ဝေခွဲဖြန့်ဖြူးမှု၌ (distribution of resource) ခိုင်မာသည့် စီးပွားရေးအင်အားတစ်ရပ်ကို ဆုပ်ကိုင်ထားနိုင်သည့် လူလတ်တန်းစား အင်အားစုများသာ ဖြစ်လေ့ရှိပါသည်။ ဥပမာအားဖြင့် ပြင်သစ်တော်လှန်ရေး ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းမှာ ဗော်လ်တိုင်းယား (Voltaire) ပြောင်မြောက်သည့် သရော်စာအရေးသားများကြောင့် မဟုတ်သိလို ရှုးဆိုး (Rousseau) ၏ စိတ်လှုပ်ရှားတက်ကြွဖွယ်ရာ စာပေများကြောင့်လည်း မဟုတ်ပေ။ အဓိကမှာ လူလတ်တန်းစားများက စီးပွားရေး ကဏ္ဍ၏ ခေါင်းဆောင်မှုနေရာကို ရယူလာနိုင်ခဲ့၍ ဖြစ်သည်။ ကုန်သွယ်ရေးအပါအဝင် ကုန်ထုပ်လုပ်မှု အကန့်အသစ်များ ရှိနေခြင်းကြောင့် ယင်းတို့ကို ဖြစ်စေသော နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် စီးပွားရေး စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ရန် နိုင်ငံရေးအာဏာကို ရယူလာခြင်းဖြစ်သည်။ ခေတ်ပြိုင် ခေတ်မီရေး သီအိုရီများ၌လည်း ဒီမိုကရေစီခိုင်မာရေးနှင့် စီးပွားရေး တိုးတက်မှုတွင် လူလတ်တန်းစား၏ အခန်းကဏ္ဍမှာ အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း အခိုင်အမာသုံးသပ်တင်ပြမှုများ လည်းရှိနေသည်။ တနည်းအားဖြင့် ဆိုရလျှင် စီးပွားရေးလွတ်လပ်မှု လိုလားချက်ကြောင့် ဖြစ်ပေါ်ရသော အောက်ခြေမှအပေါ်သို့ တိုက်တွန်းပြောင်းလဲသည့် နည်းလမ်း (bottom-up approach) ပင် ဖြစ်သည်။

သို့သော် ခေတ်ပြိုင် မြန်မာနိုင်ငံရေးဘောဂဗေဒအခင်းအကျင်းမှာ ထိုသို့ (bottom-up approach) ပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်ရန် မည်သို့မှ အခြေအနေ မရှိ။ အကြောင်းရင်းမှာ ယခင် စစ်အစိုးရမှာ အရှင်းရှင်စနစ်ကို ကျင့်သုံးသည် ဆိုသော်လည်း မက်လုံး (incentive) နှင့် အရည်အချင်းအဓိကစနစ် (meritocracy) စနစ်ကို ကျင့်သုံးခဲ့ခြင်းမဟုတ်သည့်အပြင် နိုင်ငံရေးအရလည်း ဗဟိုဦးစီးစနစ်ဖြစ်ခြင်းကြောင့် မူဝါဒရေးရာ အဖြာဖြာတွင် မူထက်လူကိုသာ အဓိကထားခြင်းကြောင့် ဖြစ်သည်။ ထိုကြောင့် အဘရေးရာ ကျွမ်းကျင်သူများသာ အာဏာနှင့် ကြွယ်ဝမှုတည်မြဲသည့် စနစ်ဖြစ်ခဲ့ခြင်းကြောင့် နိုင်ငံရေးတွင် လာဘ်စားမှုနှင့် လုပ်ပိုင်ခွင့်ကျော်၍ လုပ်ဆောင်မှု များဖြစ်ပေါ်ခဲ့ရပြီး စီးပွားရေးတွင်လည်း လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ရှာသည့် စီးပွားရေးစနစ်သာ ရေရှည်အောင် မြင်မှုရရှိခဲ့သည်။ ထိုအတွက်ကြောင့် အထက်ကဆိုခဲ့သလို နိုင်ငံ၏ အရင်းအမြစ်များဝေခွဲဖြန့်ဖြူးမှု၌ လူလတ်တန်းစား၏ အခန်းကဏ္ဍမှာ သေးငယ်လွန်းလှခြင်းကြောင့် defacto Political power မှာလည်း ထိထိရောက်ရောက် မရှိခဲ့ပေ။ ယခင် တပ်မတော်အစိုးရလက်ထက်တွင် ဆန္ဒပြမှုများရှိခဲ့သော်ငြားလည်း အုပ်ချုပ်မှုစနစ်ကြီး တစ်ခုလုံး ပြောင်းလဲသွားသည်အထိ (regime change) ဖြစ်ပေါ်ခဲ့ခြင်းမရှိချေ။ ထိုအစား ဆန္ဒပြမှုများကို အကြိမ်ကြိမ် အင်အားသုံးနှိပ်ကွပ်ခဲ့သည့်အပြင် ဆန္ဒပြရာတွင် ဦးဆောင်သူများကိုလည်း နှစ်ရှည်ထောင်ချခဲ့မှုများ ဖြစ်ပေါ်ခဲ့ရသည်။

သို့သော် တပ်မတော်အစိုးရမှာ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ နဂိုကတည်းက ကြိုတင်ကြံစီထားပြီး ဖြစ်သည့်အလျှောက် ကိုယ်ကျိုးစီးပွားအပါအဝင် မတည်မငြိမ်ဖြစ်မှုကို ရှောင်ရှားသည့်အနေဖြင့် အဓိက အတိုက်အခံများ (တချို့ကို ရွေးကောက်ပွဲဥပဒေဖြင့် ပါဝင်ခွင့်မရအောင် ဆောင်ရွက်ခဲ့ပြီး တချို့မှာ နှစ်ရှည် ထောင်ချခံထားရချိန်)ကို ပါဝင်ခွင့် မပေးခဲ့သည့် အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပကာ အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းခဲ့သည်။ ထိုအတွက်ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ အထက်မှအောက်သို့ ပြောင်းလဲ အကောင်အထည်ဖော်သည့် (Top-down approach) သာလျှင်ဖြစ်သည်။ သို့သော် လက်ရှိ နိုင်ငံ့ခေါင်းဆောင်များ၏ နိုင်ငံရေးစေတနာမှာ မှန်ကန်သည်ဟုပင် ဆိုချင်ပါသည်။ နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဖြစ်အောင်၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရအောင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်ခဲ့သည်။ တနည်းအားဖြင့် ဆိုရလျှင် နိုင်ငံရေးအင်စတီကျူးရှင်း အပြောင်းအလဲ (institutional change)ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက် နေပြီဖြစ်သည်။ နောင်လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အဓိကနိုင်ငံရေး အတိုက်အခံပါတီကြီးဖြစ်သော NLD ပါတီမှ လွတ်လပ်မဲဆန္ဒနယ် နေရာအပြည့်နီးပါးကို ဝင်ပြိုင်မည် ဖြစ်ရာ ပြိုင်ဆိုင်မှုပြင်းထန်ပြီး အကြိတ်အနယ်ရှိမည့် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ကို နိုင်ငံတော်အကြီးအကဲများ၏ နိုင်ငံရေးစေတနာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ လက်ရှိ  နိုင်ငံရေးသမား တို့သည်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်တွင် တစ်တပ်တစ်အား ပါဝင်လာမည့်အမျိုးသားရေး အင်အားစု ကြီးပင် ဖြစ်သည်။ လွှတ်တော်တွင်း နိုင်ငံရေးတွင်ဖြစ်စေ လွှတ်တော်ပြင်ပနိုင်ငံရေးတွင်ဖြစ်စေ ပါဝင်လာမည့် အဆိုပါ နိုင်ငံရေးအင်အားစုကြီးမှာ ၎င်းတို့၏ နဂိုရှိနှင့် ပြီးသည့် ပြည်သူ့အပေါ် ထားရှိသည့် စေတနာ ပြောင်းလဲ မသွားနိုင်ဟု စာရေးသူယုံကြည်ပါသည်။

လွှတ်တော်တွင်းရောက်ရှိလာတော့မည့် နိုင်ငံရေးအင်အားစုရောလွှတ်တော်တွင်းရော၊ လွှတ်တော် ပြင်ပပါ လှုပ်ရှားတော့မည့် နိုင်ငံရေး အင်အားစုရော၊ လွှတ်တော်တွင် နဂိုရှိနှင့်နေပြီး ရွေးကောက်ခံဒီမိုကရေစီ အင်အားစုများရော နိုင်ငံသားတစ်ဦးချင်း ကြွယ်ဝချမ်းသာမှုရှိသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ သားအခွင့်အရေးကို နိုင်ငံသားအားလုံးအတွက် ရယူပေးချင်မည်သာဖြစ်သည်။ ယင်းမှာ ဝိဝါဒ ကွဲပြားစရာမရှိပါ။ နိုင်ငံတော်သမ္မတကြီးမှ နိုင်ငံ၏အဓိက စီးပွားရေး မူဝါဒဖြစ်သော ဆင်းရဲမွဲတေမှုပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ချမှတ် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် တနေ့ တစ်ဒေါ်လာ အောက်ဖြင့် လုပ်ကိုင်စားသောက်နေသည့် လူဦးရေမှာသန်းချီရှိနေသည့်အပြင် လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသမှာ ပင်အဓိက နေထိုင်ကြသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပါအဝင် နိုင်ငံ၏နှိုင်းရအသာစီးရမှု (competitive advantage) ရှိသည့် စီးပွားရေးကဏ္ဍကို ဖော်ဆောင်ဖန်တီးလုပ်ဆောင်ရမည် ဖြစ်သော်လည်း နိုင်ငံသားတစ်ဦးချင်း ကြွယ်မှုရှိပြီး လူမွဲနိုင်ငံအဖြစ်မှ တက်လှမ်းနိုင်ရန်မှာ အချိန်မဆွဲပဲလုပ်ဆောင်ရမည့် နိုင်ငံ့အရေးပင် ဖြစ်သည်။ ယင်းကို လက်ရှိ အစိုးရနှင့် လွှတ်တော်မှ မှန်မှန်ကန်ကန် မူဝါဒချမှတ် အကောင်အထည်ဖော်နိုင်ရန် အတိုက်အခံအသွင်ဆောင်သည့် အထက်ပါနိုင်ငံရေးအင်အားစုကြီးမှ လွဲမှားနေသည့်အရာများကို လွှတ်တော်တွင်းမှာ သာမက သတင်းမီဒီယာများမှတစ်ဆင့် ထောက်ပြဝေဖန်ပြောဆိုရမည်ဖြစ်သည်။ နိုင်ငံသားတစ်ဦးချင်း ဝင်ငွေမြင့်မားမှု ရှိမှသာ လူနေမှုအဆင့်အတန်း မြင့်မားလာမှာဖြစ်ပြီး လူလတ်တန်းစားလည်း အားကောင်းကောင်းနှင့် ပေါ်ထွန်းလာနိုင်မည်ဖြစ်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ရွေးကောက်ပွဲ ဒီမိုကရေစီမှ ခိုင်မာအားကောင်းသည့် ဒီမိုကရေစီ (consolidated democracy) အဖြစ် အသွင်ကူးပြောင်းရေးမှာ Top-town approach အဖြစ်သွားရမည်မဟုတ်ဘဲ bottom-up approach ဖြင့်သွားရမည်သာဖြစ်ရာ လူလတ်တန်းစားအားကောင်းရေးမှာ ယနေ့ နိုင်ငံအရေးတွင် ပါဝင်ပတ်သက်နေသည့် အမျိုးသားရေး အင်အားစုကြီး တစ်ရပ်လုံး၏ တာဝန်ဖြစ်ပါကြောင်း…။

***************************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၉.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. သမ္မတကို ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အိတ်ဖွင့်ပေးစာ ပေးပို့
  2. ရန်ကုန်လေဆိပ်တိုးချဲ့ရေး ဂျပန်နိုင်ငံမှ အကူအညီ ပြန်ပေးနိုင်ဖွယ်ရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပဲခူးတိုင်းတွင် ပြည်ခိုင်ဖြိုး အောင်နိုင်ရေးအတွက် ဝန်ကြီးချုပ် ဆောင်ရွက်
  2. ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းဖွင့်မည်
  3. KNU အဖွဲ့သားများအတွက် မှတ်ပုံတင် ထုတ်ပေးမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

သမ္မတကို ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အိတ်ဖွင့်ပေးစာ ပေးပို့

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများမှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့ရန် “ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ” အမည်ရှိ အိတ်ဖွင့်ပေးစာတစ်စောင်အား ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ လာရောက်ပေးအပ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပျြချက်အရ သိရသည်။

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများ၏ နိုင်ငံတော်သမ္မထံ သို့ပေးပို့သည့် အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်မှာ နိုင်ငံတော်သမ္မကြီးအနေဖြင့် ထိုင်းနိုင်ငံ ရောက်မြန်မာ အလုပ်များ၏အရေးကို အလေးပေးစိတ်ပါဝင်စားစွာ ဆောင်ရွက်နေသည်ကို ၎င်းတို့ကိုယ်တိုင် မြင်တွေ့ရကြောင်း၊ ထိုင်းနိုင်ငံအတွင်း ရေဘေးဒုက္ခ ရောက်စဉ် သမ္မကြီး၏ လမ်းညွှန်မှုဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အစားအသောက်နှင့် ဆေးဝါးပစ္စည်းများကို လှူဒါန်းခဲ့သည်ကို သိရှိရပါကြောင်း ဖော်ပြခဲ့ သည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတွင်းရှိ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်မှု အပေါ် ကျေနပ်ဝမ်းမြောက်ပါကြောင်း၊ သမ္မတကြီး၏ ယခု စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုအပေါ် မြန်မာပြည်သူ၊ ပြည်သားများနှင့်တကွ တစ်ကမ္ဘာလုံးမှ အထူးဝမ်းသာပီတိကြည်နူးမှု ဖြစ်ရပါကြောင်း၊ အနာဂါတ်တွင်လည်း မြန်မာပြည်သူ၊ ပြည်သားများအား ယခုထက်ပို၍ မေတ္တာ၊ စေတနာထားပြီး စောင့်ရှောက်စေလိုကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ၌ အစိုးရသစ်တစ်ရပ်ပေါ်ထွက်လာပြီးနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ၂၀၁၁ မတ်လ ၃၀ရက်နေ့တွင် ပြောကြားခဲ့သည့် ပြည်ထောင်စု အစိုးရသစ်၏ မူဝါဒသဘောထားလမ်းစဉ်များကို ပြောကြားခဲ့သည့် မိန့်ခွန်းတွင်လည်း “ပြည်တွင်းမှာ ရှိတဲ့ အလုပ်သမားများရဲ့ အခွင့်အရေးများသာမက ပြည်ပမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားများရဲ့ တရားဝင်အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်ဖို့အတွက်ကိုလည်း ကြိုးပမ်းလုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ပာု ပြောကြားသွားခဲ့သည်။

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံတွင် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အလုပ်သမားများအတွက် တရားဝင်အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်စေရေးအတွက် ၂၀၁၁ မေလ ၂၇ ရက်နေ့တွင် ပြည်ပတွင် အလုပ် လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်လေဆိပ်တိုးချဲ့ရေး ဂျပန်နိုင်ငံမှ အကူအညီ ပြန်ပေးနိုင်ဖွယ်ရှိ

ဂျပန်နိုင်ငံမှ ၂၅ နှစ်ကြာ ရပ်ဆိုင်းထားခဲ့သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုးချဲ့ရေးနှင့် အခြားကဏ္ဍများအတွက် နိုင်ငံရပ်ခြား ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ (ODA) နှင့် ချေးငွေပေးအပ်ရန် ကိစ္စရပ်များကို မကြာမီအချိန်အတွင်း ဂျပန်နိုင်ငံဘက်မှ ပြန်လည် စတင်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုးချဲ့ရေးစီမံကိန်း အကူအညီပေးရန် ၁၉၈၁ ခုနှစ်တွင် မြန်မာ-ဂျပန် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၁၉၈၇ ခုနှစ်မှစတင်၍ ဂျပန်နိုင်ငံဘက်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုးချဲ့ရေးအတွက် အကူအညီပေးမှုများကို လုပ်ငန်း မပြီးပြတ်သေးမီ ကာလအတွင်း ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တိုးချဲ့ရေးစီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ပေးရန်ကျန်သည့် ချေးငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရှိခဲ့ပြီး လက်ရှိအချိန်တွင် ၎င်းချေးငွေ အပါအဝင်  မြန်မာနိုင်ငံရှိ အခြားကဏ္ဍများ၌ ကူညီမှုများပြန်လည်ပေးအပ်ရန် မြန်မာ-ဂျပန် နှစ်နိုင်ငံ တာဝန်ရှိသူများမှ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ ဝန်ကြီးများရုံး၌ ဂျပန်နိုင်ငံရှိ အထက်လွှတ်တော် အမတ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ မြန်မာနိုင်ငံအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်  ပြည်တွင်းခရီးသည် အဆောက်အအုံ အဆင့်မြှင့်တင်ရေးအတွက် ဆက်လက်အကူအညီပေးရေးကို မြန်မာနိုင်ငံရှိ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်း ဆွေးနွေးမှုများ၌ လေဆိပ်စီမံကိန်း၊ သဘာဝဘေးအန္တရာယ်အတွက် တိတိကျကျ ကြိုတင်သတိပေး ထုတ်ပြန်နိုင်ရန် မုန်တိုင်းပြ ရေဒါခြောက်လုံးကို ကွန်ရက်စနစ် လှူဒါန်းတပ်ဆင်နိုင်ရန်နှင့် ဧရာဝတီ၊ ချင်းတွင်းမြစ်ကြောင်းတစ်လျောက် ရေလမ်းကြောင်း ထိန်းသိမ်းရေးအတွက် ဂျပန်နိုင်ငံရှိ ကျွမ်းကျင် ပညာရှင်များလွှတ်ပေးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဂျပန်နိုင်ငံရှိ JABIC ဘဏ်နှင့် အခြားပုဂ္ဂလိကဘဏ်များမှာ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အစီအစဉ်ရှိပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည့် အချိန်တွင် စတင်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

              YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပဲခူးတိုင်းတွင် ပြည်ခိုင်ဖြိုး အောင်နိုင်ရေးအတွက် ဝန်ကြီးချုပ် ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးတွင်  ပြည်ခိုင်ဖြိုးပါတီ၏  ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်းက ဦးဆောင် ၍ ဆောင်ရွက်နေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် လစ်လပ်မဲဆန္ဒနယ် ခြောက်နေရာရှိပြီး ယင်းနေရာများတွင် ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်းများ အနိုင်ရရေးအတွက် သိန်းနှစ်ထောင်ခန့် သုံးစွဲမည် ဖြစ်ကြောင်း ယင်းနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆိုသည်။

ပဲခူးတိုင်းအောင်နိုင်ရေးအတွက် သိန်းနှစ်ထောင်ကျော် သုံးစွဲမည်ဖြစ်သည့်အတွက် ယင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို ပြည်ခိုင်ဖြိုး ပါတီ အောင်နိုင်ရေး ရန်ပုံငွေကောက်ခံမည့် အစီအစဉ်ရှိကြောင်း သိရသည်။

“သူတို့ဘက်က ဒီလိုဝန်ကြီးချုပ် ကိုယ်တိုင်ပါနေတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတပါ့မလားဆိုတာ တွေးမိတယ်”ဟု ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနေရာ ၂၀ အား ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သောလည်း ပါတီရန်ပုံငွေကို သိန်းတစ်ရာစွန်းစွန်းသာ သုံးရန် ရှိကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းဖွင့်မည်

၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်ကာ နိုင်ငံရေးလုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းနှင့်နီးစပ်သူများ ထံမှ သိရသည်။

၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပူးပေါင်းလုပ်ဆောင်မည် မဟုတ်သော်လည်း ယင်းနှင့်ဝေးကွာသည့် အခြေအနေတစ်ခုသို့ ရောက်ရှိသည့် နိုင်ငံရေး လမ်းကြောင်းကိုလည်း လျှောက်လှမ်းမည် မဟုတ်ကြောင်း  ယင်းတို့၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေကို အစဉ်တစိုက်ထောက်ခံမှာပါ။ သူနဲ့ဝေးကွာတဲ့ လမ်းကြောင်းကို လျှောက်လှမ်းဖို့ အကြောင်း မရှိပါဘူး”ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထွန်းက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် မြန်မာ့နိုင်ငံရေးတွင် မည်သို့သောပုံစံဖြင့် ဆက်လက်လုပ်ကိုင်မည်ကို ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လူစုံတဲ့အချိန်ကစပြီး အစည်းအဝေးတွေ လုပ်နေတာ သုံးခါလောက်ရှိပါပြီ။ ဒါပေမယ့် တိကျတဲ့ ဆုံးဖြတ်ချက် မရသေးပါဘူး”ဟု ဦးကိုကိုကြီး (စမ်းချောင်း)က ပြောကြားသည်။

မကြာမီ အချိန်အတွင်း ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ကာ ဆက်လက်လုပ်ကိုင် ဆောင်ရွက်မည့် နိုင်ငံရေးလမ်းကြောင်းကို ဖော်ပြမည် ဖြစ်ကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

KNU အဖွဲ့သားများအတွက် မှတ်ပုံတင် ထုတ်ပေးမည်

ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးလိုက်ပြီးနောက် KNU အဖွဲ့သားများ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာနိုင်ရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား(မှတ်ပုံတင်) ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

KNU အဖွဲ့သားများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ပြုလုပ်ပေးရာတွင် အထူးအဖွဲ့များ ဖွဲ့စည်း၍ မှတ်ပုံတင် မြန်ဆန်မှန်ကန်စွာ ရရှိနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၎င်း KNUအဖွဲ့သားများ မှတ်ပုံတင်ရရှိပြီးပါက မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် ရသင့်ရထိုက်သည့် အခွင့်အရေးများ အားလုံးကို ရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ၌ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင်  ကရင်ပြည်နယ် ဘားအံမြို့၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် KNU နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိအချိန်တွင် ၎င်း KNU အဖွဲ့သားများ မှတ်ပုံတင် ရရှိစေရေးအတွက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စတင်ဆောင်ရွက်နေပြီဖြစ်ကာ မှတ်ပုံတင် မရရှိမီကာလများအတွင်း ယာယီသက်သေခံ နိုင်ငံသားသက်သေခံကတ်ပြားများကို ထုတ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှလည်း  ပြည်ထောင်စုအစိုးရအဖွဲ့နှင့် KNU အဖွဲ့တို့ နှစ်ဦးနှစ်ဖက် နားလည်မှုတည်ဆောက်နေချိန်တွင် ဆက်စပ်လျက်ရှိသည့် စခန်းများနှင့် လှုပ်ရှားစစ်ကြောင်း အသီးသီးတို့ကို ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းထားရန် တပ်တော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)သို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကောင်းမွန်တဲ့ ဆွေးနွေးပွဲတစ်ခုပါ။ ဉာဏ်ပညာအမျှော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်နဲ့တွေ့ရတာဖြစ်တယ်။ သူဟာ ပကတိအခြေအနေကို ပိုင်းခြားနိုင်စွမ်းရှိတာတွေ့ရလို့ အင်မတန်ဝမ်းသာပါတယ်။ တိုင်းပြည်ရဲ့ပကတိအခြေအနေကို သိပြီးတော့ အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ တိုက်တွန်းမှု သတင်းစကားများကို သက်ဆိုင်ရာကို သယ်ဆောင်ယူ သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ယုံလည်း ယုံကြည်ပါတယ်ဟုဆိုသည်။

ထို့နောက် သတင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် အထူးသဖြင့် စိုးရိမ်တာက ဆုံးဖြတ်ချက်တွေအပေါ်မှာ ဝိဝါဒကွဲပြားမှုတွေမရှိဖို့လိုတယ်။ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ပြောချင်တာက ကျွန်တော်တို့ရဲ့ ဖြတ်သန်းမှုတွေက အနှစ် (၂၀)ကျော်လာပြီ၊ အသက်အရွယ်တွေက (၅၀) တန်းထဲ ရောက်နေပြီဆိုတော့ ကျွန်တော်တို့ ချင့်ချိန်နိုင်ပါတယ်။ အဲလောက်ဆို အားလုံးနားလည်နိုင်ပါတယ်”

ဇန်နဝါရီ ၂၀ ထုတ် The Hot News အတွဲ (၂) အမှတ် (၇၅) တွင်ပါသည့် “ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဥရောပရေး ဝန်ကြီးတို့ ကိုမင်းကိုနိုင်နှင့်တွေ့ဆုံ” သတင်းမှ ကိုမင်းကိုနိုင်၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“မြန်မာလုပ်ငန်းရှင်က ကိုယ့်အရင်းအနှီးနဲ့ ကိုယ်နိုင်ငံခြားဈေးကွက်မှာ ယှဉ်ပြိုင်နေရတာပါ။ အာဆီယံနိုင်ငံထဲမှာ ပို့ကုန်သွင်းကုန်ဘဏ် မရှိတာ၊ ပို့ကုန် လုပ်ငန်းတွေကို ထောက်ပံ့နိုင်မှုမရှိတာ မြန်မာနိုင်ငံပဲရှိပါတယ်။ နိုင်ငံခြားကို ကုန်စည်ရောင်း ချမယ်ဆိုရင် မြန်မာလုပ်ငန်းရှင်က သုံးရင်းရင်းရတယ်။ ဘဏ်ငွေ လွှဲရတာ အဆင်မပြေတော့ ကိုယ့်ငွေနဲ့ကိုယ် စင်ကာပူကနေတစ်ဆင့် မြန်မာနိုင်ငံကို ငွေပြန်လွှဲတယ်။ တခြားနိုင်ငံက ဒီလိုလည်းလုပ်စရာမလိုဘူး အယ်လ်စီ (ငွေလွှဲစာတမ်း)ကိုလည်း ပို့ကုန်သွင်းကုန်ဘဏ်ကနေကြိုထုတ်လို့ရတယ်။ အဲဒီတော့ မြန်မာပြည်မှာ ဒီလိုဘဏ်မျိုး ထူထောင်ရင် ကောင်းပါတယ်။ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်စွမ်းပိုရှိလာနိုင်တယ်”

ဇန်နဝါရီ ၂၀ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၄၂) တွင်ပါသည့်  “ ၂၀၁၂ ခုနှစ်အတွင်း ပို့ကုန်သွင်းကုန် ဘဏ်လုပ်ငန်း ဥပဒေတစ်ရပ် ရေးဆွဲ ပြဋ္ဌာန်းမည်” သတင်းမှ ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒီကိစ္စနဲ့ပတ်သက်ပြီး မိမိအမြင်နဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ဒါဟာ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ တာဝန်ရှိတဲ့သူတွေတစ်ယောက်အနေနဲ့ ပြောရရင် ဒါဟာ ဖြစ်လာမှာမဟုတ်ပါဘူး။ လွှတ်တော် ခိုင်မြဲနေတယ်။ လွှတ်တော်ရှိနေတယ်ဆိုရင် အာဏာသိမ်းတယ်ဆိုတာ မဖြစ်နိုင်ပါဘူး”

ဇန်နဝါရီ ၂၀ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၈) အမှတ် (၅၃) တွင်ပါသည့် “နောက်တစ်ဖန် အာဏာသိမ်းမှု ဖြစ်လာနိုင်စရာ အကြောင်းမရှိဟု သူရဦးရွှေမန်း ပြောကြား” သတင်းမှ ကောက်နှုတ်ချက်

*****************************************

                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs