Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၁.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ရာဇဝင်ထဲမှာ အန်ကယ်ကြီးကို ထားခဲ့

************************************************

ဆောင်းပါးကဏ္ဍ

ရာဇဝင်ထဲမှာ အန်ကယ်ကြီးကို ထားခဲ့

အောင်မောင်း

အစိုးရဖြစ်စေ၊ အုပ်ချုပ်သူဖြစ်စေ မည်မျှပင်ကောင်းမွန်သည် ဆိုငြားအံ့၊ ကာလရှည်ကြာ အပြောင်းအလဲမရှိလျှင်  နိုင်ငံရေးအရ တည်ငြိမ်မှု ရှိလိမ့်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ အားလုံးပါဝင်ခွင့်ရှိပြီး လူ့သဘာဝအရပင်လျှင် နိုင်ငံရေးအာဏာ မရဖူးသူက ရရန် ကြိုးပမ်းခြင်း၊ ရဖူးသူကလည်း ပြန်လည်ရရန် ကြိုးပမ်းခြင်းတို့ ကြုံတွေ့နေရမည်ဖြစ်သောကြောင့် နိုင်ငံရေးအာဏာကို အလှည့်မရသည့် နိုင်ငံရေး အင်အားစုများက တချိန်ချိန်တွင် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းကြမည်မှာလည်း ဓမ္မတာဖြစ်သည်။ ထိုအခါတွင် နိုင်ငံရေး မတည်မငြိမ်ဖြစ်လာပြီး တိုင်းပြည် လည်း နာသည်။ ထို့ကြောင့် အစိုးရဆိုသည်မှာ တစ်ဖွဲ့တည်းက ရေရှည်အုပ်ချုပ်နေလျှင်လည်း မကောင်း၊ အစိုးရအဖွဲ့တွေ မကြာခဏ ပြောင်းလဲနေလျှင် လည်းမကောင်း ဟူသည့်သဘောရှိပြီး ကာလအကန့်အသတ် အတိုင်းအတာတစ်ခုအတွင်း လူထုကို ရွေးချယ်ခွင့်ပေးထားခြင်း ဖြစ်ပေလိမ့်မည်။

ယနေ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတစ်ခုကို ရောက်နေပြီဆိုသည်မှာ ငြင်းဆန်၍မရသည့် ကိစ္စပင်။ အစိုးရအဖွဲ့သစ်သည် လူဟောင်းများဖြင့် ပွဲထွက်လာသည် ဆိုသော်လည်း နိုင်ငံရေးလမ်းကြောင်းကတော့ အသစ်ဖြစ်နေပြီဖြစ်သည်။ ပို၍ထင်ရှားသည်မှာ စစ်အစိုးရပုံစံမျိုး မဟုတ်တော့ဘဲ လွှတ်တော်တွင် ပြည်သူကို ကိုယ်စားပြုသော ပလေယာအသစ်များ ပါဝင်ခွင့်ရလာပြီဖြစ်သည်။ လာမည့် ရွေးကောက်ပွဲ သုံးလေးခုအတွင်း အစိုးရအဖွဲ့တွင် ပလေယာအသစ်၊ မျက်နှာသစ်များ ထပ်မံတွေ့မြင်ရဖွယ်ရှိပါသည်။ အနီးစပ်ဆုံး လာမည့် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင်ပင် လွှတ်တော်၌ မျက်နှာသစ်များ ထပ်မံတွေ့မြင်ရဖွယ်ရှိသည်။ သမ္မတ ဦးသိန်းစိန်နှင့် ဝါရှင်တန်ပိုစ့်တို့ တွေ့ဆုံမေးမြန်းအပြီးတွင် သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့အတွင်း ပါဝင်လာရေးမှာ ၎င်းအနေဖြင့် လက်ခံရမည့်ကိစ္စဟု ထုတ်ဖော် ပြောကြားခဲ့ပြီးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်မှလည်း ပြည်သူ အတွက် အကျိုးရှိပါက အစိုးရအဖွဲ့အတွင်း ရာထူးရယူသွားဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားပြီးဖြစ်သည်။

တိုင်းပြည်၏ ပြောင်းလဲလာသော အခြေအနေများအပေါ် မူတည်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမြင်များလည်း ပြောင်းလဲလာခဲ့ပြီဖြစ်သည်။  အထူးသဖြင့် မြန်မာနိုင်ငံကို ကာလရှည်ကြာ ပိတ်ဆို့ ထားခဲ့သော အမေရိကန် ပြည်ထောင်စုနှင့် အနောက်ဥရောပ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးအဆင့်အထိ လာရောက်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံနှင့် နီးကပ်စွာဆက်ဆံသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများ ဆက်တိုက်ဆိုသလို တွေ့နေရပြီဖြစ်သည်။ အာဆီယံဥက္ကဋ္ဌရာထူးကိုလည်း ၂၀၁၄တွင် စတင်ထမ်းဆောင်တော့မည်ဖြစ်ပြီး ပထဝီနိုင်ငံရေး အခြေအနေကြောင့် လွတ်လပ်သော အာဆီယံ ကုန်သွယ်မှုဇုန်ပေါ်အပြီးတွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ရုတ်ခြည်းမြင့်တက်လာနိုင်မည့် အလားအလာကောင်းများလည်း မြင်တွေ့နေရပြီ ဖြစ်သည်။ ရေမြင့်လျှင်ကြာတင့်ဆိုသကဲ့သို့ပင် နိုင်ငံရေး၊ စီးပွားရေးများ ဖွံ့ဖြိုးမှုနောက်တွင် လူမှုရေးဖွံ့ဖြိုးမှုများလည်း ကပ်ပါလာပြီး ယင်းကြောင့် ဖြစ်ထွန်းလာသည့် အကျိုးဆက်များကို ခံစားရမည်မှာလည်း မြန်မာပြည်သူများပင်ဖြစ်ပါသည်။

ထိုကဲ့သို့ အခြေအနေမျိုးသို့ ရောက်ရှိရန် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲခရီးမှာ ၂၃ နှစ်တာမျှ ကြာမြင့်ခဲ့ရသည်။ နိုင်ငံရေးအင်အားစုများနှင့် မီဒီယာတို့မှာ အခွင့်အလမ်းပေါ်သည်နှင့် ဒီမိုကရေစီ အပြောင်းအလဲအတွက် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့ကြရသည်လည်း ဖြစ်သည်။ အထူးသဖြင့် စာပေလွတ်လပ်ခွင့် အထိုက်အလျှောက်ရလာသည့် အချိန်မှစ၍ မီဒီယာမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့ သည်။ အချို့သောမီဒီယာများမှာ ယနေ့ကဲ့သို့ နိုင်ငံရေးအခင်းအကျင်း ပေါ်ပေါက်လာစေရေးအတွက် အပြင်းအထန်ဝေဖန်ခံ၍၊ ကြံ့ကြံ့ခံ၍ ရပ်တည် လာခဲ့ရသည်။ ထို့ကြောင့် မီဒီယာအနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် တာဝန်ကျေခဲ့သည်ဟုပင် ဆိုရမည်ဖြစ်သည်။

သို့သော် ယနေ့မီဒီယာများ၏ လုပ်ရပ်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် မီဒီယာတို့ ပေးဆပ်ခဲ့ရသော စေတနာတွေကို ဝေဒနာတွေဖြစ်အောင် လုပ်နေသကဲ့သို့ ဖြစ်နေသည်။ ဆိုရလျှင် မီဒီယာတွေကိုယ်တိုင်က ၎င်းတို့ ကြိုးပမ်းခဲ့သော နိုင်ငံရေး ပြောင်းလဲမှုကို နောက်ကြောင်းပြန်လှည့်အောင် လုပ်နေကြခြင်းဖြစ်သည်။ ထင်ရှားမြင်သာသည့်ကိစ္စမှာ အန်ကယ်ကြီးကို ပရိုမိုးရှင်းလုပ် ပွဲထုတ်လာကြခြင်းဖြစ်သည်။ မားသားကြီး ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဘရားသားကြီးဆိုသည်မှာ ကိုမင်းကိုနိုင်ဟု ပြောဆိုသုံးနှုန်းကြသဖြင့် အန်ကယ်ကြီးဆိုသူမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ဆိုလိုခြင်းဖြစ်ကြောင်း စာရှုသူအနေဖြင့် သဘောပေါက်နိုင်ပါလိမ့်မည်။ စနေနေ့ နံနက်ပိုင်းထုတ် ရန်ကုန်ခရော်နီကယ် အပတ်စဉ်ထုတ်စာစောင် ခေါင်းကြီးပိုင်းတွင် အယ်ဒီတာဖြစ်သူက “ကျားသေကိုအသက်သွင်းကြသူများသို့” ဟု ခေါင်းစဉ်တပ်၍ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို နိုင်ငံရေးလောကထဲ ပြန်ဆွဲခေါ်ရန် ကြိုးပမ်းနေသည့် မီဒီယာများကို သတိပေးထားသည်ကို ဖတ်လိုက်ရသည်။ အင်တာနက်စာမျက်နှာများတွင်လည်း ဦးခင်ညွန့် နိုင်ငံရေးထဲ ပြန်ဝင်သင့်၊ မဝင်သင့်၊ ယခင်က ဦးခင်ညွန့် ကျူးလွန်ခဲ့သော လူသားချင်း မတရားမှုများကို သင်ပုန်းချေပေးသင့်၊ မပေးသင့် စသည်ဖြင့် အငြင်းပွားသည့် စာတွေလည်း ဆက်တိုက်ဆိုသလို တွေ့လာရသည်။

ထို့ကြောင့် မီဒီယာများအား နိုင်ငံရေးပြောင်းလဲမှုကို ဆောင်ရွက်ရာတွင် မည်သို့ ဆောင်ရွက်နေသနည်းဟု မေးခွန်းထုတ်ရမလို ဖြစ်လာသည်။ အထက်ကဆိုခဲ့သော ရန်ကုန်ခရော်နီကယ်ခေါင်းကြီးကဲ့သို့ပင် စောင်ရေတက်လို၍လော၊ မသိနားမလည်၍လော၊ သို့တည်းမဟုတ် မည်သို့မည်ပုံ ပြောင်းပြောင်း ပြောင်းဖို့ကအဓိက ယခင်ကစစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီဖြစ်အောင် ပြောင်းခဲ့သည်၊ ယခု ဒီမိုကရေစီမှ စစ်အုပ်ချုပ်ရေးဖြစ်အောင် ပြန်ပြောင်းလိုက်ဦးမည်ဟူသည့် စေတနာတွေကြောင့်လောဟူ၍ အမှန်တကယ်ပင် မေးစရာ၊ တွေးစရာတွေ ပေါ်လာပါသည်။ အမည်တပ်၍ အပြစ်ဆိုရလျှင် လျှပ်တပြက် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် အန်ကယ်ကြီးတို့ပြုလုပ်သော အင်တာဗျူးမှာ စိတ်မချမ်းသာစရာပင်။ ဦးကျော်ဆန်း၏ လက်ကိုင်ဒုတ်ဟု ကင်ပွန်း တပ်ခံရလောက်အောင်ပင် ဦးမြတ်ခိုင်မှာ အန်ကယ်ကြီးကို မြှောက်ထိုးပင်ကော်လုပ်၍ နိုင်ငံရေးအတွင်းပြန်လာရန် ညိုမြလုပ်နေသည်။ နောက် ဂျာနယ်တစ်စောင်မှာ ဖေးဘရိတ်ဂျာနယ် ဖြစ်သည်။ တိုင်းပြည်ကို ယနေ့တိုင် နာလံပြန်မထူနိုင်အောင် လုပ်သွားခဲ့သော ဦးနေဝင်းမိသားစုမှ  မြေးဖြစ်သူ ဇွဲနေဝင်းကို သတင်းလုပ်၍ ဖော်ပြလိုက်သေးသည်။ နိုင်ငံရေးနှင့် မည်သို့မျှမပတ်သက်သော မာဖီးယားကို ပွဲထုတ်သည့် ထိုမီဒီယာ၏ ရပ်တည်ချက်ကိုလည်း နားလည်၍မရ။ မိမိတို့ လုပ်ရပ်မည်မျှ အန္တရာယ်ကြီးနေသည်၊ နိုင်ငံတည်ဆောက် ရေးကို မည်မျှ ထိခိုက်သွားစေသည်ဆိုသည်ကို တွေးကြဖို့ကောင်းပါသည်။

စာရေးသူအနေဖြင့် အန်ကယ်ကြီးကို လူတော်တစ်ယောက်၊ တိုင်းပြည်အတွက် အသုံးဝင်သူတစ်ယောက်ဟု လက်ခံနိုင်သည့်တိုင် တိုင်းပြည်ကို နောက်တစ်ကြိမ် အန္တရာယ်မပြုတော့ဟူသည့် ယုံကြည်မှုမျိုး မရှိနိုင်သေးသည်မှာလည်း ပုဂ္ဂိုလ်ရေး ခံစားမှုသက်သက်သာဖြစ်ပါသည်။ အန်ကယ်ကြီးကို အချို့သောပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ထက်ပင် ချစ်ခင်နှစ်သက်ကြသည်ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ဖူးပါသည်။ သို့ရာတွင် အာဏာ ဆိုသည်မှာ တိမ်းမူးရီဝေစေတတ်သည့် သဘောရှိရာ အာဏာခုံပေါ် ပြန်ရောက်သည်နှင့် တပြိုင်နက် ယခင်ကကဲ့သို့သော အာဏာတည်ဆောက်မှုမျိုး မလုပ်နိုင်ဟုလည်း အာမခံ၍မရသည့် အခြေအနေလည်း ရှိပါသည်။ ထို့ကြောင့် အထက်ပါခေါင်းကြီးတွင် ဖော်ပြထားသလိုပင် ကျားသေကို ပြန်၍ အသက်မသွင်းကြခြင်းမှာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ အန်ကယ်ကြီးအနေဖြင့် ပြစ်ဒဏ်ကျခံရပြီး အကျယ်ချုပ်မှ လွတ်မြောက်လာသဖြင့်သာ ယခင်က ၎င်းကျူးလွန်ခဲ့သော လူသားချင်း အနိုင်အထက်ပြုကျင့်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို  ပြည်သူတွေက ခေတ္တမေ့လျော့နေကြခြင်းသာဖြစ်သည်။ သို့တည်းမဟုတ် မြန်မာလူမျိုးများပီပီ လွယ်လွယ်ကူကူ ခွင့်လွှတ်လိုက်ကြခြင်းလည်း ဖြစ်နိုင်ပါသည်။ ခွင့်လွှတ်နိုင်မှုနှင့်အတူ တပါတည်း မေ့ပစ်နိုင်ကြ လျှင် ပိုမိုကောင်းမွန်နိုင်ပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ယခင်က ၎င်းကျူးလွန်ခဲ့မှုများကို မေ့မေ့ပျောက်ပျောက်ဖြစ်၍ နိုင်ငံရေးထဲ ပြန်မလာတော့ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် သမ္မတကြီးကဲ့သို့သော ဗိုလ်ချုပ်ဟောင်းများကိုယ်တိုင် လုပ်ဆောင်နေကြသည်ကို အတုယူနိုင်ကြလျှင် ပိုကောင်းပါလိမ့်မည်။

နိုင်ငံရေးဆိုသည်မှာ ဆက်လက်ရွေ့လျားနေမည်သာဖြစ်ပြီး ပါဝင်ပတ်သက်သည့် ဇာတ်ကောင်များသည် တစ်ချိန်ချိန်တွင် သမိုင်းအဖြစ်သာ ကျန်ရှိခဲ့ လိမ့်မည်ဖြစ်သည်။ အန်ကယ်ကြီးကိုလည်း ရာဇဝင်ထဲမှာ ထားခဲ့ခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ ထိုထက်ပိုလျှင်မူ………………။

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၁.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မူဆယ်လမ်းကြောင်းရှိ နကစ အဖွဲ့ဝင်တချို့ ထိမ်းသိမ်းခံရ
  2. မြဝတီစီးပွားရေးဇုန် တည်ဆောက်ရန် KNU နှင့် စီးပွားရေးလုပ်ငန်းရှင်များအား ကမ်းလှမ်း
  3. ပို့ကုန်၊ သွင်းကုန်ဘဏ်လုပ်ငန်း ဥပဒေရေးဆွဲပြဋ္ဌာန်းမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမ္မတဦးသိန်းစိန် ပြည်ပမီဒီယာနှင့် ပထမဆုံးအကြိမ်တွေ့ဆုံ
  1.  ကျောင်းသားရှိရင် သမဂ္ဂရှိရမယ်၊ သမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော်ပဲဟု ကိုမင်းကိုနိုင်ပြောကြား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မူဆယ်လမ်းကြောင်းရှိ နကစ အဖွဲ့ဝင်တချို့ ထိမ်းသိမ်းခံရ

မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ မူဆယ် ၁၀၅မိုင် လမ်းကြောင်းပေါ်ရှိ နကစအဖွဲ့ဝင်တချို့ အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခြင်းခံရကြောင်း ယင်းဒေသ ရှိ အထူးသတင်းတပ်ဖွဲ့ဝင်များက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က နယ်စပ်ကုန်သွယ်ရေးမှ ဓါတ်ဆီများ တရုတ်နယ်စပ်သို့ ကားအစီးလိုက် မှောင်ခိုစီးထွက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး နကစများကို ထိမ်းသိမ်းထားကြောင်း ယခုရေပူဂိတ်ကို ဖွင့်ပေးလိုက်ပြီး စစ်ဆေးမှုများကို အကောက်ခွန်ကသာ တာဝန်ယူနေကြောင်း SB ကြယ်နှစ်ပွင့် အဆင့်ရှိ အရာရှိတစ်ဦးက ပြောကြားသည်။

“အရည်အတွက် အတိအကျတော့ မသိသေးဘူး များတော့တော်တော်များတယ် တနွယ်ငင်တစင်ပါတာမျိုးဆိုတော့ အားလုံးမကင်းဘူး” ဟု ၎င်းက ဆိုသည်။

၂၀၀၄ခုနှစ်တွင် အရှေ့မြောက်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မြင့်လှိုင်(ယခု လယ်ဆည်ဝန်ကြီး) တာဝန်ယူစဉ်က ဗိုလ်ချုပ်ခင်ညွန့်၏ စစ်ထောက်လှမ်းရေး တပ်ဖွဲ့တစ်ခုလုံး အဂတိလိုက်စားမှုဖြင့် ဖယ်ရှားအရေးယူခြင်းခံရပြီးနောက် နကစ နယ်စပ်ကုန်သွယ်ရေး စုပေါင်းဂိတ်များဖွင့်လှစ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

MP

-----------------------------------------------------------------------------------------------------------------------------------

မြဝတီစီးပွားရေးဇုန် တည်ဆောက်ရန် KNU နှင့် စီးပွားရေးလုပ်ငန်းရှင်များအား ကမ်းလှမ်း

မြဝတီအထူးစီးပွားရေးဇုန် တည်ဆောက်နိုင်ရန် မကြာမီက ငြိမ်းချမ်းရေးရရှိခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် KNU အဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များကို ပူးပေါင်းပါဝင်နိုင်ရန် ကမ်းလှမ်းထားကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဘားအံမြို့၊ ဇွဲကပင်ပိာုတယ်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှ မြဝတီ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးနှင့် ပတ်သက်၍ မီဒီယာများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် နိုင်ငံတော်မှ ဘားအံစက်မှုဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍ ဧက ၁၀၀၀ ကျော်ဖြင့် မြဝတီ အထူးစီးပွားရေးဇုန်ကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ-ထိုင်း နယ်စပ်ဖြစ်သည့် မြဝတီ ကုန်သွယ်ရေးဇုန်ကိုလည်း ယခု အစိုးရသစ်လက်ထက် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လမှ စတင်၍ ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့သည့်အတွက် ၎င်းဒေသရှိ ဒေသခံပြည်သူလူထုအတွက် စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါများလာသကဲ့သို့ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုများမှာလည်း ပိုမိုမြန်ဆန် လာခဲ့ကြောင်း သိရသည်။

“ငြိမ်းချမ်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆိုတာ ခွဲခြားထားလို့မရပါဘူး။ ငြိမ်းချမ်းရေးရှိမှ ဖွံ့ဖြိုးတိုးတက်နိုင်မယ်။ No Peace, No Development ပဲလေ။ ခုလို မြဝတီမြို့မှာ အထူးစီးပွားရေးဇုန်တွေ တည်ဆောက်လိုက်မယ်ဆိုရင် အဲ့ဒီဒေသမှာရှိတဲ့ ပြည်သူတွေအတွက် အလုပ်အကိုင် ပေါများလာ ပြီးတော့ ဝင်ငွေတွေပါ ပေါများလာနိုင်ပါတယ်။ ဒါ့အပြင် လူနေမှုအဆင့်အတန်းလည်း မြင့်မားလာနိုင်ပါတယ်။”ပာု စီးပွားရေး လေ့လာနေသူတစ်ဦးက ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပို့ကုန်၊ သွင်းကုန်ဘဏ်လုပ်ငန်း ဥပဒေရေးဆွဲပြဋ္ဌာန်းမည်

ယခု ၂၀၁၂ ခုနှစ်မှ စတင်၍ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများတွက် အထောက်အပံ့ပေးနိုင်ရန် ပို့ကုန်၊ သွင်းကုန် ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေများ ရေးဆွဲ၍ ပြဋ္ဌာန်းပေးသွားမည်ဖြစ်ကြောင်း ဗပိာုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။

၎င်းပို့ကုန်သွင်းကုန် ဘဏ်လုပ်ငန်းဥပဒေ ရေးဆွဲပြဋ္ဌာန်းမှုနှင့် ပတ်သက်၍ စီးပွားရေးလေ့လာနေသူတစ်ဦးက “အခုလို ပို့ကုန်၊ သွင်းကုန် ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းမည်ဆိုတဲ့ ကိစ္စက အတော်ကောင်းပါတယ်။ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေအတွက်လည်း အသက်ရှု ချောင်တာပေါ့ဗျာ။ ဒီလို ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းမယ်ဆိုရင် နိုင်ငံအတွက်လည်း ကောင်းပါတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေအတွက်လည်း အဆင်ပြေနိုင်မှာပါ” ပာု ပြောကြားခဲ့သည်။

ယခု ရေးဆွဲမည့် ပို့ကုန်၊ သွင်းကုန် ဘဏ်လုပ်ငန်းဥပဒေရေးဆွဲရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ ဘဏ်များ အစိုးရအဖွဲ့အစည်းနှင့် သက်ဆိုင်မှုမရှိဘဲ လွတ်လပ်စွာလုပ်ကိုင်ခွင့် ရရှိနိုင်စေရန်ဖြစ်ပြီး နိုင်ငံတကာတွင် မြန်မာနိုင်ငံ တစ်ခုတည်းသာ ပို့ကုန်၊ သွင်းကုန် ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေမရှိသေးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ အစိုးရသစ်လက်ထက်မှ စတင်၍ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် များအား နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်(Foreign Bank) ကို လုပ်ကိုင်ရန်ခွင့်ပြုခဲ့ပြီးဖြစ်သည့်အတွက် ၎င်းနိုင်ငံခြားဘဏ်လုပ်ငန်းကို ၂၀၁၂ ခုနှစ် ဧပြီလနှင့် မေလ မှ စတင်၍ လည်ပတ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

                YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတဦးသိန်းစိန် ပြည်ပမီဒီယာနှင့် ပထမဆုံးအကြိမ်တွေ့ဆုံ

ဝါရှင်တန်ပို့စ်သတင်းစာမှ အကြီးတန်းအယ်ဒီတာ Ms.Eizabeth Graham Weymouth အဖွဲ့သည် သမ္မတဦးသိန်းစိန်နှင့် ဇန်နဝါရီ ၁၇ရက်နေ့တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

ထိုသို့ တွေ့ဆုံမှုတွင် ဝါရှင်တန်ပို့စ်မှ အကြီးတန်းအယ်ဒီတာသည် မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲမှုများ၊ ဒေသတွင်း ငြိမ်းချမ်းမှုဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနှင့် အမေရိကန်တို့၏ လက်ရှိဆက်ဆံမှုအခြေအနေများနှင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုအပိုင်းများကို မေးမြန်းသွားခဲ့သည်ဟုလည်း သိရသည်။

ထို့နောက် ဝါရှင်တန်ပို့စ်သတင်းစာမှ မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် ပတ်သက်၍ "လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်းကို တပ်မတော်အတွက် လျာထားပေးတယ်ဆိုတာ ဟုတ်ပါသလား။ ယခု ပြုပြင်ပြောင်းလဲရေးကိစ္စများမှာ တပ်မတော်ဘက်ကလည်း ပါဝင်နေတာမျိုး ဖြစ်နေပါတယ်။ အကြောင်းကတော့ ဒီမိုကရေစီဆိုတာ ပြည်သူက အုပ်ချုပ်တာဖြစ်ပြီး တပ်မတော်အပေါ် အာဏာသက်ရောက်တဲ့ အစိုးရဖြစ်တယ်လို့ ယုံကြည်ပါတယ်"ဟု မေးခဲ့ရာတွင် နိုင်ငံတော် သမ္မတမှ အောက်ပါအတိုင်း ဖြေကြားသွားခဲ့သည်။

တပ်မတော်သည် ဝင်ရောက်စွက်ဖက်ခြင်း မရှိခြင်း၊ လွှတ်တော်ထဲတွင်လည်း တပ်မတော်သည် လေးပုံတစ်ပုံသာ ပါရှိခြင်း၊ တပ်မတော်မှ ဖွံ့ဖြိုး တိုးတက်စေရန်ကူညီပေးခြင်းဖြစ်ပြီး ဒီလိုနိုင်ငံမျိုးမှာ တပ်မတော် အားပစ်ပယ်ထားလို့ မရ ကြောင်းစသည်ဖြင့် ပြန်လည်ဖြေရှင်းသွားခဲ့သည်။

ထို့နောက် ဝါရှင်တန်ပို့စ်မှထပ်မံ၍ DPRK နိုင်ငံနှင့် ဆက်ဆံရေးကိုမေးရာတွင်လည်း နိုင်ငံတော်သမ္မတမှ ဆက်ဆံရေးကောင်းမွန်ကြောင်းနှင့် ယခင်ပေါ်ပေါက်ခဲ့သော နျူကလီးယားကိစ္စ၊ လက်နက်ကိစ္စများနှင့်ပတ်သက်၍ မြောက်ကိုရီးယားနှင့် ဆက်ဆံမှုမရှိကြောင်းကိုလည်း ရှင်းလင်းဖြေကြား သွားခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့် ပတ်သက်၍လည်း အဆင်ပြေစေရန် ဥပဒေ ပြင်ဆင်ထားကြောင်း Sanction အား ဖြေလျော့ပေးမှ ရင်းနှီးမြှပ်နှံမည့် အဖွဲ့များက ယုံယုံကြည်ကြည်လာရောက် ရင်းနှီးမြှပ်နှံကြမှာဖြစ်ပြီး တကယ်တော့ ရင်းနှီးမြှပ်နှံရန်အတွက် အဓိကအခက်အခဲသည် Sanction ပိတ်ထားခြင်း ကြောင့်ဟုလည်း နိုင်ငံပိုင်သတင်းစာထဲတွင် ဖြေကြားချက်အား ဖော်ပြထားသည်။

ထိုသို့မေးမြန်းမှုများထဲတွင် မြန်မာနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့်ကိုမေးရာတွင် နိုင်ငံတော်သမ္မတမှ မီဒီယာကို ယခင်အစိုးရလက်ထက်ကနှင့် မတူဘဲ ယခုတွင် ဂျာနယ်များမှာ ပွင့်ပွင့်လင်းလင်း ရေးနေကြပါတယ်။ ကျွန်တော်တို့ဟာ ဒီမိုကရေစီ အတွေ့အကြုံ နည်းနေသေးတယ်။ ထို့ကြောင့် လွတ်လပ်မှုနှင့်အတူ တာဝန်ယူမှုနှင့် တာဝန်ခံဖို့လည်း လိုအပ်ပါတယ်ဟု ဖြေကြားသွားခဲ့သည်။

ATM

 -----------------------------------------------------------------------------------------------------------------------------------

ကျောင်းသားရှိရင် သမဂ္ဂရှိရမယ်၊ သမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော်ပဲဟု ကိုမင်းကိုနိုင်ပြောကြား

ကျောင်းသားရှိပါက သမဂ္ဂရှိရမည်၊ သမဂ္ဂသည် ကျောင်းသားလွှတ်တော်ဖြစ်ပြီး ဒီမိုကရေစီနိုင်ငံတော်သို့ သွားရာတွင် ကျောင်းသားလွှတ်တော် ရှိကိုရှိရမည်ဟု ၈၈မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်က ပြောကြားလိုက်သည်။

“သမိုင်းအစဉ်အလာကြီးတဲ့ ကျောင်းသားသမဂ္ဂကို ကျွန်တော်တို့ခေတ်တုန်းကလဲ အညံ့မခံဘူး။ နောက်ကျောင်းသားတွေလည်း အညံ့ခံမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ မှန်တာလုပ်နေရင်  ကြောက်နေစရာမလိုဘူး” ဟု ၎င်းက ဆို သည်။

၈၈ မျိုးဆက်သစ်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲအား ဇန်နဝါရီလ ၂၁ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ တော်ဝင်စင်တာတွင် ကျင်းပပြုလုပ်စဉ် ကိုမင်းကိုနိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသတင်းစာရှင်းလင်းပွဲသို့ မကြာသေးမီကမှ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုလှမျိုးနောင်၊ ကိုဂျင်မီ၊ ကိုမင်းဇေယျ၊ ကိုအောင်သူတို့ တက်ရောက်ရှင်းလင်းခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားများသည် ကိုယ်စားပြု ဒီမိုကရေစီပုံစံ၊ တိုက်ရိုက် ဒီမိုကရေစီပုံစံ၊ အခြားလူထု အခြေပြု အဖွဲ့အစည်းများ၊ အခြားပုံ သဏ္ဍာန်မျိုးစုံဖြင့် ဖြန့်ခွဲပြီး ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကိုကြီးက ပြောကြားသည်။

လွှတ်တော် ပြင်ပနိုင်ငံရေးလုပ်ဆောင်မည်ဟု ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ ဥပဒေပြင်ပ နိုင်ငံရေး၊  စွန့်စားသည့် နိုင်ငံရေးနှင့် ရောထွေးသွားနိုင်ပါ ကြောင်း၊ လွှတ်တော်မှတစ်ဆင့် ဆောင်ရွက်သည့် နိုင်ငံရေးကို ကိုယ်စားပြုဒီမိုကရေစီ ဖော်ဆောင်သည့် ပုံသဏ္ဍာန်တစ်ခုအဖြစ် နားလည်ပါကြောင်း  ၎င်းက ရှင်းလင်းပြောဆိုခဲ့သည်။

ထိုပွဲတွင် ၈၈မျိုးဆက်သစ်ကျောင်းသားများ၏ သဘောထားထုတ်ပြချက်(၉)ချက်ကို ထုတ်ပြန်ဖော်ပြသွားခဲ့သည်။ ထိုထုတ်ပြန်ချက်များထဲတွင် ၁၉၈၈ ခုနှစ် ၈လေးလုံးအရေးတော်ပုံကြီးမှစ၍ ဒီမိုကရေစီဖေါ်ဆောင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမည့် လမ်းကြောင်း ပေါ်သို့ ဦးတည်ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ပြင် စစ်မှန်သော ဒီမိုကရေစီရရန် ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်း စုကြည်အား ထောက်ခံကြောင်းနှင့် ၈၈မျိုးဆက်ကျောင်းသားများမှ ကိုယ်တိုင်ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုဘဲ ဘေးမှအားပေးဝိုင်းရံသွားမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ဆောင်ရွက်မှုများထဲတွင် ၈၈မျိုးဆက် ကျောင်းသားများမှ အစိုးရအဖွဲ့များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော် အင်အားစု၊ နိုင်ငံရေးပါတီအသီးသီးနှင့် တိုင်းရင်းသား အင်အားစုများနှင့် ပူးပေါင်း၍ အစွမ်း ကုန်ကြိုးပမ်းသွားမည်ဟု၍လည်း ဖော်ပြထားသည်။

လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် လုပ်ဆောင်နေသူများကိုလည်း ၈၈မျိုးဆက် ကျောင်းသားများမှ လေးစား တန်ဖိုးထားကြောင်း အထက်ပါပုဂ္ဂိုလ်များကပြောကြားလိုက်သည်။

Peace Press

 *****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဘဏ်တွေကို ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားခွင့် ပေးတော့မယ်။ စတော့အိပ်ချိန်း (Stock Exchange) တွေ ဖွင့်မယ် ဆိုတဲ့ သတင်းသန့်သန့်ထွက်လာတယ်။ ဘဏ်တိုးတွေ လျှော့ချမယ်။ ဒါပေမဲ့ ငွေစုစာချုပ်တွေ ပြည်သူလူထုရဲ့ ချွေးနှဲစာ စုဆောင်းငွေတွေကို ပြည်သူတွေရဲ့ အရင်းအနှီးအဖြစ် ရယူဖို့တော့ အတိုးတွေ မြှင့်ပေးတဲ့အသံ မကြားရသေးပါဘူးတဲ့။ အများပြည်သူတွေကို ရှယ်ယာရောင်းမယ်ဆိုတဲ့ အသံတွေလည်းကြားပါတယ်။ ၂၀၀၅ ခုနှစ် အာဆီယံ အသိုင်းအဝိုင်းနှစ်ကို ရင်ဆိုင်ဖို့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်ကြီး (Giant) တွေကစီးပွားရေးခွင်တွေမှာ တစ်လက်တည်းအညှာမကိုင်ဘဲ ခွဲဝေလုပ်ကိုင် (Distribution of work)စေပြီး ကုန်ထုတ်လုပ်မှုကို အရည်အသွေးအဆင့်အတန်းပါ တိုးမြှင့်ပေးကြဖို့ တောင်းဆိုလိုပါသတဲ့။ (မသိလို့ပြောမိရင် ခွင့်လွှတ်ပါတဲ့) မြန်မာ့ အသက်သွေးကြောထွက်ကုန် ‘စပါးဟာ အရည်အသွေးနိမ့်လို့ ထုတ်မရောင်းနိုင်ဘူး။ ဈေးအနှိပ်ခံရတယ်။ ပြည်တွင်းမှာဈေးကျတယ်။ လယ်တစ်ဧက လုပ်ကွက်တန်ဖိုး (စရိတ်)က မြင့်နေတယ်။ လယ်သမား အရင်းရှုံးတယ်။ ဒီတော့ လယ်သမားဆီက ‘စပါး’ကို ‘အရန်ဆန်’လုပ်ဖို့ အစိုးရက ပုဂ္ဂလိကနဲ့ ဖက်စပ်လုပ်ပြီးဝယ်မယ်။ အဲသလိုတွေ ကြားရပါတယ်တဲ့။ အခြားအဖြေတွေလည်းရှာပေးကြပါတဲ့။

ဇန်နဝါရီ ၁၆ ထုတ် Favourite News အတွဲ (၃) အမှတ် (၁၃၃) တွင်ပါသည့် ဆောင်းပါးရှင် ဖိုးသောကြာ ခေတ်+မိုး၏  “သတင်းနှင့်ဂယက်” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အစိုးရကတော့ စစ်ရေး၊ လုံခြုံရေးအမြင်ကို တဖြည်းဖြည်းချင်းလျှော့၍ ယုံကြည်ချက်အကျဉ်းသားများ အားလုံးလွတ်မြောက်ရေးကို လုပ်ကိုလုပ်ရမည့် အနေအထားဖြစ်သည်။ ဘယ်လောက် အချိန်ယူမည်လဲဆိုတာက အစိုးရ၏ လိမ္မာပါးနပ်မှုပေါ်မှာ တည်လိမ့်မည်ဟု ထင်ပါသည်။ ပြည်သူလူထုနှင့် နိုင်ငံတကာက အမြန်ဆုံးဖြစ်စေချင်နေတာကို ပြေလည်အောင် စဉ်းစားရလိမ့်မည်ဟု ထင်သည်။ ပြည်သူလူထုနှင့် နိုင်ငံတကာအမြန်ဆုံး ဖြစ်စေချင် နေတာကို ပြေလည်အောင် စဉ်းစားရလိမ့်မည်ဟု ထင်သည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်အခါမှာ တရားမျှတမှုရှိအောင် အစွမ်းကုန် အားထုတ်ရ ပါလိမ့်မည်။ ဘယ်လို ကြိုးစားအားထုတ်မှုမျိုးပဲ ဆောင်ရွက်၊ဆောင်ရွက် မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီကိုပဲ အခြေခံရတော့မှာ ဖြစ်သည် ဆိုတာကို အခိုင်အမာယုံကြည်ဖို့ လိုသည်။ ဒီမိုကရေစီကို နောက်ပြန်ဆွဲဖို့ ခက်မည်”

ဇန်နဝါရိ ၁၉ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၇၈) တွင်ပါသည့် ဆောင်းပါးရှင် မောင်းဆက်၏ “ဒီမိုကရေစီ အပြောင်းအလဲဖြစ်ဖို့၊ ဒီမိုကရေစီ တိုးတက်မြင့်မားလာဖို့” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂက မရုပ်သိမ်းရသေးဘူး။ သြစတြေးလျကတော့ ရုပ်လိုက်ပြီ။ အဲဒါနဲ့ ပတ်သက်ပြီးမှတ်ချက်ပေးပါဦး။

ဖြေ- Sanction လုပ်ထားတဲ့အတွက် ကျွန်တော်တို့ တိုင်းပြည်သိပ်နစ်နာတာပေါ့ဗျာ။ တိုင်းပြည်နစ်နာတယ်ဆိုတာ ပြည်သူတွေ နစ်နာတာပဲလေ။ Sanction က မြန်မြန် ရုပ်သိမ်းလေပြည်သူအတွက် ပိုပြီးတော့ အခွင့်အလမ်းတွေ ဖြစ်ထွန်းလေပဲ။ Sanction လုပ်ထားတဲ့အတွက် စီးပွားရေးလုပ်ငန်း လုပ်တဲ့ သူတွေလည်း အကန့်အသတ်နဲ့ လုပ်ထားရတာ။

ကျွန်တော်တို့နိုင်ငံအတွက် အရေးအကြီးဆုံး Challenge က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပဲ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး အားလုံး တစ်ပြေးညီဖြစ်ထွန်းပြီးတော့မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဖြစ်ထွန်းမှာက နံပါတ် (၁)ပါ။ နံပါတ် (၂)က စီးပွားရေး။ စီးပွားရေးကောင်းမှ ပြည်သူတွေရဲ့ ဘဝဖူလုံမှာပေါ့။ ပြည်သူတွေရဲ့ဘဝ မြင့်မားမှာပေါ့။ စီးပွားရေးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက သိပ်မကောင်းဘူး။ အဲဒီ နှစ်ခုကောင်းပြီဆိုရင် တိုင်းပြည်တိုး တက်ပြီပဲ။

ဇန်နဝါရီ ၂၀ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၈) အမှတ် (၅၃) တွင်ပါသည့် “ ဝန်ကြီးချုပ်ဟောင်းဦးခင်ညွှန့်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs