Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၄.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. တရုတ်ဒုတိယသမ္မတ ရှေ့လတွင် အမေရိကန်သို့ သွားမည်

(BBC News မှ 23 Jan 2012 ရက်စွဲပါ China’s Xi Jinping to meet President Obama next month ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့တပ်မတော်၏ တိုင်းရင်းသားညှဉ်းပန်းနှိပ်စက်မှုများကို လူ့အခွင့်အရေးအစီရင်ခံစာ ထောက်ပြ

(AFP သတင်းမှ 21 Jan 2012 ရက်စွဲပါ “Rights report highlights Myanmar ethnic abuses” သတင်းကို ဘာသာ ပြန်ဆိုသည်)

*********************************************************************************

တရုတ်ဒုတိယသမ္မတ ရှေ့လတွင် အမေရိကန်သို့ သွားမည်

(BBC News မှ 23 Jan 2012 ရက်စွဲပါ China’s Xi Jinping to meet President Obama next month ကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံ ဒုတိယသမ္မတ Xi Jinping သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဝါရှင်တန်ဒီစီ၌ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာသည်။ ခေါင်းဆောင်နှစ်ဦးတို့သည် နှစ်နိုင်ငံရေးရာ၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလိမ့်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ နောက်လာမည့် ခေါင်းဆောင်ဟု တန်းစီထားခြင်းခံရသူ Mr. Xi အနေဖြင့် ပြီးခဲ့သည့်အပတ်က ပြောကြားရာတွင် ၎င်း၏ ခရီးစဉ်သည် တင်းမာမှုများကို လျော့ပါးစေလိမ့်မည်ဟု မျှော်လင့်ကြောင်းပြောကြားသည်။ ၎င်းသည် ဒုတိယသမ္မတ Joe Biden နှင့်လည်း တွေ့ဆုံမည် ဖြစ်ပြီး၊ ကယ်လီဖိုးနီယားနှင့် အိုင်အိုဝါတို့လည်း သွားရောက်လည်ပတ်မည်ဖြစ်သည်။ Mr. Xi သည် ပြီးခဲ့သည့် သြဂုတ်လက Mr. Biden ၏ ငါးရက်ကြာ ခရီးစဉ်တွင် ဧည့်ခံခဲ့သည်။ ဝါရှင်တန်က Mr. Xi အကြောင်း အနည်းငယ်သာသီရှိသည်ဟု ဝန်ခံထားပြီး၊ တရုတ်ပြည်၏ ရှေ့လာမည့် ခေါင်းဆောင်သစ်နှင့် ဆက်ဆံရေးထူထောင်ရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။ Mr. Xi သည် အသက် ၅၈ နှစ် ရှိပြီဖြစ်ပြီး ယခုနှစ်ကုန်တွင် သမ္မတဟူကျင့်တောင်ထံမှ ကွန်မြူနစ်ပါတီ ခေါင်းဆောင်နေရာကို ရယူရန် မျှော်လင့်ရပြီး လာမည့်နှစ် ဟူကျင့်တောင် သမ္မတအဖြစ်မှ အငြိမ်းစားယူပါက သမ္မတဖြစ်လာမည်ဖြစ်သည်။ လက်ရှိ အမေရိကန်- တရုတ် ဆက်ဆံရေးသည် လုံခြုံရေးမှ အစပြု၍ စီးပွားရေးကိစ္စများအထိ တဖြည်းဖြည်း ယိုယွင်းလျက်ရှိသည်။ ဝါရှင်တန်သည် တရုတ်နိုင်ငံအား ၎င်း၏ငွေကြေးတန်ဖိုးကိစ္စကို အဆက်မပြတ်ဖိအားပေးခဲ့ရာ၊ အိုဘားမားက ဘေဂျင်းအား ယွမ်ကိစ္စကိုပင် ထပ်မံပြောကြားလိမ့်မည်ဟု စောင့်ကြည့်လေ့လာသူများက မျှော်လင့်နေသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Timothy Geithner သည် ယခုလ အစောပိုင်းက တရုတ်ပြည်သို့ အီရန်အား အရေးယူပိတ်ဆို့ရေးကိစ္စနှင့် ပတ်သက်၍ သွားရောက်ခဲ့ရာ တရုတ်က ၎င်းနှင့် အီရန်တို့၏ ရေနံရောင်းဝယ်ရေးကို နျူကလီယားကိစ္စနှင့် ဆက်စပ်မစဉ်းစားသင့်ကြောင်း ပြောခဲ့သည်။ တဖက်တွင်လည်း တရုတ်တို့က အာရှပစိဖိတ်ဒေသတွင် အမေရိကန်တပ်များ ရှိနေခြင်းအပေါ် စိုးရိမ်ကြောင်း အသံပြုခဲ့ပြီး၊ ၎င်းက ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားသော တိုင်ဝမ်သို့ အမေရိကန်က လက်နက်ရောင်းချမှုကိုလည်း မနှစ်သက်ကြောင်းပြောခဲ့သည်။ ပြီးခဲ့သည့် အပတ်က ဝါရှင်တန်သို့ Mr. Xi ၏ ခရီးစဉ်အတွက် ပြင်ဆင်ရန် ပြန်လည်ရောက်ရှိလာသော တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Gary Lake က ရုပ်မြင်သံကြားအင်တာဗျူးတွင် ဖြေကြားရာ၌ Mr. Xi သည် ကောင်းမွန်သော ကြန်အင်လက္ခဏာနှင့် အကျင့်စရိုက်ရှိကြောင်း၊ သို့သော် ၎င်း၏အကြောင်း များများစားစား မသိကြောင်း ပြောကြားခဲ့သည်။ Mr. Xi သည် ၎င်း Hebei ပြည်နယ်တွင် တာဝန်ရှိပုဂ္ဂိုလ်ဘဝ ၁၉၈၅ ခုနှစ်က အမေရိကန်သို့ ပထမဦးဆုံး ခရီးစဉ်အဖြစ် အိုင်အိုဝါသို့ ရောက်ရှိခဲ့ဖူးသည်။ “သူက အနောက်အလယ်ပိုင်းကို မှတ်မိနေသေးတယ်၊ ကျွန်တော်တို့ စိုက်ပျိုးရေးကဏ္ဍကို သိပ်ရင်းရင်းနှီးနှီးရှိနေတုန်းပါပဲ” ဟု Mr Locks က ပြောသည်။

*************************************************************************

မြန်မာ့တပ်မတော်၏ တိုင်းရင်းသားညှဉ်းပန်းနှိပ်စက်မှုများကို လူ့အခွင့်အရေးအစီရင်ခံစာ ထောက်ပြ

(AFP သတင်းမှ 21 Jan 2012 ရက်စွဲပါ “Rights report highlights Myanmar ethnic abuses” သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရက လတ်တလော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်ပြုလုပ်နေသော်လည်း မနှစ်က တိုင်းရင်းသားပဋိပက္ခဇုံ (ရှေ့တန်း နယ်မြေ၊ တောင်တန်းဒေသ) များတွင် တပ်မတော်က အရပ်သားများကို မုဒိန်းကျင့်၊ နှိပ်စက်၊ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟု Human Rights Watch က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အထီးကျန်၊ အပယ်ခံမြန်မာနိုင်ငံတွင် အပြုသဘောဆောင်သော ကောင်းမွန်သော ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ပြုလုပ်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပအကဲခတ်လေ့လာသူများကို အံ့အားသင့်စေခဲ့သော မြန်မာအစိုးရသစ်၏ တိုးတက်ပြောင်းလဲမှုများကို နိုင်ငံ မြောက်ဖျား ကချင်ပြည်နယ်၌ ဇွန်လက စတင်ခဲ့သော သွေးမြေကျတိုက်ပွဲများက ဖျက်ဆီးနေသည်။

မြန်မာ့တပ်မတော်သည် မြေမြှုပ်မိုင်းများအသုံးပြုခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ အဓမ္မခိုင်းစေခြင်း စသည်ဖြင့် ကျူးလွန်ကာ နိုင်ငံတကာလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေကို ဆက်လက်ချိုးဖောက်နေသည်ဟု HRW က ဆိုသည်။ ၂၀၁၁ ကမ္ဘာတစ်လွှား လူ့အခွင့်အရေးဆိုင်ရာ ပြန်လည် သုံးသပ်ချက်၏ တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အစီရင်ခံစာတွင် အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်ခြင်းနှင့် မိန်းကလေးငယ်များ အတွက် ဆိုးဝါးသော ပြဿနာတစ်ရပ်ဖြစ်နေချိန်တွင် တပ်မတော်က အပြင်းအထန် လူသစ်စုဆောင်းကာ ကလေးသူငယ်စစ်သားများကို ဆက်လက် အသုံးပြုနေသည်ဟု တင်ပြထားသည်။ အရပ်သားများနေထိုင်ရာ နေရာများတွင် မြေမြှုပ်မိုင်းထောင်ထားခြင်း အပါအဝင် ညှင်းပန်းနှိပ်စက်မှုများကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကလည်း ကျူးလွန်လျက်ရှိသည်ဟု HRW က ဆိုသည်။

၁၇ နှစ်တာ အပစ်ရပ်စဲမှု ကျိုးပေါက်သွားသော ကချင်ပြည်နယ်မှ စစ်ပွဲကြောင့် ဒေသခံအရပ်သား ၅၀,၀၀၀ခန့် နေအိမ်များစွန့်ခွာထွက်ပြေးလျက် ရှိကြပြီး၊ အလားတူ မနှစ်က နိုင်ငံအရှေ့ပိုင်းနယ်စပ်မှ တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၅၀၀,၀၀၀ ခန့် အိုးအိမ်စွန့်လွှတ်ထွက်ပြေးခဲ့ကြသည်ဟု HRW က ပြောကြားသည်။ ယခင်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများ ဆက်လက်လွှမ်းမိုးထားသော မြန်မာအစိုးရသည် ၁၉၄၈ လွတ်လပ်ရေးနောက်ပိုင်း နိုင်ငံကို ဝါးမြိုထားသော ကမ္ဘာ့အကြာဆုံး ပြည်တွင်းစစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းအားထုတ်လာခဲ့ခြင်းကြောင့် လတ်တလော သီတင်းပတ်များအတွင်း အရှေ့ဖက် ပြည်နယ်များမှ ရှမ်းနှင့်ကရင်လက်နက်ကိုင်တပ်များနှင့် အပစ်ရပ်သဘောတူညီမှုများရရှိကာ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ပြီဖြစ်သည်။

ပြီးခဲ့သော ဒီဇင်ဘာလအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA အပေါ် တိုက်ခိုက်မှုများရပ်ဆိုင်းရန် သမ္မတကြီးက အမိန့် ထုတ်ပြန်ခဲ့သော်လည်း ဒေသတွင်း အပြင်အထန် တိုက်ခိုက်နေမှုကို တားဆီးနိုင်ခြင်းမရှိဟု ကချင်တပ်ဖွဲ့၏အဆိုအရသိရှိရသည်။ သောကြာနေ့ကမူ မြန်မာနိုင်ငံပိုင် မီဒီယာက “ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်သွားကြရန် အစိုးရနှင့် ကချင်လက်နက်ကိုင်အုပ်စုတို့ သဘောတူခဲ့သည်” ဟု သတင်းထုတ်ပြန်သည်။ ပြည်တွင်းစစ်ပဋိပက္ခဖြေရှင်းရေးသည် မြန်မာအပေါ် အရေးယူဒဏ်ခတ်မှု Sanctions ချမှတ်ထားသော အနောက်နိုင်ငံများ၏ တောင်းဆိုမှုတစ်ခုဖြစ်သည်။

မြန်မာအစိုးရသည် အတိုက်အခံနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် သူမနှင့် NLD ပါတီကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို ရာနှင့်ချီလွတ်ပေးခြင်းတို့ အပါအဝင် သော့ချက် ကျသော ကဏ္ဍများတွင် ပြောင်းလဲတိုးတက်မှုများကို ပြုလုပ်ပြသထားသည်။

*************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၄.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မကြုံစဖူး ပြောင်းလဲမှုများကြောင့် အီးယူက Sanctions များဖြေလျှော့ပေးတော့မည်

(Reuters မှ 23 January 2012 ရက်စွဲပါ “EU eases sanctions on Myanmar leaders after reforms” ကို ဘာသာ ပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေး၏ အချက်အချာကျသော ပုဂ္ဂိုလ်ဖြစ်လာ

(Times of India မှ 23 January 2012 ရက်စွဲပါ AFP ၏ Suu Kyi becomes key to complex Myanmar politics ကို ဘာသာ ပြန်ဆိုသည်)

************************************************************************

မကြုံစဖူး ပြောင်းလဲမှုများကြောင့် အီးယူက Sanctions များဖြေလျှော့ပေးတော့မည်

(Reuters မှ 23 January 2012 ရက်စွဲပါ “EU eases sanctions on Myanmar leaders after reforms” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီ၍ လွှတ်ပေးခြင်းအပါအဝင် ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ပြုလုပ်နေခြင်းကြောင့် ဥရောပသမဂ္ဂ (EU)က မြန်မာသမ္မတနှင့် ထိပ်ပိုင်းတာဝန်ရှိသူများကို ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို ရုတ်သိမ်းတော့မည် ဖြစ်သည်။ ယခုကဲ့သို့ အထင်ကရ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေး၊ လူမှုရေး တိုးတက်ပြောင်းလဲရေး ကတိကဝတ်များကို  ဆက်လက်ဆောင်ရွက်မည်ဆိုပါက ဧပြီလတွင် Sanctions များကို ရုတ်သိမ်းပေးရန် အလားအလာရှိကြောင်း အီးယူနိုင်ငံခြားရေးဝန်ကြီးများက ထုတ်ဖော် ပြောဆိုလိုက်သည်။

တနင်္လာနေ့က သဘောတူညီမှုများအရ မြန်မာသမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတများ၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဋ္ဌများအပေါ် ပြည်ဝင်ဗီဇာ ပိတ်ပင်ထားမှုတွေကို ရုတ်သိမ်းပေးမည်ဟု အီးယူက ထုတ်ပြန်ကြေညာသည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အလန်ယု(ပ်)က ယင်းအနေဖြင့် မြန်မာအစိုးရက လစ်ဘရယ်နှင့် ဒီမိုကရေစီ ပြောင်းလဲမှုကို အမှန်တကယ်လိုလားကြောင်း တွေ့မြင်ခဲ့ရသောကြောင့် နိုင်ငံရေးအကျဉ်းသားများကုန်အောင် လွှတ်ပေးမည်လား၊ ဆန္ဒပြခွင့် ပေးမည်လား၊ ဧပြီလ ၁ ရက်မှာ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲကို ကျင်းပမည်လား ဆိုသည်တို့ကို စောင့်ကြည့်နေသည်ဟု ပြောသည်။ “တကယ်လို့ ဒီမိုကရေစီကူးပြောင်းမှု ဖြစ်စဉ် ရှေ့ကို ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ကလည်း Sanctions တွေကို ရုတ်သိမ်းပေးပြီး ဆက်လက် အားပေးရမှာပါ” ဟု အလန်ယု(ပ်)က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော ဒီမိုကရေစီလှုပ်ရှားမှုများအပေါ် တပ်မတော်က သွေးစွန်းသော နှိမ်နင်းမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အီးယူက Sanctions များ ချမှတ်အရေးယူထားခြင်းဖြစ်သည်။ တပ်မတော်အစိုးရနှင့် ရောင်းရင်းမျာအးပေါ် ဗီဇာပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှု ထိန်းချုပ်ခြင်းနှင့် ကုမ္ပဏီအဖွဲ့အစည်း ၁ဝဝဝ နီးပါးအပေါ် ပစ်မှတ်ထားသော အီးယူ Sanctions များသည် အလွန်ဆုံး လူ ၅ဝဝ ခန့်ကိုသာ သက်ရောက်မှု ရှိခဲ့သည်။ ယင်း Sanctions များသည် လက်နက်ကုန်သွယ်မှု ပိတ်ပင်ခြင်း၊ တပ်မတော်နှင့် ပတ်သက်သော နည်းပညာ အကူအညီပေးမှုကို တားမြစ်ခြင်း၊ သတ္တုတွင်း၊ သစ်လုပ်ငန်း၊ ကျောက်မျက်ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှု တားမြစ်ခြင်းတို့ ပါဝင်သည်။

အီးယူအနေဖြင့် ထောက်ပံ့ကူညီခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်း၊ အစိုးရနှင့် ပိုမိုဆွေးနွေးခြင်းတို့မှတစ်ဆင့် ပြုပြင်ပြောင်းလဲမှုများကို အားပေး မြှင့်တင်မည်ဟု ဆိုသည်။ ထို့အပြင်  ကမ္ဘာ့ဘဏ် (World Bank)နှင့် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF တို့အနေဖြင့် အင်တိုက်အားတိုက် ဆက်ဆံ နွေးထွေးမှုများ ပြုလုပ်ကြရန် အီးယူ နိုင်ငံခြားရေးဝန်ကြီးများက တောင်းဆိုလိုက်ကြသည်။

မြန်မာနိုင်ငံ၏ ကြွယ်ဝသော သယံဇာတများနှင့် အာရှဒေသလမ်းဆုံလမ်းခွတွင် မဟာဗျူဟာမြောက် တည်ရှိခြင်းတို့က အနောက်နိုင်ငံများနှင့် အိမ်နီးချင်းများ (အထူးသဖြင့် တရုတ်နိုင်ငံ) ၏ စိတ်ဝင်စားမှုကို တိုးမြှင့်ဆွဲဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ယင်းပိုင်ဆိုင်ထားသော အိန္ဒိယသမုဒ္ဒရာ ကမ်းခြေများကြောင့်လည်း ဘေဂျင်း၏ အရေးပေါ် မဟာမိတ်ဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီ CNPC ကလည်း အန္တရာယ်ကြီး၍ ယာဉ်ကြော ကျပ်သော မလက္ကာရေလက်ကြားကို ရှောင်၍ ရေနံသယ်ယူမှု လမ်းကြောင်းကို လျှော့ချရန်အတွက် မြန်မာနိုင်ငံကို ကန့်လန့်ဖြတ် သွားသော ရေနံနှင့် ဓာတ်ငွေ့ အမြွှာပိုက်လိုင်းများကို တည်ဆောက်မှု စတင်ခဲ့သည်။ အီးယူနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကက်သရင်းအက်ရှ်တန်က မြန်မာနိုင်ငံ၌ ယခုလပိုင်း သီတင်းပတ်များတွင် လုံးဝမကြုံစဖူး ထူးကဲသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်ဟု ထောပနာပြုလိုက်ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေ့ဂ် ကလည်း ယခုကဲ့သို့ အထင်ကရ တိုးတက်ပြောင်းလဲမှုကို အသိအမှတ်ပြု ချီးကျူးရန် အရေးကြီးသည်ဟု မှတ်ချက်ပေးလိုက်သည်။ အက်ရှ်တန်က ဧပြီလရွေးကောက်ပွဲအပြီးတွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း၊ အလွန်အောင်မြင်သော အသွင်ကူးပြောင်းမှုကို မျှော်လင့်၍ အပြည့်အဝ ထောက်ခံအားပေးရန် ရည်မှန်းချက်နှင့် သွားရောက်မည့်ခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းနေကြောင်း ထုတ်ဖော် ပြောကြားသည်။

၂ဝ၁ဝ နိုဝင်ဘာလက လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ နောက်ပိုင်းတွင် တပ်မတော်လွှမ်းမိုးသော နိုင်ငံရေးစနစ်အပေါ် ဆန့်ကျင်သည့် သဘောထားကို ပြောင်းပြန်လှန်လိုက်ပြီး ယခုအခါ ဧပြီကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည် ဖြစ်သည်။ ပြီးခဲ့သောမတ်လတွင် တပ်မတော်အစိုးရထံမှ အရပ်ဖက်အစိုးရထံသို့ အာဏာလွှဲပြောင်းပြီး နောက်ပိုင်း မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုများစွာ ထွက်ပေါ်လာခဲ့ရာတွင် မီဒီယာတင်းကြပ်မှုနှင့် အင်တာနက်ပိတ်ဆို့မှုများ လျှော့ချ ဖယ်ရှားပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ နိုင်ငံရေးအကျဉ်းသား ရာနှင့်ချီ၍ လွှတ်ပေးခြင်းတို့ ပါဝင်သည်။

ကက်သရင်းအက်ရှ်တန်က သူမ၏ ထိပ်တန်းအကြံပေးတစ်ဦးကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပြီး မြန်မာအစိုးရအဖွဲ့ဝင် ၂၄ ဦး၏ ခရီးသွားလာခွင့် တားမြစ်မှုနှင့် ပိုင်ဆိုင်မှုထိန်းချုပ်ထားခြင်းတို့ကို ဖယ်ရှားပေးခဲ့ပြီး ဖြစ်သည်။ ယခုလအစောပိုင်းတွင် အီးယူက ယင်း၏ ထောက်ပံ့မှုအစီအစဉ်များကို စီမံရန်နှင့် နိုင်ငံရေးဒိုင်ယာလော့ကို အားပေးမြှင့်တင်ရန်အတွက် မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်တော့မည်ဟု ကြေညာခဲ့သည်။

အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် သံတမန် ဆက်ဆံရေး အပြည့်အဝ ပြန်လည် ထူထောင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ပြီး ဧပြီလ ရွေးကောက်ပွဲများ လွတ်လပ်မျှတပါက Sanctions များ အားလုံး ရုတ်သိမ်းပေးရန် စဉ်းစားသုံးသပ်လျက် ရှိသည်။

***********************************************************************

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေး၏ အချက်အချာကျသော ပုဂ္ဂိုလ်ဖြစ်လာ

(Times of India မှ 23 January 2012 ရက်စွဲပါ AFP ၏ Suu Kyi becomes key to complex Myanmar politics ကို ဘာသာ ပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် အရေးပါသောကဏ္ဍတွင် တိုး၍ ပါဝင်လာလျက်ရှိသည်။ သူမသည် စောင့်ကြည့်လေ့လာသူများကို အံ့အားသင့်စေခဲ့သော ပြုပြင်ပြောင်းလဲရေးများ လုပ်ခဲ့သူ ဗိုလ်ချုပ်များကို ထောက်ခံလျက် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁ဝ ရွေးကောက်ပွဲ အပြီး ရက်မကြာမီတွင် နေအိမ်အကျယ်ချုပ်မှ လွတ်လာခဲ့ပြီး ထိုအချိန်မှစ၍ အရေးပါသောနေရာတွင် ရောက်လာခဲ့သည်။ သူမသည် ပြီးခဲ့သည့်နွေရာသီက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြင့် ဧပြီလ ၁ ရက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။ အသက် ၆၆ နှစ်ရှိပြီဖြစ်သော သူမအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်လာခြင်းသည် ယခင်စစ်အစိုးရ၏ ခေါင်းဆောင်မှုချဉ်းကပ်ပုံမှ ကွဲထွက်ပြီး သမိုင်းဝင် အပေါင်းလက္ခဏာ ဆောင်သောပြောင်းလဲမှုများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အရေးယူမှု ချမှတ်ထားသော အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို နွေးထွေးလာစေသည်။ စောင့်ကြည့်လေ့လာသူများက ပြောကြားရာတွင် အစိုးရသစ်၏ ပါဝါချိန်ခွင်လျာသည် ပြုပြင်ပြောင်းလဲရေးသမား အငြိမ်းစားဗိုလ်ချုပ်ကြီးနှစ်ဦး ဖြစ်သည့် ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့အပေါ်တွင်သာ ရှိနေရာမှ ဒေါ်အောင်ဆန်းစုကြည်သည် တတိယ ပလေယာတစ်ဦး ဖြစ်လာသည်ဟု ဆိုကြသည်။

“စစ်တပ်က မျိုးဆက်သစ်တွေဟာ သူမနဲ့အတူတကွ အလုပ်လုပ်ဖို့ နည်းလမ်းရှာဖွေခဲ့ပြီး သူမကလည်း အဲဒီ မျိုးဆက်သစ်တွေနဲ့ အတူ အလုပ်လုပ်ဖို့ သဘောတူခဲ့ပါတယ်” ဟု ဒေါက်တာအောင်ထွန်းသက်က ပြောသည်။ “ဘဝမှာ တစ်ခါသာ ရနိုင်တဲ့ ပြောင်းလဲမှုအတွက် အခွင့်အလမ်းကို ကျွန်တော်တို့ ပထမဆုံးတွေ့ရပါပြီ” ဟု ယင်းက ဆိုသည်။

ယခင်စစ်အစိုးရတွင် နံပါတ်သုံးခေါင်းဆောင်ဖြစ်ခဲ့သူ ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းသို့ ရောက်လာမည်ကို ကြိုဆိုကြောင်း အခမ်းအနားတချို့တွင် ပြောကြားခဲ့သည်။ ယခင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အလွန်မုန်းတီးသဖြင့် နှစ်ပေါင်းများစွာ အကျဉ်း ချထားခြင်း ခံရသော ဒေါ်အောင်ဆန်းစုကြည်အဖို့ ဦးရွှေမန်း၏ မှတ်ချက်မှာ အလွန်ကြီးမားသော နိုင်ငံရေးအရ ပြန်လည်မွေးဖွားခြင်း အထိမ်းအမှတ်ပင် ဖြစ်သည်။

ဦးသန်းရွှေသည် တရားဝင်အနားယူသွားပြီဟု ဖော်ပြကြသော်လည်း ဩဇာရှိနေဆဲဟု အများက ယုံကြည်လျက် ရှိသည်။ စောင့်ကြည့်လေ့လာသူ များက အလေးအနက်ထား ပြောကြားသည့်အချက်မှာ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ အချိန်မရွေး ပျက်သွားနိုင်ကြောင်း၊ စစ်တပ်တွင်း ပြောင်းလဲမှုများအတွက် တုန်လှုပ်ပြီး စိုးရိမ်နေမည် ဖြစ်ကြောင်း ဆိုသည့်အချက်ဖြစ်သည်။ အများစုက ပြုပြင်ပြောင်းလဲရေးသမားများ အောင်မြင်မည် သို့မဟုတ် မအောင်မြင်မည်ကို သတိဖြင့် စောင့်ကြည့်လျက်ရှိသည်။ ယခုစနစ်သစ်သည် အများ၏ အားကောင်းစွာ ထောက်ခံမှုရရေးအတွက် စီးပွားရေးအရ အောင်မြင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေလျက် ရှိသည်။ ထို့ကြောင့် အစိုးရသည် အနောက်နိုင်ငံများ၏ ထောက်ခံပံ့ပိုးမှုနှင့် အရေးယူမှုများ ရုတ်သိမ်းသွားရန် လိုလားလျက်ရှိသည်။ ထိုကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဩဇာလွှမ်းမိုးမှုမှာ ကြီးမားလှသည်။ သူမအပေါ် အီးယူနှင့် အမေရိကန် တို့က သဘောကျလေးစားလျက်ရှိရာ ပြည်သူ့အမြင်အတွက် သူမသည် အားကောင်းစွာ ဩဇာလွှမ်းမိုးလျက်ရှိသည်။

“ကျွန်တော်တို့က သူမကို ဗီတိုအာဏာ လုံးဝပေးတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် သူမ ယုံကြည်စိတ်ချတာနဲ့အမျှ ကျွန်တော်တို့ကလည်း စိတ်ချယုံကြည်မှာပါ” ဟု ဆီနိတ်တာ Joseph Lieberman က မကြာသေးမီက ဘန်ကောက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ မကြာသေးမီလများအတွင်းက သူမသည် နိုင်ငံခြားမှ ခေါင်းဆောင်များ လာရောက်သည့်အခါ မရှိမဖြစ် ဆွေးနွေးဖက် ဖြစ်လာခဲ့ပြီး ထိုအခါမျိုးတွင်လည်း သူမအနေဖြင့် အစိုးရအား မဝေဖန်မိအောင် သတိထားဆွေးနွေးသည်ကို တွေ့ရသည်။ “သူမဟာ ထင်ရှားတဲ့ ဇာတ်ကောင်တစ်ဦး (Icon) ဘဝကနေ အန္တရာယ်တွေပါဝင်နေတဲ့ မရှောင်သာတဲ့ ဝိရောဓိတွေကြားမှာ နိုင်ငံရေးသမားတစ်ဦးအဖြစ် အသွင်ပြောင်းသွားပါတယ်” ဟု သူမထံ မှန်မှန်လည်ပတ်လေ့ရှိသော စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

ဖခင်ဖြစ်သူဦးရွှေမန်းအား ကူညီလုပ်ကိုင်ပေးနေသော သားဖြစ်သူ ဦးတိုးနိုင်မန်းက အစိုးရ၏ ထိပ်တန်း ပြုပြင်ပြောင်းလဲရေးသမားနှစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်ရေးသည် တိုင်းပြည်အနာဂတ်အတွက် သော့ချက်ဖြစ်သည်ဟု ယုံကြည်ထားသည်။ “သူတို့သုံးဦးဟာ နောက်ထပ်ငါးနှစ် အတူတကွ အလုပ်လုပ်နိုင်ပါသေးတယ်။ ဒါဟာ သူတို့ရဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော အခွင့်အရေးပါပဲ။ ဒီအခွင့်အလမ်းကို ယူနိုင်မယူနိုင် ဆိုတာကတော့ သူတို့အပေါ် တည်ပါတယ်။” ဟု ယင်းက AFP သို့ ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်နှင့် စကားပြောပြီးနောက် နိုင်ငံရေး ပင်မရေစီးကြောင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ အချို့ကောလဟာလများက သူမသည် မကြာမီ အစိုးရအဖွဲ့တွင်းသို့ ရောက်ရှိနိုင်သည်ဟု ဆိုသော်လည်း မဖြစ်နိုင်ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။

ဗိုလ်ချုပ်ကြီးများသည် ပါလီမန်ဒီမိုကရေစီကို သယ်ဆောင်လာသူများဖြစ်သော်လည်း ဥပဒေပြုရေးတွင် စစ်တပ်မှ လွှမ်းမိုးနေဆဲ ဖြစ်ရာ သူမ အနေဖြင့် အခန်းကဏ္ဍသစ်အတွက် အလျင်အမြန်လေ့လာနေရသည်။ “ဒေါ်အောင်ဆန်းစုကြည်အဖို့ သူတစ်ခါမှမကြုံဖူးတဲ့ အခြေအနေကို ရောက်နေပါတယ်” ဟု စောင့်ကြည့်လေ့လာသူမှာ ဆိုသည်။ သို့သော်သူမသည် ဒီမိုကရေစီလှုပ်ရှားမှု၏ ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေရန်လည်း ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ထားသည်။ ထိုကိစ္စကို NLD မှ ခွဲထွက်ထားသော အမျိုးသားဒီမိုကရေစီအင်အားစု (NDF) မှ အဖွဲ့ဝင်များက ခါးသီးသော်လည်း ထိုလမ်းကို သိရှိထားပြီဖြစ်သည်။ NDF က NLD သည် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ခြင်းကို မှားယွင်းသည်ဟု ယုံကြည်သူများဖြစ်သည်။

NDF ခေါင်းဆောင်ဦးခင်မောင်ဆွေက ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ပြီးကတည်းက ယင်းတို့နှင့် အဆက်အသွယ်မရှိခြင်းအပေါ် နားမလည်ဖြစ်ရကြောင်း ဆိုသည်။ လွန်ခဲ့သော တစ်နှစ်ခွဲကတည်းက ဝင်ခဲ့မည်ဆိုပါက အသိအမှတ်ပြုလိမ့်မည်ဖြစ်ကြောင်း ယင်းက ပြောသည်။ “အဲဒီအချိန်တုန်းက မင်းတို့မှန်ပါတယ်။ ငါတို့ မှားခဲ့ပါတယ်လို့ ပြောဖို့အင်အား ရှိမယ်မထင်ပါဘူး” ဟု ဦးခင်မောင်ဆွေက ပြောသည်။ “သူမဟာ ကျွန်တော်တို့ထက် အများကြီး ကြီးကျယ်တဲ့သူပါ။ ကျွန်တော်တို့ကို တွေ့ဖို့အချိန်ရမယ် မထင်ပါဘူး။” ဟုလည်းဆိုသည်။ သို့သော် သူမသည် အတိုက်အခံတို့၏ စစ်မှန်သော ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ကြောင်း ဝန်ခံသည်။ “ပြည်သူတစ်ရပ်လုံး အပေါ်မှာ ဩဇာလွှမ်းမိုးနိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။

***********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs