Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၆.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဦးခင်ရွှေကြီး ဆရာမွေးခြင်း၏နောက်ကွယ်

**********************************

ဆောင်းပါးကဏ္ဍ

ဦးခင်ရွှေကြီး ဆရာမွေးခြင်း၏နောက်ကွယ်

အောင်မောင်း

                မြန်မာ့နိုင်ငံရေးတွင် ဆရာမွေး တပည့်မွေးသည့် အလေ့အကျင့်မှာ အစဉ်အလာဟုပင် ဆိုရလောက်ပါသည်။ ယခုလည်း ထိုအစဉ်အလာကို လိုက်၍ ဇေကမ္ဘာဦးခင်ရွှေက ၎င်းတည်ထောင်ထားသော ဖောင်ဒေးရှင်း၏ နာယကရာထူးအတွက် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို တစ်လလျှင် ဒေါ်လာငါးထောင်ဖြင့် အလုပ်ပေးကမ်းလှမ်းလိုက်သည်။ ပြည်ထောင်စုဝန်ကြီးတစ်ဦးထက်များပြီး ဒုတိယသမ္မတများနှင့် တန်းတူ ဖြစ်ကာ နိုင်ငံတော်သမ္မတ အောက် အနည်းငယ်သာလျော့သည့် လစာမျိုးပင်ဖြစ်သည်။ ဦးခင်ရွှေအနေဖြင့် တရံရောအခါက  မြန်မာ့နိုင်ငံရေးတွင် ဘုန်းမီးနေလ တောက်ပခဲ့သည့် ဝန်ကြီးချုပ်ဟောင်းကို လစာအမြောက်အများပေးထားပြီး မည်သည့်နေရာတွင် အသုံးချမည်နည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သော ဦးခင်ရွှေအနေဖြင့် နိုင်ငံရေးတွင် ပိုမိုလှုပ်ရှားနိုင်ရန်အတွက် ဝန်ကြီးချုပ်ဟောင်းကို အိမ်ဦးခန်းပင့်၍ နိုင်ငံရေး ကျူရှင်ယူခြင်းလော၊ သို့တည်းမဟုတ် ယခင်က ဦးခင်ညွန့် တရားမဝင်ထူထောင်ခဲ့သည့် လုပ်ငန်းများနှင့် ငွေကြေးများ ဦးခင်ရွှေထံတွင် ရှိနေ၍လော စသည်ဖြင့် အကြောင်းအရာများကို စဉ်းစားကြည့်လျှင်

နိုင်ငံရေးမှာ ဦးခင်ရွှေက ချာတိတ်ပါ

တစ်ချိန်က ပြည်သူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရသော ထောက်လှမ်းရေးအကြီးအကဲကို အိမ်ဦးခန်းတွင်ထား၊ ၎င်းကို သစ္စာခံသော ထောက်လှမ်းရေးဟောင်းတွေကို တဖြည်းဖြည်း ပြန်လည်စုစည်း၍ ဦးခင်ရွှေ၏ မြရိပ်ညိုဖောင်ဒေးရှင်းကြီးကို  ဂိုဏ်းကြီးတစ်ဂိုဏ်းအသွင် ဖန်တီးကာ အခါတော်ပေးသည့် တစ်နေ့ အာဏာသိမ်းမည်ဟူသည့် အကြံအစည်ကြီးမျိုးကို အတွေးတိမ်သည့် ဦးခင်ရွှေ ကြံစည်နိုင်လိမ့်မည်မဟုတ်ပေ။ ဦးခင်ညွန့် ပြန်လည်ကောင်းစားသည့်တစ်နေ့ ဦးခင်ရွှေလည်း ဒုတိယဦးတေဇ၊ ဒုတိယဦးထွန်းမြင့်နိုင်ဖြစ်ပြီဟု အိပ်မက်မက်မှုမျိုး ဦးခင်ရွှေထံတွင် မရှိနိုင်ပေ။ ထိုအတွေးမျိုးရှိလျှင် ၎င်းနှင့် ခမည်းခမက်တော်သူ သူရဦးရွှေမန်းကို အသုံးချရန် ကြိုးစားမည်ဖြစ်သည်။ သို့ရာတွင် သူရဦးရွှေမန်းမှာ လူမှန်ဖြစ်နေ သောကြောင့် အသုံးချရန် မလွယ်ကူသည့် အချက်ကြောင့် ဦးခင်ညွန့်ကို ပြန်လည်စင်တင်ရန် ကြိုးစားခြင်းလည်း ဖြစ်နိုင်ပါသည်။  သို့သော် နိုင်ငံရေးတွင် ချာတိတ်တစ်ဦးသာဖြစ်သူ ဦးခင်ရွှေမှာ ထိုမျှလောက် နိုင်ငံရေးအမြင် ရှိပုံလည်း မပေါ်ပေ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ခမည်းခမက် မျက်နှာကြောင့်ရော၊ ဓနအင်အားကြောင့်သာ နိုင်ငံရေးထဲ အုတ်ရောရော ကျောက်ရောရောပါလာသူ ဦးခင်ရွှေမှာ  လွှတ်တော် ကိုယ်စားလှယ်ဖြစ်လျှင် အခွင့်အရေး တစုံတရာ ရမည်ဆိုသည့် အတွေးထက် ပိုခဲ့ပုံမရ။ ထိုအကြံအစည်ဖြင့်ပင် လယ်သမားတွေထံမှ လယ်တွေကို ခပ်တည်တည် သိမ်းဖို့ လုပ်ရင်း၊ နိုင်ငံပိုင် ပစ္စည်းတွေကို လက်ဝါးကြီး အုပ်ဖို့ကြံရင်း တစ်နေ့တစ်ခြား အပုပ်နံ့တွေ ထွက်လာသည်။ သူရဦးရွှေမန်းကလည်း ကယ်မည့်ပုံ မပုံ၊ သမ္မတကလည်း ပြည်သူကို အနိုင်ပေးသည့်အနေဖြင့် ဝန်ကြီးများရုံးကို ဦးခင်ရွှေလက်ထဲ မထည့်ခဲ့။ ၎င်းပိုင်ဆိုင်ထားသည့် ဓနအင်အားမှာလည်း ကော်မတီတစ်ခုနှစ်ခုလောက်ကို ဝယ်နိုင်ရုံမျှထက် မပိုပေ။ ထို့ကြောင့် နိုင်ငံရေးပါးမဝသူ ဦးခင်ရွှေနှင့် လက်ရှိအစိုးရက မျက်စေ့ဒေါက်ထောက် ကြည့်နေမည်ဖြစ်သည့် အစွယ်ကျိုးပြီး အဆိပ်မရှိတော့သော ဝန်ကြီးချုပ်ဟောင်းတို့၏ အကြောင်းဆက် ပေါင်းဖက်မှုမှာ မြန်မာ့နိုင်ငံရေးအတွက် စိုးရိမ်ဖွယ်ရာ မရှိပါဟု ဆိုနိုင်သည်။ အကယ်၍များ မိုးမပြိုဘူး ပြိုခဲ့သည်ရှိသော်ဟူသည့် ကိစ္စရပ်မျိုးသာရှိခဲ့ပါမူ မြန်မာ့နိုင်ငံရေးတွင် ဒေဝဒတ်နှင့် အဇာတသတ် ပေါင်းမိကြ၍ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ ဟူ၍ ကံကိုပင် ယိုးမယ်ဖွဲ့ရတော့မည်ဖြစ်သည်။

စီးပွားရေးတွင်လည်း အလယ်တန်းဆင့်မအောင်

ဇေကမ္ဘာသူဌေးကြီးဆိုသည့် ဂုဏ်ပုဒ်မှာ လူကြားသူကြားထဲ အာကျယ်ကောင်းရုံ တောသူဌေးအဆင့်မျိုးထက် မပိုပေ။ ဦးခင်ရွှေမှာ စိန်နားကပ်ရောင်ဖြင့် ပါးပြောင်ခဲ့သော်လည်း သူ၏စီးပွားရေးအပေါ် ပါးနပ်မှုမျိုးမှာ ယုနဇဦးဌေးမြင့် တစ်ဝက်မျှပင်မရှိ၊ ဒုသမ္မတ အားကိုးသော ဦးထွန်းမြင့်နိုင်နှင့်ဆိုလျှင် ဟဲဗီး ဝိတ်နှင့် ဖလိုက်ဝိတ်၊ ဦးတေဇနှင့် ဆိုပါကလည်း ဆင်နှင့်ဆိတ်နီးပါး ကွာသည်။ ဦးခင်ရွှေမှာ  သူရဦးရွှေမန်း ဗိုလ်ချုပ်ကြီး ဘဝက ဆွေမျိုးစပ်နိုင်ခဲ့၍သာ ယနေ့အခြေအနေမျိုး ရှိလာခဲ့ခြင်းဖြစ်သည်။ အထက်က စီးပွားရေးသမားများနှင့် အရည်အချင်း ကွာသည့်အချက်ကို ထင်သာမြင်သာအောင် ပြရလျှင် ဦးထွန်းမြင့်နိုင်မှာ ဂလိုဘယ်စီးပွားရေးနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်မှုမျိုး ရှိသည်။ ၎င်း၏ ကုမ္ပဏီခွဲတွေမှာ ဟောင်ကောင်၊ စင်္ကာပူနှင့် တရုတ်ပြည်တွင် ရှိနေသည်။ အထူးသဖြင့် တရုတ်အစိုးရ၏ နောက်ကွယ်မှ ထောက်ပံ့မှုကို ရနေသည်ဖြစ်ရာ ဦးခင်ရွှေကဲ့သို့ ဇနပုဒ်တွင် သူဌေးဘွဲ့ခံနေသည့် သူမျိုးကို ပြိုင်ဘက်ဟုပင် သဘောထားပုံမရပေ။ ထို့ကြောင့် ဦးခင်ရွှေအနေဖြင့် ထိုကဲ့သို့ စီးပွားရေးသမားများနှင့် တန်းချင်းယှဉ်နိုင်ရန် ဝန်ကြီးချုပ်ဟောင်း ကို ဆရာတင်လိုခြင်း (သို့မဟုတ်) စီးပွားရေး ကျူရှင်ယူခြင်းက ပို၍ ဖြစ်နိုင်ခြေရှိသည်။

ဦးခင်ညွန့်၏ သားဖြစ်သူ ကိုရဲနိုင်ဝင်းမှာ အရည်အချင်းရှိပြီး စီးပွားရေးအမြင်လည်း ရှိသူဟု ဆိုရမည်ဖြစ်သည်။ ၎င်း၏ ဖခင်ဝန်ကြီးချုပ်ဖြစ်နေ၍ စီးပွားရေးလုပ်ငန်းကြီးတွေ ပိုင်ဆိုင်ခဲ့သည်ဟု ဆိုစေကာမူ ထိုကဲ့သို့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးများနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်သည့် လူငယ်လေး တစ်ဦး၏ အရည်အချင်းကို အသိအမှတ် ပြုရပေလိမ့်မည်။ ယိုးဒယားမှ သက်ဆိုင်ပိုင်ဆိုင်သော CP ကုမ္ပဏီကဲ့သို့ ကုမ္ပဏီမျိုးကို မြန်မာနိုင်ငံသို့ ခေါ် ဆောင်လာသူမှာ ကိုရဲနိုင်ဝင်း ဖြစ်သည်။ မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့ထားမှုတွေ ရှိနေသည့်အတွက် မက်ဒေါ်နယ်ကဲ့သို့ ဆိုင်မျိုးမရှိခဲ့စေကာမူ ယနေ့တွေ့နေရသည့် Café Aroma ကဲ့သို့ ဆိုင်မျိုးများ ဖြစ်အောင်လုပ်နိုင်ခဲ့သည့် အိုင်ဒီယာလည်း ရှိပြန်သည်။ ထို့ကြောင့် ကိုရဲနိုင်ဝင်း၏ လှုပ်ရှားမှု၊ ဖခင်ဖြစ်သူ ဦးခင်ညွန့်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့၏ ပုဂ္ဂိုလ်ရေးရင်းနှီးမှုများဖြင့် ဇေကမ္ဘာကုမ္ပဏီကို ကမ္ဘာ့ဈေးကွက်အတွင်း ထိုးဖောက်၍ မြန်မာပြည်မှ ဒိတ်ဒိတ်ကျဲ စီးပွားရေးသမားများနှင့် တန်းချင်းယှဉ်ရန် ကြိုးပမ်းခြင်းဆိုသည်မှာ ဖြစ်နိုင်ခြေ အရှိဆုံးဖြစ်သည်။ နှိုင်းယှဉ်ပြရလျှင် မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာကို ပရိုတွန်ကားကုမ္ပဏီက စီအီးအိုခန့်သည့် သဘောမျိုးဖြစ်သည်။ ဘုန်းမီးနေလတောက်ပစဉ်က အတွင်းရေးမှူး(၁)ဟု လူသိများခဲ့သည့် ဦးခင်ညွန့်မှာ ဌာနပေါင်း၊ ကော်မတီပေါင်း မြောက်များစွာ၏ နာယက၊ ဥက္ကဋ္ဌ တာဝန်များကို ယူခဲ့သည်ဖြစ်ရာ စီမံခန့်ခွဲမှုတွင် အရည်အချင်း မညံ့လှသည်ကတော့ ဝန်ခံရမည်ပင် ဖြစ်သည်။  ဦးခင်ညွန့်တို့သားအဖ၏ အကူအညီ၊ တစ်ဖက်တွင်လည်း ကိုတိုးနိုင်မန်းကဲ့သို့ ပုဂ္ဂိုလ်မျိုး၏ အရည် အချင်းနှင့် အရှိန်အဝါလည်း ရှိနေသည်ဖြစ်ရာ စီးပွားရေးတွင် အလယ်တန်းမအောင်သူ တောသူဌေး ဦးခင်ရွှေမှာ မာစတာဘရိန်းတွေကို ငွေပေး၍ အလုပ်ခန့်သည့် သဘောမျိုးဖြစ်သည်။ ဦးခင်ညွန့် ကိုယ်တိုင်ကပင်လျှင် မိသားစုစားဝတ်နေရေးကိုသာ ကြိုးပမ်းတော့မည်ဖြစ်ပြီး နိုင်ငံရေးတွင် ပါဝင် ပတ်သက်မှု ပြုတော့မည်မဟုတ်ဟု ဆိုထားခဲ့ရာ ဦးခင်ရွှေ ဦးခင်ညွန့်ကို ဆရာမွေးခြင်းမှာ စီးပွားရေး အတွက်သာ ဖြစ်နိုင်ပါသည်။

ပြည်သူ့မေတ္တာ ခံယူဦးမည်

တစ်ချိန်က မည်မျှပင် ကမ်းကုန်အောင် အာဏာပြခဲ့စေကာမူ ခွင့်လွှတ်လွယ်၊ သနားလွယ်သော မြန်မာပြည်သူတွေမှာ ဝန်ကြီးချုပ်ဟောင်း အကျယ်ချုပ်က လွတ်ပြီဆိုသည်နှင့် ဝမ်းသားအားရ ဖြစ်ခဲ့ကြပြီး ဦးခင်ညွန့်မှာ ယခင်က ကဲ့သို့ပင် ကျော့ကျော့မော့မော့ မရှိတော့ဘဲ ဇရာ၏ အထုထောင်းကို ခံနေရပြီဟု ဂရုဏာပင် ဖြစ်လိုက်ကြသေးသည်။ ထိုသသို့ ပြည်သူတွေ၏ ဝန်ကြီးချုပ်ဟောင်းအပေါ် သက်နေသည့် ဂရုဏာတွေမှာ ဟောင်ဖွာဟောင်ဖွာနှင့် ဓနဂုဏ်၊ ရာထူးဂုဏ်မောက်၍ ရမ်းကားမှုတွေကြောင့် နာမည်ပျက်နေရသူ ဦးခင်ရွှေကြောင့် မကြာမီပင် ပျောက်ကွယ်သွားနိုင်သည်။ ယခုပင်လျှင်  ပြည်သူက စောင့်ကြည့်နေကြပြီဖြစ်သည်။ ဆိုရလျှင် ဦးခင်ရွှေ ဆရာမွေးခြင်းမှာ ရိုးရိုးသားသား အကြံအစည်ဖြင့် စီးပွားရေးအတွက် တရားမျှတစွာ ပညာသင်ယူဖို့ သက်သက်ဆိုပါက ထွန်းသစ်စ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဈေးကွက်ကို ဝင်ရောက် ကစားနိုင်သော စီးပွားရေးသမား တစ်ဦးတိုးလာခြင်းအတွက် ဝမ်းမြောက်ဖွယ်ရာ ဖြစ်သည်။ သို့သော် စီးပွားရေးတွင်လည်း ယခုထက် ပိုမိုရမ်းကားပြီး နိုင်ငံရေးအာဏာဘက်ပါ မျက်စောင်းထိုးလာခဲ့လျှင် ပြည်သူ့မေတ္တာ ရဦးမည်ဖြစ်သလို  အစိုးရ၏ မေတ္တာကိုပါ ခံယူရင်း ဦးခင်ရွှေကိုယ်တိုင်ပင်လျှင် နိုင်ငံရေးအကျဉ်းသား ဟူသည့် ဂုဏ်ဒြပ်ကြီးကြီးကိုသာ ပိုင်ဆိုင်ရဖွယ် ရှိတော့မည် ဖြစ်သည်။

************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၆.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မီဒီယာနှင့်ဒီမိုကရေစီ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်မည်
  2. မိုးကောင်း ရုံပိုင်ကို မီးရထားရဲလေးဦးက ထိုးကြိတ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နော်ဝေနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်ရှိ
  1. ရွှေညဝါ ဆရာတော်အတွက် အန်အယ်ဒီမှ ဆောင်ရွက်မည်
  2. မွန်ပြည်သစ်ပါတီ ဖေဖော်ဝါရီ ၁ရက်နေ့တွင် အစိုးရနှင့်  ငြိမ်းချမ်းရေးကိစ္စဆွေးနွေးမည်

 

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မီဒီယာနှင့်ဒီမိုကရေစီ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်မည်

ဇန်န၀ါရီလ နောက်ဆုံး ရက်သတ္တ ပတ်အတွင်း ပြည်ပအခြေစိုက် မြန်မာမီဒီယာများ ပါဝင်သည့် မီဒီယာနှင့် ဒီမိုကရေစီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန် ပြန်ကြားရေးဝန်ကြီးဌာနမှ စီစဉ်နေကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဘီဘီစီ(မြန်မာပိုင်း)မှ ဌာနမှူး ဒေါ်တင်ထားဆွေ၊ ဗီအိုအေ(မြန်မာပိုင်း)မှ ဌာနမှူး ဦးသန်းလွင်ထွန်း၊ အာအက်အေ(မြန်မာပိုင်း)မှ သတင်းအယ်ဒီတာ ဦးခင်မောင်စိုး၊ အိန္ဒိယအခြေစိုက် မဇ္ဇိုမ သတင်းဌာနမှ အယ်ဒီတာချုပ် ဦးစိုးမြင့်နှင့် အယ်ဒီတာ ဦးစိန်ဝင်းနှင့် ဧရာဝတီ သတင်းဌာနမှ ကိုအောင်ဇော်တို့  ဇန်နဝါရီလကုန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

စတုတ္ထအကြိမ် ကျင်းပမည့် လွှတ်တော်တွင် အတည်ပြုမည်ဟု သတင်းများ ထွက်ပေါ်နေသည့် မီဒီယာဥပဒေတွင် ထည့်သွင်းရမည့် အချက်များကို သိရှိစေလို၍ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများကို ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။

“အောင်ဇော်က ၂၉ ရက်နေ့ရောက်မယ်၊ ကိုစိန်ဝင်းတို့ ကိုစိုးမြင်တို့ကတော့ ဇန်နဝါရီ ၂၆ ရက်ဆို ရောက်ပြီ”ဟု ယင်းတို့နှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

ပြည်ပအခြေစိုက်  မြန်မာသတင်းဌာနများတွင် ထောက်ပံ့ငွေ အများဆုံးရရှိသည့် ချင်းမိုင်အခြေစိုက် ဧရာဝတီသတင်းဌာန အနေဖြင့် မြန်မာနိုင်ငံ အတွင်းတွင် သတင်းဌာန တစ်ခုထူထောင်ရန် အမြန်ကြိုးပမ်းနေခြင်းသည် စိတ်ဝင်စားစရာ ဖြစ်ကြောင်း ချင်းမိုင်မြို့မှ မြန်မာ့အရေးလှုပ်ရှားသူတစ်ဦးက ပြောကြားသည်။

“ကိုအောင်ဇော်က တော်တော် ချမ်းသာနေပြီဗျ။ မီဒီယာမလုပ်ဘဲ ပြည်တွင်းမှာ သူဌေးလိုနေလို့ရတာကို ပြည်တွင်းမှာ သတင်းဌာနတစ်ခု အမြန်ထောင်ဖို့ ကြိုးစားနေတာ ထူးခြားတယ်”ဟု ယင်းကဆက်လက် ပြောကြားသည်။

KS

-----------------------------------------------------------------------------------------------------------------------------------

မိုးကောင်း ရုံပိုင်ကို မီးရထားရဲလေးဦးက ထိုးကြိတ်

ကချင်ပြည်နယ်မိုးကောင်း မြို့နယ်၏ ရထားဘူတာရုံ၏ ရုံပိုင်ကို မီရထားရဲလေးဦး ဝိုင်းဝန်းထိုးကြိတ်မှုဖြင့် အမှုဖွင့်ထားကြောင်း မြန်မာ့မီးရထား ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်အပတ်က ဖားကန့်မှဆင်းလာသော ကျောက်တူးလုပ်သားများ သောင်းနှင့်ချီပြီး မိုးကောင်းဘူတာတွင် သောင်တင်နေကြောင်း ရထားရုံပိုင်အနေဖြင့် လက်မှတ်ဝယ်နိုင်သူများသာမက လက်မှတ်ဝယ်ရန် မတတ်နိုင်သူများကို ရထားလိုက်ပါနိင်ရန်အတွက် တွဲများပေါ်မျှတင်နေရာ လုံခြုံရေးရဲများက ခရီးသည်များကို အတင်မခံသကဲ့သို့ ခရီသည်အချို့၏ အိပ်များပစ္စည်းများကို ကန်ချပြီး တွဲတံခါးပေါက်ကိုပိတ်ထားသဖြင့် ရုံပိုင်လေးမှ သွားရောက်ပြောဆိုရာမှ အငြင်ပွား စကားများပြီး ရဲလေးဦးမှ ရုံပိုင်ကို ဝိုင်ဝန်းထိုးကြိတ်ခြင်းဖြစ်ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ တစ်ဦးက ပြောကြားသည်။

တရပ်တကြေးက ဒုက္ခရောက်နေသူတွေကို မိုးကောင်းမြို့ခံများက ထမင်းထုပ်များဝေငှခြင်း၊ ရေသန့်ဗူးများ လှူဒါန်းခြင်းကဲ့သို့ လူသားခြင်း စာနာဖြင့် လုပ်ဆောင်ခဲ့ချိန် ကူညီပါရစေဆိုသည့် ရဲများက တိုက်ပွဲများကြောင့် ဒုက္ခရောက်လာသူများကို ယခုလိုဆက်ဆံခြင်းသည် မဖြစ်သင့်ကြောင်း မိုးကောင်းမြို့ခံတစ်ဦးက ပြောကြားသည်။

ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများသည် အောက်ခြေဝန်ထမ်းများကြောင့် ပြည်သူများ ပြုပြင်ပြောင်းလဲများကို ယုံကြည်မှု လျှော့ကျစေ နိုင်ကြောင်း အောက်ခြေဝန်ထမ်းများကို ပညာပေးရန်လိုအပ်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။

KIA နှင့် အစိုးရတို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဖားကန်သို့ အတက်ကားလမ်းကို KIA မှပိတ်လိုက် အခြေခံ အလုပ် သမားများမှာ ဝင်ငွေမရှိတော့သဖြင့် စားဝတ်နေရေးခက်ခဲသဖြင့် နေရင်ဒေသသို့ပြန်ရန် မိုးကောင်းဘူတာတွင် ရထားစောင့်ရင်း သောင်တင်သူမှာ သောင်းဂဏန်းအထိရှိကြောင်း ဒေသခံ များက ပြောကြားသည်။

MP

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နော်ဝေနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်ရှိ

နော်ဝေနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Jonas Gahr Store ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီးအဖွဲ့မှ နေပြည်တော်ရှိ သမ္မအိမ်တော် သံတမန်ဆောင် ဧည့်ခန်း၌ ဇန်န၀ါရီလ ၂၅ရက်နေ့ ညနေ ၃ နာရီတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.S. Ms. Katja Nordgaard တက်ရောက်ခဲ့ပြီး လက်ရှိ တိုးတက်နေမှုများနှင့် နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်မှုကိစ္စများလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ယခင်အချိန်တွင် နော်ဝေနိုင်ငံမှ ကုမ္ပဏီများအား မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နှံမှုမလုပ်ရန် တားမြစ်ခြင်းကိုလည်း ဖယ်ရှားပေး ခဲ့သလို နော်ဝေနိုင်ငံသို့  ပြည်ဝင်ခွင့် ဗီဇာဟန့်တားထားသည့် မြန်မာအစိုးရ အကြီးအကဲစာရင်းများအား ပြင်ဆင်လိုက်ခြင်းများသည် ယခုလက်ရှိတွင် မြန်မာနိုင်ငံ၏ ပြောင်းလဲမှု ကြောင့်ဖြစ်သည်ဟု Mr. Jonas Gahr Storeက ပြောကြားသည်။

ယင်းနောက် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် သံတမန်ဆက်သွယ်ထားရှိရန်ကိုလည်း အမေရိကန်မှ မြန်မာနိုင်ငံအပေါ်ထားသည့် မူဝါဒများကို စံသတ်မှတ်ပြီး မြန်မာနိုင်ငံ၏ မူဝါဒဆိုင်ရာ တိုးတက်မှုသည်လည်း ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအခြေအနေပေါ်တွင် မူတည် နေသည်ဟုလည်း ၎င်းက ထပ်မံပြောကြားသည်။

ထို့ပြင် ၎င်းတို့အဖွဲ့သည် ဇန်နဝါရီလ ၂၄ရက်နေ့တွင်လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်ဟုလည်း  သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ရွှေညဝါ ဆရာတော်အတွက် အန်အယ်ဒီမှ ဆောင်ရွက်မည်

မန္တလေးတိုင်း၊ အန်အယ်ဒီရုံးတွင် တရားဟောမှုကြောင့် ကျောင်းတိုက်မှ တစ်လအတွင်း ဖယ်ရှားရန် အမိန့်ချမှတ်ထားသည့် ရွှေညဝါ ဆရာတော် ဦးပညာသီဟအရေးအတွက် အန်အယ်ဒီမှ ကြားဝင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

“အန်အယ်ဒီရုံး တစ်ရုံးမှာ တရားဟောတဲ့ သံဃာတော်မှာ ဒီလိုကိစ္စ ဖြစ်ပွားတာ အန်အယ်ဒီနဲ့လည်း သက်ဆိုင်နေတဲ့အတွက် ကြားဝင်ဆောင်ရွက် ရတာပါ”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘာပတိ အဖွဲ့ခေါင်းဆောင် ဦးတင်ဦးက ပြောကြားသည်။

ယင်းကိစ္စရပ်နှင့် ပက်သက်၍ အန်အယ်ဒီမှထားရှိသည့် သဘောထားကြေငြာချက်ကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံ ပေးပို့မည် ဖြစ်ကြောင်း သိရသည်။

ရွှေညဝါဆရာတော်အား ဖေဖော်ဝါရီ ၁၉ ရက် ညနေ လေးနာရီခွဲ နောက်ဆုံးထား၍ သာဓုပရိယတ္တိစာသင်တိုက်မှ ထွက်ခွာရန် ရန်ကုန်တိုင်း ဒေသကြီး သံဃနာယက အဖွဲ့မှ ဆုံးဖြတ်ထားသည်။

“ကျွန်တော်တို့ နောက်တစ်ဆင့် လုပ်စရာရှိပါတယ်။ ဒီလိုလုပ်ပြီးမှ ဖြစ်လာတဲ့ အကျိုးရလဒ်ကိုကြည့်ပြီး ကျောင်းတိုက်က ခွာမခွာ စဉ်းစားကြ မှာပါ”ဟု ယင်းဆရာတော်နှင့် နီးစပ်သည့် တပည့်တစ်ဦးက ဆိုသည်။

ရွှေညဝါဆရာတော်သည် ၁၉၈၈ အရေးအခင်းကာလအတွင်း ဖြစ်ပွားခဲ့သည့် ကုန်သွယ်ရေးရုံးဖြစ်ရပ်တွင် တပ်မတော်သားများအား ကယ်ထုတ် ခဲ့သည့် သံဃာတစ်ပါး ဖြစ်သည်။

KS

-----------------------------------------------------------------------------------------------------------------------------------

မွန်ပြည်သစ်ပါတီ ဖေဖော်ဝါရီ ၁ရက်နေ့တွင် အစိုးရနှင့်  ငြိမ်းချမ်းရေးကိစ္စဆွေးနွေးမည်

မွန်ပြည်သစ်ပါတီမှ ဒုတိယဥက္ကဋ္ဌ နိုင်ရော့စ ဦးဆောင်သော ကိုယ်စားလှယ် ၇ဦးပါအဖွဲ့သည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးရန်အတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီများက ဇန်န၀ါရီလ ၂၄ရက်နေ့တွင် ရွေးချယ်ခဲ့သည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီမှ ငြိမ်းချမ်းရေးကိုယ်စားလှယ် ၇ဦးအဖွဲ့တွင် ပါတီ ဒု-ဥက္ကဋ္ဌ ဦးနိုင်ရော့စနဲ့ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသည့် နိုင်တလညီ၊ နိုင်လရီဂကောင်း၊ မော်လမြိုင်ခရိုင်က ဗဟိုကော်မတီဝင် ခရိုင်ဥက္ကဋ္ဌ နိုင်အေးမွန်၊ ထားဝယ်ခရိုင်ဥက္ကဋ္ဌ နိုင်ဗညးလယ်၊ သထုံခရိုင် အတွင်းရေးမှူး နိုင်ဧကနှင့် ဗဟိုစစ်ကော်မတီ ဒုတိယဗိုလ်မှူးကြီး နိုင်ဗညားချမ်းနွန်တို့ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့သည် အပစ်အခတ်ရပ်စဲခြင်းသည်သာ တင်ပြဖို့ရှိပြီး အဓိကတင်ပြခြင်းသည် နိုင်ငံရေးကိစ္စဆွေး နွေးရန်ဖြစ်သည်ဟု သိရသည်။ ပါတီဥက္ကဋ္ဌ နိုင်ထောမွန်မှ ဤအပစ်အခတ်ရပ်ဆဲခြင်းအား အစိုးရနှင့် ညှိနှိုင်းခြင်းမှာ မခက်ခဲသော်လည်း နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ရန် ခက်ခဲ ကြောင်း ဇန်န၀ါရီလ ၂၀ရက်နေ့ တွင် ကျင်းပပြုလုပ်သည့် ငါးကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲ၌ ပြောကြားသည်။

၎င်းတို့သည် အစိုးရမှ ဖိအားပေးမှုများရှိခဲ့ပါက ကာကွယ်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အခြေခံခြောက်ဖွဲ့နှင့် မဟာမိတ် ခြောက်ဖွဲ့ဖြင့် အဖွဲ့အားလုံးပေါင်း ၁၂ဖွဲ့မှ UNFC ကို ၂၀၁၁ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဖွဲ့ စည်းခဲ့ပြီး လာမည့် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အစိုးရနှင့် တွေ့ဆုံမည့်အရေးကိုလည်း မတွေ့ဆုံမီတွင် မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များက ပြည်တွင်းရှိ မွန်နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်းအသီးသီးမှ အကြံဉာဏ်များ ယူသွားမည်ဟု လည်း သိရသည်။

ATM

 *****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လွှတ်တော်မှာမေးနိုင်တဲ့ အဆိုတင်သွင်းနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စီးပွားရေးနဲ့ ပတ်သက်လို့ မကျွမ်းကျင်သူတွေလည်း ရှိမယ်၊ ကျွမ်းကျင်တဲ့သူတွေရဲ့ အပိုင်းလည်းရှိမယ်။ အခုဆို ပြည်သူတစ်ယောက် ခံစားနေရတဲ့ အချက်ကိုပဲ မေးရမယ်၊ လောလောဆယ်ဆိုရင် Exchange Rate ပေါ့၊ သာမန်လူတွေအနေနဲ့ ဆို Exchange Rate က ကျနေတယ်၊ ငွေကျပ်တန်ဖိုးတွေက မာတယ်ပြောလို့မရဘူး။ မြင့်နေတယ်၊ မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းက ကြီးနေတော့ ပို့ကုန်သမားတွေ ဒုက္ခရောက်တယ်၊ ငွေတန်ဖိုးက မြင့်သွားတော့ ပို့ကုန်တန်ဖို့အတွက် နည်းနည်းခက်သွားတယ်၊ ပို့ကုန် သမားတွေက ဆန်တို့ဘာတို့ မဝယ်နိုင်တော့ ထုတ်လုပ်မှုက မကျဘူးလား၊ အစိုးရအနေနဲ့ အခန်းကဏ္ဍက ဘယ်လိုရှိမလဲ၊ အစိုးရရဲ့ အခန်းကဏ္ဍက ဘယ်လို အထောက်အကူပြုသွားမလဲ၊ အဲဒါတွေမေးသင့်တယ်”

ဇန်နဝါရီ ၂၄ ထုတ် The Street View အတွဲ (၁) အမှတ် (၃) တွင်ပါသည့် “လွှတ်တော်မှာ မေးစေချင်သည့် မေးခွန်းများ” သတင်းမှ ဦးသန်းလွင် ဒုတိယဥက္ကဋ္ဌ (၂)၊ ကမ္ဘာဇဘဏ်လီမိတက် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (ငြိမ်း) ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- အခွန်ငွေတွေ ရသင့်သလောက် မရဘူးဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်သင့်တယ်။ ဘာကြောင့် ဒီလိုဖြစ်နေတယ် ဆိုတာတွေလည်း ပြောပြပေးပါဆရာ။

ဖြေ- ဒီနေ့ အခွန်စနစ်မှာ ချွတ်ယွင်းချက် အားနည်းချက်တွေ ရှိနေသေးတယ်။ အခွန်ကင်းလွတ်ခွင့်ရသူနဲ့ တရားမဝင် ရယူထားတဲ့သူတွေ ရှိနေတယ်။ ဒါဆိုတော့ တိုင်းပြည်ရဲ့ ရသင့်ရထိုက်တဲ့ အခွန်မရဘူး။ အဲဒီလို မရတာဟာ အခွန်ကောက်တဲ့ အဖွဲ့အစည်းရဲ့ ချို့ယွင်းချက် အားနည်းချက်ဖြစ်သလို တစ်ဖက်က အခွန်ထမ်းတွေရဲ့ တိုင်းပြည်အပေါ် ကျေပွန်ရမယ့် ဝတ္တရားကို မကျေပွန်တာရှိတယ်။ ဥပမာ- လူတစ်ယောက်က နိုင်ငံခြားမဂ္ဂဇင်း တစ်စောင်နဲ့

အင်တာဗျူးတစ်ခုမှာ သူ့ရဲ့တစ်နှစ်ဝင်ငွေဟာ ဒေါ်လာသန်းငါးရာရှိတယ်လို့ ပြောတယ်။ သူ့မှာ ဘယ်လို ကားအမျိုးအစားတွေ ရှိတယ်ပေါ့။ လေ့လာတွေ့ရှိ ရသလောက်တော့ အဲဒီလူရဲ့ ဝင်ငွေ ဒေါ်လာသန်းငါးရာကို အခွန် ၁၀ ရာခိုင်နှုန်း ဆောင်မယ်ဆိုရင် ဒေါ်လာသန်းငါးဆယ်အခွန်က ရသင့်တယ်။ သို့သော် လုပ်ငန်းတွေကို အမျိုးမျိုးခွဲပြီး အခွန်ဆောင်နေလို့ သူဘယ်လောက် အခွန်ဆောင်နေတယ်ဆိုတာကို ပြောဖို့မဖြစ်နိုင်ဘူးလို့ အကြောင်းပြတယ်။ သူဆောင်တဲ့ အခွန်အားလုံးပေါင်းလိုက်ရင် ကျပ်သန်းငါးဆယ် မကျော်ဘူး။ အဲဒီလို လူတွေနိုင်ငံမှာ အများကြီးရှိတယ်။ အခွန်ပမာဏများများ ဆောင်ရမယ့် သူတွေက မပေးတော့ လုပ်ငန်းငယ်လေးတွေက သူတို့အတွက် မျှပြီး ဆောင်ရသလိုဖြစ်နေတယ်။ အခွန်စနစ်မှာ အခုလို ပြဿနာတွေ အများကြီးရှိတယ်။

ဇန်နဝါရီ ၂၆ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၉) တွင်ပါသည့် “ဦးဟန်ထွန်း (အခွန်) နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ပထမဆုံး လှည်းကျင်းရှင်းထုတ်ကြရမှာကတော့ ဒီမိုကရေစီကို အလေးမထားခဲ့တဲ့ စနစ်ဆိုး ကြီးစိုးခဲ့တဲ့ တစ်လျှောက်လုံး တဖြည်းဖြည်း ရင့်သန် အမြစ်စွဲလာခဲ့တဲ့ ကျွန်တော်တို့ ခေါင်းထဲက ဒီမိုကရေစီနဲ့ မထိုက်တန်တဲ့ အတွေးအခေါ် အညစ်အနွမ်း အဟောင်းအမြင်း အမှိုက်သရိုက်တွေ ဖြစ်တယ်ဗျ။ ပျင်းတာ၊ စိတ်ဓာတ်သိပ် ဖျင်းတ၊ တစ်ယောက်အပေါ် တစ်ယောက် မကောင်းသတင်းလွှင့်တာ၊ ကိုယ့်ထက်သာ မနာလိုတာ၊ မုဒိတာ တရားခေါင်းပါးတာ၊ ငါသာ အသိဆုံး အတတ်ဆုံး အတော်ဆုံးလို့ တွေးတာ၊ ကိုယ်နဲ့မတူတဲ့ သဘောထားကို စိတ်ရှည်သည်းခံနိုင်စွမ်း မရှိတာ၊ ပြိုင်ဘက်ကို ကိုယ့်အရည်အသွေး တက်လာအောင် ကူညီပံ့ပိုးနေသူအဖြစ် မမြင်နိုင်ဘဲ အပြတ်ရှင်းပစ်ရမယ့် ရန်သူလို့ သဘောထားတာ၊ ချက်အောက်ထိုးပြီး အနိုင်ယူချင်တာ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်မွေးတာ၊ အမှန်တကယ် ရှက်ရမယ့်ကြောက်ရမယ့် အလုပ်ကို မရှက်မကြောက်လုပ်ပြီး အမှန်တကယ် မရှက်မကြောက်ရမယ့် ကိစ္စတွေကို ရှက်တာ ကြောက်တာ။ ပြောရရင်တော့ ပြောမဆုံးပေါင် တောသုံးတောင်ပဲဗျ။ တစ်ခါလည်း ကျွန်တော် စိတ်ရှိလက်ရှိ ရေးပြီးပြီဗျာ"

ဇန်နဝါရီ ၂၆ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂) အမှတ် (၇၉) တွင်ပါသည့် ဆောင်းပါးရှင် မောင်ဝံသ၏ “ဒီမိုကရေစီခရီး နီးအောင်ပင်လှမ်း” ဆောင်းပါးမှ ကောက်နှုတ်ချက်

****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs