Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီ

*******************************

ဆောင်းပါးကဏ္ဍ

အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီ

အောင်မောင်း

အမေရိကန် ပြည်ထောင်စုအနေဖြင့် သမ္မတအိုဘားမား လက်ထက်တွင် မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ ဆက်ဆံရေးကို ပြန်လည်လုပ်ဆောင် လာသည်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ လာရောက်မှုသည် နှစ်ပါင်း ၅၀ ကျော်အတွင်း အမေရိကန် ပြည်ထောင်စု၏ အဆင့်မြင့်ဆုံး အစိုးရ အရာရှိကြီးတစ်ဦး လာရောက်ခဲ့ခြင်းဟု ဆိုနိုင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဝေဖန်ရှုံ့ချခဲ့သည့် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ် ရုတ်တရက် ပေါ်လစီအပြောင်းအလဲဖြစ်ခဲ့ခြင်းမှာ ထူးဆန်းသည်ဟု ဆိုနိုင်သော်လည်း အမေရိကန်၏ နိုင်ငံခြားရေး ပေါ်လစီကို အကြမ်းဖျဉ်းမျှ နားလည်ထားလျှင် မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ကြိုးပမ်းခြင်း မှာ ထူးဆန်းသည်ဟု မဆိုနိုင်ပေ။

အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီသည် အမေရိကန်၏ သမ္မတကြီးများဖြစ်သည့် အလက်ဇန္ဒား ဟာမီတန်၊ သောမတ်စ် ဂျက်ဖာဆင်၊ ဝုဒရိုး ဝီလ်ဆင်နှင့် အင်ဒရူးဂျက်ဆင်တို့၏ အမြင်များအပေါ်တွင် အခြေခံသည်။

ဟာမီတန်ဝါဒမှာ အမေရိကန်သည် ကျန်းမာသန်းစွမ်းသော အစိုးရ၊ တောင့်တင်းခိုင်မာသော တပ်မတော်နှင့် အမေရိကန် အမျိုးသားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရမည်ဖြစ်ပြီး အမေရိကန်ကို ကမ္ဘာ့အလည်တွင် လေးစားခံ့ညားရသော နိုင်ငံအဖြစ် ပုံဖော်ခြင်းဖြစ်သည်။

သောမတ်စ်ဂျက်ဖာဆင်ကမူ အမေရိကန်ကို ကမ္ဘာ့မိသားစုတွင် တာဝန်အနည်းဆုံး ယူစေလိုသည်။ ကာကွယ်ရေး အသုံးစရိတ်များ လျော့ချ၍ လူမှု ဖူလုံရေးကို အားပေးသည်။ အမျိုးသားလုံခြုံရေးကိုလည်း နိုင်ငံတော်အတွက်သာ ထားရှိစေလိုသည်။

ဝုဒရိုးဝီလ်ဆင်မှာ ကမ္ဘာလုံးချီ ဒီမိုကရေစီ ပျံ့နှံ့ရေး ဖြစ်သည်။ ကမ္ဘာမိသားစုသည် ဒီမိုကရေစီဖြစ်စဉ်အရ အုပ်ချုပ်သော နိုင်ငံများဖြင့် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းနိုင်မည်ဟု ရှုမြင်ခြင်းဖြစ်သည်။

အင်ဒရူးဂျက်ဆင်မှာမူ အမေရိကန် မဟာအမျိုးသားဝါဒကို ဇောင်းပေးထားခြင်းဖြစ်သည်။ အမေရိကန်ပြည်သူများ၏ အကျိုး စီးပွားအတွက် အစွမ်းကုန် တာဝန်ယူသွားရမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို အထိမခံ ရွှေပန်းကန်အဖြစ် ပုံဖော် ထားခြင်းဖြစ် သည်။

ဂျက်ဖာဆင်ဝါဒ

သဘောကျ နှစ်သက်သည်များ

·         နိုင်ငံတကာ ကိစ္စရပ်များတွင် အကန့်အသတ်နှင့်သာပါဝင်ရေး

·         ပြည်တွင်းပြုပြင်ပြောင်းလဲမှုကို ဦးစားပေးရေး

·         ကမ္ဘာ့ရေးရာများတွင် အမေရိက၏ တာဝန်ကို အတိုင်းအတာနှင့်သာ ယူလိုခြင်း

သဘောမကျသည့် အချက်များ

·         ဖောင်းပွသော စစ်အသုံးစားရိတ်

·         အမေရိကန်တန်ဖိုးများကို နိုင်ငံခြားသို့ တင်ပို့ခြင်း

·         နိုင်ငံခြားအစိုးရများနှင့် နီးကပ်စွာဆက်ဆံခြင်း

 

ဟာမီတန်ဝါဒ

သဘောကျ နှစ်သက်သည်များ

·         ချမ်းသာကြွယ်ဝရေးအတွက် စီးပွားရေးဘောင်

·         အမျိုးသားအကျိုးစီးပွားအတွက် အမေရိက၏ ပါဝါကို အသုံးပြုခြင်း

·         အမေရိကန်အကျိုးစီးပွားအတွက် နိုင်ငံခြားဈေးကွက်များဖွင့်ပေးခြင်း

·         အမေရိကန်၏ ပါဝါအရ သရုပ်မှန်ဝါဒကို ကျင့်သုံးရေး

သဘောမကျသည့် အချက်များ

·         လူသားချင်းစာနာမှုနှင့် ယှဉ်သည့်မစ်ရှင်များ

·         နိုင်ငံခြားမဟာမိတ်များ၏ အရေးကိစ္စတွင် အလွန်အမင်းပါဝင်ပတ်သက်ခြင်း

·         နိုင်ငံတကာ လူ့အခွင့်အရေးများကို စောင့်ကြပ်ကြည့်ရှုခြင်း

 

ဝီလ်ဆင်ဝါဒ

သဘောကျ နှစ်သက်သည်များ

·         နိုင်ငံတကာတွင် ဒီမိုကရေစီ စနစ်ပျံ့နှံ့ရေး

·         ကုလသမဂ္ဂ၏ အခန်းကဏ္ဍ၊ လူ့အခွင့်အရေး

သဘောမကျသည့် အချက်များ

·         တစ်သီးတစ်သန့်ဝါဒ၊ အစိုးရဆိုးများနှင့် မိတ်ဖွဲ့ခြင်း

·         စီးပွားရေးကိုအခြေခံပြီး ပေါ်လစီချရေး

·         အမေရိက၏ နိုင်ငံရေးချိန်ခွင်လျှာကို မျှတစေခြင်း

 

ဂျက်ဆင်ဝါဒ

သဘောကျ နှစ်သက်သည်များ

·         အမေရိကန်၏ ပါဝါကို အစွမ်းကုန်တိုးချဲ့ရေး

·         အမေရိကန်ပြည်ထောင်စုကို အစွမ်းကုန်ကာကွယ်ရေး

သဘောမကျသည့်အချက်များ

·         နိုင်ငံတကာ ပိဋိဥာဉ်စာချုပ်များ

·         ကုလသမဂ္ဂ

·         မဝံ့မရဲတွန့်ဆုတ်မှု

·         လူ့အခွင့်အရေးကိစ္စများနှင့် အခြားတိုင်းပြည်များအပေါ် မလိုအပ်ဘဲ စိုးရိမ်ခြင်း

 ( ကိုးကား။  ၂၀၁၀ခုနှစ် ဧပြီလထုတ် ဝေဗ့်မဂ္ဂဇင်း အိုဘားမား၏ နိုင်ငံခြားရေးပေါ်လစီကို သုတေသနဖန်ပြားပြင်ပေါ် တင်ကြည့် ခြင်း)

******************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၉.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ငါးထောင်တန်ဖုန်းကိစ္စ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းစာရှင်းလင်းပွဲပြုလုပ်
  1. ပထမဆုံးအကြိမ် မီဒီယာ ဥပဒေအလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်သူကို ထိခိုက်မယ့် ဥပဒေများကို ပြင်ဆင်သွားမည်ဟု ထားဝယ်ခရီးစဉ်၌ ဒေါ်စုပြောကြား
  1. KIO မှ အစိုးရသို့ တင်ပြသော အဆင့်၃ဆင့်ပါ အချက်များအား လူထုသို့ ရှင်းလင်းချပြ
  2. ဖေဖ်ာဝါရီလအတွင်း မွန်ပြည်သစ်ပါတီနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ငါးထောင်တန်ဖုန်းကိစ္စ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းစာရှင်းလင်းပွဲပြုလုပ်

ဇန်န၀ါရီလ ၂၉ရက်နေ့ မနက် ၉နာရီတွင် ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သော ၅၀၀၀တန် ဖုန်းဖြန့်ချိမည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးမှ လုပ်ငန်းစဉ်ဆိုင်ရာများကို power point ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ များအား ရှင်းလင်းတင်ပြသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ ယင်းကိစ္စနှင့်ပတ်သက်၍ လေးချက်ပါ အသိပေးထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

“ဦးလွင်နိုင်ဦးကို ဆက်သွယ်ရေးက တာဝန်ရှိတဲ့လူတွေက ဒီဖုန်းဖြန့်ချိမယ့် ကိစ္စနဲ့ပတ်သက်ပြီး နည်းပညာပိုင်း အစီအစဉ်တွေကိုမေးတော့ သူက မဖြေနိုင်ဘူး။ နောက်ပြီး သူက အဲဒီ့ဖြန့်ချိရေးရဲ့ စီးပွားရေးပိုင်းအစီအမံတွေကိုပဲ တောက်လျှောက်ပြောသွားတယ်။ ဒီစီမံကိန်းအတွက် အခြေခံ အဆောက်အအုံတွေ တည်ဆောက်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ပြောသွားတာမရှိဘူးဟု” ယင်းပွဲသို့ တက်ရောက်ခဲ့သည့် ပြည်တွင်း သတင်းဂျာနယ်တစ်ခုမှ အယ်ဒီတာ တစ်ဦးမှ ပြောကြားသည်။

ထို့ပြင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ရေး ဥပဒေမူကြမ်းကို နိုင်ငံတော်ရှေ့နေ ချုပ်ရုံးသို့ တင်ပြထားပြီးဖြစ်ကြောင်းနှင့် အဆိုပါ ဥပဒေထွက်ပေါ်လာလျှင် ပြည်သူတို့၏ လူမှုဘဝ အဆင့်အတန်းဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူ ဖြစ်စေရန် မိုဘိုင်းဖုန်းများအား ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ရန် GSM/UMTS တယ်လီဖုန်း တိုးချဲ့တပ်ဆင်ရေး စီမံကိန်းအား ပြည်တွင်းကုမ္ပဏီ (၂၃)ခုနှင့် တည်ဆဲဥပဒေများနှင့်အညီ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး စီမံကိန်းကာလ ငါးနှစ်အတွင်း တယ်လီဖုန်း တပ်ဆင်ခနှုန်းထားများကို တခြား နိုင်ငံများကဲ့သို့ ဈေးနှုန်းသက်သာစွာဖြင့် အဆင့်ဆင့် လျော့ချသွးနိုင်ရန် စီမံလျက်ရှိကြောင်း ယင်းအသိပေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီနိုင်ငံမှာ ဒီ့ပြင်နိုင်ငံတွေထက် ဖုန်းအသုံးပြုခတွေ ဈေးကြီးရတဲ့အကြောင်းက အခြေခံအဆောက်အဦးများကို ရင်းနှီးတည်ဆောက်ရမှု၊ နိုင်ငံတော်မှ ချပေးသည့် ဘတ်ဂျတ်ကို ရေရှည်အသုံးပြုခွင့်မရဘဲ သတ်မှတ်နှစ်များအတွင်း အမြတ်ငွေအဖြစ် ပေးဆောင်နေရခြင်းများကြောင့် ဖြစ်တယ်”ဟု  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

ထို့နောက် လက်ရှိအချိန်တွင် ပြည်တွင်းထုတ်ဂျာနယ်များတွင် ယင်းငါးထောင်တန် ဖုန်းနှင့်ပတ်သက်သည့် သတင်းများလည်း ပါရှိသည်ကို တွေ့လိုက်ရကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်လည်း ယင်းကုမ္ပဏီ၏ ၅၀၀၀ တန်ဖုန်း ဖြန့်ချိမည်ဆိုသည့် ကိစ္စကိုလည်း လက်ရှိ တည်ဆဲ ဥပဒေနှင့် မညီသောကြောင့် လောလောဆယ်တွင် မဖြစ်နိုင်သေးကြောင်းကိုလည်း ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်(၄)ချက်ထဲတွင် ရေးသားဖော်ပြ ထားသည်ကို တွေ့ရှိရသည်။

ထိုသတင်းစာရှင်းလင်းပွဲသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညွှန်ချုပ်၊ ဒု-ညွှန်ချုပ်၊ အင်ဂျင်နီယာချုပ်များနှင့် အခြားတာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး ဖိတ်ကြားထားသည့် စာနယ်ဇင်းဆရာများလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ပထမဆုံးအကြိမ် မီဒီယာ ဥပဒေအလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့နှင့် ၃၁ နေ့တို့၌ ပြည်ပမီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Asian Media Information and communication(AMIC) နှင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့(MWJA) တို့မှ ဦးဆောင်၍ ရန်ကုန်မြို့ အင်းလျားကန်ပိာုတယ်တွင် ပထမဆုံးအကြိမ် မီဒီယာအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်း အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်တွင်း ပုံနှိပ်မီဒီယာ သတင်းဂျာနယ်များမှ အယ်ဒီတာချုပ်များမှ မီဒီယာနှင့် ဆက်စပ်ဥပဒေများ၊ အစိုးရနှင့် သတင်းထုတ်ပြန်မှု၊ ဒီမိုကရေစီနိုင်ငံများ၏ မီဒီယာလွတ်လပ်ခွင့်၊ မီဒီယာကျင့်ဝတ်၊ AMIC နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၌ သတင်းစာသင်တန်း ဖွင့်လှစ်မည့် အစီအစဉ်တို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ အစိုးရသစ်လက်ထက်မှ စတင်ထုတ်ပြန်ခဲ့သည့် ပုံနှိပ်စက်နှင့် ထုတ်ဝေစာများ ဥပဒေ(Printing Presses and Publication Law)ကို လက်ရှိအချိန်တွင် ဥပဒေပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်းရေးဆွဲလျက်ရှိပြီး မကြာမီအချိန်အတွင်း လွှတ်တော်သို့ တင်ပြ၍ ပြဋ္ဌာန်းနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ အစိုးရသစ်လက်ထက်မှ စတင်၍ ပြည်တွင်းထုတ် မဂ္ဂဇင်း၊ ဂျာနယ်အချို့နှင့် အထွေထွေစာအုပ် အချို့အား ထုတ်တင် စနစ်ဖြင့် ပြောင်းလဲထုတ်ဝေခွင့်ပြုခဲ့ပြီး ပြည်တွင်းရှိ အပတ်စဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများကိုလည်း စာပေလွတ်လပ်ခွင့်အနည်းငယ် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပုံနှိပ်ထုတ်ဝေလျက်ရှိသော အပတ်စဉ်ထုတ် ဂျာနယ်အမျိုးအစား ၂၀၄ စောင် ရှိသည့်အနက် စာပေစိစစ်ရေး၏ သတ်မှတ်စည်းကမ်းနှင့် မူဝါဒများကို ချိုးဖောက်ခဲ့သည့်အတွက် သက်ဆိုင်ရာမှ ခေါ်ယူသတိပေးခဲ့ရသည့် ဂျာနယ်အရေအတွက် ၈၇ စောင်ရှိကြောင်း စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်သူကိုထိခိုက်မည့် ဥပဒေများကို ပြင်ဆင်သွားမည်ဟု ထားဝယ်ခရီးစဉ်၌ ဒေါ်စုပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီစည်းရုံးရေးအတွက် ဇန်န၀ါရီလ ၂၉ရက်နေ့ မနက်၈နာရီတွင် ထားဝယ်မြို့သို့ ပထမဦးဆုံး စည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်ဟု သိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်မှ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာတွင် သောင်းနဲ့ချီပြီး ကြိုဆိုကြသည့် ပြည်သူများအား မဲပေးခြင်းနှင့်ဆိုင်သည့် မိန့်ခွန်းကို အောက်ပါအတိုင်းပြောကြားသွားခဲ့သည်ဟု သိရှိရသည်။

“သာမန်လူတစ်ယောက်ကလည်း ကိုယ့်ကိုကိုယ် ငါကနိုင်ငံ့ရဲ့ခေါင်းဆောင်ပဲဆိုတဲ့စိတ်နဲ့ ရွေးကောက်ပွဲနေ့မှာ မဲပေးကြပါ။ မဲပေးတဲ့နေ့မှာတော့ ပါတီကို မလွဲစေနဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါ။ ဒီ့ပြင် ဒီမိုကရေစီကို ထူထောင်နိုင်တယ်ဆိုတာ ပြည်သူက ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ ၊ ကျွန်မတို့က ရွေးကောက်ပွဲဝင်တယ်ဆိုတာ ကျွန်မတို့ ဘာလုပ်ပေးမယ်လို့ မပြောဘူး။ ပြည်သူတွေကို လုပ်ပိုင်ခွင့်ရအောင် ကြိုးစားပေးမယ်လို့ ပြောချင်ပါ တယ်။ ပြည်သူတိုင်းအတွက် တိုးတက်အောင်၊ ပြည်သူတွေကို ကာကွယ်ဖို့ တရားဥပဒေစိုးမိုးနိုင်ဖို့အတွက်၊ ပြည်သူတွေ အကျိုးမရှိတဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့အတွက်၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပယ်ဖျက်နိုင်အောင် လုပ်ဖို့အတွက် ရွေးကောက်ပွဲဝင်တာပါ”ဟု ပြောကြားသည်။

ထို့ပြင် ၎င်းသည် ယင်းနေ့နေ့လည် ၂နာရီခွဲဝန်းကျင်တွင် လောင်းလုံမြို့နယ်မှတစ်ဆင့် မောင်းမကန်ကမ်းခြေသို့ သွားရောက်ခဲ့ပြီး ထိုနေရာတွင်လည်း ပါတီစည်းရုံးမှုများနှင့် မိန့်ခွန်းများအား ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်က မောင်းမကန်ကမ်းခြေမှာ ခဏနားပြီး ထားဝယ်ကိုပြန်သွားပါတယ်။ ထားဝယ်ကနေ ညနေ ၄နာရီ ၄၅မိနစ်မှာ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်သွားပါတယ်”ဟု ထားဝယ်ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၄ရက်နေ့နှင့် ၅ရက်နေ့များတွင်လည်း မန္တလေးသို့ ညအိပ်ခရီးအဖြစ် သွားရောက် စည်းရုံးရေးဆင်းမှု ပြုလုပ်မည်ဖြစ်ပြီး ၇ရက်နေ့တွင် ပုသိမ်သို့ နေ့ချင်းပြန်သွားမည်ဟုလည်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

KIO မှ အစိုးရသို့ တင်ပြသော အဆင့်၃ဆင့်ပါ အချက်များအား လူထုသို့ ရှင်းလင်းချပြ

ကချင်လွတ်မြောက်ရေးအဖွဲ့မှ အစိုးရသို့ တင်ပြခဲ့သည့် ရွှေလီတွင် ၎င်းတို့ဖြစ်ချင်သည့် အဆင့်၃ ဆင့်ပါ ဆွေး နွေးမှုတစ်ခုကို ဇန်န၀ါရီလ ၂၇ရက်နှင့် ၂၈ရက်တို့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့၏ ဌာနချုပ်ရှိသည့် လိုင်ဇာမြို့နယ်တွင် ကေအိုင်အေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင် ဦးဆောင်၍ ပြည်သူလူထုသို့ ချပြရှင်းပြခဲ့သည်ဟု သိရသည်။

“အဲဒီအဆင့်တွေထဲက ပထမအဆင့်အနေနဲ့ နိုင်ငံရေးဆွေးနွေးမှုအား သဘောတူညီမှုရရန်၊ တွေ့ဆုံဆွေးနွေး မှုတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ သတင်းမှန်တွေထုတ်ပြန်ရန်၊ ပြဿနာဖြစ်နိုင်တဲ့ နေရာဒေသတွေမှာ နှစ်ဘက်စစ်တပ်က ညှိနှိုင်းဆောင်ရွက်ရန်၊ ဒီ့အပြင် အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးဖို့ထက် နိုင်ငံရေးဆွေးနွေးပြီးမှ အပစ်အခတ် ရပ်တဲ့ကိစ္စကို ဆွေးနွေးရန်၊ ပင်လုံညီလာခံမျိုးခေါ်ရန်၊ အဲဒီညီလာခံမှာ သဘောတူညီချက်တွေကို အကောင်အထည်ဖေါ်ရန် စသည်ဖြင့် ပထမအဆင့်အနေဖြင့် ပါဝင်ပါတယ်”ဟု ကေအိုင်အေမှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က ပြောကြားသည်။

သို့သော် ၎င်းတို့၏ အဆိုပြုချက်အား အစိုးရဘက်အခြမ်းမှ အကြောင်းမပြန်သေးကြောင်းနှင့် ဆွေးနွေးပြီးခဲ့သည့် အချိန်မှစ၍လည်း ယခုအချိန် အထိ တိုက်ပွဲနည်းနည်းဖြစ်ပွားလျက်ရှိပြီး ဖေဖောဝါရီလဆန်းပိုင်းတွင် ထပ်မံတွေ့ဆုံမှုများ ရှိသေးသည် ဟုလည်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ဖေဖ်ာဝါရီလအတွင်း မွန်ပြည်သစ်ပါတီနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမည်

ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တွေ့ဆုံညှိနှိုင်း၍ လာမည့် ဖေဖော်ဝါရီလအတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။

မွန်ုပြည်သစ်ပါတီနှင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့တါင် ကျင်းပမည် ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုများမှ အခြေအနေကောင်းများကို ဖန်တီး၍ ပြည်တွင်းထာဝရ ငြိမ်းချမ်းရေး ရရှိနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီမှ ငြိမ်းချမ်းရေးကိုယ်စားလှယ်များမှာ ထိုင်းနိုင်ငံ၊ ဆန်ခပူရီတွင် ငြိမ်းချမ်းရေး ကိစ္စရပ်များကို ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထာဝရငြိမ်းချမ်းရေး လုပ်ဆောင်ရာတွင် အဆင့်သုံးဆင့်ဖြင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်း အဆင့်သုံးဆင့်မှာ ပထမအဆင့်အနေဖြင့် အပစ်အခတ်ရပ်စဲရန်၊ ဆက်ဆံရေးရုံးများ ထားရှိရန်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်များအား လက်နက်မပါဘဲ နယ်မြေကျော်ဖြတ် သွားလာခွင့်ပြုရန်၊ ဒုတိယအဆင့်အနေဖြင့် ဆွေးနွေးပွဲ ပြုလုပ်ရမည့်နေရာ၊ အချိန်သတ်မှတ်ရန်၊ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုတည်ဆောက်ပြီးချိန်ဖြစ်ရန်၊ နိုင်ငံရေးအရ ဆွေးနွေးကြရန်၊ တန်းတူညီတူ အခွင့်အရေးရရန်၊ နယ်မြေဒေသ ဖွံ့ဖြိုးရေးကိစ္စ ဆောင်ရွက်ရန်တို့ဖြစ်ပြီး တတိယအဆင့် အနေဖြင့် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားပြု လွှတ်တော်နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ လူထုလူတန်းစား အသီးသီးမှ ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ထာဝရငြိမ်းချမ်းရေး ဆွေးနွေးပြီး လက်မှတ်ရေးထိုးရန်တို့ ဖြစ်ကြောင်း သိရသည်။

                Ref: The Voice

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အမျိုးသမီးတွေကို ကာကွယ်ပေးရမယ်ဆိုတာ အမျိုးသမီးတွေရဲ့ လုံခြုံမှုကို စဉ်းစားစေချင်တဲ့အတွက်ပါ။ တကယ်တော့ အမျိုးသမီးတွေရဲ့ လုံခြုံမှုကို စဉ်းစားစေချင်တဲ့အတွက်ပါ။ တကယ်တော့ အမျိုးသမီးတွေ လုံခြုံမှုရှိရင် အမျိုးသားတွေအတွက်လည်း လုံခြုံမှုမရှိနိုင်ဘူး။ အမျိုးသားတွေ လုံခြုံရင် အမျိုးသမီးတွေလည်း လုံခြုံရမယ်။ လုံခြုံမှုဆိုတာ အမျိုးသား အတွက်၊ အမျိုးသမီးအတွက်ဆိုပြီး ခွဲခြားထားတာမရှိပါဘူး”

ဇန်နဝါရီ ၂၇ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၈) အမှတ် (၅၅၄) တွင်ပါသည့် “အများပြည်သူဆိုင်ရာဘဝတွင် အမျိုးသမီးများ ပိုမိုပါဝင် ဆောင်ရွက်ရေး ဆောင်ရွက်မည်” သတင်းမှ ဂျီဒီအိုင်(မြန်မာ) Gender and Develop ment initiative အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- အခု ကျွန်တော်တို့တိုင်းပြည်မှာ အပြောင်းအလဲဖြစ်ဖို့ အခြေအနေရှိတယ်ဆိုပြီး ပြောနေကြပါတယ်။ နောက်ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို မြေဌားနိုင်တယ်ဆိုပြီး ဥပဒေထွက်လာတယ်။ ဆိုတော့ နိုင်ငံခြားရင်းနှီး မြှုပ် နှံမှုတွေနဲ့ ပတ်သက်ရင် ဘာတွေ စဉ်းစားရမလဲဆရာ။

ဖြေ- ကျွန်တော်တို့တိုင်းပြည် ကချင်ပြည်နယ်မှာ မြေဌားတာတွေ ရှိတယ်။ အဲဒီမှာ ရှေးရိုးဘိုစဉ်ဘောင်ဆက် သမာရိုးကျလုပ်လာတဲ့ လယ်မြေနဲ့ လယ်သမားတွေ ရှိတယ်။ တချို့သိမ်းတဲ့အုပ်စုမှာ ပါသွားတာရှိတယ်။ ဒါကို လယ်သမားတွေကပြောရင် သက်ဆိုင်ရာကုမ္ပဏီတွေက ပိုင်ဆိုင်မှု စာရွက်စာတမ်းပြခိုင်းတယ်။ ဘိုးစဉ်ဘောင် ဆက်လုပ်ကိုင်လာတာဆိုတော့ စာရွက်စာတမ်းရှိချင်မှ ရှိမယ်။ လယ်ခွန်၊ မြေခွန်ဆိုလည်း တချို့ပြနိုင်တယ်။ တချို့မပြနိုင်ဘူး။ ဒါကို ဘယ်လိုစဉ်းစားကြမလဲ။ အပြင်က နိုင်ငံခြားကလာပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်တဲ့အခါ ဘိုးစဉ်ဘောင်ဆက် လယ်ယာမြေကနေ စွန့်ခွာရတာ၊ သူတို့ဘဝ အသက်မွေးဝမ်းကျောင်း ပြောင်းလဲတာ ပျက်စီးတာလို့လည်း ပြောလို့ရတယ်။ သီးပင်စားပင်ရဲ့တန်ဖိုး။ အဆောက်အအုံရဲ့ တန်ဖိုးကို ပေါင်းလိုက်ပြီး အဲဒါမျိုးနဲ့ လျှော်တယ်ဆိုရင် ဥပဒေမှာပါတဲ့ အခွန်ဆိုတာ တစ်ကျပ်၊ နှစ်ကျပ်ဆိုတော့ နည်းနည်းလေးအဲဒီဟာကို မပြင်ရင် အစကတည်းက ဆင်းရဲနေတဲ့ တောသူတောင်သားတွေ နစ်နာတယ်။ ဒါဆိုရင် မြေယာနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ပြင်ရမှာပေါ့။ ဒါတွေကိုလုပ်ကြရတယ်

ဇန်နဝါရီ ၂၇ ထုတ် The Myanmar Post Global အမှတ် (၄၅) တွင်ပါသည့် “ကိုတာနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဆန်ရှင် (စီပွားရေးပိတ်ဆို့မှု) ရုပ်သိမ်းလိုက်မယ်ဆိုရင် ငွေလဲနှုန်းကို အမြင့်ဆုံးဈေးက ငါးရာခိုင်နှုန်း မာဂျင်နဲ့ ၈၄၀၊ အနိမ့်ဆုံး ၇၆၀၊ အဲဒီ ၇၆၀နဲ့ ၈၄၀ အတွင်းရှိအောင် လုပ်မယ်၊ ဥပမာ ဒေါ်လာအဝယ်များတယ်ဆိုရင် ဒေါ်လာဈေး တက်တယ်ဆိုရင် တိုင်းပြည်က ဒေါ်လာချရောင်းမယ်၊ ရောင်းနိုင်ဖို့ ကိုယ့်ဆီမှာ ဒေါ်လာရှိဖို့ လိုတယ်၊ မရှိရင် သူတို့ဆီက (အိုင်အမ်အက်ဖ်) မျှော်လင့်လို့ရတယ်၊ အလကားတော့ ပေးမှာမဟုတ်ဘူး၊ ချေးမှာ”

ဇန်နဝါရီ ၂၇  မော်ဒန်ဂျာနယ် အမှတ် (၂၉၄)တွင်ပါသည့် “ငွေလဲနှုန်း နှုန်းရှင်ဖြစ်ပြီး ဈေးကွက်တစ်ခုတည်းရှိ စေချင်” သတင်းမှ နိုင်ငံတော်ဘဏ္ဍရေး အတိုင်ပင်ခံအဖွဲ့ဝင် စီးပွားရေးပညာရှင်ကြီးတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs