Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၎.၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာက မီဒီယာဥပဒေကြမ်းဆွဲရန် ယူနက်စကိုနှင့် ပူးပေါင်းမည်

(Bernama မှ 4 February 2012 ရက်စွဲပါ Myanmar to cooperate with UNESCO in drafting media law ကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်က တိုင်းရင်းသားများအပေါ်ရက်စက်မှုကိစ္စ မြန်မာအားဝေဖန်

(AFP မှ 3 February 2012 ရက်စွဲပါ Shaun Tandon ရေးသားသော US decries worsened Myanmar violence ကို ဘာသာ ပြန်ဆိုသည်)

  1. ကနေဒါဝန်ကြီးချုပ် ရေနံကိစ္စ တရုတ်သို့ သွားမည်

(BBC news မှ 3 February 2012 ရက်စွဲပါ Oil spurs Canada PM Stephen Harper visit to China ကို ဘာသာ ပြန်ဆိုသည်)

*************************************************************************************

မြန်မာက မီဒီယာဥပဒေကြမ်းဆွဲရန် ယူနက်စကိုနှင့် ပူးပေါင်းမည်

(Bernama မှ 4 February 2012 ရက်စွဲပါ Myanmar to cooperate with UNESCO in drafting media law ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မီဒီယာဥပဒေအကြမ်း ရေးဆွဲရန်အတွက် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (UNESCO-ယူနက်စကို)နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည်တွင်းတရားဝင် သတင်းဌာနတစ်ခု ဖြစ်သော The New Light of Myanmar သတင်းစာတွင် ရေးသားဖော်ပြထားချက်အရ သိရှိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် မီဒီယာဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီလည်းကောင်း၊ နိုင်ငံတကာနှင့် မြန်မာပြည်တွင်းစံနှုန်း များနှင့်အညီ လည်းကောင်း ရေးဆွဲမည်ဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယူနက်စကိုတို့၏ ပူးပေါင်းဆောင်ရွက်မှုအရ စာနယ်ဇင်းလွတ်လပ်ခွင့်၊ တစ်ဦးချင်း တာဝန်ယူနိုင်မှုနှင့် ယုံကြည် အားထားနိုင်မှု စသည်တို့ကို အာမခံပေးနိုင်မည့်မီဒီယာ၏ အခန်းကဏ္ဍအပေါ် ဆွေးနွေးကြမည် ဖြစ်သည်။

ပုံနှိပ်နှင့် ရုပ်မြင်သံကြားဆိုင်ရာ မီဒီယာဥပဒေများအတွက် အလုပ်ရုံဆွေးနွေးပွဲများကို ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် ယူနက်စကိုမှ အိုင်စီတီကျွမ်းကျင်သူများ ပူးပေါင်းဆွေးနွေးကြမည်ဖြစ်သည်ဟုလည်း သိရသည်။ တစ်ချိန်တည်းတွင် အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနှင့် အမေရိကန်တို့ ပါဝင်သော ဒီမိုကရေစီလူ့ဘောင်မှ မီဒီယာဖြစ်ထွန်းမှုဆိုင်ရာ ၈ နိုင်ငံ ဆွေးနွေးပွဲကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် တနင်္လာနေ့က လက်ခံကျင်းပခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မီဒီယာဆိုင်ရာ ဥပဒေများနှင့် ထုတ်ပြန်ချက်များအကြောင်း ဆွေးနွေးကြပြီး မြန်မာနိုင်ငံ စာရေးဆရာနှင့် သတင်းသမားများ အစည်းအရုံး (MWJA)နှင့် စင်ကာပူနိုင်ငံ Asian Media Information and Communication Center (AMIC) တို့ ပူးပေါင်း ကျင်းပခဲ့သော ဆွေးနွေးပွဲဖြစ်သည်။

တရားဝင်သတင်းရပ်ကွက်တစ်ခုအဆိုအရ လက်ရှိကျင်းပနေသော တတိယအကြိမ်မြောက် လွှတ်တော်နှစ်ရပ် စည်းဝေးပွဲတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဆိုင်ရာ ဥပဒေများကို ဆွေးနွေးကြမည်ဟု သိရသည်။

 **************************************************************************************************

အမေရိကန်က တိုင်းရင်းသားများအပေါ်ရက်စက်မှုကိစ္စ မြန်မာအားဝေဖန်

(AFP မှ 3 February 2012 ရက်စွဲပါ Shaun Tandon ရေးသားသော US decries worsened Myanmar violence ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအား တိုင်းရင်းသားများနှင့်ပတ်သက်၍ ပိုမိုဆိုးရွားနေသော အခြေအနေများကို စဉ်းစားကိုင်တွယ်ရန်နှင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် တရားမျှတမှုရှိရေးအတွက် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများကို လက်ခံရန် တိုက်တွန်းပြောကြားခဲ့သည်။

အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ထပ်မံပြောကြားရာတွင် သမ္မတအိုဘားမားအစိုးရသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်ရန် လိုလားကြောင်းနှင့် မြန်မာအစိုးရ၏ မကြာသေးမီက လုပ်ဆောင်မှုများအတွက် ချီးကျူးစကား ဆိုခဲ့သည်ဟု ပြောသည်။ “ဒါပေမဲ့ တစ်ချိန်တည်းမှာ ကချင်ပြည်နယ်မှာ ပိုမိုဆိုးရွားနေပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေတွေကို ချိုးဖောက်မှုတွေ လုပ်နေတာကို သတင်းတွေ မြင်တွေ့နေရပါတယ်။” ဟု လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာက ပြောသည်။

“နောက်ဆုံးမှာ ဒီတိုင်းရင်းသားများနဲ့ ပတ်သက်ပြီး ရက်စက်မှုတွေဟာ နိုင်ငံရေးအကြောင်းရင်းမှာ အမြစ်တွယ်နေပြီ ဖြစ်တဲ့အတွက် နှစ်ဖက်စလုံးဟာ အဖြေရှာဖို့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်” ဟု ယင်းက National Endowment for Democracy တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အမည်ခံအရပ်သားအစိုးရသည် ၁၉၄၈ ခုနှစ်ကတည်းက ရှိခဲ့သော တိုင်းရင်းသားများနှင့် သွေးထွက်သံယိုမှုများ အဆုံးသတ်နိုင်ရန် ကြိုးပမ်းမှုအနေဖြင့် ရှမ်း၊ ကရင်သူပုန်များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သည်။ သို့သော် ကချင်ပြည်နယ်တွင်မူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခြင်း၊ တိုင်းရင်းသားများ၊ အတိုက်အခံများနှင့် ဆွေးနွေးခြင်းတို့ကြောင့် ဝေဖန်သူအများစုကို အံ့အားသင့်စေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အကောင်းမြင်လာပြီး ဧပြီလ(၁)ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်တော့မည် ဖြစ်သည်။

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအား ရွေးကောက်ပွဲစောင့်ကြည့်သူများအား ခွင့်ပြုရန်ပြောကြားခဲ့ကြောင်း ပို့စနာက ပြောသည်။ “အဲဒီကိစ္စ ဆွေးနွေးခဲ့ပြီးပါပြီ။ ပြည်တွင်းကရော ပြည်ပကပါ စောင့်ကြည့်သူတွေကို ခွင့်ပြုဖို့ မျှော်လင့်ပါတယ်” ဟု ယင်းက ပြောသည်။ မကြာခင်က မြန်မာပြည်သို့ သွားခဲ့ကြသော ဂျွန်မက်ကိန်းအပါအဝင် အမေရိကန် ဆီနိတ်တာများက ယင်းတို့သည် ဦးသိန်းစိန်အား စောင့်ကြည့်သူများ လက်ခံရန် တောင်းဆို ခဲ့သော်လည်း ကတိတစ်စုံတစ်ရာ မရရှိခဲ့ကြောင်း ဆိုကြသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် ပြဿနာတစ်စုံတစ်ရာ မရှိဘဲ ရှေ့ဆက်နိုင်လိမ့်မည်ဟု မျှော်လင့်လျှင် သဘာဝ မကျကြောင်းလည်း ပို့စနာက ပြောသည်။ “သဘောထား တင်းမာတဲ့ အုပ်စုတွေ ခေါင်းထောင်လာရင် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်ဖို့နဲ့ ချောမွေ့ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အစိုးရဟာ ရေရှည်ဆက်ဆံရေးအတွက် ကတိပြုထားတာပါ။ ပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားပေးပြီး တစ်ချိန်တည်းမှာပဲ အားပေးခြင်း၊ ထောက်ခံကူညီခြင်းတွေ လုပ်ပေးရမှာပါ။” ဟု ယင်းက ဆက်လက်ဆိုသည်။

အိုဘားမားအစိုးရသည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံနှင့် သံတမန်ဆက်သွယ်ရေး အပြည့်အဝ ပြန်လည်ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ ထို့အပြင် တိုးတက်မှုများ ပိုမိုရှိခဲ့ပါက အပြန်အလှန်အနေဖြင့် အရေးယူမှုများ ဖြေလျှော့ပေးနိုင်ကြောင်း အသံပြုခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကချင်ပြည်နယ်မှ ဒေါ်ဘောက်ဂျာက National Endowment for Democracy အခမ်းအနားတွင် ပြောကြားရာ၌ အရေးယူမှုများ ရုတ်သိမ်းရန်မှာ အချိန်မတိုင်သေးကြောင်း ဆိုခဲ့သည်။

“အခုအခြေအနေကို ကြည့်ရင် တိုင်းရင်းသားဒေသတွေမှာ လုပ်ကိုင်နေတဲ့ကုမ္ပဏီတွေက အစိုးရပိုင်တွေပါ။ ဒါကြောင့်အမေရိကန်အနေနဲ့ စီးပွားရေးလုပ်နိုင်အောင် လမ်းဖွင့်ပေးလိုက်ရင် တိုင်းရင်းသားတွေ အခုထက်ပိုပြီး ခံစားရမှာပါ” ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူ ဇာဂနာက ပြောကြားရာတွင် ယင်းအနေဖြင့် အရေးယူမှုများ ရုတ်သိမ်းရေးနှင့် ပတ်သက်သော အငြင်းပွားဖွယ် ကိစ္စအပေါ် ရပ်တည်ချက် မပြုလိုကြောင်း ပြောကြားသွားသည်။

“အမေရိကန်နဲ့ဥရောပက အရေးယူမှုတွေကြောင့် ကျွန်တော်တို့အစိုးရဟာ စိတ်ဓာတ်အခံတွေ ပြောင်းသွားခဲ့တာပါ။ ကျွန်တော်က အရေးယူမှုတွေကို မကြိုက်ခဲ့ပါဘူး။ ဒါပေမဲ့ မဟာဗျူဟာအရ စဉ်းစားမယ်ဆိုရင်တော့ ကိရိယာကောင်းတစ်ခုပါပဲ” ဟု ယင်းက ပြောသည်။

***********************************************************************

ကနေဒါဝန်ကြီးချုပ် ရေနံကိစ္စ တရုတ်သို့ သွားမည်

(BBC news မှ 3 February 2012 ရက်စွဲပါ Oil spurs Canada PM Stephen Harper visit to China ကို ဘာသာ ပြန်ဆိုသည်)

ကနေဒါဝန်ကြီးချုပ် စတီဖင်ဟာပါသည် လာမည့်အပတ်တွင် တရုတ်နိုင်ငံသို့ သွားရောက်၍ ကနေဒါ၏ အနာဂတ် ရေနံထုတ်ကုန်များနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်သည်။

အမေရိကန်က အယ်လ်ဘတ်တာမှ တက္ကဆပ်ထိ ပိုက်လိုင်းလမ်းကြောင်းကို ပယ်ချခဲ့ပြီးနောက် ယခုကဲ့သို့ သွားရောက်လည်ပတ်ရန် စီစဉ်ခြင်း ဖြစ်သည်။ မစ္စတာဟာပါ၏ ဒုတိယအကြိမ်မြောက် တရားဝင် တရုတ်ခရီးစဉ်တွင် သယံဇာတဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ကက်ဘိနက်ဝန်ကြီး ၅ ဦးပါဝင်မည် ဖြစ်သည်။

ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က AP သို့ ပြောကြားရာတွင် တရုတ်သို့ ရေနံတင်ပို့နိုင်ရန် ပိုက်လိုင်း တည်ဆောက်ရေးသည် ကနေဒါ၏ အကျိုးစီးပွားလုံးလုံး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မစ္စတာဟာပါသည် ဘေဂျင်းနှင့် အခြားမြို့ကြီးနှစ်မြို့တို့သို့ သွားရောက်ပြီး သမ္မတဟူဂျင်တောင်းနှင့် ဝန်ကြီးချုပ် ဝမ်ကြားပေါင်တို့အပါအဝင် အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည် ဖြစ်သည်။ ယခုခရီးစဉ်သည် အမေရိကန်ပြည်ထောင်စုအတွက် သတိပေးသည့် အစိတ်အပိုင်းလည်း ဖြစ်သည်။ အမေရိကန်တွင် Keystone XL ပိုက်လိုင်းစီမံကိန်းသည် အငြင်းပွားဖွယ် နိုင်ငံရေးကိစ္စဖြစ်လာသည်။

ကွန်ဂရက်မှ ရီပတ်ဘလစ်ကန်များနှင့် သမ္မတစည်းရုံးရေး လုပ်ငန်းများတွင် ပိုက်လိုင်းကို အတည်ပြုမည်ဟု ကတိပေးခဲ့သည်။ ကွန်ဂရက်က ထိုကိစ္စ အဆုံးအဖြတ်ပေးရန် ရက် ၆ဝ အချိန်ပေးခဲ့ရာ မစ္စတာအိုဘားမားက ထိုစီမံကိန်းကို ပယ်ချခဲ့သည်။ ပတ်ဝန်းကျင်ဆိုင်ရာ ဝေဖန်သုံးသပ်သူများက အယ်လ်ဘတ်တာ၏ သဲများမှ ရေနံထုတ်ယူခြင်း နည်းစနစ်ကြောင့် ထိုစီမံကိန်းကို ဆန့်ကျင်ခဲ့သည်။ ယင်းတို့က ပိုက်လိုင်းလမ်းကြောင်းတွက် ညစ်ညမ်းမှုအန္တရာယ်ကိုလည်း စိုးရိမ်ကြသည်။ တရုတ်ကုမ္ပဏီများသည် လွန်ခဲ့သော နှစ်နှစ်ကပင် ကနေဒါစွမ်းအင်စီမံကိန်းများတွင် ဒေါ်လာ ၁၆  ဘီလျံ (ပေါင်စတာလင် ၁ဝ.၁ ဘီလျံ)ကျော် ရင်းနှီးမြှုပ်နှံထားသည်။

ကနေဒါပိုင် Sinopec ကုမ္ပဏီက အယ်လ်ဘတ်တာ လမ်းကြောင်းအစား အဆိုပြုထားဆသော ပစိဖိတ် ပိုက်လိုင်းတွင် ပါဝင်လျက်ရှိသည်။ ကနေဒါမှ အမေရိကန်ပြည်ထောင်စုသို့ ပိုက်လိုင်းတစ်ခု တည်ရှိပြီးဖြစ်၍ တရုတ်၏ ကနေဒါတွင် ရေနံစီးပွားရေး လုပ်ကိုင်မှုမှာ ခြိမ်းခြောက်မှုရှိမည်ဟု မမြင်မိကြောင်း အိုဘားမားအစိုးရ စွမ်းအင်တာဝန်ရှိသူဟောင်း ဒေးဗစ်ဂေါ်လ်ဒွင်က ပြောကြားခဲ့သည်။

**************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၎.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. သေးသိမ်သည့် လုပ်ရပ်များကြောင့် နိုင်ငံနှင့် ပြည်သူ၏ အနာဂတ်ကို မထိခိုက်စေချင်

****************************

ဆောင်းပါးကဏ္ဍ

သေးသိမ်သည့် လုပ်ရပ်များကြောင့် နိုင်ငံနှင့် ပြည်သူ၏ အနာဂတ်ကို မထိခိုက်စေချင်

အောင်မောင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး နယ်လှည့်စည်းရုံးရေး ခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ သွားရောက်ခဲ့ရာ ထားဝယ်ဒေသခံ ပြည်သူလူထုကြီးက တစ်ခဲနက် ကြိုဆိုထောက်ခံခဲ့ကြပြီး ကောင်းချီးမင်္ဂလာများ ပေးခဲ့ကြသည်။ လူထုခေါင်းဆောင်အနေဖြင့် ထားဝယ်မြို့သို့ နှစ်ပေါင်း နှစ်ဆယ်အကြာမှ နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ရခြင်း ဖြစ်သည်။ ၁၉၈၉ခုနှစ်က လူထုခေါင်းဆောင်၏ ထားဝယ်ခရီးစဉ်တွင် ထားဝယ်လူထုကြီးအနေဖြင့် တစ်ခဲနက် ထောက်ခံ ကြိုဆိုခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထိန်းသိမ်းခံရပြီး ထားဝယ်လူထုကြီးသာမက ပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင်အောက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့ရသည်။ ဆိုရလျှင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လအနည်းတွင်မှသာ နိုင်ငံရေး ဆိုသည့် စကားလုံးကို ပြောရဲဆိုရဲသည့် အဆင့်မျှသာရှိလာသည့် အခြေအနေတွင် ထားဝယ်သားတွေမှာ ဖိနှိပ်မှုများစွာ ခံခဲ့ရသည့်တိုင် လက်ရှိအခြေအနေ တွင်လည်း စောင့်ကြည့်မှုများ ရှိနေသည့်တိုင် ၎င်းတို့၏ သတ္တိတွေ တစ်စက်မျှလျော့မသွားကြောင်း လူထုခေါင်းဆောင်ကို လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်က ကြိုဆိုခဲ့သည်ထက် ပို၍ကြိုဆိုခဲ့ခြင်းဖြင့် သက်သေပြလိုက်ခြင်းဖြစ်သည်။ အချိန်အခါမပေး၍ နိုင်ငံရေးဘက်တွင် အာရုံစူးစိုက်မှု နည်းပါးသော်ငြား ထားဝယ် လူထု၏ နိုင်ငံရေးစိတ်ဓာတ် သေမသွားကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်ပါသည်။

လှံဖျား ပုစဉ်းနား ကျီးကန်းချေးပါ ဆိုသည့် မြန်မာစကားပုံကဲ့သို့ပင် လူထုခေါင်းဆောင်နှင့် ပြည်သူလူထု၏ ချစ်ခင်ရင်းနှီးမှု၊ နှလုံးသားချင်း အပေးအယူမျှမှုတို့ကို ထိတ်လန့်သွားကြသူများမှာ အစိုးရအဖွဲ့နှင့် လွှတ်တော်အတွင်းမှ ပြုပြင်ပြောင်းလဲရေး ဆန့်ကျင်သူများ၊ စိတ်သဘောထား သေးသိမ် ညံ့ဖျင်းသည့် ပြည်ခိုင်ဖြိုးပါတီဝင်များပင် ဖြစ်သည်။ လူထုခေါင်းဆောင် ထားဝယ်ခရီးစဉ်မှ ပြန်ရောက်ပြီး မကြာမီတွင်ပင် မန္တလေးမြို့သို့ ဆက်လက် ထွက်ခွာရန် စီစဉ်ထားမှုကို ရွှေ့ ဆိုင်းလိုက်ရပြီး  ဟောပြောရန် နေရာအခက်အခဲဖြစ်မှုကြောင့်ဟု သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှလည်း ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ကို ငှားရမ်းမပေးခဲ့မှုသည်  အားကစားကိစ္စရပ်များမှလွဲ၍ အခြားကိစ္စများတွင် အသုံးမပြုရန် အထက် အာဏာပိုင်များမှ ညွှန်ကြားထား၍ ဖြစ်ကြောင်း၊ မီဒီယာများ စွပ်စွဲရေးသားသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေ၍ မငှားရမ်းရခြင်း မဟုတ်ပါကြောင်း ဖြေရှင်းချက်ထုတ်ခဲ့သည်။ ထိုသို့ဆိုလျှင် ရွေးကောက်ပွဲမတိုင်မီ ကာလများက  ပြည်ခိုင်ဖြိုးပါတီ လုပ်လေ့လုပ်ထရှိသည့် တစ်အိမ်တစ်ယောက် မလိုက် မနေရ အမိန့်ဖြင့် ဗထူးကွင်းတွင် ဟောပြာပွဲများပြုလုပ်ခြင်း၊ နိုင်ငံရေးအင်အားစုများအား ရှုံ့ချမှုများ ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့စဉ်က အထက်အာဏာပိုင်များ အဘယ့်ကြောင့် နှုတ်ဆိတ်နေခဲ့ရသနည်းဟူ၍သာ ဆိုရန်ရှိပါသည်။ ထိုကိစ္စအတွက် ဘောလုံးအဖွဲ့ချုပ်တွင် တာဝန်မရှိဘဲ အာဏာပိုင်များတွင်သာ တာဝန်ရှိပါလိမ့်မည်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်မှာ အထင်ကရပုဂ္ဂိုလ်များကို ချဉ်းကပ်တတ်သည့် ဥာဉ်ရှိပေရာ ဒေါ်အောင်ဆန်းစုကြည်ကို ဘောလုံးပွဲကြည့်ရန်ပင် ဖိတ်ခေါ်ခဲ့ဖူးသည်။ ထို့ကြောင့် ယခုကိစ္စတွင် အခန့်မသင့်ပါက ဦးဇော်ဇော်ကိုပင် ၎င်း၏ ကျေးဇူးရှင် အာဏာပိုင်ကြီးအချို့က အမျက်တော်ရှဖွယ် ရှိပေသည်။

လူထုခေါင်းဆောင်အနေဖြင့် ဖေဖော်ဝါရီ ၇ ရက်တွင် ပုသိမ်မြို့သို့ သွားရောက်ဟောပြောရန် စီစဉ်ထားသည်။ သူမအနေဖြင့် ရန်ကုန်လူထုမှအပ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း သူမကို ထောက်ခံသည့် ပြည်သူတွေကို လူကိုယ်တိုင် မတွေ့ရသေးသောကြောင့် ၆၀ကျော်ဆိုသည့် အသက်အရွယ်ကိုမျှ မထောက် မမောမပန်းဆက်တိုက်ဆိုသလို ခရီးတွေထွက်ကာ ပြည်သူတွေနှင့်ထိတွေ့ရန် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။ သို့ရာတွင် ဒေါ်အောင်ဆန်း စုကြည် လာရောက်မည်နှင့် တိုက်ဆိုင်စွာပင် ပုသိမ်တက္ကသိုလ်မှ အထူးပြုဘာသာရပ်အားလုံး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စာမေးပွဲဖြေရမည်ဟု အမိန့်ထွက်လာသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာတွင် အထူးပြုတက္ကသိုလ်များ စတင်ဖွင့်လှစ်ပြီး ဧပြီလ၏ပထမဆုံးအပတ်တွင် နှစ်ဝက် စာမေးပွဲ စစ်ဆေးလေ့ရှိပါသည်။ ယခုစစ်ဆေးမည့် စာမေးပွဲများသည် နှစ်ဝက်စာမေးပွဲမဟုတ်ဘဲ အကြိုစာမေးပွဲဟူ၍လည်း ပုသိမ်တက္ကသိုလ်မှ တာဝန် ရှိသူများက ဆိုပါသည်။ သို့ရာတွင် ကျူတိုရီယယ်နှင့် လက်တွေ့ဘာသာရပ်များသာရှိသော တက္ကသိုလ်တွင် အကြိုစာမေးပွဲဟူသည်မှာ မရှိခဲ့ဘူးပါ။ ပို၍ ဆိုးသည်မှာ စာမေးပွဲကို ရုတ်တရက် စစ်ဆေးလိုက်ခြင်းကြောင့် ကျောင်းသားများအနေဖြင့် စာမေးပွဲဖြေဆိုနိုင်ခြင်း မရှိသော်လည်း စာမေးပွဲခန်း အတွင်း လာရောက်ထိုင်နေပါက စာမေးပွဲအောင်ပေးမည်ဟု ပြောကြားခဲ့ခြင်းပင်ဖြစ်သည်။ထို့ကြောင့် ယခု ပုသိမ်တက္ကသိုလ်၏ အကြိုစာမေးပွဲမှာ ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်အတွင်း ပြည်သူလူထု၏ ကြိုဆိုမှုနည်းပါးစေရန် ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပေါ်လွင်လျက် ရှိပါသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ကိုယ်တိုင်ရေးသားခဲ့သော “ OH We’re Burma” ဟူသည့် ဆောင်းပါးတစ်ပုဒ်တွင် မြန်မာလူမျိုးတို့၏ မနာလိုဝန်တိုမှုနှင့် ကလေးဆန်မှု၊ အရိုအသေခံချင်မှုတို့ကို လှစ်ဟပြထားသည်။ ဦးသန့်၏ဆောင်းပါးသည် ယခုအချိန်ထိ သွေးထွက်အောင် မှန်ကန်နေသေးကြောင်း ပြသနေသကဲ့သို့လည်း ရှိပါသည်။  မြန်မာကလေးငယ်များသည် အဖေနှင့်အမေ မည်သူ့ကို ပိုချစ်သနည်းဟု မေးလျှင် ဖြေရကျပ်ကြသည်။ ဤသည်မှာ မိသားစုအတွင်းမှာပင် ပို၍ဦးစားပေးခံလိုမှုကို လိုချင်ကြသည့် မြန်မာတို့၏ စိတ်ဓာတ်အခံပင်ဖြစ်သည်။ ယခု ဒေါ်အောင် ဆန်းစုကြည်ခရီးစဉ်များအတွင်း ကမောက်ကမဖြစ်စေရန် လုပ်ဆောင်နေမှုများသည်လည်း ထိုနည်းနှင်နှင်သာ ဖြစ်ပါသည်။ ထိုကဲ့သို့ ပြုမူ ကြသည့်အတွက် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲကို လိုလားပြီး ပြည်သူလူထုအတွက် အမှန်တကယ်စေတနာရှိစွာ ကြိုးပမ်းဆောင်ရွက်နေကြသည့် နိုင်ငံတော် သမ္မတကြီးနှင့် ဝန်ကြီးအချို့၏ ဂုဏ်သတင်းနှင့် ပုံရိပ်ကောင်းများကို ထိခိုက်စေရုံမျှမက အချို့နေရာဒေသများတွင် ပြည်သူလူထုအကျိုးကို အမှန်တကယ် သယ်ပိုး နေကြသည့် စိတ်ရင်း စေတနာ မှန်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထားဝယ်မြို့တွင် ပြောကြားခဲ့သည်မှာ မိမိတို့အနေဖြင့် ပြည်သူလူ ထု၏ စိတ်ထဲက ထောက်ခံမှုနှင့် မေတ္တာကို ရယူလိုခြင်းသာ ဖြစ်ကြောင်း၊ ဆန္ဒမဲရရှိလို၍ မဟုတ်ကြောင်း၊ ပြည်သူလူထု၏ လိုလားချက်များကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ လတ်တလော အခြေအနေတွင် မည်သည့်ကတိကိုမျှ ပေးနိုင်ခြင်းမရှိကြောင်း ရိုးသားစွာ ပြောကြားခဲ့သည်။ ဤသည်ပင်လျှင် နိုင်ငံရေးအရ၊ ဂုဏ်သိက္ခာအရ ရိုးသားမှုရှိသူကို ပြည်သူတို့က ဦးညွတ်ကြခြင်းဖြစ်သည်ကို လက်တွေ့ကျကျ ရှုမြင်နိုင်ပါသည်။ လူထုခေါင်းဆောင်အနေဖြင့် လမ်းဖောက် ပေးမည်ဟုလည်း မဲမဆွယ်ခဲ့သလို လျှပ်စစ်မီးရစေရမည်ဟူ၍လည်း စည်းရုံးခြင်းမပြုခဲ့ပါ။ မြန်မာပြည်သူလူထုသည် ကျွေးတာယူ၊ ပေးတာစား ဆိုသည့် အဆင့်မဟုတ်တော့ပါ။ ပြည်သူလူထု၏ စစ်မှန်သော ထောက်ခံအားပေးမှုကိုလိုလျှင် ပြည်သူလူထုအတွက် ကိုယ်ကျိုးကင်းကင်း ရိုးသားမှုရှိစွာ ပေးဆပ်နိုင်ဖို့ လိုပါသည်။ လူထုခေါင်းဆောင်ရရှိခဲ့သည့် ပေးဆပ်မှုများသည် နှစ်ပေါင်းနှစ်ဆယ်ကြာ ရိုးဂုဏ်အတိဖြင့် တည်ဆောက်ခဲ့ရခြင်းဖြစ်သည်ကို သတိချပ်စေလိုပါသည်။ လူထုခေါင်းဆောင်ကဲ့သို့ ထောက်ခံမှုကို ရရှိလိုလျှင် သူမကဲ့သို့ ကျင့်ကြံနိုင်ရမည်ဖြစ်ပြီး သူမအား ထိခိုက်စေရန် လုပ်ဆောင် ခြင်းသည် ပြည်သူလူထု၏ ရွံရှာမှုကိုသာ ဆက်၍ ခံယူရဖွယ်ရှိနေပါသည်။

ထားဝယ်မြို့မှ ဒေသခံတစ်ဦးကမူ ယခုတစ်ကြိမ်တွင် NLD ပါတီကို မဲပေးမည်ဖြစ်သော်လည်း နောက်တစ်ကြိမ် ရွေးကောက်ပွဲများတွင် အခြားပါတီများမှ ပြည်သူ့ကောင်းကျိုးဆောင်ရွက်သူများကို မဲပေးမည်ဖြစ်ကြောင်း၊ တစ်ပါတီတည်းက စိုးမိုးသွားမည်ကို မလိုလား၍ ဖြစ်ကြောင်း ပြောကြားခဲ့ရာ ပြည်သူလူထု၏ နိုင်ငံရေးရေချိန်မြင့်မားမှုကို အထင်းသား တွေ့မြင်နိုင်ပါသည်။ ပြည်သူလူထုကြီးအနေဖြင့် မရိုင်းပါဟူ၍သာ ဆိုရပါလိမ့်မည်။

ကြားဖြတ်ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာရန် သမ္မတကြီးကိုယ်တိုင်က လမ်းဖွင့်ပေးခဲ့ ခြင်းဖြစ်ပြီး ပြည်သူလူထုနှင့် နိုင်ငံရေး အင်အားစုများကလည်း တစ်ခဲနက် ကြိုဆိုခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း သမ္မတကြီးကို ယုံကြည်၍ ပြည်သူလူထု အကျိုးအတွက် ရှေးရှု၍ ရွေးကောက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။ ဆိုရလျှင် သမ္မတကြီးရော၊ ဒေါ်အောင်ဆန်းစုကြည်ရော၊ ပြည်သူလူထုကြီးရော ရိုးသားမှုများ အပြည့်ရှိနေကြချိန်တွင် အပြောင်းအလဲ မလိုလားသူများ၏ သေးသိမ်သောလုပ်ရပ်များကသာ ရှက်ဖွယ်လိလိ ဖြစ်နေပြီဆိုသည်ကို မီးမောင်းထိုးပြ လိုခြင်းသာ ဖြစ်ပါသည်။

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs