Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၅.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ့စီးပွားရေး ခေါင်းထောင်စပြုလာ

(The Straits Times သတင်းစာမှ 2 Feb 2012 ရက်စွဲပါ ခေါင်းကြီးဖြစ်သော Burma's economic coming out ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

  1. အိမ်အပြန်လမ်းကိုမျှော်ကြည့်နေသည့် မြန်မာဒုက္ခသည် တစ်သန်း

(The Scotsman မှ 2 Feb 2012 ရက်စွဲပါ Burma's 1 m exiles look homewards ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ အမည် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပြောင်းလဲခေါ်ဆို

(The Age မှ 4 Feb 2012 ရက်စွဲပါ Rudd eases on name ကို ဘာသာပြန်ဆိုသည်)

****************************************************************************************

မြန်မာ့စီးပွားရေး ခေါင်းထောင်စပြုလာ

(The Straits Times သတင်းစာမှ 2 Feb 2012 ရက်စွဲပါ ခေါင်းကြီးဖြစ်သော Burma's economic coming out ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

ဒီမိုကရေစီ ရွေးကောက်ပွဲများမှတစ်ဆင့် အရပ်သားအစိုးရတစ်ရပ်ကိုဖွဲ့စည်းထူထောင်နိုင်ခဲ့သည့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် ယခုအခါ နိုင်ငံတကာအသိုင်းအဝိုင်း၏ စိတ်အာရုံကိုများစွာဖမ်းစားထားနိုင်ပြီဖြစ်သည်။ အဆိုပါပြုပြင်ပြောင်းလဲမှုများတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်၏ ခေါင်းဆောင်ပိုင်းများ ပြန်ပေါင်းထုတ်မှုလည်းပါဝင်လေသည်။

ထို့အတူ ယင်းပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို ပြည်တွင်းနှင့် ပြည်ပမှ ထောက်ပံ့မှုများနှင့် အကူအညီပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာသည် မှာလည်း သဘာဝကျသည်။ အကြောင်းမှာ မြန်မာစစ်အစိုးရသည် ခေတ်နောက်ပြန်ဆွဲသော နိုင်ငံရေးစနစ်ကို ကာလကြာရှည်စွာကျင့်သုံးခဲ့ရာမှ ထင်သာမြင်သာရှိသည့် ပြုပြင်ပြောင်းလဲမှုများကို ပြတ်ပြတ်သားသားလုပ်ကိုင်ပြလာသောကြောင့်ပင်ဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် တံခါးပိတ်ပြီး မျိုးချစ်ဝါဒလွန်ကဲလွန်းကာ ပြည်ပနိုင်ငံများအပေါ် လွန်စွာသံသယဖြစ်လွန်းလှသည့် စီးပွားရေးစနစ်မျိုးကို အပြီးအပိုင်မစွန့်လွှတ်သေးသရွေ့ တိုင်းပြည်၏ နိုင်ငံရေးဖွံ့ဖြိုးမှုမှာလည်း ဆိုးဆိုးရွားရွားပင် ပြီးပြည့်စုံမှုမရှိဘဲ ဖြစ်နေပေလိမ့်မည်။

မြန်မာသည်ယခုအခါ နိုင်ငံရေးအရရော စီးပွားရေးအရပါ အထီးကျန်ဖြစ်ခဲ့သည့်အနေအထားမှ ရုန်းထွက်လာနိုင်ပြီဖြစ်ရာ မြန်မာ့အကျိုးစီးပွားနှင့် အာဆီယံ အကျိုးစီးပွားဟူသော အကြောင်းပြချက်နှစ်မျိုးစလုံးဖြင့် အားလုံးက အားပေးအားမြှောက်ပြုလုပ်ပေးရန် လိုအပ်ပေသည်။ မြန်မာသည် အင်ဒိုနီးရှားပြီးလျှင် အာဆီယံ၌ ဒုတိယအကြီးဆုံးသော အဖွဲ့ဝင်နိုင်ငံကြီးတစ်ခုမဟုတ်ပါလော။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) က မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့စဉ် ပြီးပြည့်စုံမှုရှိပြီး ရေရှည်တည်တံ့နိုင်မည့် တိုးတက်ဖွံ့ဖြိုးမှုများဆောင်ကြဉ်းနိုင်ရေးအတွက် လုပ်သင့် လုပ်ထိုက်သည်များကို အလေးပေးပြောဆိုခဲ့သည်။ မြန်မာအနေဖြင့် ဗွေဆော်ဦးလုပ်ကိုင်ရမည့်အလုပ်မှာ မက်ခရို စီးပွားရေးတည်ငြိမ်မှုပင်ဖြစ်ကြောင်း၊ နိုင်ငံတကာငွေပေးချေမှုများနှင့် ငွေလွဲပြောင်းမှုများအပေါ် ငွေကြေးလဲလှယ်မှုနှုန်း ကန့်သတ်ထားမှုများဖယ်ရှားကာ နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းထားများ တစ်စည်းတစ်လုံးတည်းဖြစ်စေမည့် အစီအစဉ်များ စတင်လုပ်ဆောင်ရန် IMF ကအကြံပေးပြောဆိုသွားသည်ကိုတွေ့ရသည်။

သို့အတွက်ကြောင့် ပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်ကို ငွေကြေးနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုများ၌ တိုးတက်ကောင်းမွန်မှုများရှိလာအောင် မဖြစ်မနေ ကဏ္ဍခွဲ၌ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်သည်။ တိုးတက်မှုအတွက် အဟန့်အတား၊ အနှောက်အယှက်ဖြစ်စေမည့် အရာများအားလုံးကို ဖယ်ရှားပစ်ရန်လည်း လိုအပ်လေသည်။ မြန်မာအာဏာပိုင်များအနေဖြင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်း၊ ဘဏ္ဍာရေးအခန်းကဏ္ဍ ခေတ်မီတိုးတက်မှုရှိအောင် လုပ်ဆောင်ခြင်းအစရှိသည်တို့သာမက ကုန်သွယ်ရေးနှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံရေး တို့တွင်ပါ လွတ်လပ်မှုရှိအောင် လုပ်ကိုင်ဖန်တီးပေးသင့်သည်။ မြန်မာပြည်အတွက် သတင်းကောင်းတစ်ခုမှာ မိတ်သင်္ဂဟဖွဲ့ လုပ်ကိုင်နိုင်သော မိတ်ဆွေအပေါင်းအသင်းနိုင်ငံရှားပါးမှု မရှိသည့်အချက်ပင် ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဟူသည် သမိုင်းအစဉ်အလာအရကိုယ်၌က မြန်မာနှင့် နက်နက်နဲနဲသဘောဖြင့် ပေါင်းစပ်မှုများပြုလုပ်ခဲ့ကြသည်။ အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများ တဖြည်းဖြည်း လျှော့ချလာချိန်တွင် အမေရိကန်ပြည် ထောင်စု၊ ဂျာမနီ နှင့် ဂျပန်အစရှိသည့်နိုင်ငံများက မြန်မာနှင့် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် များစွာစိတ်ဝင်စားကြောင်းထုတ်ဖော်ပြသလာကြသည်။ စင်ကာပူမှ လုပ်ငန်းကြီးများကလည်း မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုမှ စ၍ ပညာရေးနယ်ပယ်အထိ ရှိနှင့်အပ်သော လုပ်ငန်းအသီးသီးတွင်ဝင်ရောက်လုပ်ကိုင်ရန် နည်းလမ်း ရှာဖွေလျက်ရှိသည်။ ထိုသို့လုပ်ကိုင်မည်ဆိုပါက စင်ကာပူလုပ်ငန်းများ၏ ကျွမ်းကျင်မှုနှင့်အတွေ့အကြုံများကြောင့် မြန်မာနိုင်ငံအတွက်လည်း အကျိုးအမြတ်ဖြစ်ထွန်းစေမည်သာပင် ဖြစ်သည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း စင်ကာပူသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက် လည်ပတ်စဉ် နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုးနိုင်ခဲ့သည်မှာ အထက်ဖော်ပြပါနယ်ပယ်များ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အရေးပါပုံကို ဖော်ကျူးပြသရာ ရောက်ပေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေး၊ လူသားရင်းမြစ်ဖွံ့ဖြိုးရေး နှင့် အများပြည်သူဆိုင်ရာစီမံခန့်ခွဲရေး အစရှိသော နယ်ပယ်များတွင် စင်ကာပူအနေဖြင့် မိမိ၏တတ်စွမ်းမှုများနှင့် ကျွမ်းကျင်ပိုင်နိုင်မှုများကို မျှဝေပေးသွားနိုင်ကြောင်း အဆိုပါ MoU ကညွှန်းဆိုလျက်ရှိသည်။ အကယ်၍ နေပြည်တော်အစိုးရကသာ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ် အလေးအနက်ထားရှိသည်ဆိုပါက အဆိုပါ ချစ်ကြည်ရင်းနှီးမှုများကို မဖြစ်မနေ ဂရုတစိုက် ထားရှိရမည်ဖြစ်သလို တိုင်းပြည်အနာဂတ်အတွက် လွန်စွာအခရာကျသည့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ချစ်ကြည် ရင်းနှီးမှုများ ဖြစ်ပေါ်လာရန် မဖြစ်မနေလုပ်ကိုင်ဆောင်ရွက်ရမည်သာပင်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုအတွက် လွန်စွာ အသုံးဝင်မည့် အိုင်ဒီယာကောင်းများကို ရနိုင်သလောက် ရရှိနိုင်အောင်လည်း တံခါးဖွင့် ပြင်ဆင်ထားရန်လိုအပ်ပေသည်။

မြန်မာ့စီးပွားရေးအသွင်ကူးပြောင်းမှုအား သည်းကြီးမည်းကြီးစတင်လုပ်ကိုင်တော့မည်ဆိုပါက အဆိုပါ အချက်သည်သာ လွန်စွာအခရာ ကျပေလိမ့်မည်။

************************************************************************

အိမ်အပြန်လမ်းကိုမျှော်ကြည့်နေသည့် မြန်မာဒုက္ခသည် တစ်သန်း

(The Scotsman မှ 2 Feb 2012 ရက်စွဲပါ Burma's 1 m exiles look homewards ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

တောအုပ်တစ်ခုတွင်းမှ အရောင်အဝါမှေးမှိန်နေသော ခရစ်ယာန်ဘုရားရှိခိုကျောင်းတစ်ကျောင်း၌ မြန်မာဒုက္ခသည် ၃၀၀ ကျော် ဝတ်ပြု ဆုတောင်းရန် နံနက်ခင်းတစ်ခုတွင် စုဝေးလျက်ရှိသည်။

ဆုတောင်းသူများရှေ့ဆုံး၌ ရပ်နေသူ သင်းအုပ်ဆရာကယခုလို ပြောပြီးဆုမွန်ကောင်းတောင်းသည်။ "စစ်မက် ဖြစ်ပွားဖို့အတွက် အချိန်ရှိသလို၊ ငြိမ်းချမ်းရေးအတွက်လည်း အချိန်ဆိုတာရှိတယ်။ နှစ်ပေါင်း ၆၃ နှစ်လောက် ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ခဲ့တာ တော်လောက်ပါပြီ။ ကျွန်ုပ်တို့ရဲ့လှပတဲ့ နိုင်ငံမှာ သင်တို့အားလုံးကို မကြာခင် တွေ့ရမယ်လို့မျှော်လင့်မိပါတယ်"

သင်းအုပ်ဆရာ Simon Htoo(ဆိုင်မွန်ထူး) အနေဖြင့် ယခုလိုပြောင်မြောက်လှသည့် စကားလုံးများကို လွန်ခဲ့သည့် လများအတွင်း ထုတ်ဖော်ပြောဆိုရန်မှာ ဖြစ်နိုင်ခြေမရှိသောကိစ္စတစ်ခု ဖြစ်သည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပြုပြင်ပြောင်းလဲမှုများနှင့် အပစ်အခတ်ရပ်စဲရန် ကြိုးပမ်းမှုများက ကမ္ဘာပေါ်တွင်လူဦးရေအများဆုံးသောဒုက္ခသည်စာရင်းတွင်ပါရှိသည့် မြန်မာဒုက္ခသည်များ အမိမြေသို့ ပြန်လည်ခြေချခွင့်ရရှိမည့် အလားအလာများကိုဖြစ်ပေါ်စေသည်။ ခန့်မှန်းချက်များအရ တိုင်းရင်းသားလူနည်းစုများနှင့် အတိုက်အခံများအပေါ် ရက်စက်ကြမ်းတမ်းစွာဖိနှိပ်ညှဉ်းပန်းမှုများကြောင့် အိုးအိမ်စွန့်ပစ်ကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည့် မြန်မာဒုက္ခသည်ပေါင်း တစ်သန်းခန့်မှာ နိုင်ငံ ၅ နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်လျက် ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်များအနက် ကရင်တိုင်းရင်းသားလက်နက်ကိုင်သူပုန်များမှာ စစ်အစိုးရထံမှ ကရင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် နှစ်ပေါင်း ၆၃ နှစ်တာကြာမျှ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြသည်။ အခြားသော ကချင်တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့မှာလည်း ထိုနည်းလည်းကောင်းပင်တိုက်ပွဲဝင်ခဲ့သည်။

"အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးတယ်ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုပါပဲ၊ အချိန်အားဖြင့် ငါးမိနစ်အတွင်းလုပ်လို့ရတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်ဆောင်ရွက်တယ်ဆိုတာကတော့ မတူညီတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ အဲဒီကိစ္စဟာ သူတို့ရဲ့မျက်နှာပေါ်ကအပြုံးတွေပေါ်မှာ မမူတည်ပါဘူး။သူတို့ရဲ့နှလုံးသားနဲ့ပဲသက်ဆိုင်ပါတယ်။ ဒါဟာနောက်ထပ်လှည့်ကွက်တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်" ဟု ကရင်နှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာ Simon Htoo က ပြောသည်။

အကယ်၍ ဒုက္ခသည်များမြန်မာပြည်သို့ပြန်မည်ဆိုလျှင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှားနှင့် တရုတ် အစရှိသည့် နိုင်ငံများမှ ပြန်လာကြရမည် ဖြစ်သည်။ ယင်းဒုက္ခသည်များ၏ နေထိုင်မှုအခြေအနေမှာ အလွန်အမင်းပင် အမျိုးမျိုးအဖုံဖုံ ကွဲပြားသည်။ ဘင်္ဂလားဒေ့ရှ်တွင်မူ မွတ်စလင်တိုင်းရင်းသားလူနည်းစုများဖြစ်သည့် ရိုဟင်ဂျာလူမျိုး လေးသိန်းခန့် တရားမဝင်နေထိုင်လျက်ရှိသည်။ ထိုင်းနယ်စပ်ဒေသတစ်လျှောက်ရှိ ကုလသမဂ္ဂဒုက္ခသည်စခန်းများတွင် အနာဂတ်မျှော်လင့်ချက်ကင်းမဲ့လျက်ရှိသော မြန်မာဒုက္ခသည်များနေထိုင်လျက်ရှိသည်မှာ မျိုးဆက်သုံးဆက်လောက် ရှိသွားပြီဖြစ်သည်။

"ဒုက္ခသည်စခန်းထဲက ပြည်သူတွေကို ရွေးချယ်ခွင့်မဖြစ်မနေပေးသင့်ပါတယ်။ အမိမြေကိုပြန်မလား၊ ထိုင်းနိုင်ငံထဲမှာပဲ ဆက်နေသွားမလား၊ အခြားနိုင်ငံတစ်ခုခုမှာ သွားရောက်အခြေချနေထိုင်မလားဆိုတဲ့ရွေးချယ်ခွင့်ပါ။ မြန်မာ့နိုင်ငံရေးကို ကျွန်မတို့အယုံအကြည်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရာအားလုံးဟာအခုအချိန်အထိ ရှင်းရှင်းလင်းလင်းမဖြစ်သေးလို့ပါပဲ" ဟု မြန်မာနိုင်ငံ၏ မာသာထရီဇာ ဟုတင်စားခေါ်ဆိုခြင်းခံရသော "မယ်တော်" ဆေးခန်းမှ ဒေါက်တာစင်သီယာမောင်က ပြောသည်။ သူမ၏ ဆေးခန်းသည်ဒုက္ခသည်ထောင်ပေါင်းများစွာကို ဆေးဝါးကုသပေးခဲ့သည်။ "အခုအချိန်မှာ ဘယ်ဒုက္ခသည်မှ မပြန်ကြသေးပါဘူး" ။

ဒုက္ခသည်များအား နိုင်ငံရင်းသို့ပြန်ပို့ရေးအတွက် ပဏာမဆွေးနွေးမှုများလုပ်ကိုင်ဆောင်ရွက်လျက်ရှိချိန်တွင် ထိုင်းဒုက္ခသည် စခန်းများသို့ လစဉ်ဝင်ရောက်လာသူ ဒုက္ခသည်ဦးရေမှာ ခန့်မှန်းခြေ ၁၀၀၀ ခန့်ရှိကြောင်း ထိုင်းဒုက္ခသည်စခန်းများအတွက် အစားအသောက်နှင့် အခြားသော အထောက်အပံ့များထောက်ပံ့ပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Thai Burma Border Consortium(TBBC) မှအကြီးအကဲ Jack Dunford က ပြောကြားသည်။

ထိုင်းနိုင်ငံအနေဖြင့်မူ အခြေအနေအရပ်ရပ် လုံခြုံစိတ်ချမှုမရှိသေးသရွေ့ ဒုက္ခသည်များကို ဖိအားပေး ပြန်လွှတ်ခြင်းမျိုး လုပ်ဆောင်မည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ ဒုက္ခသည် တစ်သောင်းခန့်အား မိခင်နိုင်ငံသို့ ပြန်လွှတ်ရန် စီစဉ်ထားပြီးဖြစ်ပြီး ကျန်ရှိသူများပါ လိုက်ပါသွားရေးအတွက် ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။

"လူ့အခွင့်အရေးအခြေအနေတိုးတက်ကောင်းမွန်လာပြီလို့ ယုံကြည်ရတဲ့အချိန်ကတည်းက ဒုက္ခသည်တွေကို မိခင်နိုင်ငံပြန်ကြဖို့ ကျွန်တော်တို့ လှုံ့ဆော်လျက်ရှိပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေဟာ ယခုအချိန်အထိ စိုးရွံ့ထိတ်လန့်နေကြပြီး အိမ်ပြန်ဖို့တိုက်တွန်းမှုတွေ၊ အားပေးအားမြှောက်ပြုမှုတွေ လိုအပ်နေပါတယ်" ဟု ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတစ်ဦးဖြစ်ပြီ ဒုက္ခသည်များ မိခင်နိုင်ငံပြန်ပို့ရေးလုပ်ငန်းစဉ်အတွက် တာဝန်ရှိသူ Firoz Salahuddin ကပြောကြားသည်။

ထိုင်းနိုင်ငံ၊ မယ်လ ကဲ့သို့သော ဒုက္ခသည်စခန်းမှ တဲငယ်လေးများတွင်နေထိုင်သူအားလုံးမှာ ယခုအခါ မြန်မာနိုင်ငံတွင်းမှ ဖွံ့ဖြိုးတိုးတက်မှုများကို မျှော်လင့်ခြင်း၊ စိုးရွံ့ခြင်း၊ သံသယဖြစ်ခြင်းအစရှိသည့်စိတ်တို့ဖြင့် စောင့်ကြည့်လျက်ရှိကြသည်။ "ကျွန်မနိုင်ငံဆီကိုကျွန်မပြန်ချင်ပါတယ်။ အပြောင်းအလဲတွေ ဖြစ်တယ်ဆိုတာ မြို့ကြီးတွေမှာပဲဖြစ်ချင်ဖြစ်မှာပါ။ ကျွန်မတို့ကျေးလက်ဒေသတွေမပါလောက်ပါဘူး" ဟု ဒုက္ခသည်စခန်းတွင် ခိုလှုံလျက်ရှိသူ မမေစိုးကပြောပြသည်။ သူမသည် ဖခင်ဖြစ်သူ မြန်မာစစ်သားများ၏ သတ်ဖြတ်ခံရကာ တစ်ရွာတည်းနေအမျိုးသမီး ၎င်းတို့၏ မုဒိမ်းကျင့်ခြင်း ခံရပြီးနောက် ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။

************************************************************************

မြန်မာနိုင်ငံ အမည် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပြောင်းလဲခေါ်ဆို

(The Age မှ 4 Feb 2012 ရက်စွဲပါ Rudd eases on name ကို ဘာသာပြန်ဆိုသည်)

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ကယ်ဗင်ရုဒ်သည် တစ်ချိန်တစ်ခါက သြစတြေးလျအစိုးရက မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သော တင်းမာသည့် ရပ်တည်ချက်ကို ထပ်မံလျှော့ချလိုက်သည့်အနေဖြင့် Burma ဟူသောအသုံးအနှုန်းအစား တရားဝင်နာမည်ဖြစ်သော Myanmar ကို ပြောင်းလဲ ခေါ်ဝေါ်လိုက်သည်။

မြန်မာနိုင်ငံ၏ တရားဝင်အမည်ခေါ်ဝေါ်သည့်ကိစ္စမှာ လွန်စွာအခရာကျသည့် အရေးကိစ္စတစ်ခုဖြစ်သည်။ အကြောင်းမှာ ယခင် မြန်မာ စစ်ခေါင်းဆောင်များက တိုင်းပြည်၏ အမည်ကို Myanmar ဟု ပြောင်းလဲကြောင်း ကြေညာလိုက်ပြီးနောက်ပိုင်းကာလများအတွင်း ဒီမိုကရေစီရေး ဆော်သြသူ အတိုက်အခံများက Burma ဟုသာ ခေါ်ဆိုရန် နှိုးဆော်ခဲ့ကြခြင်းကြောင့်ဖြစ်သည်။ မစ္စတာ ကယ်ဗင်ရုဒ်က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြောဆိုရာ၌ "လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများသည် တစ်ချိန်တစ်ခါက အထီးကျန်ဖြစ်ခဲ့သည့် မြန်မာနိုင်ငံအား ကမ္ဘာကြီးနှင့် ပြန်လည် ချိတ်ဆက်မိစေရန် သမိုင်းတွင်မည့် အခွင့်အလမ်းများကို ကမ်းလှမ်းလျက် ရှိသည်" ဟု ဆိုသည်။ သြစတြေးလျသည် ယခုအခါ မြန်မာနိုင်ငံ၏ အမည်ကိစ္စ အတွက် သြစတြေးလျနိုင်ငံက သဘောထားကြီးစွာ ထားရှိမည်ဖြစ်ကြောင်း ၎င်းက Radio Australia သို့ပြောကြားသည်။ "ဒါဟာ ဘေးကျပ်နံကျပ် ဖြစ်စေတဲ့ မေးခွန်းပါ...၊ ဒီကိစ္စအတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ပြုမူပြောဆိုမှုတွေကို ပြန်လည်သုံးသပ်ကြည့်ပါရစေ" ဟု အဘယ်ကြောင့် Myanmar ဟုခေါ်ဆိုရသနည်းဟူသော မေးခွန်းကိုပြန်လည်ဖြေကြားသည်။

************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၅.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မြန်မာက E-Visa စနစ်ကို မိတ်ဆက်ပေးတော့မည်

(Monsters and Critics မှ 5 February 2012 ရက်စွဲပါ Myanmar to introduce visa applications ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာတို့၏ရည်မှန်းချက်လွန် ထားဝယ်စီမံကိန်း မရေရာမှုကြုံနေ

(Reuters မှ 3 February 2012 ရက်စွဲပါ Myanmar's ambitious Dawei project faces uncertainty ကို ဘာသာ ပြန်ဆိုသည်)

**************************************************************************************

မြန်မာက E-Visa စနစ်ကို မိတ်ဆက်ပေးတော့မည်

(Monsters and Critics မှ 5 February 2012 ရက်စွဲပါ Myanmar to introduce visa applications ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံက နိုင်ငံတွင်းသို့ အလည်အပတ်ခရီးများအဆင်ပြေချောမွေ့နိုင်ရန် အီလက်ထရောနစ်ဗီဇာစနစ်ကို လာမည့်လအတွင်း မိတ်ဆက်ပေးတော့မည်ဟု သတင်းများက ယနေ့ပြောကြားလိုက်သည်။

"မြန်မာပြည်ကို လာမယ့်နိုင်ငံတကာဧည့်သည်တွေအတွက် အင်တာနက်ရှိတဲ့နေရာတိုင်းကနေ မြန်မာဗီဇာ လျှောက်နိုင်မယ့် E-Visa စနစ်ကို လာမယ့် မတ်လကနေ စမိတ်ဆက်မှာဖြစ်ပါတယ်" ဟု ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာန ဝန်ကြီးဦးတင့်ဆန်းက ပြည်တွင်းမီဒီယာတစ်ခုဖြစ်သော Myanmar Times သို့ ပြောကြားသည်။

ဗီဇာလျှောက်ခြင်းကိစ္စများကို အဆင်ပြေချောမွေ့အောင် စီစဉ်ပေးခြင်းသည် ၂ဝ၁၂ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်နိုင်စေရန် ကြိုးစားမှုတစ်ရပ်ဖြစ်လာနိုင်သည်။ ယမန်နှစ်က မြန်မာနိုင်ငံသို့ ခရီးသွားများဝင်ရောက်ခြင်းသည် ၈၁၆၃၈၉ ဦးရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် ၇၉၁၅ဝ၅ ဦး ရှိခဲ့ရာ တိုးတက်မှုနှုန်းများရှိခဲ့သည်ဟု အစိုးရသတင်းများက ဆိုသည်။

မနှစ်က ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှရသော ဝင်ငွေသည် ၃၁၉ မီလျံဒေါ်လာရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်က ၂၅၄ မီလျံဒေါ်လာသာ ရှိခဲ့သည်ဟုလည်း သိရသည်။

*********************************************************************************************************

မြန်မာတို့၏ရည်မှန်းချက်လွန် ထားဝယ်စီမံကိန်း မရေရာမှုကြုံနေ

(Reuters မှ 3 February 2012 ရက်စွဲပါ Myanmar's ambitious Dawei project faces uncertainty ကို ဘာသာ ပြန်ဆိုသည်)

အင်ဒိုချိုင်းနား၏ ကမ္ဘာလုံးဆိုင်ရာ ဂိတ်ပေါက်အသစ်ဟု အကောင်အထည်ဖော်သူ လုပ်ငန်းရှင်များက ကြေညာနေကြသော မြန်မာနိုင်ငံ တောင်ပိုင်း ထားဝယ်မြို့အနီးမှ ရည်မှန်းချက်ကြီးလွန်းသော ဒေါ်လာ ၅ဝ ဘီလျံတန် စီမံကိန်းကြီး၏ လတ်တလော မြင်နိုင်သောအရာများမှာ ဖုံထူထူ လမ်းများနှင့် ယာယီရုံးခန်းများသာ ဖြစ်ပေသည်။

မြန်မာတောင်ပိုင်းကမ်းရိုးတန်းဒေသမှ မြေဝိုင်းများကို အရှေ့တောင်အာရှ၏ အကြီးဆုံးစက်မှုဇုန်အဖြစ် အသွင်ပြောင်းမည့် ထိုင်းနိုင်ငံ၏ အင်အားကြီး ဆောက်လုပ်ရေးကုမ္မဏီ အီတာလျံထိုင်း၏ ခြေလှမ်းကျဲသော အစီအစဉ်များ အပေါ် အထူးမေးခွန်းထုတ်စရာများ ပတ်လည်ဝိုင်းလျက်ရှိသည်။

"ဒီမှာတော့ စီမံကိန်းနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုက တော်တော်လေးကို နည်းလွန်းပါတယ်။ သူတို့ကသာ (ထိုင်းကုမ္မဏီများ) စီမံကိန်းကို ရှေ့ဆက်ဖို့ အမှန်တကယ် ယုံကြည်ချက် ရှိတယ်ဆိုရင် ကျွန်တော်တို့အများစုက ဝမ်းသာရမှာပါ" ဟု စီမံကိန်းနှင့်ထိစပ်နေသော မောင်းမကန်ကမ်းခြေမှ ကုန်သည် ကိုကျော်နိုင်ဦးက ပြောသည်။

အဆိုပါမှတ်ချက်သည် ဒေသခံအခြားရွာသားများနှင့် စီးပွားရေးအကဲခတ်များသာမကဘဲ အစိုးရအဖွဲ့ကိုပင် ကိုယ်စားပြုထင်ဟပ်နေသည်ဟု ဆိုနိုင်သည်။ လူဦးရေသန်း ၆ဝ ၏ သုံးပုံတစ်ပုံမှာ တစ်နေ့ဝင်ငွေ ၈ဝဝ (၁ ဒေါ်လာ) ပင် မပြည့်သော နိုင်ငံမှ ထားဝယ်မြို့သည် ယင်းစီမံကိန်း၏ပမာဏနှင့် ရည်မှန်းချက်များအပေါ် များစွာ စိတ်ဝင်စား တက်ကြွလျက် ရှိသည်။ စူပါဟိုင်းဝေးလမ်းများ၊ သံမဏိစက်ရုံများ၊ ဓာတ်အားပေးစက်ရုံများ၊ သင်္ဘောဆိပ်များ၊ ရေနံချက်စက်ရုံများ၊ စက္ကူနှင့်ပျော့ဖတ်စက်ရုံများ ပါဝင်သော ရေနံဓာတုစက်မှုဇုန်သာမက ဂေါက်ကွင်း ၂ ကွင်းနှင့်အပန်းဖြေဟိုတယ်ပါ ထည့်သွင်းထားသော အစီအစဉ်များ အားလုံးသည် ကြီးထွားနေသော တရုတ်နှင့် အိန္ဒိယ အင်အားကြီးနှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် အထိုင် ချထားခြင်းပင် ဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံး အထူးစီးပွားရေးဇုန်ကို ယခင်တပ်မတော်အစိုးရဟောင်းက သဘောတူလက်မှတ်ထိုးခဲ့ပြီး တစ်နှစ်သို့ ကြာလာချိန်တွင် ဗြိတိသျှကိုလိုနီဟောင်းနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် အနောက်နိုင်ငံ sanctions များ ရုတ်သိမ်းမည့် အလားအလာများ ထွက်ပေါ်နေသော်လည်း ထားဝယ်စီမံကိန်းမှာမူ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်။ ယခုအချိန်ထိ အီတာလျံထိုင်းကုမဏီအနေဖြင့် ထိုင်းနိုင်ငံနှင့် ဆက်သွယ်သော ကီလိုမီတာ ၈၀၀ ကျော် လမ်းကြမ်းဖောက်လုပ်ပြီးနောက် ကားလမ်းများ၊ တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်များ၊ ဆိပ်ကမ်းနှင့် အဆောက်အဦးများ စသော စီမံကိန်းပထမအဆင့် တည်ဆောက်ရေးအတွက် ဒေါ်လာ ၈.၅ ဘီလျံမျှသာ မတည်ရန်ပုံငွေ ရရှိထားသည်။

အီတာလျံထိုင်းကုမဏီအမှုဆောင် အရာရှိများက ယခုနှစ်ကုန်တွင် မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက် ရှာတွေ့ရန် မျှော်လင့်ထားကြပြီး ယခုလအတွင်း တောင်ကိုရီးယားမှ ရင်းနှီးမြှုပ်နှံသူများထံ စီမံကိန်းအလားအလာများ ရှင်းလင်းတင်ပြရန် စီစဉ်နေကြသည်။ မြန်မာစွမ်းအင်ဝန်ကြီး ဦးသန်းဌေးက "ထားဝယ်ထက် ပိုမိုမြန်ဆန်စွာ တိုးတက်နေသော အခြားအထူးစီးပွားရေးဇုန် နှစ်ခုမှာ ရန်ကုန်အနီးသီလဝါနှင့် တရုတ်ပိုက်လိုင်းစီမံကိန်းများ၊ ရေနက်ဆိပ်ကမ်းများ အပြီးသတ်လုနီးနေပြီဖြစ်သော ကျောက်ဖြူတို့ဖြစ်သည်" ဟု Reuters သတင်းဌာနသို့ ယခင်အပတ်က ပြောကြားခဲ့သည်။

"ထားဝယ်ဇုန်ထက် ကျောက်ဖြူက ပိုပြီးတော့ မြန်နေပါတယ်။ အခုဆိုရင် ကျောက်ဖြူဒေသကို လျှပ်စစ်မီးပေးဖို့ ကျွန်တော်တို့စဉ်းစားနေပါပြီ" ဟု ယင်းကဆက်လက်ပြောသည်။ အစိုးရက ဇန်နဝါရီ ၁ဝ ရက်တွင် ထားဝယ်ဒေသမှ ၄ဝဝဝ မီဂါဝပ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုကို သဘာဝပတ်ဝန်းကျင် အကြောင်းပြချက်ဖြင့် ရုတ်တရက် ရပ်ဆိုင်းလိုက်သောကြောင့် လျှပ်စစ်ဓာတ်အားကိစ္စမှာ ထားဝယ်စီမံကိန်း၏ ပြဿနာများတွင် ထိပ်တန်းဦးစားပေး ဖြစ်လာခဲ့သည်။

အီတာလျံထိုင်း၏ အမှုဆောင်ဒါရိုက်တာ ဆုမ်ချက်သီနာပေါင်က ဇန်နဝါရီ ၂၃ တွင် Reuters သို့ ပြောကြားရာတွင် ယင်းတို့၏ စီးပွားဖက် ဓာတ်အားထုတ်လုပ်သူ ရတ်ချနာပူရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဦးပိုင်လီမိတက် (RATC-BK) သည် ကီလိုမီတာ ၅ဝ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်း၍ သဘာဝဓာတ်ငွေ့အသုံးပြုခြင်း အပါအဝင် လောင်စာဆီသုံး ထုတ်လုပ်မှုပုံစံတစ်မျိုးကို သုံးလအတွင်း စဉ်းစားဆုံးဖြတ်မည်ဟု ဆိုသည်။ သို့သော် စွမ်းအင် ဝန်ကြီးဦးသန်းဌေးက သဘာဝဓာတ်ငွေ့ အသုံးပြုမည့်ကိစ္စကို အတည်မပြုပေးဘဲ စီမံကိန်းအတွက် လျှပ်စစ်မီး ပေးရမည့် ကိစ္စက ယခုထိ မသေချာသေးဟုလည်း ပြောသည်။

နိုင်ငံတွင်း မီးလင်းရေးကိစ္စများကိုပင် နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်ခဲ့သော မြန်မာနိုင်ငံတွင် ရန်ကုန်နိုင်ငံတကာ လေဆိပ်အပါအဝင် နိုင်ငံတစ်လွှား အမှောင်ကျမှုများ မထူးဆန်းသောကြောင့် စက်မှုဇုန်အနေဖြင့် ကိုယ့်အားကိုယ်ကိုး လှုပ်ရှားရပေလိမ့်မည်။

ကြိုတင်လေ့လာမှုအဆင့်မျှသာ ပြုလုပ်ရသေးသော ရတ်ချနာပူရီကုမ္မဏီအပေါ် အထက်ပါပြဿနာကြောင့် ဖိအားများ ကျရောက်လျက်ရှိသည်ဟု နိုဝင်ဘာ ၁၆ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

ထားဝယ်စီမံကိန်း၏ အနာဂတ်ကို အခြားဝန်ကြီးဌာနများက ဆုံးဖြတ်ကြလိမ့်မည်ဟု ထုတ်ဖော်ပြောဆိုသော ဦးသန်းဌေးက အစိုးရ ဆက်လုပ်မည့် အစီအစဉ်နှင့်ပတ်သက်၍ ယင်း၏ အမြင်ကို ပြောကြားရာတွင် "အရင်အစိုးရက လုပ်ခဲ့တဲ့ ကန်ထရိုက်စာချုပ်အတိုင်း မဖြစ်နိုင်တော့ဘူးလို့ မှန်းဆပါတယ်" ဟု ဆိုသည်။

ထားဝယ်စီမံကိန်းအနှစ် ၆ဝ လုပ်ကိုင်ခွင့်ကို လွန်ခဲ့သော ၁၄ ရက်က ရရှိထားသော အီတာလျှံထိုင်း ကုမ္မဏီကမူ အထက်ပါ မှတ်ချက်များကို ပယ်ချလျက် ရှိသည်။ အမှုဆောင်ဒါရိုက်တာဆုမ်ချက်က "စီမံကိန်းက ရှေ့ဆက်သွားနေပါတယ်။ ပြန်လှည့်လို့မရတော့ပါဘူး။ သူတို့ပြောချင်တာ ပြောလို့ရပေမဲ့ နောက်ဆုံးပိတ် ဆုံးဖြတ်ချက်ကတော့ မြန်မာသမ္မတကြီး ဦးဆောင်တဲ့ အထူးကော်မတီအပေါ် မူတည်ပါတယ်" ဟု Reuters သတင်းဌာနက ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အီတာလျှံထိုင်းက ရရှိထားသော အင်အားကြီးမြန်မာလုပ်ဖော်ကိုင်ဖက်မှာ စီမံကိန်း၏ လေးပုံတစ်ပုံကို ရယူထားသော Max Myanmar Group အကြီးအကဲ ဦးဇော်ဇော်ဖြစ်၍ ယင်းသည် မြန်မာအစိုးရနှင့်နီးစပ်သူဖြစ်သည်။

၂ဝဝ၇ နိုဝင်ဘာ ၁၅ ရက်က အမေရိကန်သံတမန်ဆက်သွယ်ရေး ကေဘယ်တွင် နောက်တက်လာမည့် ဝေမျှစားဖက် လုပ်ငန်းရှင်အဖြစ် ဖော်ပြခံရသော ဦးဇော်ဇော်သည် ယခုအခါ မြန်မာနိုင်ငံ၏ ဩဇာကြီး လုပ်ငန်းရှင်တစ်ဦးဖြစ်နေပြီဖြစ်သည်။ ယခုအချိန်တွင် ထိုင်းနိုင်ငံ၏ ထိပ်တန်း Bangkok Bank က ထားဝယ်ဓာတ်အားပေးစီမံကိန်းကို ငွေကြေး ထောက်ပံ့လျက်ရှိပြီး Siam Commercial Bank က စီမံကိန်းတစ်ခုလုံးကို ရင်းနှီးငွေ ပံ့ပိုးပေးနေသည်ဟု သိရှိရသည်။

အီတာလျံထိုင်းက အလားအလာကောင်းသော လုပ်ဖော်ကိုင်ဖက်များအဖြစ် သတ်မှတ်ထားသာ ကုမဏီများတွင် မလေးရှား Petroliam Nasional Bhd၊ ဂျပန် Mitsubishi Corp၊ Mitsui Co. နှင့် Sumitomo Corp၊ တောင်ကိုရီးယား POSCO တို့ပါဝင်ကြသည်။ ဂျပန်ကုန်သွယ်ရေးဝန်ကြီး ယူကီရိုအီဒါနိုကလည်း ယခင်လက ခရီးစဉ်များအတွင်း ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ မြန်မာအစိုးရ၊ ထိုင်းအစိုးရတို့နှင့် အသီးသီး ဆွေးနွေးသွားခဲ့သည်။

ဂျပန်ဝန်ကြီး အီဒါနိုနှင့် တွေ့ဆုံခဲ့သော ဆုမ်ချက်က "ဒီစီမံကိန်းက ကြီးပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကလည်း တော်တော် စိတ်ဝင်စား နေကြပါတယ်" ဟု ပြောကြားခဲ့သည်။

ထားဝယ်ဒေသသည် ထိုင်းနိုင်ငံ မော်တော်ကားစက်ရုံများအတွက် အစိတ်အပိုင်းထုတ်လုပ်သော ဂျပန်ကုမဏီများအတွက် အလားအလာ ကောင်းသလို ထိုင်းကုမ္မဏီများအတွက်လည်း ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းမည့်အလားအလာရှိသည်ဟု ရှုမြင်ကြကြောင်း သိရသည်။ ဆုမ်ချက်က ထိုင်းနိုင်ငံသို့ ဖောက်လုပ်သောကားလမ်း အပါအ၀င် အခြေခံအဆောက်အဦးများကို ၃ နှစ်အတွင်း အချောသတ်ပြီးစီးရန် မျှော်လင့်ထားပြီး အရှေ့ အလယ်ပိုင်းနှင့် အာဖရိကမှ ဘန်ကောက်နှင့် အရှေ့တောင်အာရှဒေသသို့ တင်ပို့သည့် ကုန်စည်များကို မလက္ကာရေလက်ကြားကို ရှောင်လွှဲပြီး ထားဝယ်မှတဆင့် မြန်ဆန်စိတ်ချစွာ ပို့ဆောင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

စတော့ရှယ်ယာ ပွဲစားများကလည်း မရေရာသောလေသံကို ထုတ်ဖော်လာကြသည်။ စင်ကာပူ စတော့ ကုမဏီ DBS Vickers Securites က စွန့်စားရမည့် အချက်များကို မီးမောင်းထိုးပြသည်။

"မြန်မာနိုင်ငံအတွက် စီးပွားရေးအလားအလာတွေ ဆောင်ကြဉ်းလာတယ်ဆိုပေမယ့် စီမံကိန်းက မြေစမ်းခရမ်းပျိုး အဆင့်မျှသာ ရှိသေးတဲ့အပြင် စွန့်စားမှုတွေ ပတ်လည်ဝိုင်းနေပါတယ်။ မီဂါဝပ် ၄၀၀၀ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ရုတ်တရက်ရပ်ဆိုင်းလိုက်မှုကြောင့် အီတာလျံထိုင်းအတွက် ငွေကြေး ကူညီမယ့် မဟာဗျူဟာစီးပွား ဖက်တွေ ရရှိဖို့ ခက်ခဲသွားပါတယ်" ဟု စတော့ကုမဏီက သုံးသပ်ထားသည်။ ထို့အပြင် စီမံကိန်းအတွက် ငွေကြေးရန်ပုံငွေ တိုးလာရန် စီမံကိန်းနယ်မြေအတွင်း မြေရောင်းရန် စီစဉ်ခြင်းမှာလည်း အကောင်းဖက်က ရှုမြင်ဆောင်ရွက်မှုသာဖြစ်ကြောင်း ဝေဖန်ထားပြီး၊ မဟာဗျူဟာမြောက် စီးပွားဖက်နှင့် ငွေကြေးအကူအညီမရပါက အီတာလျံထိုင်း၏ တစ်နှစ်တာအတွင်း စတော့ရှယ်ယာဈေးကွက် ဈေးနှုန်းမှာ အခြေအနေမကောင်းပဲ 0.1 ရာခိုင်နှုန်းမျှသာ မြင့်တက်ခဲ့သည်ဟု သိရှိရသည်။

ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနမှ စီးပွားရေးသုတေသနဌာန ဒါရိုက်တာ ကာနစ်ဆမ်ဆူဘန်က "ထားဝယ်စီမံကိန်းသည် အစိုးရ၏ ကြီးကြီးမားမား ပါဝင်ပတ်သက်မှု သို့မဟုတ် နိုင်ငံပိုင်ကုမဏီများ၏ ပူးတွဲရင်းနှီးမြုပ်နှံမှုတို့ကို လိုအပ်လိမ့်မည်"ဟု ရိုက်တာသို့ ပြောကြားသည်။ မြန်မာစွမ်းအင်ဝန်ကြီး ဦးသန်းဌေးကမူ "မိမိတို့ အစိုးရသည် ပုဂ္ဂလိကပိုင် ပိုမိုပါဝင်မှုကို အားပေးရန် ဆန္ဒရှိသည်"ဟု ပြောကြားထားသည်။ "မြန်မာနိုင်ငံမှာ ရေနံချက်စက်ရုံတွေ ဖြန့်ဖြူးရေးကိစ္စတွေကို ပုဂ္ဂလိကပိုင်းက ပိုမိုကိုင်တွယ် ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ဒီကိစ္စတွေကို အာရုံစိုက်နေရလို့ ထားဝယ်မှာ ပါဝင်ပတ်သက်ဖို့ အစီအစဉ်မရှိသေးပါဘူး"ဟု ယင်းက ဆိုသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံပိုင် ရေနံဓာတ်ငွေ့ကုမဏီကြီးများဖြစ်သော PTT Exploration နှင့် PTTE-BK တို့သည်လည်း ထားဝယ်တွင် ပါဝင် ပတ်သက်ရန် အနည်းငယ်သာ စိတ်ဝင်စားကြောင်း ပြသထားကြသည်။ Macquarie University မှ မြန်မာ့စီးပွားရေးရာ ကျွမ်းကျင်သူ ရှောင်တာနဲလ်က "ထားဝယ်နဲ့ ပတ်သက်လို့ ပြောဖို့ သိပ်ကို စောလွန်းနေပါတယ်"ဟု မှတ်ချက်ပေးထားသည်။

*****************************************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs