Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၇.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ အိမ်ယာမြေပွဲစားများ အကျိုးအမြတ်များစွာဖြစ်

(The Diplomat မှ 6 Feb 2012 ရက်စွဲပါ Brokers in Burma are banking big bucks ကို ဘာသာပြန်ဆိုသည်)

  1. အာဆီယံက မြန်မာကိုဒီမိုကရေစီသို့ ရောက်အောင် တွန်းနိုင်မည်

(Bernama News မှ 4 Feb 2012 ရက်စွဲပါ “Asia Society’s experts believe ASEAN members can prod Myanmar forwards democracy” သတင်းကို ဘာသာပြန်သည်)

  1. ဥရောပဒေသအတွက် မလိုလားအပ်သောစိုးရိမ်စရာများရှိနေဟု သြစတြေးလျသတိပေး

(BBC သတင်းဌာနမှ 4 Feb 2012 ရက်စွဲပါ Europe at risk of early grave warns Kevin Rudd ကို ဘာသာပြန်ဆိုသည်)

  1. အစိုးရ၏ သင်္ကြန်အမြောက်သံကို မယုံကြည်

(Foreign Policy In Focus မှ 4 Feb 2012 ရက်စွဲပါ "Burma: Don't Believe the Hype" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

***********************************************************************************************

မြန်မာ အိမ်ယာမြေပွဲစားများ အကျိုးအမြတ်များစွာဖြစ်

(The Diplomat မှ 6 Feb 2012 ရက်စွဲပါ Brokers in Burma are banking big bucks ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ ရန်ကုန်မြို့၏ ဆင်ခြေဖုန်းဒေသများမှ အိမ်ယာမြေဈေးနှုန်းများမှာ မိုးထိအောင် လှေခါးထောင်လျက် ရှိသည်။ မြန်မာနိုင်ငံသည် ယခုအခါ တံခါးဖွင့်လာပြီဖြစ်သည့်အတွက် လာမည့်နှစ်များအတွင်း စီးပွားရေး လုပ်ကိုင် ဆောင်ရွက်ရန် မြေတန်ဖိုးမြင့်တက်လာဖွယ်ရှိသည်ဟူသော ထင်ကြေးပေး ပြောဆိုမှုများကြောင့် မြို့တော်ဟောင်း ရန်ကုန်၏ ဆင်ခြေဖုံးဒေသများမှ မြေတန်ဖိုးများမှာ လေးဆခန့်မြင့်တက်သွားသည်။

"မြေဝယ်သူအချို့က ရန်ကုန်ကစီးပွားရေးလုပ်ငန်းရှင်တွေပါ။ ဒါပေမဲ့ သူတို့အများစုဟာ တရုတ်လူမျိုးတွေဖြစ်ပြီး မန္တလေးဘက်က ရှမ်းတရုတ်တွေလည်းပါတယ်။ အဲဒီမြို့နယ်တွေမှာနေထိုင်တဲ့သူတွေက ဈေးကောင်းရတော့ ရောင်းချပြီး တခြားမြို့ပြင်ဘက်က ဈေးသက်သာတဲ့ နေရာတွေကို ရွှေ့သွားကြတယ်"" ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းဒေသတွင် ရှစ်နှစ်ကျော်ခန့် နေထိုင်ခဲ့သူ အလွတ်တမ်းစီးပွားရေးသတင်းထောက် ကိုတင်မိုးက The Diplomat သို့ပြောသည်။

မြန်မာနိုင်ငံမှအခြားသော ဒေသများတွင်လည်း အလားတူပင် မြေဈေးနှုန်းများမြင့်တက်လျက်ရှိသည်။ အထူးသဖြင့် အထူးစီးပွားရေးဇုန်ကြီးများ အကောင်အထည်ဖော်လျက်ရှိသော တနင်္သာရီတိုင်း ထားဝယ်နှင့် ရခိုင်ပြည်နယ်၊ စစ်တွေတို့တွင်ဖြစ်သည်။ သို့သော် စီးပွားရေးအရအချက်အချာကျသော ရန်ကုန်တွင်မူ အိမ်ယာမြေ ဈေးနှုန်းမြင့်တက်မှုမှာ ပို၍ သိသိသာသာရှိသည်။

ဆင်ခြေဖုံးဒေသတစ်ခုဖြစ်သည့် ဒဂုံအရှေ့ပိုင်းတွင် စတုရန်းပေ ၂၄၀၀ ရှိသော မြေတစ်ကွက်လျှင် ကျပ်ငွေ သန်း ၁၃၀ အထိ လတ်တလော ပေါက်ဈေးရှိသည်။ ယင်းမြို့နယ်သို့ ကိုတင်မိုး လွန်ခဲ့သည့်ရှစ်နှစ်ခန့်က ပြောင်းရွှေ့ခဲ့စဉ်က စပါးစိုက်ကွင်းများသာရှိပြီး နေထိုင်သူလူဦးရေမှာလည်း အနည်းငယ်သာ ရှိသည်။ လျှပ်စစ်မီးလည်းပုံမှန်မရရှိပေ။

***********************************************************************

အာဆီယံက မြန်မာကိုဒီမိုကရေစီသို့ ရောက်အောင် တွန်းနိုင်မည်

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီလမ်းကြောင်းအတိုင်း ဆက်လက် လိုက်ပါလာအောင် လွှမ်းမိုးထိန်းကျောင်းနိုင်ကြလိမ့်မည်ဟုယူဆရသည်။

“အာဆီယံအဖွဲ့၏ မဏ္ဍိုင်အဖွဲ့ဝင်များအထူးသဖြင့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား နှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံ၏ လက်ရှိကြိုးပမ်းမှုတွင် အပြုသဘောဆောင်ထိရောက်သောကဏ္ဍမှ ပါဝင်နိုင်လိမ့်မည်” ဟုနယူးယောက် ရှိ Asia Society က မြန်မာနိုင်ငံဆိုင်ရာအမေရိကန်မူဝါဒ နှင့်ပတ်သက်၍ ဖွဲ့စည်းထားသောအဖွဲ့အစည်းတစ်ရပ်ကဆိုသည်။ သံတမန်များ၊ ပညာရှင်များ၊ ကျွမ်းကျင်သူများပါဝင်သောအထက်ပါအဖွဲ့သည် ယင်းတို့၏အဓိကအဖွဲ့ဝင် နှစ်ဦးနှင့်အတူ ဗုဒ္ဓဟူးနေ့က Asia Society တွင် မြန်မာ့နိုင်ငံရေးအသွင်ပြောင်းမှုဆိုင်ရာဆွေးနွေးပွဲများကျင်းပခဲ့ကြသည်။

အဆိုပါ အဖွဲ့ဝင်နှစ်ဦးမှာ ၁၉၉၉ မှ ၂၀၀၂ အထိရန်ကုန်မြို့ အမေရိကန်သံရုံးတွင် သံရုံးတာဝန်ခံအဖြစ် တာဝန်ယူခဲ့သူ၊ ယခုအဖွဲ့၏မူဝါဒအကြံပေး Priscilla Clapp နှင့် Asia Society မှ ကမ္ဘာလုံးဆိုင်ရာမူဝါဒအစီအစဉ် ဒုတိယဥက္ကဌ ဖြစ်သူ စီမံကိန်းဒါရိုက်တာ Suzanne DiMaggio တို့ဖြစ်သည်။

ဆွေးနွေးပွဲတွင် Priscilla Clapp က Bernamaသတင်းဌာနသို့ ပြောကြားရာတွင် “အာဆီယံ အဖွဲ့သည် ဒီမိုကရေစီလမ်းကြောင်းဆီသို့ မြန်မာနိုင်ငံရွေ့လျားမှုတွင် များစွာသက်ရောက်မှုရှိနိုင်သည်” ဟုပြောဆိုသည်။ ၂၀၁၄ တွင် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဌတာဝန်ကိုယူချင်သော မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့၏ အကြံပေးမှုများကိုပိုမိုလိုလားစွာနားထောင်ချင်လိမ့်မည် ဟု ၎င်းတို့ကမှတ်ချက်ပေးကြသည်။

Clapp နှင့် DiMaggio တို့ နှစ်ဦးသည် အချိန်မတန်သေး၍ အဆင့်နိမ့်ထားသောအမေရိကန်-မြန်မာ ဆက်ဆံရေးကို မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်အလမ်းများကိုလေ့လာရှာဖွေရန် နှစ်နိုင်ငံ ကျွမ်းကျင်သူများအကြား အလွတ်သဘောဆက်သွယ်ညှိုနှိုင်းသော Track-II Dialogveတွေ့ဆုံဆွေးနွေးမှုများအတွက် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြပြီး ဖြစ်သည်။ အဆိုပါ ဆွေးနွေးမှုများတွင် နိုင်ငံရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် အဆက်မပြတ် ရှင်သန်နိုင်ရေး၊ ဒီမိုကရေစီအဆောက်အအုံတည်ဆောက်မှု၊ ပြည်သူအချင်းချင်းအပြန်အလှန် ဆက်ဆံမှု ဖလှယ်ရေး စသည်တို့ အပါအဝင် ကိစ္စရပ်များစွာကိုကျယ်ကျယ်ပြန့်ပြန့် ဦးတည် ဆွေးနွေးခဲ့ကြသည် ဟုသိရသည်။

ထို့အပြင် အစိုးရတာဝန်ရှိသူများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းနှင့် ပုဂ္ဂလိကကဏ္ဍမှ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ နိုင်ငံရေးကိုယ်စားပြု ပုဂ္ဂိုလ်များကိုလည်းတွေ့ဆုံခဲ့ကြသည် ဟုဆိုသည်။ မြန်မာနိုင်ငံတွင် သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်နေပြီး အထူးသဖြင့် မြန်မာ့နိုင်ငံရေးမြင်ကွင်းတွင် အတိုက်အခံပါတီများ ပြန်လည်ထွက်ပေါ်လာခြင်းမှာအဓိကကျသည်ဟု DiMaggio က မှတ်ချက်ပေးသည်။ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၇ ခု မှတ်ပုံတင်ထားကြသည်ဟု သူမက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲဝင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကိုယ်စားလှယ် အမတ်လောင်း နှစ်ဒါဇင်ကျော်ကို မှတ်ပုံတင်ထားသည် ဟုသိရှိရသည်။

 ******************************************************************************************************

ဥရောပဒေသအတွက် မလိုလားအပ်သောစိုးရိမ်စရာများရှိနေဟု သြစတြေးလျသတိပေး

ဥရောပဒေသသည် ကိုယ်ပိုင်ဘဏ္ဍာရေးပြဿနာများ၏ နှိပ်စက်ဖိစီးမှုခံနေရသောကြောင့် အာရှစန်းထလာမှုနှင့် ပတ်သက်သော ဒီဘိတ်တွင် အရေးနိမ့်လျက်ရှိကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင်ရုဒ်ကပြောကြားသည်။ "ဥရောပသည် စီးပွားရေးပြဿနာများနှင့် ပတ်သက်၍ အငြင်းအခုန်များ၊ ဆွေးနွေးမှုများပြုလုပ်နေရသည့် အားလျော်စွာ ကမ္ဘာလုံးဆိုင်ရာအခင်းအကျင်းတွင် နိုင်ငံရေးအရ အရေးနိမ့်မည့် အနေအထားသို့ ရောက်ရှိနေကြောင်း" ကယ်ဗင်ရုဒ်ကပြောသည်။

မြူးနစ်လုံခြုံရေးကွန်ဖရင့်၌ “အမေရိက၊ ဥရောပနှင့် အာရှခေါင်းထောင်လာမှု” ဟူသောခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောဆိုရာ၌ မစ္စတာကယ်ဗင်ရုဒ်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ ဥရောပနှင့်ပတ်သက်သော ၎င်း၏ သုံးသပ်ချက်ကို အီးယူပြည်တွင်းဈေးကွက်ရေးရာ ကော်မရှင်နာ Michel Barnier ကငြင်းပယ်လိုက်ပြီး “အီးယူအနေဖြင့် ယခုလိုအကျပ်အတည်းများကြားမှ အင်အားတောင့်တင်းခိုင်မာစွာ ရုန်းထွက်နိုင်မည်ဖြစ်ကြောင်း” တုံ့ပြန် ပြောကြားသည်။ AFP သတင်းဌာနအဆိုအရ ဥရောပသည် တရုတ်နှင့်အာရှဒေသ၏ စီးပွားရေးနှင့် နိုင်ငံရေးသြဇာလွှမ်းမိုးမှုနှင့် ပတ်သက်သော ဒီဘိတ်တွင် ဘေးဘက်သို့တဖြည်းဖြည်းချင်းရောက်ရှိလာပြီဖြစ်သည်ဟု မစ္စတာကယ်ဗင်ရုဒ်က ပြောကြားကြောင်း သိရသည်။

“ယခုလို အာရှဒေသခေါင်းထောင်လာမှုနဲ့ပတ်သက်ပြီး ဖြစ်နေတဲ့ဒီဘိတ်တွေမှာ ဥရောပတိုက်တစ်ခုလုံး ပါဝင်နိုင်မှု မရှိသလောက်ဖြစ်လာတာကို တွေ့ရပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ဥရောပဟာ ပြည်တွင်းစီးပွားရေး ပြဿနာတွေနဲ့ နပန်းလုံးနေရပြီး ကိုယ့်ကိစ္စနဲ့ကိုယ်အတွေးနယ်ချဲ့ လွန်းတာမျိုး ဖြစ်နေတာကိုတွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးမှာ စိုးရိမ်စရာတွေဖြစ်လာပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

“အဲလိုဖြစ်နေတာမျိုးကို ကျွန်တော်တို့မတွေ့မြင်လိုပါဘူး။ ကျွန်တော်တို့အနေနဲ့ ဥရောပဒေသဟာ တခြားကမ္ဘာ့နိုင်ငံတွေအားလုံးအတွက် အခြေခံ ကျတဲ့ အင်အားတွေပေးနိုင်တဲ့ဒေသတစ်ခုလို့ပဲထင်ထားပါတယ်။ ဒါပေမဲ့ဗျာ ကျွန်တော်တို့ အထင်နဲ့ အမြင်ကကွာခြားလွန်းလှပါတယ်” ဟု ယင်းက ပြောကြားသွားသည်။

*************************************************************

အစိုးရ၏ သင်္ကြန်အမြောက်သံကို မယုံကြည်

လက်ရှိ မြန်မာနိုင်ငံတွင် လွတ်လပ်ခွင့် အလင်းရောင် ဖြတ်ကနဲ ပေါ်လာခြင်းကို တောင်အာဖရိက နိုင်ငံတွင် FW De Klerk က နယ်လ်ဆင် မင်ဒဲလားနှင့် အာဖရိက အမျိုးသား ကွန်ကရက်သို့ အာဏာလွှဲပြောင်းပေးသည့် ဖြစ်ရပ်နှင့် အချို့က နှိုင်းယှဉ်နေကြသည်။ ဤဆောင်းပါးတွင်မူ မြန်မာ အစိုးရ၏ လုပ်ကိုင် ဆောင်ရွက်ပုံများကို ဒရောသောပါး မကြိုဆိုပဲ ဝေဖန်သုံးသပ်ခွင့်ပြုစေလိုသည်။

ယခင်ရက်ပိုင်း အေပီသတင်းတစ်ရပ်တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အလယ်ပိုင်း မြို့တော်မှ ဘောလုံးကွင်းတွင် နိုင်ငံရေးစည်းဝေးပွဲ ပြုလုပ်ရန် ခွင့်ပြုချက်မရသောကြောင့် ခရီးစဉ်ကို ဆိုင်းငံ့ထားသည်ဟု ပါတီတာဝန်ရှိသူက ကြာသပတေးနေ့တွင် ပြောကြားကြောင်း သတင်းဖော်ပြခဲ့သည်။ ဥပဒေအရ အနည်းဆုံး ၇ ရက် ကြိုတင်၍ လျှောက်ထားမှု လိုအပ်သည်ဟုလည်းဆိုသည်။ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က NLD ပါတီသည် အားကစားကွင်း အသုံးပြုရန်အတွက် ဘောလုံးအာဏာပိုင်များထံ ခွင့်တောင်းခဲ့သော်လည်း ဘောလုံးအဖွဲ့ချုပ်က မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်က ပထမဦးစွာ အတည်ပြုပေးရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ သို့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်ကမူ NLD ပါတီအနေဖြင့် ဘောလုံးအဖွဲ့ချုပ်ထံမှ ရှေးဦးစွာ ခွင့်ပြုချက် ရရန် လိုအပ်သည်ဟု ဆိုပြန်သည်။

သို့ဖြစ်ရာ အထက်ပါ အဖွဲ့အစည်းများသည် ဗိုလ်ချုပ်ကြီးများ၏ မျက်မာန်ရှမှုကို ပိုမို ကြောက်ရွံ့နေကြောင်း ပေါ်လွင်လာသည်။ ထိုကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင်ထံမှ ခွင့်ပြုချက် မရခြင်းသည် ရွေးကောက်တင်မြှောက်ခံ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အမျိုးသား ပြန်လည်စေ့စပ်မှု လုပ်ငန်းစဉ်၏ ဂုဏ်သတင်းကို မွှေးမြမှုကို ချဉ်နံ့ ထွက်သွားစေခဲ့သည်။ တစ်ချိန်ထဲတွင် London School of Economics မှ မြန်မာ့အရေး လှုပ်ရှားသူ မောင်ဇာနည်က အောက်ပါအတိုင်း ရေးသား ဝေဖန်သည်။

ယနေ့မြန်မာနိုင်ငံတွင် ပျံ့နှံ့နေသော လှုပ်လှုပ်ရှားရှား ဖြစ်ရပ်များကို "ကြီးမားသော အသွင်ပြောင်းမှု လမ်းကြောင်းပေါ်တွင်" ဟု သတ်မှတ် ပြောဆိုနေကြသော်လည်း စာရေးသူ (မောင်ဇာနည်) အနေဖြင့် ဒီမိုကရေစီ ဦးတည်ရာလမ်းပေါ်တွင် မြန်မာနိုင်ငံ ရောက်နေပြီဟု လက်ခံ၍ မရသေးပါ။ ယခု နိုင်ငံကို အုပ်ချုပ်နေသူများသည် ယခင် အနှစ် ၂၀ ကာလက အုပ်ချုပ်ခဲ့သူများသာ ဖြစ်သည်။ မှန်ပါသည်။ ပြည်သူများကတော့ ပြောင်းလဲသွားပါပြီ။ စိတ်မာန်ပြင်းသော ဗိုလ်ချုပ်ကြီးများသည်လည်း ပြန်လည် သင့်မြတ်လိုသူများ ဖြစ်လာနိုင်သည်။ သို့သော် အုပ်ချုပ်ရေး အပိုင်းတွင် နိုင်ငံရေး နိုးထမှုကို လုံးဝ မတွေ့ရပါ။

နေပြည်တော်မှ အာဏာရ ဗိုလ်ချုပ်ဟောင်းများနှင့် ဗိုလ်ချုပ်ကြီးများသည် တောင်အာဖရိကမှ De Klerk တို့ အုပ်စုကဲ့သို့ မဟုတ်ပဲ နိုင်ငံရေး စနစ်ကို သိသာထင်ရှားသော၊ အသိအမှတ်ပြုထိုက်သော နည်းလမ်းများဖြင့် ပြုပြင် ပြင်ဆင်ခြင်းမရှိကြပါ။ အာဖရိကန် လူဖြူအသိုင်းအဝိုင်းသည် လူဖြူတို့၏ ဘဝလုံခြုံရေး၊ လွတ်လပ်ခွင့်နှင့် ကြွယ်ဝမှုများကို တည်မြဲရေးအတွက် အလဲအလှယ်အနေဖြင့် တောင်အာဖရိကနိုင်ငံ၏ အသားအရောင် ခွဲခြားမှုစနစ်ကို ဖျက်သိမ်းပေးခဲ့ကြပြီး မင်ဒဲလားနှင့် အာဖရိက အမျိုးသားကွန်ကရက်အုပ်စုကို အာဏာ လွှဲပြောင်းပေခဲ့ကြသည်။

မြန်မာဗိုလ်ချုပ်ဟောင်းကြီးများ ထိုကဲ့သို့ လုပ်ဆောင်သည်ကို မည်သူတွေ့မြင်ပါသလဲဟု မောင်ဇာနည်က မေးခွန်းထုတ်သည်။ ဗိုလ်ချုပ်ဟောင်း ကြီးများသည် မတရားသဖြင့် ရှာဖွေထားသော သန်းထောင်ချီ ငွေကြေး ဥစ္စာများနှင့် မြေပေါ်မြေအောက် သယံဇာတများအတွက် အလဲအလှယ်လုပ်သည့် အနေဖြင့် လွှတ်တော်ထဲမှ တပ်မတော်သားများ၊ တရားစီရင်ရေးကဏ္ဍအား မကြေညာသော အမိန့်များဖြင့် ကြိုးကိုင်ခြင်းကို ရပ်ဆိုင်းခြင်း၊ အရပ်ဖက် အုပ်ချုပ်ရေး ကဏ္ဍမှ ဆုတ်ခွာပေးခြင်း တို့ကို ပြုလုပ်ပါသလား ဟု မောင်ဇာနည် က ဆိုလိုခြင်း ဖြစ်သည်။

မောင်ဇာနည်က ယင်းတို့၏ အကြံအစည်မှာ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့တို့၏ အကူအညီများကို ပိတ်ဆို့ထားသော အမေရိကန် Sanctions များ ရုတ်သိမ်းသွားစေမည့် နည်းဗျူဟာတွင် စကားပြောညင်သာသော သမ္မတ ဦးသိန်းစိန်မှတဆင့် သော့ချက် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းအသုံးပြုရန် ကြိုးစားခြင်းပင်ဖြစ်သည်ဟု မှတ်ချက်ပေးသည်။

တဖန် အနောက်နိုင်ငံ Sanctions များကို ရုတ်သိမ်းသွားစေလိုသော တရုတ်သြဇာလွှမ်းမိုးမှုကို လျှော့ချပစ်လိုသော၊ သဘောထား တင်းမာသူ အမျိုးသားရေးဝါဒီ တပ်မတော်ခေါင်းဆောင်တစ်စု၏ ဂုဏ်သိက္ခာ ကင်းမဲ့မှုကို ဆေးကြောရန်အတွက် အဂတိလိုက်စားမှုကင်းသော သမ္မတဦးသိန်းစိန်ကို အလယ်အလတ်ဝါဒီ ရှေ့ထွက်မင်းသားအဖြစ် ထားရှိကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ၁၁ ဦး ကောင်စီက ကန့်လန့်ကာနောက်ကွယ်မှ အမှန်တကယ် အာဏာကို ထိန်းချုပ်ထားကြခြင်း ဖြစ်သည်ဟု မြန်မာ့အရေး အကဲခတ်လေ့လာသူ Simon Roughneen က သုံးသပ်ထားသည်။ အမှန်တကယ် စစ်မှန်ထိရောက်သော ပြောင်းလဲမှုမရှိပါက ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရအား ဘဏ်ငွေထုတ် ချက်လက်မှတ်အလွတ်ကို ပေးလိမ့်မည် မဟုတ် ဟူသော အချက်မှာ ထင်ရှားနေသည်။ သို့ဖြစ်ရာ လက်ရှိ အာဏာရ အစိုးရကလည်း သူမနှင့် အပေးအယူမျှစွာ ဆက်လက်ကစားရန် စိတ်ဝင်စားမှု နည်းလာသည်။ ထို့ကြောင့် အားကစားကွင်း(ဗထူးကွင်း) အသုံးပြုခွင့်ပါမစ်ကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု မောင်ဇာနည်က တင်ပြထားသည်။

********************************************************************************************************************

Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Attached: yangonchronicle 2011- (1)