Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြောတော့ မိုးထိုးတော့ မြေကြီးမဖြစ်စေဖို့

**************************************

ဆောင်းပါးကဏ္ဍ

ပြောတော့ မိုးထိုးတော့ မြေကြီးမဖြစ်စေဖို့

မောင်ဝံသ

 (ဖေဖော်ဝါရီ ၁၆ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၈၂) မှ ထုတ်ယူဖော်ပြသည်)

ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ အစိုးရကဦးဆောင်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ အများက နားလည်ထားကြပါတယ်။ ဒါပေမယ့် အစိုးရရဲ့ အဲဒီဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ အရှိန်အဟုန်ဟာ နှေးနေတယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတယ်ဗျ။ ဒါ့အပြင် အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်း  တစ်ခါတစ်ခါ အားတက်သရောတွေ တွေ့လိုက်ရ၊ တစ်ခါတစ်ခါ အားပျက်စရာ အားမရစရာ တွေ့လိုက်ရဆိုတာမျိုးတွေ မကြာခဏဆိုသလို ကြုံတွေ့နေကြရတဲ့အပေါ် ဝေဖန်မှုတွေနဲ့ သင်္ကာမကင်းဖြစ်မှုတွေ လည်း ရှိနေသေးတယ်ဗျာ။

ဒီချုပ်ခေါင်းဆောင်ရဲ့ သဘောထားအမြင်

အထူးသဖြင့် အစိုးရရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားမှတ်ချက်တွေကလည်း ပြည်သူတွေအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိနေတယ်ဗျ။

ပြီးခဲ့တဲ့ လွတ်လပ်ရေးအောင်ပွဲနေ့က ဝါရင့်နိုင်ငံရေးသမားကြီးတွေက ဦးစီးပြုလုပ်တဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ လက်မှတ်နဲ့ ထွက်ပေါ်လာတဲ့ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပတ်သက်ပြီး “ကျွန်မကတော့ သမ္မတကြီးဦးသိန်းစိန်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို အမှန်တကယ်ပဲ လုပ်ချင်တဲ့ဆန္ဒရှိသူလို့ ယုံကြည်တယ်။ ဒါပေမယ့် အစိုးရအဖွဲ့ဆိုတာက သမ္မတကြီးတစ်ယောက်တည်း ရှိတာမှ မဟုတ်ဘဲ”လို့ ပြောခဲ့တယ်ဗျ။

ဒါ့အပြင် NLD ဒီချုပ်ပါတီက ထုတ်ဝေတဲ့ ဒီလှိုင်းစာစောင်အတွဲ (၁)၊ အမှတ်(၂)မှာလည်း “မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှု တွေဟာ ပြန်လှည့်လို့မရတော့တဲ့အဆင့်တော့ မဟုတ်သေးဘူး။ တကယ်ကို ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့အထိ စိတ်ချရဖို့ ဆိုရင်တော့ တပ်မတော်က ပါဝင်ပူးပေါင်းဖို့ လိုလိမ့်မယ်။ တပ်မတော်မပါဘဲနဲ့တော့ ကျွန်မတို့ဟာအောင်မြင်ပြီလို့ ပြောလို့မရသေးပါဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တယ်ဗျ။

 မယုံသေးသူတွေကိုအပြစ်မတင်

ကျွန်တော်တို့ စာရေးဆရာ၊ သတင်းစာဆရာမီဒီယာသမားတွေ အပါအဝင် ပြည်သူတွေကိုယ်တိုင် မြင်တွေ့ကြား သိနေကြရဆဲဖြစ်တဲ့ အားတက်စရာတွေ ကြားထဲက အားပျက်စရာဖြစ်ရပ်တွေ သတင်းတွေနဲ့ ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီလိုမျိုးသုံးသပ်ချက်တွေအပြင် အချို့အချို့သောသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ရိုင်းပြတဲ့ အသုံးအနှုန်းနဲ့ ခေါ်ဝေါ်နေဆဲ၊ မလိုလားကြောင်း လူအများရှေ့ အတိအလင်း ပြောနေကြဆဲ အခြေအနေတွေကို ပေါင်းစပ်လိုက်တဲ့အခါ တောင်တက်လမ်းမှာ မောင်းနှင်နေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီမော်တော်ကား ကြီးနောက်ကို ပြန်လိမ့်သွားမယ့် အန္တရာယ် လုံးလုံးလျားလျား မရှိတော့ပါဘူးလို့ စိတ်ချလက်ချ မယုံနိုင်သေးတာကို အပြစ်မတင်တော့ ဘူးဗျာ။

 

ပြည်သူ့ခေတ် မုခ်ဦးမှာ

ဒါပေမယ့် ဘာပဲပြောပြောသမ္မတကြီးနဲ့ လူထုခေါင်းဆောင်တို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာ အစ၊ ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းလိုက်တာအလယ်၊ ထင်ရှားတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ သံဃာတော်တွေ အပါအဝင် ယုံကြည်ချက်အကျဉ်းသားတွေကို အစုလိုက် အပြုံလိုက် ပြန်လွှတ်ပေးလိုက်တာအဆုံး ပြည်သူ့ဆန္ဒကို လေးစား အသိအမှတ်ပြုတဲ့ အစိုးရရဲ့လုပ်ရပ်တွေ၊ တပ်မတော်အကြီးအကဲ အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေ အကြိမ်ကြိမ် အထပ်ထပ်ပေးခဲ့တဲ့ “နောက်ကို ဘယ်တော့မှ ပြန်မလှည့်တော့ပါဘူး”ဆိုတဲ့ ကတိစကားတွေ အပါအ၀င် ပေးထားချက်တွေအရ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ (လူကြောင့် ဖြစ်တဲ့ ကြမ္မာဆိုးနဲ့ နောက်တစ်ကြိမ် ထပ်မကြုံရတော့ဘူးဆိုရင်) ဒီမိုကရေစီပြည်သူ့ခေတ်သစ်ရဲ့ မုခ်ဦးမှာ ရောက်ရှိနေပြီလို့ ဆိုနိုင်တယ်ဗျာ။

ပြည်သူတွေရဲ့ ဒီမိုကရေစီအသိရေချိန်

ဒါကြောင့် လောလောဆယ်မှာဒီမိုကရေစီ ဝန်းကျင်အနေအထား ပီပီပြင်ပြင် ဖြစ်မလာသေးပေမယ့် အနှေးနဲ့ အမြန်ဆိုသလို ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီမြင်ကွင်းများကို ပိုမိုမြင်တွေ့လာတော့မှာ သေချာနေတယ်ဗျ။ ဒီနေရာမှာ ကျွန်တော်တို့ နိုင်ငံဒီမိုကရေစီပန်းတိုင်ဆီသို့ ချီတက်ရာမှာ ခြေလှမ်းမြန်ခြင်း၊ နှေးခြင်းဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီ အသိပညာရေချိန် မြင့်ခြင်းနိမ့်ခြင်းနဲ့ တိုက်ရိုက်အချိုးကျမှာ ဖြစ်တယ်ဗျ။

အမှန်တရားသည်သာအင်အား

ဒီမိုကရေစီကိုအလေးမထားတဲ့ ခေတ်စနစ်နဲ့နိုင်ငံမှာ “အင်အားသည်သာအရာရာ” (Might is Right) သဘော တရားကြီးစိုးပေမယ့် ဒီမိုကရေစီပြည်သူ့ခေတ်မှာတော့ “အမှန်တရားသည်သာအင်အား” (Right is Might) သဘောတရားတွင် ကျယ်လာမှာ ဧကန်မလွဲပါပဲဗျ။ ဒီတော့ အနာဂတ် မြန်မာနိုင်ငံမှာ အမှန်တရား လက်ကိုင်ထားသူများသာလျှင် ပြည်သူတွေကိုယ်စား နိုင်ငံရဲ့အရေးအရာတွေကို စီမံခန့်ခွဲ ပိုင်ခွင့်ရကြမှာ ဖြစ်တယ်။ ပြည်သူတွေက အမှန်တရား လက်ကိုင်ထားပြီးသူတို့အကျိုးအတွက် စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်သူ၊ တရားကို သိရုံသာသိသူ မဟုတ်ဘဲ အမှန်တကယ် လက်တွေ့လိုက်နာကျင့်ကြံသူ၊ အပြောနဲ့အလုပ် တစ်ထပ်တည်းကျသူ၊ ရိုးသားဖြောင့်မတ် တည်ကြည်ပြီး သူတို့ကို ပွင့်ပွင့်လင်းလင်း ဆက်ဆံသူတွေရဲ့ လက်ထဲကိုသာသူတို့ရဲ့ ကံကြမ္မာကိုအပ်နှံမှာ ဖြစ်တယ်ဗျ။

 

မဟတ္တမဂန္ဓီကြီးရဲ့ ဆုံးမစကား

ဒီနေရာမှာအပြောနဲ့အလုပ် တစ်ထပ်တည်းကျတဲ့သူဆိုတဲ့ စကားနဲ့ပတ်သက်ပြီး ကျွန်တော် မကြာခင်က ဖတ်ခဲ့ရတဲ့ စာစုလေးတစ်ခု အကြောင်း ပြောပြချင်တယ်ဗျ။ အဲဒီစာစုကိုဒီနှစ် ဇန်န၀ါရီလထုတ် မြတ်မင်္ဂလာစာစောင်ရဲ့ အယ်ဒီတာ့အာဘော်မှာ ဖတ်ခဲ့ရတာ ဖြစ်ပါတယ်။ အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီရဲ့ ဘ၀တစ်ကွက်အကြောင်း ဖြစ်ပါတယ်။

တစ်နေ့မှာ အမျိုးသမီးတစ်ဦး သူ့သားငယ်ကိုလက်ဆွဲပြီး ဂန္ဓီကြီးဆီ ရောက်လာတယ်။ ကိစ္စက သားငယ်ဟာ သကြားလုံး အစားများပြီး ချောင်းတွေ ဆိုးနေတဲ့အတွက် ကူညီဆုံးမပေးဖို့ ဂန္ဓီကြီးကို လာရောက်မေတ္တာရပ်ခံတာပါ။ ဂန္ဓီကြီးက နောက်တစ်လကြာမှ လာပါဆိုပြီးပြောလိုက်လို့ အဲဒီသားအမိ ပြန်သွားကြတယ်။ နောက်တစ်လကြာတော့ ရောက်လာတယ်။ ဒီအခါကျတော့ ဂန္ဓီကြီးက ကလေးကို သကြားလုံးတွေ သိပ်မစားဖို့ ချစ်ခင် ကြင်နာချိုသာစွာနဲ့ ဆုံးမလိုက်တယ်။ ကလေးကလည်း ဂန္ဓီကြီးရဲ့စကားကို လိုက်နာပါမယ်လို့ ရိုရိုသေသေ ပြန်ပြောတယ်။ ကလေးအမေက ဒီဆုံးမ စကားကို ပထမအခေါက်လာတုန်းကတည်းက ဘာကြောင့်မပြောတာလဲလို့ မေးတယ်။ ဂန္ဓီကြီးဟာ အဲဒီတုန်းက သူကိုယ်တိုင် အချိုတွေ လွန်လွန်ကဲကဲ စားနေမိခဲ့တဲ့အချိန်မို့ မပြောခဲ့တာဖြစ်တယ်။ သူတို့သားအမိ ပြန်သွားချိန်ကစပြီး သူ အချိုလျှော့စားခဲ့တယ်။ ဒါကြောင့် အခုအချိန်မှာ သူကိုယ်တိုင် အချို လျှော့စားနေသူတစ်ယောက်အဖြစ် လိပ်ပြာသန့်သန့်နဲ့ ကလေးကို အချိုလျှော့စားဖို့ ဆုံးမရဲခဲ့တာဖြစ်တယ်လို့ ပြန်ဖြေခဲ့တယ်။

 

လျှာအရိုးမရှိ လျှောက်ပြောစရာမဟုတ်

ဒီဖြစ်ရပ်ကလေးကနေ ဥပဒေသထုတ်ယူမယ်ဆိုရင် လာတော့မယ့် ဒီမိုကရေစီခေတ်မှာ ပြည်သူ့အကျိုးအတွက် ထိထိရောက်ရောက် ထမ်းဆောင်သွားကြဖို့ အားခဲထားကြတဲ့ (တစ်နည်း)လာတော့မယ့် ဒီမိုကရေစီရွေးကောက်ပွဲ တသီတသန်းကြီးမှာ ပြည်သူတွေဆီကနေသူတို့ကို တရားဝင်ကိုယ်စားပြုခွင့် သို့မဟုတ် ထောက်ခံမဲတောင်းကြဖို့ ရည်ရွယ်ချက်ရှိကြတဲ့ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးသမားတွေအတွက် အရေးကြီးတဲ့ သင်ခန်းစာတစ်ရပ်ရနိုင်မယ်လို့ ကျွန်တော် ယူဆတယ်ဗျာ။

ဒီမိုကရေစီခေတ်မှာ “လုပ်နိုင်သလောက်ပဲပြော၊ ပြောပြီးရင် ဖြစ်အောင်လုပ်”တဲ့ နိုင်ငံရေးသမားတွေကို အထူးလိုအပ်တယ်။ “ပြောတော့ မိုးထိုးတော့ မြေကြီး”လူစားတွေကိုမထောက်ခံမိဖို့ သတိကြီးစွာထားရမှာ ဖြစ်တယ်။ ကိုယ်တိုင်က အချိုတွေစားနေပြီး လက်အောက်ငယ်သားတွေ ကိုတော့ အချိုစားတာ မကောင်းဘူးလို့ ပြောတတ်သူတွေကို ရှောင်ရမှာ ဖြစ်တယ်။ အဂတိလိုက်စားမှု ပပျောက်ရေး၊ အဂတိကင်းတဲ့ တရားစီရင်ရေး၊ ကြိုးနီစနစ်ပယ်ဖျက်ရေး၊ အတိတ်က အမှားတွေကို သင်ခန်းစာယူရေး၊ ဥပဒေအထက်မှာ မည်သူမှမရှိစေရ၊ လက်ညှိုးမကောင်းလက်ညှိုး လက်မ မကောင်းလက်မ၊ လက်သင့်ရာ စားတော်ခေါ် ဝေစားမျှစားစီးပွားရေး မဖြစ်စေရစတဲ့ စကားလုံးတွေဟာ လျှာအရိုးမရှိတိုင်း လျှောက်ပြော နေရမှာ မဟုတ်ကြောင်းပါဗျ။

**************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၅.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. စီးပွားရေးကဏ္ဍ ၁၂ ခုတွင် မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်မည်
  2. မြန်မာ့တန်းမြင့်ဆန်များ အင်ဒို စတင်ဝယ်ယူ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်
  1. ကယားပြည်နယ်၌ NLD ပြည်နယ်ရုံးမဖွင့်နိုင်
  2. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

စီးပွားရေးကဏ္ဍ ၁၂ ခုတွင် မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်မည်

၂၀၁၂ အတွင်းမှ စတင်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ၁၂ တွင် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည့် ကဏ္ဍ(၁၂)ခုမှာ ကုန်သွယ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုများ၊ ပိာုတယ်လုပ်ငန်း၊ သစ်တင်ပို့ရောင်းချရေး လုပ်ငန်း၊ လျှပ်စစ်ပစ္စည်း တင်ပို့ရောင်းချမှု လုပ်ငန်း၊ စတီးနှင့် ဖိုက်ဘာလုပ်ငန်း၊ ဘိလပ်မြေ လုပ်ငန်း စသည့်ကဏ္ဍများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်တက်လာပြီးနောက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် ၂၀၁၁ ခုနှစ်ပိုင်းတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှုများစွာအား လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၁၂ ခုနှစ်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်များတွင် ထိုင်းနိုင်ငံမှ တစ်ဝက်ခန့်နီးပါး ရင်းနှီးမြှုပ်နှံ၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍများတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများမှာ ၁၃.၆ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့တန်းမြင့်ဆန်များ အင်ဒို စတင်ဝယ်ယူ

မြန်မာနိုင်ငံ၏ အိမ်နီးခြင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံ၏ အဓိကထွက်ကုန်ဖြစ်သည့် မြန်မာ့တန်းမြင့်ဆန် တန်ချိန် ၈,၀၀၀ အား ယခုလတွင် စတင်ဝယ်ယူခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ့နိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့ရောင်းချမည့် တန်းမြင့်ဆန် တန်ချိန် ၈,၀၀၀ အား အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော် ဆန်စပါး ဝယ်ယူရေးအဖွဲ့ Perum Bulog မှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး တင်ပို့မည့် ဆန်အမျိုးအစားမှာ ဧည့်မထ ငါးမှတ်ဆန် အမျိုးအစားဖြစ်ကြောင်း သိရသည်။

၂၀၁၂ ဇန်နဝါရီ ၂၈ ရက်နေ့၌ အင်ဒိုနီးရှားနိုင်ငံမှ နိုင်ငံတော်ဆန်စပါးဝယ်ယူရေးအဖွဲ့ (Perum Bulog) ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းတို့သည် အင်ဒိုသို့ ဆန်တန်ချိန် နှစ်သိန်း တင်ပို့ရောင်းချရေးအတွက် နားလည်မှု စာချွန်လွှာ MOU ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တင်ပို့မှုများကို ၂၀၀၆ ခုနှစ် နောက်ပိုင်းကာလများတွင် ရပ်နားထား ရပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂,၁၂၅ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

                မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ဆန်ဈေး အနည်းငယ် မြင့်တက်လာခဲ့ကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရည်ရွယ်၍ လစ်လပ် မဲဆန္ဒနယ်များဖြစ်သည့် မရမ်းကုန်းမြို့နယ်နှင့် လှည်းကူးမြို့နယ်များသို့ ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် သွားရောက်၍ မဲဆွယ် စည်းရုံးခဲ့သည်။

အဆိုပါ မဲဆန္ဒနယ်များရှိ ပါတီရုံးများဖွင့်ပွဲအား ကိုယ်တိုင်တက်ရောက်၍ ဖွင့်လှစ်ပေးခြင်းအပြင် ယင်းနေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အန်အယ်ဒီ၏ ကိုယ်စားလှယ်လောင်းများကို မဲပေးကြပါရန် ဒေါ်အောင်ဆန်းစုကြည်မှ အလေးအနက်ထား တိုက်တွန်းခဲ့သည်။

မရမ်းကုန်းမြို့နယ်မှ ရွေးကောက်ပွဲဝင်မည့် ဒေါက်တာဒေါ်မေဝင်းမြင့်သည် ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုပြီး ဖြစ်သည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် ထောက်ခံမဲပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ဟပြောကြားသည်။

“ကျမတို့ရဲ့ မူဝါဒတွေ၊ ကျမတို့ရဲ့ ခံယူချက်တွေအရ၊ အနှစ် ၂၀ ကျော် ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေအရ ကျမတို့ရဲ့ ကိုယ်စားလှယ် တွေဟာ လွှတ်တော်ထဲမှာ ရောက်လို့ရှိရင် ဆက်ပြီးတော့လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီတော့ လူပုဂ္ဂိုလ်ကို ကြည့်တာထက် ကျမတို့အဖွဲ့အစည်းရဲ့ ဆောင်ရွက်ချက် တွေကို ကြည့်ပြီးတော့ ဆုံးဖြတ်စေချင်ပါတယ်”ဟု  မရမ်းကုန်းမြို့နယ် ပြည်သူလူထုအား ဆိုသည်။

                ဒေါ်အောင်ဆန်းစုကြည်သည် မရမ်းကုန်းမြို့နယ် ရုံးခန်းဖွင့်ပွဲ အခမ်းအနားမှ ဖေဖော်ဝါရီ ၁၅ရက် နံနက် ၁၀ နာရီခွဲတွင် ထွက်ခွာလာပြီး နံနက် ၁၁ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ ရောက်ရှိလာကာ ရုံးခန်းဖွင့်လှစ်ခြင်းကိုကိုယ်တိုင် မပါဝင်နိုင်သည့် အတွက် ဒေသခံ ပြည်သူလူထုအား တောင်းပန်စကား ဆိုသည်။

ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် လှည်းကူးမြို့နယ်သို့ ဆက်လက်ထွက်ခွာလာပြီး မြို့နယ် အားကစား ကွင်းတွင် ဒေသခံပြည်သူအား တရားဥပဒေစိုးမိုးရေးသည် အရေးကြီးဆုံးကိစ္စရပ် ဖြစ်သည်ကို ပြည်သူအား သတင်းပေးသည့် မိန့်ခွန်းနှင့်ယင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဖြိုးမင်းသိန်းကို ထောက်ခံမဲပေးရန် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလက မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ဖြူဖြူသင်းကို ထောက်ခံမဲပေးကြပါရန် ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးခဲ့သည်။

KS

-----------------------------------------------------------------------------------------------------------------------------------

ကယားပြည်နယ်၌ NLD ပြည်နယ်ရုံးမဖွင့်နိုင်

ကယားပြည်နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမာခံများမရှိတော့သဖြင့် ပြည်နယ်ရုံးကို မဖွင့်လှစ်နိုင်သေးကြောင်း NLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

“သူတို့တွေက ဟိုတုန်းကတည်းက တောခိုသွားတော့ အမာခံတွေက မရှိတော့ဘူး။ အခုအဲဒီမှာ ရုံးမဖွင့်နိုင်ပေမဲ့ နောက်တော့ ဖွင့်သွားမယ်” ၎င်းက ဆက်ပြောကြားသည်။

NLD ပါတီသည် ပြန်လည်မှတ်ပုံတင်ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းတာဖြစ် ပြည်နယ်နှင့်တိုင်းရုံး ၁၃ရုံး ဖွင့်လှစ်နိုင်ခဲ့ပြီး မြို့နယ်ရုံးခွဲနှင့်ရပ်ရွာ ရုံးခွဲ အမြောက်အများ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည်။

“အန်ကယ်တို့ ကော့မှူး ကွမ်းခြံကုန်းကတော့ ၈၉ ကတည်းက လုံးဝဆိုင်းဘုတ် မချခဲ့ဘူး” ဟု ယင်းကဲ့သို့ စစ်အစိုးရ၏ ဖိနှိပ်မှုကို ကြံ့ကြံ့ခံ ရပ်တည်နေသည့် မြို့နယ် NLD ရုံးများလည်းရှိကြောင်း ကော့မှူးမြို့နယ် ၉၀ အမတ်ဟောင်း မြောင်းမြဘဆွေက ပြောကြားသည်။

ယခင်အစိုးရဟောင်းသည် NLD ကို ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့သည့်အပြင် နိုင်ငံပိုင်သတင်းစာများတွင် NLD ကင်းစင်နယ်မြေများဟု မြို့နယ်တချို့ကို တရားဝင်ကြေငြာခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အတိုက်ခံနှင့် အစိုးရအကြား တိုက်ခိုက်နေသည့်ပုံစံမှ ခွဲထွက်ပြီး တူရာကိုပူးပေါင်းကာ တိုင်းပြည်နှင့်လူမျိုး တိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲရေးများကို နှစ်ဖက်ပူးပေါင်းပြီး ညှိနှိုင်းလုပ်ဆောင်နေပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တစ်နိုင်ငံလုံးအတိုင်းတာ နယ်လှည့်ခရီးစဉ်နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထု၏ချစ်ခင်မှုများကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိအင်အားအကြီးဆုံး ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကျော်လွန်ပြီး အင်အားအကြီးဆုံးပါတီဖြစ်လာလိမ့်မည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။

NLD ပါတီသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်ခံပါတီအပြင် ဒီမိုကရေစီပါတီများကိုပါ အလျှော့ပေးသွားမည် မဟုတ်ကြောင်း ကြေငြာထားသည်။ ကော့မှူးမြို့နယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်အရွေးချယ်ခံမည် ဖြစ်သည့်အတွက် ကြံ့ခိုင်ရေး ပါတီမှအပ တစညအပါဝင်အတိုက်ခံပါတီများက ယင်းမဲ ဆန္ဒနယ်ကို ရှောင်ခဲ့ကြကြောင်း သိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ

၂၀၁၂ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၌ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်  ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြပါရှိသည်။

၎င်း အစည်းအဝေး၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမှ ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ် နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ရာတွင် ကော်မရှင်မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမှ ဆက်လက်၍ “အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့အတွက် နိုင်ငံရေးပါတီတွေနဲ့ မဲဆန္ဒရှင် ပြည်သူတွေကပါ ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်”ပာု ထပ်မံပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လုပ်ဆောင်ရမည့် မဲစာရင်း ပြုစုခြင်းနှင့် ကြိုတင်မဲပေးခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များအား လည်းကောင်း၊ ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ကန့်ကွက်ခြင်း၊ ရုတ်သိမ်းခြင်း၊ မဲလက်မှတ်များ ပြုစုရိုက်နှိပ်ခြင်း၊ ဖြန့်ဝေပေးပို့ခြင်း၊ မဲစာရင်းမိတ္တူ ကူးယူခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာများအား လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ ကြသည်။

လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာနေသူ တစ်ဦးက “အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကော်မရှင်အနေနဲ့ တရားမျှတမှုရှိရှိနဲ့ လုပ်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ အမေရိကန်တို့ အီးယူတို့ ကလဲ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့အတွက် ဒါကိုစောင့်ကြည့်နေတာပဲလေ။ အရင် ၂၀၁၀ ကလို အငြင်းပွားဖွယ် ရွေးကောက်ပွဲ ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဘာမှဖြစ်လာမှာ မပာုတ်တော့ဘူး” ပာု ပြောကြားခဲ့သည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အခု ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတာ အများကြီးပဲ။ ဒါပေမယ့် လက်မှတ်ထိုးတဲ့အဆင့်မရောက်သေးဘူး။ တစ်ဖွဲ့ပြီး တစ်ဖွဲ့ လာရောက်လေ့လာနေကြတာ။ တကယ့် ရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင်တော့ နိုင်ငံတော်အတွက် ဝင်ငွေရသလို တခြားအကျိုးအမြတ်တွေ ရလာနိုင်တယ်။ အခုလည်း သမ္မတနဲ့ အစိုးရအဖွဲ့က ဖွံ့ဖြိုးအောင် လုပ်နေကြတယ်။ ထားဝယ်ရေနက် ဆိပ်ကမ်းလိုဟာမျိုး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ စက်မှုဇုန်၊ စိုက်ပျိုးရေးတွေဘက်မှာ ဖွံ့ဖြိုးဖို့ လုပ်နေကြတယ်။ နောင်နှစ်တွေဆိုရင် ဆန်စပါး အများဆုံးပို့တဲ့ နိုင်ငံဖြစ်လာတော့မယ်။ စီးပွားရေးမှာ အဓိကက စက်မှုလုပ်ငန်း ဖွံ့ဖြိုးဖို့ အရေးကြီး ပါတယ်။ စက်မှုလုပ်ငန်းက လောလောဆယ် အားထားလို့ မရသေးဘူး။ အခြေခံအဆောက်အအုံတွေ အများကြီး လိုအပ်နေသေးတယ်။ အမေရိကန်နိုင်ငံက ဟီလာရီ ကလင်တန်လာပြီးနောက်ပိုင်း စီးပွားရေးဆိုင်ရာတွေပိုလမ်း ပွင့်လာတယ်။ ကမ္ဘာ့ဘဏ်တွေကလည်း ငွေကြေး အကူအညီတွေ ရလာနိုင်တယ်။ တခြား ပြည်ပအဖွဲ့အစည်းတွေကလည်း ကူညီထောက်ပံ့မှုတွေ ရလာနိုင်တယ်။ အခုဆိုရင် ခရီးသွားလုပ်ငန်းကလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်နေတယ်။ ပြည်တွင်းက လုပ်ငန်းရှင်တွေကလည်း ကြိုတင်ပြင်ဆင်ဖို့လိုသလို သက်ဆိုင်တဲ့သူတွေကလည်း ဝိုင်းကူကြဖို့ လိုတယ်။ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့ ကဏ္ဍတွေက စက်မှုပိုင်း၊ စိုက်ပျိုးရေးပိုင်းတွေမှာနည်းပညာရော ငွေအင်အားပါ ဒီထက်ပိုပြီး ရင်းနှီးမြုပ်နှံဖို့လိုတယ်။ အခု လက်ရှိမြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှု အများဆုံးက တရုတ်နိုင်ငံပဲ။ ဒုတိယက ထိုင်းနိုင်ငံပါ”

ဖေဖော်ဝါရီ ၁၄ ထုတ် TRUE NEWS အတွဲ (၄) အမှတ် (၂၁) တွင်ပါသည့် “ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာမှုအပေါ် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ စကာသံ” သတင်းမှ ဦးတင်ဝင်း (ဥက္ကဋ္ဌ- မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်း (ရန်ကုန်)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အခွန်ဥပဒေကို ခေတ်စနစ်နဲ့အညီ ပြင်ဆင်တာ ကောင်းပါတယ်။ အရေးကြီးတာက တည်ဆဲဥပဒေနဲ့အညီ အသက်ဝင် အောင် ချို့ယွင်းချက်တွေ အားနည်းချက်တွေ ပြင်ဆင်ပြီး လုပ်ဖို့လိုတယ်။ ဒီထဲမှာမှ ခေတ်အဆက်ဆက် အခွန်ကင်းလွတ်နေတဲ့ ရှောင်နေတဲ့ သူဋ္ဌေးကြီးတွေ ကုမ္ပဏီအသင်း အဖွဲ့တွေကို ထိထိရောက်ရောက် ဖော်ထုတ်စည်းကြပ်ရမယ်။ လွတ်နေတဲ့ အများစုက ပတ်သက်ရာ နီးစပ်ရာတွေဆိုတော့ ဒါတွေကို တိတိကျကျ စိစစ်မယ်ဆိုရင် နိုင်ငံရဲ့ ဘဏ္ဍရေးစနစ်ဟာ ရေရှည်အဓွန့်ရှည်မယ်”

ဖေဖော်ဝါရီ ၁၃ ထုတ် The Messenger အတွဲ (၂) အမှတ် (၃၉) တွင်ပါသည့် “အခွန်ဥပဒေများကို ခေတ်နှင့်အညီ ပြင်ဆင်သလို အခွန်လွတ်နေသော ပုဂ္ဂိုလ်နှင့်အဖွဲ့များကိုလည်း ထိရောက်စွာဖော်ထုတ်ရန်လို” သတင်းမှ ဦးဟန်ထွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- လက်ရှိ မြန်မာနိုင်ငံရေးရဲ့ ပြောင်းလဲမှုအပေါ်ကို ဘယ်လိုမြင်ပါသလဲ။

Dr- တကယ်တော့ ဒီမိုကရေစီရေးကြိုးတန်းလျှောက်နေတဲ့ အချိန်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့မှာ ရှေ့လျှောက်ကောင်းနိုင်တဲ့ အလား အလာတွေလည်း အများကြီးရှိတယ်လို့ ကျွန်တော်မြင်ပါတယ်။ နောက်ပြန် ဆုတ်သွားနိုင်တဲ့ အလားအလာတွေလည်း အများကြီးရှိတယ်လို့ ကျွန်တော် မြင်ပါတယ်။ အလားအလာနှစ်ခုမှာ နိုင်ငံရေးလုပ်နေတဲ့ နိုင်ငံရေး အင် အားစုတွေ၊ ဘယ်လိုအခင်းအကျင်းမှာ ဘယ်လိုမျိုးအခြေအနေကို ဝင်ပြီးတော့ ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုဝင် ကစားကြမလဲ၊ ဘယ်လောက် မျှမျှတတရှိလဲ၊ ဘယ်လောက်အထိ Talent  ရှိလည်း ဆိုတာမူတည်ပြီးတော့ အများကြီး ပြောင်းလဲ သွားနိုင်ပါတယ်။

ဖေဖော်ဝါရီ ၁၄ ထုတ် The STREET VIEW အတွဲ (၁) အမှတ် (၆) တွင်ပါသည့် “ပြည်ပသို့ ၂၁နှစ်အကြာ ထွက်ခွာခဲ့ပြီး ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ ပြန်ရောက်လာသော ဒေါက်တာမင်းဇော်ဦးနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs