Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၆.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအားကောင်းစေလိမ့်မည်ဟု အိန္ဒိယဆို

(The Economic Times မှ 15 February 2012 ရက်စွဲပါ India says Myanmar’s democratic path will strengthen bilateral ties ကို ဘာသာပြန်ဆိုသည်)

  1. ကုလသမဂ္ဂ အလှူရှင်ကွန်ဖရင့် ကျင်းပရန် မြန်မာ သဘောတူ

(The Financial Times မှ 10 February 2012 ရက်စွဲပါ Gwan Robinson ရေးသားသော Myanmar agrees to hold UN donor conference ကို ဘာသာပြန်သည်)

***************************************************************************************

မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအားကောင်းစေလိမ့်မည်ဟု အိန္ဒိယဆို

(The Economic Times မှ 15 February 2012 ရက်စွဲပါ India says Myanmar’s democratic path will strengthen bilateral ties ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ ခြေလှမ်းများ လှမ်းနေခြင်းကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေး ပိုမိုခိုင်မာစေရန် အထောက်အကူပြုပြီး၊ အိန္ဒိယ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ပိုမိုရင်နှီးမြှုပ်နှံစေရန် ဖြစ်လာကြောင်း အိန္ဒိယက ယနေ့ ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံဟာ ၎င်းရဲ့ခေါင်းဆောင်တွေချမှတ်ထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွေပေါ်မှာ ဆက်လက် လျှောက်လမ်းနေတာကို ကျွန်တော် သံသယမရှိပါဘူး။ နှစ်နိုင်ငံဆက်ဆံရေးဟာ ပိုမိုအားကောင်း နက်ရှိုင်းလာဖို့ပဲ ရှိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး Ranjan Mathai က နယူးဒေလီမှ အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

                ၎င်းက ပြောကြားရာတွင် နှစ်နိုင်ငံရေမြေချင်း ဆက်နေမှုသည် နှစ်နိုင်ငံ၏ ဖြစ်တည်မှု၌ ဆက်စပ်မှုများစွာ ရှိကြောင်း၊ စီးပွားရေးအရ၊ ယဉ်ကျေးမှုအရ ဆက်ဆံရေးများ ဆက်လက်တိုးတက်နေမည်ဆိုပါက ဒေသတွင်း ရုပ်လုံးသစ်တစ်ခု ဖန်တီးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ဖို့ ရေ၊မြေ၊လေ အဆက်အသွယ်တွေ ပိုမိုကြီးထွားလာဖို့လိုအပ်တယ် ဆိုတာကို ကျွန်တော်တို့ ခံယူထားပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုရာသီဥတု၊ အဆက်အသွယ်တွေ တိုးတက်ကောင်းမွန်လာတာနဲ့အမျှ အိန္ဒိယကုမ္ပဏီတွေဟာ ကဏ္ဍစုံမှာ ရင်းနှီးမြှုပ်နှံ လာနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းက ဆက်လက်ပြောကြားရာတွင် အိန္ဒိယစီးပွားရေးကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် အဆက်အသွယ်အခွင့်အလမ်းများ ရရှိရန် တက်ကြွစွာ ကြိုးစားလျက်ရှိကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့်လည်း 2011 ခုနှစ်က ရန်ကုန်တွင် အိန္ဒိယကုမ္ပဏီပြပွဲ ကျင်းပနိုင်ခြင်းကို များစွာ ဝမ်းသာကြောင်း ပြောသည်။

နှစ်နိုင်ငံ ပြည်သူအချင်းချင်း အဆက်အဆံရှိခြင်းကိုလည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာရုံပြုရမည့် နယ်ပယ်တစ်ခု ဖြစ်ကြောင်း Mattai က ဖော်ပြခဲ့သည်။ အိန္ဒိယအစိုးရသည် မြန်မာဘုရားဖူးများအား တိုး၍ အကူအညီပေးလျက် ရှိကြောင်း၊ ဘုရားဖူးများ ပိုမိုလာရောက်စေရန် ဆိုက်ရောက်ဗီဇာ ပေးရန်လည်း ကြိုးစားလျက်ရှိကြောင်းကို ၎င်းက သိရှိကြောင်းဆိုသည်။ “နှစ်နိုင်ငံယဉ်ကျေးမှု အပြန်အလှန်ကိစ္စတွေမှာ စနစ်တကျဖြစ်စေဖို့ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်ကို မကြာမီ လက်မှတ် ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

****************************************************************************

ကုလသမဂ္ဂ အလှူရှင်ကွန်ဖရင့် ကျင်းပရန် မြန်မာ သဘောတူ

(The Financial Times မှ 10 February 2012 ရက်စွဲပါ Gwan Robinson ရေးသားသော Myanmar agrees to hold UN donor conference ကို ဘာသာပြန်ဆိုသည်)

အကြီးတန်းကုလသမဂ္ဂ တာဝန်ရှိပုဂ္ဂိုလ်များသည် မြန်မာအစိုးရနှင့် ယခုနှစ်တွင် ပထမဆုံးအကြိမ် နိုင်ငံတကာ အကူအညီပေးရေး ကွန့်ဖရင့်ကြီး တစ်ခုကျင်းပရန် ပူးတွဲလုပ်ဆောင်ရေး သဘောတူခဲ့သည်။ ယင်းမှာ တိုင်းပြည်တွင် အရေးပါသော ပြောင်းလဲမှုများအတွက် နောက်ထပ်လက္ခဏာတစ်ခု ဖြစ်သည်။

စားပွဲဝိုင်းဆွေးနွေးပွဲတွင် ကမ္ဘာပေါ်တွင် အကြီးဆုံးနိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် အစိုးရအေဂျင်စီများ ပါဝင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုအဆင့်လျော့ချရေး၌ အစိုးရကမျှော်မှန်းထားသော 26% မှ 2015 ခုနှစ်တွင် 16% ထိလျော့ချနိုင်ရန် ပစ်မှတ်ထား ဆွေးနွေးသွားမည်ဟု UNDP ဒေသဆိုင်ရာ ဒါရိုက်တာ Ajay Chhibber က ပြောကြားခဲ့သည်။ “အစိုးရနှင့် တွေဆုံဆွေးနွေးရာမှာ ကျွန်တော်တို့ဟာ အကူအညီတွေ ပိုမိုလိုအပ်တယ်ဆိုတာရယ်၊ အကူအညီတွေ ပိုမိုထိရောက်ဖို့လိုတယ် ဆိုတာရယ်၊ ပိုကောင်းတဲ့ အကူအညီပေးရေး အခြေအနေတွေ လိုတယ်ဆိုတာရယ်ကို သဘောတူကြပါတယ်။ အလှူရှင်တွေ အတူတကွ စုစည်းနိုင်မယ့် စားပွဲဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရေး လုပ်ငန်းစဉ်အတွက် စတင် လုပ်ဆောင်ဖို့ သဘောတူပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု လျော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအတွက် ငွေပမာဏမည်မျှ လိုမည်ဆိုသည်ကို တိုင်းသိပြည်သိ ခန့်မှန်းထားခြင်း မရှိသော်လည်း အချို့မြန်မာနိုင်ငံမှ လူများနှင့် အစိုးရ တာဝန်ရှိသူများက ဒေါ်လာဘီလီယံများစွာ လိုအပ်လိမ့်မည်ဟု ပြောကြားကြသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု အဆင့်သတ်မှတ်ချက်တွင် အောက်ဆုံးကွာတား၌ ပါဝင်ပြီး 2011 ခုနှစ်အတွက် တစ်ဦးချင်း GDP မှာ ဒေါ်လာ(700) သာရှိကြောင်း၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အဆိုအရ သိရှိရသည်။

ယင်းကဲ့သို့ ကွန်ဖရင့်ကျင်းပရန် သဘောတူညီမှု ရရှိခဲ့ခြင်းမှာ အမေရိကန်က အရေးယူမှုအချို့ဖယ်ရှားခဲ့ပြီး ကုလသမဂ္ဂနှင့် အခြားနိုင်ငံစုံ အဖွဲ့များ မြန်မာနိုင်ငံတွင် အကူအညီများ ကျယ်ပြန့်စွာပေးနိုင်ရန် အခြေခံလုပ်ငန်းများ စတင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ မြန်မာအစိုးရနှင့် ကုလ သမဂ္ဂတို့သည် နေပြည်တော်တွင် တိုင်းပြည်အတွက် စီးပွားရေးမူဝါဒ လမ်းကြောင်းကို လူများစွာဖြင့် မျက်နှာစုံညီ ဆွေးနွေးနိုင်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် လူပေါင်း (450) ကျော် တက်ရောက်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ စိန်ခေါ်မှုများ အထူးသဖြင့် ကျန်းမာရေးနှင့် ပညာရေးအပါအဝင် အရပ်ဖက်တွင် လူ့စွမ်းဆောင်ရည် တည်ဆောက်မှုများကို အာရုံပြု ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးကြသူများတွင် မြန်မာကက်ဘိနက်ဝန်ကြီးများ၊ စီးပွားရေး ပညာရှင်နှင့် အမေရိကန်စီးပွားရေးပညာရှင် Joseph Stiglitz ကဲ့သို့သော သူများနှင့် အာရှနိုင်ငံများမှ တာဝန်ရှိသူများ ပါဝင်သည်။

မြန်မာနိုင်ငံတွင်းသို့ အကူအညီများ အလုံးအရင်းနှင့် ဝင်ရောက်လာနိုင်ရန်မှာ အနောက်နိုင်ငံ အရေးယူမှုများ ရုတ်သိမ်းသင့်ကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အနောက်နိုင်ငံအကူအညီပေးရေး အကြီးတန်း တာဝန်ရှိသူများ၊ အစိုးရ တာဝန်ရှိသူများ လာရောက်ခြင်းများအတွက် များစွာ အားတက်ခဲ့ရကြောင်း မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အနောက်နိုင်ငံများက အကယ်၍ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများ သန့်ရှင်းခဲ့လျှင် နိုင်ငံရေးအကျဉ်းသားများ ကိစ္စ၊ တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ ဖြေရှင်းပြီးခဲ့လျှင် အရေးယူမှုများ ရုတ်သိမ်းမည်ဟု ဆိုခဲ့သည်။

                မြန်မာနိုင်ငံတွင် အရေးယူမှုများရုတ်သိမ်းခဲ့ပြီးသည့်တိုင် စီးပွားရေးလုပ်ငန်းများ အလောထကြီးဝင်ရောက်ရန် အားလုံးက ယုံကြည်စိတ်ချခြင်း မရှိသေးပေ။ မြန်မာနိုင်ငံသို့လာရောက်သော အီးယူဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်နာမင်းကြီး Andris Piebalgs က ပြောကြားရာတွင် အရေးယူမှုများ ရုတ်သိမ်းသွားသည့်တိုင် ဥရောပကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးမည့် ဥပဒေများ အပြည့်အဝ အလုပ်ဖြစ်သည်အထိ အချိန်ယူ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နေပြည်တော်ဆွေးနွေးပွဲတွင် တက်ရောက်သော ထိပ်တန်းမြန်မာဘဏ်လုပ်ငန်းရှင်က ပြောကြားရာတွင် မေလတွင် ပြည်တွင်းစီးပွားရေး အုပ်စုများက ကြီးမှူးကျင်းပမည့် ငါးကြိမ်မြောက် မြန်မာ့စီးပွားရေးကွန့်ပရင့်ကို တက်ရောက်ရန် နိုင်ငံတကာစီးပွားရေး အုပ်စုများသည် မကြုံစဖူး စိတ်ဝင်စားလျက် ရှိကြသည်ဟု ဆိုသည်။ “တချို့ဆို အဲဒီအချိန်တောင် မစောင့်နိုင်ပါဘူး။ အခု ဂျပန်လူမျိုး(170) နဲ့ စင်ကာပူစီးပွားရေးလုပ်ငန်းရှင် (117) ဦးတို့ လာတာ အပျော်ခရီး သွားဖို့ လာတာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

*****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၆.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မြန်မာနိုင်ငံ ၃ လအတွင်း ငြိမ်းချမ်းရေးရနိုင်ဟု အစိုးရဝန်ကြီးပြောကြား

(Reuters မှ 15 Feb 2012 ရက်စွဲပါ Myanmar Peace can be reached within 3 months minister ကို ဘာသာ ပြန်ဆိုသည်)

  1. မြောက်ကိုရီးယားသံရုံးသို့ မြန်မာနိုင်ငံရေးပါတီ ပန်းခြင်းပေးပို့

(Korean Central News Agency မှ 14 February 2012 ရက်စွဲပါ Floral basket to DPRK Embassy by Myanmar political party ကို ဘာသာ ပြန်ဆိုသည်)

*************************************************************************************

မြန်မာနိုင်ငံ ၃ လအတွင်း ငြိမ်းချမ်းရေးရနိုင်ဟု အစိုးရဝန်ကြီးပြောကြား

(Reuters မှ 15 Feb 2012 ရက်စွဲပါ Myanmar Peace can be reached within 3 months minister ကို ဘာသာ ပြန်ဆိုသည်)

(ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်း၏ ပထမဆုံး ပြည်ပသတင်းဌာန အင်တာဗျူးဖြစ်သည်)

မြန်မာအစိုးရသည် အမြဲတမ်းငြိမ်းချမ်းရေးကို ဦးတည်ဆွေးနွေးမည့် နိုင်ငံရေးဒိုင်ယာလော့လုပ်ငန်းစဉ် မစတင်မီ တိုင်းရင်းသားလက်နက်ကိုင် အုပ်စု အားလုံးနှင့် ၃ လအတွင်း အပစ်ရပ်သဘောတူညီမှုရရှိရန် ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ ပြည်တွင်းစစ်အဆုံးသတ်ရေးကို တာဝန်ယူဆောင်ရွက်နေသော အငြိမ်းစားဗိုလ်ချုပ်၊ ရထားပို့ဆောင်ရေး ဝန်ကြီးဦးအောင်မင်းက မြန်မာနိုင်ငံ၏ ၄၉ နှစ်ကြာ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းက “မြန်မာနိုင်ငံ၏ ၄၉ နှစ်ကြာ စစ်အုပ်ချုပ်ရေးကာလအတွင်း ငြိမ်းချမ်းရေး မရနိုင်ခဲ့သော်လည်း ယခုအရပ်ဖက်အစိုးရသစ်မှာမူ သူပုန်တပ်ဖွဲ့များ၏ ယုံကြည်မှုကိုရရှိနေပြီ” ဟု ပြည်ပသတင်းဌာနနှင့် ပထမဦးဆုံး အင်တာဗျူးတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခဒေသများတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမည့် အစီအစဉ်များကြောင့် ရေရှည် ခံမည့် နိုင်ငံရေး အဖြေထွက် ပြေလည်မှုများ ရရှိကာနီးပြီဟု ယင်းကဆိုသည်။ “ဒီပြဿနာက နှစ်ပေါင်း ၆၀ လောက် နာတာရှည်စွဲကပ်နေတဲ့ ရောဂါပါ။ ယခင်အစိုးရ အဆက်ဆက်က အမြစ်ပြတ်အောင် မကုနိုင်တာကတော့ အနာနဲ့ဆေးအံမဝင်လို့ပါ။ အခုတော့ ကျွန်တော်တို့နိုင်ငံမှာ အရာရာ ပြောင်းလဲသွားပြီး အနေအထားလည်း ပြောင်းလဲသွားပြီ ဖြစ်လို့ ကျွန်တော်တို့ဒီဆေးကို ရခဲ့တာပါ”ဟု ဦးအောင်မင်းက ပြောကြားသည်။

သယံဇာတကြွယ်ဝသော်လည်း အိမ်တွင်းပုန်းစစ်အုပ်ချုပ်ရေးစနစ်ကြောင့် ဖွံ့ဖြိုးမှုနိမ့်ကျနေသော မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ်စနစ်ဟု ခေါ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရန် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့က Sanctions များ မရုတ်သိမ်းမီ ကြိုတင်စည်းကမ်းသတ်မှတ်ထားခဲ့သည်။ သို့သော်လည်း အစိုးရ၏ ရည်ရွယ်ချက်မှာ Sanctions ရုတ်သိမ်းရေးမဟုတ်ပါဟု ငြင်းဆိုသော ဦးအောင်မင်းက “တခြားအစိုးရကိစ္စတွေကို ကျွန်တော်မစဉ်းစားပါဘူး။ အသက်တွေပေးဆပ်သွားတဲ့ စစ်သားတွေကို အစိုးရတပ်က(သို့) တိုင်းရင်းသားတပ်ကလို့ ခွဲခြားလို့မရပါဘူး။ သူတို့အားလုံးဟာ တစ်မြေထဲမှာ မွေးဖွားလာကြတဲ့ မိသားစုဝင်တွေပါ” ဟု အလေးအနက် ပြောဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့အနက်မှ ၉ ဖွဲ့နှင့် အပစ်ရပ်သဘောတူညီမှု လက်မှတ်ရေးထိုးပြီး ဖြစ်၍ ယခုတိုင်တိုက်ခိုက်နေဆဲ အုပ်စုကြီး တစ်ခုဖြစ်သည့် KIA အပါအဝင် နောက်ထပ် ၆ ဖွဲ့နှင့် လအနည်း ငယ်အတွင်း သဘောတူညီမှုရရှိမည်ဟု မျှော်လင့်ထားကြောင်း ဦးအောင်မင်းက ထုတ်ဖော် ပြောကြားသည်။ ကရင်နီ(ကယား)အုပ်စု KNPP သည် မတ်လ ၁ ရက်တွင် သဘောတူလက်မှတ်ရေးထိုးမည်ဖြစ်ပြီး ကျန်အုပ်စု ၅ ဖွဲ့မှာလည်း လက်နက်စွန့်လွှတ်ရန် အဆင်သင့်ဖြစ်နေပြီဟု သိရှိရသည်။

သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က ထိုးစစ်များရပ်ဆိုင်းရန် အမိန်ထုတ်ပြန်ထားသည့်ကြားမှ ဆက်လက်ဖြစ်ပွားနေသော ကချင်ပြည်နယ်မှ ပဋိပက္ခနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ဦးအောင်မင်းက ငြင်းဆိုသည်။ ယခင်တပ်မတော်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေသည် ယခု အရပ်ဖက်အစိုးရသစ်တွင် အာဏာ ရယူထားကြသော သူ၏ တပည့်ဟောင်းများအပေါ် လွှမ်းမိုးချုပ်ကိုင်ထားခြင်းမရှိပါဟုလည်း ဦးအောင်မင်းက ပြောကြားသည်။

“ဦးသန်းရွှေက အပြည့်အဝအနားယူသွားပါပြီ။ သူ့ရဲ့အမိန့်ကို သြဇာတို့ကိုလည်း လိုက်နာဖို့ မလိုတော့ပါဘူး။ အဆက်အသွယ်လည်း လုံးဝ မရှိတော့ပါဘူး။ သူရဲ့အိမ်ဘေးမှာ စာကြည့်တိုက်ကြီးတစ်ခုရှိပါတယ်။ သူအာဏာရစဉ် အချိန်က စာဖတ်ချိန်မရှိခဲ့လို့ အခုအနားယူချိန်မှာ အတိုးချ စာဖတ်နေပါတယ်။ စစ်အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာကူးပြောင်းဖို့အတွက် အသွင်ပြောင်းကာလမှာ ဦးဆောင်မှုပေးခဲ့တဲ့ သူ့ကို ကျွန်တော်တို့ ကျေးဇူးတင်ရမှာပါ။ သူ့အနေနဲ့ အချိန်အချိန်မှာ ပတ်သက်စရာမရှိတော့ပါဘူး။ လက်ရှိ အနေအထားကို ဘေးကနေ ကြည့်ပြီး ကျေနပ်နေလိမ့်မယ်လို့ ကျွန်တော်သေချာပေါက်ပြောနိုင်ပါတယ်”ဟု ဗိုလ်ချုပ်ဦးအောင်မင်းက ရှင်းလင်း ပြောဆိုသည်။

မြန်မာနိုင်ငံမှ ပြည်သူအများစုက သံသယကြီးလွန်းသူ၊ လျှို့ဝှက်လွန်းသူ၊ စိတ်ဓာတ်စစ်ဆင်ရေးကျွမ်းကျင်သူ ယခင်အာဏာရှင် အကြီးအကဲဟောင်းက နောက်ကွယ်မှ ဆက်လက်ကြိုးကိုင်နေဖွယ်ရှိကြောင်း သံသယရှိနေကြသည်။

ဦးအောင်မင်း၏ အထက်ပါမှတ်ချက်သည် မနှစ်က မတ်လတွင် ဦးသန်းရွှေ အာဏာစွန့်ပြီးနောက်ပိုင်း အစိုးရသစ်အဖွဲ့ဝင်တစ်ဦးက ပထမဦးဆုံး ကျေးဇူးစကား ဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးသမားများနှင့် သဘောထားတင်းမာသူများ ပဋိပက္ခဖြစ်နေသည် ဟူသော မှန်းဆပြောဆိုမှုများကိုလည်း ဦးအောင်မင်းက ငြင်းပယ်သည်။ “ဒါတွေက ကောလဟာလတွေပါ။ သမ္မတကြီးရဲ့ နောက်မှာ ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံး ရှိကြပါတယ်” ဟု ယင်းကဆက်လက်ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးအတွက် သမ္မတဦးသိန်းစိန်ချမှတ်ထားသော အဆင့် ၃ ဆင့် အစီအစဉ်တွင် အပစ်ရပ်စဲရေး၊ နိုင်ငံရေး သဘောတူညီမှုရရှိရေး၊ စစ်ပြေးဒုက္ခသည်များ ပြန်လည်အခြေ ကျရေးတို့ပါဝင်ပြီး ထို့နောက်တွင် အုပ်စုအားလုံးပါဝင်သော လွှတ်တော် အထူးညီလာခံကျင်းပကာ ရေရှည်ခံ မည့် ငြိမ်းချမ်းရေးကို ပျိုးထောင်ရန်ဖြစ်သည်ဟု ငြိမ်းချမ်းမှုညှိနှိုင်းရေးအထူးကိုယ်စားလှယ် ဦးအောင်မင်းက ရှင်းလင်း ပြောကြားသည်။

မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ ၏ သုံးပုံနှစ်ပုံခန့်မှာ နိုင်ငံကို အစဉ်အဆက်အုပ်ချုပ်ခဲ့ကြသော ဗမာ လူမျိုးများဖြစ်သည်။ ၁၉၄၈ ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံ၏အဓိကပြဿနာမှာ တိုင်းရင်းသားလူမျိုးစုများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုမှုပင်ဖြစ်သည်။ အထက်ပါကိစ္စ ဖြစ်နိုင်ခြေ အလားအလာကို ဦးအောင်မင်းက မှတ်ချက်ပေးခြင်း မရှိသော်လည်း ပြင်ဆင်၍ ရသော အခြေခံဥပဒေအောက်တွင် စီစဉ်ပြုလုပ်၍ ရနိုင်ကြောင်း၊ လက်နက်ကိုင်အုပ်စုများကလည်း နိုင်ငံရေးပါတီများဖွဲ့စည်း၍ လွှတ်တော်နိုင်ငံရေးစနစ်တွင် ပါဝင်ရန်အားတက်လာကြမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ “ဒိုင်ယာလော့အတွက် အချိန်နည်းနည်းပေးရပါလိမ့်မယ်။ ဒါပြီးရင်တော့ အမျိုးသားအဆင့်ညီလာခံ ခေါ်ယူ ကျင်းပနိုင်ပါပြီ။ ဒါပေမယ့် များများဆွေးနွေးလေ၊ အချိန်ပိုကြာလေပါပဲ။ နားလည်သဘောပေါက်လက်ခံ မှုကတော့ အုပ်စုအားလုံးအပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော်တို့ မြန်မြန်တွန်းရင်လည်း တွန်းနိုင်မယ်။ ဒါမှမဟုတ် အချိန်ကြာရင်လည်း ကြာသွားနိုင်ပါတယ်” ဟု ဝန်ကြီးဦးအောင်မင်းက သုံးသပ် ပြောဆိုသည်။

တိုင်းရင်းသားအုပ်စုကွဲများထံမှ ယုံကြည်မှုရရှိရန်လက်ခံသည်။ သို့သော်လည်း အများစုမှာ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ စစ်မှန်ရိုးသားမှုရှိကြပြီး အချို့တိုင်းရင်းသားခေါင်းဆောင်များမှာ နေပြည်တော်ရှိ မိမိနေအိမ်သို့ပင် လာရောက်နေထိုင်သွားခဲ့ကြသည်ဟု ဝန်ကြီးကဆိုသည်။ “ပထမတော့ ကျွန်တော့်ကို သူတို့မယုံကြဘူး။ ကျွန်တော့်ကိုယ်ပေါ်မှာ လက်နက်တွေ ပါလာမလားလို့ ရှာကြတယ်။ ကျွန်တော်လက်ဆောင်ပေးတဲ့ အစားအစာ တွေကိုလည်း မစားရဲကြဖူး။ အဆိပ်ခပ်ထားသလား ပေါ့လေ။ အမှတ်တရပေးတဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း ဗုံးတွေဘာတွေ ပါမလားဆိုပြီး မယူရဲကြဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့ ယုံကြည်မှုနဲ့ စိတ်ချမှုကိုရခဲ့ပါတယ်။ ကိုယ့်ကိုကိုယ်လည်း နှိမ့်ချပြီးသူတို့နဲ့ဆက်ဆံပါတယ်။” စသဖြင့် ဝန်ကြီးက ရှင်းလင်းပြောဆိုခဲ့သည်။

ထို့အပြင် မနှစ်က ထိုင်းနိုင်ငံရေကြီးစဉ်ကာလအတွင်း စက်ရုံများစွာ ပျက်စီးဆုံးရှုံးသွားခဲ့ရသော နိုင်ငံခြားကုမ္ပဏီများနှင့် ဆက်သွယ် ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဘေးသင့် ဒေသများတွင် ငြိမ်းချမ်းရေးရသည်နှင့် တပြိုင်နက် စက်မှုစီးပွားရေးဇုံများ ထူထောင်ရန် မျှော်မှန်းထားကြောင်း ဦးအောင်မင်းက ထုတ်ဖော်ပြောကြားသည်။

ထိုင်းနိုင်ငံသို့ အများဆုံး ရောက်ရှိနေသော ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များသည် ထိုင်းတို့ပေးသော ပိုက်ဆံထက်ပိုများသော လုပ်ခလစာများ၊ လယ်ယာလုပ်ကိုင်ခွင့်များ၊ စက်ရုံအလုပ်ရုံများ၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများ စသော မျှော်လင့်ချက်များကြောင့် အိမ်ပြန်ရန် (မြန်မာနိုင်ငံသို့ ပြန်လည် အခြေချရန်) အားတက်ပျော်ရွှင်နေကြပေလိမ့်မည်။

“အရင်ကတော့ အပစ်ရပ်ပြီးနောက်ပိုင်း ဆက်လက်ဆွေးနွေးဖို့ လုံးဝမစဉ်းစားခဲ့ကြပါဘူး။ ဒီမတိုင်ခင်ကတော့ အပစ်ရပ်စဲရုံလောက်နဲ့ပဲ ပြီးသွားကြပါတယ်။ အခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ ဒါဟာ ထာဝရငြိမ်းချမ်းရေးရဖို့အတွက် ကျွန်တော်တို့ရဲ့ အစီအစဉ်တွေပါပဲ”ဟု ဝန်ကြီး ဦးအောင်မင်းက ပြောကြားသွားခဲ့သည်။

**********************************************************************************************************************

မြောက်ကိုရီးယားသံရုံးသို့ မြန်မာနိုင်ငံရေးပါတီ ပန်းခြင်းပေးပို့

(Korean Central News Agency မှ 14 February 2012 ရက်စွဲပါ Floral basket to DPRK Embassy by Myanmar political party ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် နေပြည်တော်ရှိ မြောက်ကိုရီးယား DPRK သံရုံးသို့၊ ခေါင်းဆောင် ကင်ဂျုံအီ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းခြင်းပေးပို့ခဲ့သည်။

နေပြည်တော်ဒေသ USDP ကော်မတီအမှုဆောင်အဖွဲ့ဝင် ဦးဝင်းမောင်ကျော်နှင့်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ (9) ရက်နေ့က DPRK သံရုံးသို့ လာရောက်ခဲ့ကြသည်။ ၎င်းတို့သည် သမ္မတကင်အီဆွန်းနှင့် ကင်ဂျုံအီတို့၏ ရုပ်ပုံများရှေ့တွင် ပန်းခြင်းချ၍ အလေးပြုခဲ့ကြသည်ဟု သိရသည်။

*************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs